သျှမ်းသံတော်ဆင့်
70 views
Skip to first unread message
သျှမ်းသံတော်ဆင့်
unread,
Nov 8, 2014, 4:10:22 PM11/8/14
to thuau...@gmail.com
သျှမ်းသံတော်ဆင့်
သီပေါကျေးလက်ရွာသားလေးဦးအား SSA ဆက်သွယ်မှုဖြင့်ဖမ်းဆီးရိုက်နှက်
Posted: 08 Nov 2014 03:29 AM PST
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာတေကျေးရွာအုပ်စုသားလေးဦးအား SSA အမာခံလူဟု စွပ်စွဲကာ ခမရ ၅၀၄ က ဖမ်းဆီး၍  သီပေါ ရဲအချုပ်ခန်းသို့ နိုဝင်ဘာ ၆ ရက်က ပို့ဆောင်ချုပ်နှောင် ထားသည်ဟု မိသားစုဝင်များပြောပြချက်အရသိရသည်။
နိုဝင်ဘာ ၅ ရက်နေ့ နံနက် ၀၉:၁၅ နာရီအချိန် တွင် သီပေါမြို့ မြောက်ဘက် တာတေကျေးရွာအုပ်စု ဝမ့်မိုင်ဇန့်လိတ်ကျေးရွာနေ စိုင်းကုလား၊ စိုင်းကျော်အေး၊ စိုင်းဟွမ် နှင့် စိုင်းမောဝ်း တို့လေးဦး မြို့ဈေးအသွား သီပေါမြို့အဝင် ခြေမြန်တပ်ရင်းအမှတ် ၅၀၄ က ၎င်းတို့အား သျှမ်းသူပုန် SSA ၏ အမာခံလူဟုဆိုကာ ဖမ်းရိုကနှက်ချုပ်နှောင်ကာ သီပေါရဲစခန်းသို့ နိုဝင်ဘာ  ၆ ရက် ညနေ ၄:၃၀ နာရီ အချိန်တွင် ပို့ဆောင်ထားသည်ဟုဆိုသည်။
“သူတို့လေးဦးလုံးက ကားနဲ့ တာတေကနေ သီပေါ လာတာ။ လိုအပ်တဲ့ကားစက်ပိုင်း ပစ္စည်းဝယ်ဖို့ဆိုပဲ။ အဲဒါ ခမရ ၅၀၄ က တားပြီးသူတို့ကိုစစ်တယ်။ သျှမ်းသူပုန်လို့ပြောပြီး ကြိုးနဲ့တုတ် ရိုက်နှက်တော့တာ ဘဲ၊ သူတို့လက်ဝယ်ဖမ်းမိတာတော့ မမြင်မိဘူး” – ဟု အမည်မဖေါ်လိုသည့် တပ်မိသားစု အသိုင်းအဝိုင်း ကပြောသည်။
ရဲမိသားစုအသိုင်းအဝိုင်းက စစ်တပ်မှ ရဲစခန်းသို့ လာရောက်အပ်နှံသည့် တရားခံလေးဦးသည် လိုင်စင်မဲ့ကားမောင်းနှင်မှု၊ မတရားအသင်းဆက်သွယ်မှု တို့ဖြင့်တိုင်ကြားခံရသည်ဟုဆိုသည်။
၎င်းတို့လေးဦးစလုံးသည် သာမာန်ပြည်သူများသာဖြစ်ကြောင်း၊ သို့သော် စိုင်းဟွမ်ဆိုသူက အဆိုပါတပ်မှ စစ်ဗိုလ်တဦးနှင့် ကိုယ်ရေးကိုယ်တာ ပြဿနာရှိခဲ့ဘူးကြောင်း၊ ၎င်းတို့ ပြန်လည် လွတ်မြောက်နိုင်ရေး အတွက် အထက်ရုံးချုပ်နှင့်တိုင်ပင်ပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သည့်အချက်အလက်များ ရှာဖွေစုစောင်းပေးနေကြောင်း ကျားဖြူပါတီ ဝင် (ဦး)စိုင်းညွှန့်ကပြောသည်။
“တလနှစ်လ လောက်ရှိမယ်ထင်တယ်။ စိုင်းဟွမ်က ထော်လဂျီနဲ့ မြို့ထဲသွားတာ။ အဲဒီတပ်ရဲ့ ဗိုလ်တဦးက သူ့မိန်းမနဲ့ ဆိုင်ကယ်စီးလာတယ်။ လမ်းကမကောင်း၊ ဆိုင်ကယ်က ကျော်တက် လို့မရတော့ ထော်လာဂျီသမား စိုင်းဟွမ်ကို လှမ်းဆဲတာ။ စိုင်းဟွမ်က ဒေါသထွက်ပြီး လောက်လေး ဂွနဲ့လှမ်းပစ်တာ။ စစ်ဗိုလ်မှန်းလဲ မသိဘူးလေ။ အဲဒါနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ဖမ်းပြီး သူတို့ကို ပြဿနာရှာတာလဲဖြစ်နိုင်တယ်ဟု သူငယ်ချင်းဖြစ်သူတဦးကပြောသည်။
အမှတ် ၅၀၄ ခြေမြန်တပ်ရင်းသည် သီပေါ မြို့အထွက် ၄ မိုင်အကွာတွင်ရှိသည်။ တာတေမှာမူ သီပေါမြို့မြောက်ဘက် ၇ မိုင်ခန့်ဝေးသည်။ အဆိုပါတပ်သည် ၂၀၁၃ ဂျွန်လ တုန်းကလည်း တာတေအုပ်စုခံ ၃ ဦးအား MP 4 အတွင်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ ပျောက်ကျားစစ်ဝတ်စုံ ဝတ်ထားသော ၎င်းတို့၏ဓါတ်ပုံများကို စစ်ဆေးရှာဖွေတွေ့ရသဖြင့် ဖမ်းဆီးရိုက်နှက်၍ ၆ လကြာ အကျဉ်းချထားခဲ့သည်။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် RCSS/SSA တို့သည် နေပြည်တော်အစိုးရနှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးယူထားသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည်။
ဓါတ်ပုံ- သီပေါဖေ့စ်ဘုမှ ကူးယူဖော်ပြပါသည်
You are subscribed to email updates from သျှမ်းသံတော်ဆင့်
To stop receiving these emails, you may unsubscribe now.
Email delivery powered by Google
Google Inc., 1600 Amphitheatre Parkway, Mountain View, CA 94043, United States
သျှမ်းသံတော်ဆင့်
unread,
Nov 10, 2014, 5:06:54 PM11/10/14
to thuau...@gmail.com
မြန်မာ့ငြိမ်းချမ်းရေးကိစ္စ အမေရိကန်သမ္မတကို SNLD ဥက္ကဌ ပြောပြမည်
Posted: 10 Nov 2014 07:59 AM PST
အမေရိကန်သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေး အတွက် မြန်မာအစိုးရအား ဖိအားပေးရန်ပြောဆိုတိုက်တွန်းသွားမည်ဟု SNLD ဥက္ကဌ ခွန်ထွန်းဦး က ပြောသည်။
“တိုင်းရင်းသားတွေ အဓိကလိုအပ်ချက် ငြိမ်းချမ်းရေးပဲ။ ခုအထိတော့ ငြိမ်းချမ်းရေး ဘာမှမလုပ်ရသေးဘူး။ ၆၇ နှစ်ရှိပြီလေ တိုက်နေကြတာ။ ငြိမ်းမှမငြိမ်းချမ်းသေးဘဲ” ဟု ခွန်ထွန်းဦး ကဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးအတွင်းဝန်အဖွဲ့က SNLD ပါတီနှင့်တွေ့ဆုံစဉ် ငြိမ်းချမ်းရေး နှင့်အပစ်ခတ်ရပ်စဲရေးကို မြန်မာအစိုးရအားဖိအားပေးဖို့ တိုက်တွန်းခဲ့ကြောင်း (SNLD) အထွေထွေအတွင်းရေး မှူး စိုင်းညွန့်လွင် ကပြောသည်။
ထို့အတူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ဥက္ကဌဖြစ်သော ဦးစိုင်းအိုက်ပေါင်းက “အစိုးရကိုတော့ ဖိအားပေးမယ်ထင်တယ်။ ငြိမ်းချမ်းရေးမရှိရင် နိုင်ငံက မတည်ငြိမ်ဘူးလေ။ ဖွံ့ဖြိုးတိုးတက်ဖို့လည်း မဖြစ်နိုင်ဘူး လေ” ဟုဆို သည်။
သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်ငြိမ်းချမ်းရေးအတွက် တွန်းအား ပေးရန် မျှော်လင့်ထားကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တိုးတက်မှုမရှိဘဲ တန့်နေသည်ဟုမြင်မိကြောင်း မန်တုံမြို့နယ် အမှတ်(၁)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မိုင်းအုဏ်းခိုင်ကလည်း ပြောသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အရှေ့တောင်အာရှနိုင်ငံများအသင်း ထိပ်သီးညီလာခံတက် ရောက်ရန် မြန်မာနိုင်ငံကို နိုဝင်ဘာ ၁၃ ရက်နေ့ ရောက်ရှိမည်ဟု သိရပါသည်။ ယခုခရီးစဉ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး 2012 နိုဝင်ဘာလ ပထမ အကြိမ် မြန်မာနိုင်ငံတို့ရောက်ရှိစဉ် SNLD ဥက္ကဌ ခွန်ထွန်းဦးကလည်း ခေတ္တတွေ့ဆုံခွင့်ရရှိခဲ့သည်။
သျှမ်းလူထုကြား အထင်ကရဆရာတော်စဝ်တာဆိုင် ပျံလွန်တော်မူ
Posted: 10 Nov 2014 12:22 AM PST
သျှမ်းပြည်လူထုနှင့် ထိုင်းနယ်စပ်တလျှောက်နေလူထုကြား  နာမည်ကြီးလျှက်ရှိသော စဝ်ဆရာတာဆိုင် သက်တော် ၇၃ နှစ်သည် နှလုံးရောဂါဖြင့် ဘ၀နတ်ထံပျံလွန်တော် မူသွားပြီဖြစ်ကြောင်း သိရသည်။
ဆရာတော်သည် ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင်ခရိုင် ပန်မဖာ့မြို့နယ်ခွဲ နားပူပွမ့်အုပ်စု ဆာလေး ကျောင်းတိုက်တွင်  နိုဝင်ဘာလ ၁၀ ရက် နံနက် ၅ နာရီ မိနစ် ၄၀ ခန့်က ပျံလွန်တော်မူပါသည်။
“ဒကာတွေက ဆရာတော်ကိုခေါ်ဖို့သွားကြည့်တော့ ဆရာတော်က ပျံလွန်တော်မူနှင့်ပြီ လို့ပြောတယ်။ ချင်းမိုင်မြို့ ဝပ်ထကရဒတ်ကျောင်းတိုက် ဆရာတော်က စဝ်ဆရာတာဆိုင် အတွက် သစ်ခေါင်းတော် လှူမယ်လို့ပြောတယ်။ ဆရာတော်ကို ဘယ်တော့ သဂြိုဟ်မလဲဆိုတဲ့အကြောင်းကိုတော့ ဆရာတော်ရဲ့ တပည့် ဒကာတွေက ဒီနေ့ဆွေးနွေးကြတယ် ။ မသိရသေးဘူး” ဟု ဆာလဲကျောင်းတိုက် ဘုရားဒယိကာ ဆရာစိုင်းစိုင်းကပြောသည်။
ဆရာတော်သည် နှလုံးရောဂါကြောင့် အောက်တိုဘာလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ချင်းမိုင်ရမ်း ဆေးရုံ ကြီးတွင်ဆေးကုသမှုခံယူကာ သက်သာပြီး မယ့်ဟောင့်ဆောင်သို့ ပြန်သွားပြီးဖြစ်ကြောင်း၊ ပျံလွန်တော် မူချိန်အထိ အနိစ္စတရားတော်များကို ဟောကြားခဲ့ကြောင်း မယ့်ဟောင့်ဆောင်နေ ဆရာတော်၏ ဒကာ တဦးကပြောသည်။
ဆရာတော်သည် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်  မိုင်းဇန်မြို့နယ်ခွဲ ဇာတိဖြစ် သည်။ ၁၉၃၉ တွင်ဖွားမြင်တော်မူသည်။ မိဘများမှာ ဆရာတော် အသက် ၅ နှစ် တွင် မိဘနှစ်ပါးလုံး ကွယ်လွန် သွားခဲ့သည်။  သက်တော် ၈ နှစ် ကတည်းက  သင်္ကန်းဝတ် ခဲ့သော ငယ်ဖြူဖြစ်သည်။
ငယ်စဉ်ကတည်းက မျက်စိနာရောဂါဖြစ်ပြီး မျက်လုံးနှစ်ဖက်စလုံးကွယ်သွားခဲ့သည်။
ဆရာတော်သည် ၁၉၇၅ ခုနှစ်ကသျှမ်းပြည်အရှေ့ပိုင်း မိုင်းပူးအွန်ဘက်သို့ အခြေချ နေထိုင်ကာ သျှမ်းပြည်အရှေ့ပိုင်း တောင်ပိုင်းသို့ နယ်လှည့်တရားဟောခဲ့သည်။ ထိုနောက်ပိုင်း ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး သျှမ်း- ထိုင်း နယ်စပ်တလျှောက် နေထိုင်သော သျှမ်းများအား တရားတော်များ ဟောကြားခဲ့သည်။
ငါးပါးသီလအခြေတည်သော တရားတော်များကိုဇာတ်လမ်းသဖွယ် ဟောပြောသဖြင့် သျှမ်းပြည်သား လူကြီးလူငယ် အရွယ်သုံးပါး အများစုကနှစ်ခြိုက်ကြသည်။
သျှမ်းသံတော်ဆင့်
unread,
Nov 11, 2014, 4:54:44 PM11/11/14
to thuau...@gmail.com
ယာဘဆေးသုံးစွဲသူ မိမိနေအိမ်အား မီးရှို့ဖျက်ဆီး
Posted: 11 Nov 2014 02:52 AM PST
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တွင် ယာဘစိတ်ကြွဆေးပြား သုံးစွဲသူတဦးက မိမိနေအိမ်အား မီးရှို့ ဖျက်ဆီးသည့် ဖြစ်ရပ်တခု ယနေ့ ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းအရ သိရှိရသည်။
ယနေ့ (နိုဝင်ဘာလ ၁၁ ရက်) မွန်းလွှဲ ၂ နာရီခန့် မူစယ်မြို့ မန့်ဝိန်းရပ်နေ မန့်ဝိန်းဘုန်းကြီးကျောင်း အနီး နေထိုင်သည့် အသက် ၄၀ ကျော် ရှိ စိုင်းသန်းမောင်သည်  မိမိနေအိမ်အား မီးတင်ရှို့ခဲ့ပြီး ၎င်းနေအိမ်နှင့်ကပ်လျက်ရှိ အိမ်တလုံးကိုလည်း ရှို့ခဲ့ကြောင်း၊ စိုင်းသန်းမောင်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
“စိုင်းသန်းမောင်က ယာဘဆေးကြောင်ပြီး သူ့နေအိမ်ကို မီးရှို့လိုက်တာ အိမ်ပြာကျသွားတယ်။ ဘေးအိမ်လဲ တဝက်လောက်လောင်သွားသေးတယ်။ သူ တယောက်တည်းဘဲ နေတာ။ အဲဒီအိမ်မှာ။ သူ့ကိုတော့ ရဲတွေ ဖမ်းသွားပြီ” ဟု စွန်ဇော်ရပ်ကွက်နေ စိုင်းခမ်းက ပြောပါသည်။
လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက စိုင်းသန်းမောင်သည် ၎င်း၏ဇနီးအား မူးယစ်ရမ်းကားရိုက်နှက် သဖြင့် နှစ်ဦးကွာရှင်းပြတ်စဲခဲ့ကြောင်း၊ သားသမီး ၂ ယောက်လည်း မိခင်နှင့်အတူ နေထိုင်ကြောင်း၊ ထို့ကြောင့် အဆိုပါအိမ်တွင် စိုင်းသန်းမောင် တယောက်တည်းသာ နေထိုင်သည်ဟု သိရသည်။
မန့်ဝိန်းရပ်သည် မူစယ်မြို့ဆင်ခြေဖုန်းရပ်ကွက် နမ့်ခမ်းအသွားလမ်း တရုတ်နိုင်ငံ စယ်ကောဝ်မြို့ (ဂျယ်ဂေါင်မြို့)နှင့် မျက်နှာခြင်းဆိုင်တွင် တည်ရှိသည်။
ဒေသပွဲမလုပ်ဘဲမြို့နယ်အများအပြား တောင်ကြီးသျှမ်းနှစ်သစ်ပွဲတော်သွားမည်
Posted: 11 Nov 2014 02:08 AM PST
သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်းမြို့နယ်အများအပြား ဒေသခံသျှမ်းများ နှစ်သစ်ကူး အခါသမယ မိမိဒေသ နှစ်သစ်မကူးဘဲ တောင်ကြီးမြို့တော်၌ စုပေါင်းကျင်းပ မည့်ပွဲတော်သို့ သွားရောက်ပူးပေါင်းဆင်နွှဲမည်ဟု သိရပါသည်။
 တောင်ကြီး နှစ်သစ်ကူးပွဲတော်သို့သွားရောက်ယှဉ်ပြိုင်ကပြရန် လေ့ကျင့်နေကြသော မိုင်းပန် သျှမ်းလူငယ်များ 
နိုဝင်ဘာ ၂၂ ရက်နေ့ ကျရောက်မည့် ၂၁၀၉ ခု သျှမ်းနှစ်သစ်ကြိုဆိုသည့်ပွဲအား ပြည်ထောင်စု တဝှမ်းလုံးရှိသျှမ်းများက တောင်ကြီးမြို့၌ စုပေါင်းကျင်းပမည်ဖြစ်ကြောင်း၊ ရွှေလီမြစ်ဝှမ်းနေ ဒေသခံများ နမ့်ခမ်းမြို့ခံများ၊ ကျိုင်းတုံမြို့ခံများ၊ သျှမ်းပြည်တောင်ပိုင်း မြို့နယ်အများ အပြားက တောင်ကြီးမြို့သို့ ချီတက်မည်ဟု ဆိုသည်။
“ဒီနှစ် တောင်ကြီးမှာသွားကူရမှာမို့ နမ့်ခမ်းမှာတော့ နှစ်သစ်ကြိုဆိုပွဲအကြီးအကျယ် မလုပ်ပါဘူး။ ဒါမယ့် ၁၀ တန်းကိုထူးချွန်ဆုနဲ့အောင်တဲ့ကျောင်းသားတွေကိုဆုပေးတဲ့ပွဲ စာစီစာကုံးပြိုင်ပွဲက ဆုရသူတွေကိုဆုပေးတဲ့ပွဲလေးကိုတော့ ၂၁ ရက်ညမှာ ကျင်းပ ပါမယ်။ သျှမ်းစာပေယဉ်ကျေးမှု အသင်းရုံးမှာကျင်းပမှာပါ။” ဟု နမ့်ခမ်းမြို့မှ လူငယ် စိုင်းဆေ က သျှမ်းသံတော်ဆင့်အားပြောပြ သည်။
နမ့်ခမ်းမြို့ စာစီစာကုံးပြိုင်ပွဲ 
ထို့ကြောင့် တောင်ကြီးမြို့တွင်စုပေါင်းကျင်းပမည့် နှစ်သစ်ကူးပွဲ၌ နမ့်ခမ်းမြို့၊ မိုင်းပန်မြို့ နှင့်တခြားမြို့နယ်များမှ လူငယ်များမှ အက အလှ များဖြင့် သွားရောက်ကပြယှဉ်ပြိုင်ရန် လေ့ကျင့်နေကြသည်ဟုဆိုပါသည်။
“ကျမတို့ မန္တလေး တက္ကသိုလ် သျှမ်းလူငယ်မောင်မယ်တွေ တောင်ကြီးသွားမယ်။ အက သွားပြိုင် မယ်၊ ဆရာမ အပါအဝင် အယောက် ၄၀ ကျော်တယ်။ အများအားဖြင့်တော့ ထုင့်မောဝ်းက ပါဘဲ” - မန်းမြို့က တက္ကသိုလ် ကျောင်းသူ ကိန်ကိန် ကပြောသည်။
သို့သော် နှစ်သစ်ကြိုဆိုသည့် အထိမ်းအမှတ်အဖြစ် နမ့်ခမ်းမြို့တွင် စာစီစာကုံး ပြိုင်ပွဲကို နိုဝင်ဘာ ၉ ရက်နေ့ က ကျင်းပရာ သျှမ်းစာပေ သင်ကြားရေးဆရာ ဆရာမ အများအပြား ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
သျှမ်းစာပေယဉ်ကျေးမှုအသင်းနှင့် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီက ကမကထပြုသည့်အဆိုပါ စာစီစာကုံးပြိုင်ပွဲကို နမ့်ခမ်းမြို့သျှမ်းစာပေယဉ်ကျေးမှုရုံးတွင်ကျင်းပခဲ့ပါသည်။
ဆုရရှိသူများအား နိုဝင်ဘာလ ၂၁ ရက် သျှမ်းနှစ်သစ်ကူးကြိုဆို သည့်ညတွင် ဆုချီးမြင့်မည်ဖြစ် သည်။
တောင်ကြီးမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲတော်ကို ပြည်နယ်လုံးဆိုင်ရာ သျှမ်းစာပေယဉ်ကျေးမှု အသင်းများက စုပေါင်း၍ နိုဝင်ဘာလ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
မြန်မာ့သူခိုးည သူခိုးက အိမ်ရှင်ကိုရိုက်နှက် တရားစွဲ
Posted: 10 Nov 2014 08:31 PM PST
တန်ဆောင်မုန်းလပြည့်ည မြန်မာ့ရိုးရာ သူခိုးညက သျှမ်းပြည်တောင်ပိုင်း လဲချားမြို့သို့  အုတ်ရိုက် အငှားလိုက်နေထိုင်သည့် အောက်ပြည်သားလေးဦးက ရွာတွင်းကြက်များလိုက်ခိုးရာ အိမ်ရှင်နှင့်တိုး၍ ရိုက်နှက်မှုဖြစ်ပွားပြီး ဆေးရုံတင်လိုက်ရသည့်အိမ်ရှင်အား သူခိုးကပြန်လည်တရားစွဲသည် ဟုသိရသည်။
နိုဝင်ဘာ ၆ ရက် တန်ဆောင်မုန်းလပြည့်ည(သူခိုးည)က လဲချားမြို့ အမှတ် ၇ ရပ်ကွက် နောင်မိန်းရွာ အတွင်း ဗြုန်းအုတ်လုပ်ငန်း အငှားရိုက်ရန် အောက်ပြည်မှရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမား အောင်တင်ဆွေ၊ စိန်တင်အောင်နှင့်အပေါင်းအပါ ၂ ယောက်က ဆန်စက်ပိုင်ရှင် စိုင်းကောလိန်တ နေအိမ်သို့ ကြက်များသုံးကြိမ်သွားရောက်ခိုးယူခဲ့ရာ နောက်ဆုံးအကြိမ်တွင် အိမ်ရှင်နှင့်တိုးသဖြင့် အိမ်ရှင်အား ရိုက်နှက်မှုဖြစ်ပွါးခဲ့သည်ဟုဆိုပါသည်။
အိမ်ရှင် စိုင်းကောလိန်တ ခေါင်းကွဲကာ  ဆေးရုံတင် ၇ ချက်ချုပ်လိုက်ရပြီးနောက် သူခိုး ၄ ယောက် သည် ၎င်းတို့အား အိမ်ရှင်မှ စောင့်ဆိုင်းရိုက်နှက်သည်ဟုဆိုကာ ရဲစခန်းတွင် အမှုဖွင့် ပြန်လည်တရား စွဲဆိုထားကြောင်း  အိမ်နီးနားချင်း အသိုင်းအဝိုင်းကပြောသည်။
“ပထမ တကြိမ်နဲ့ ဒုတိယ တကြိမ်က ကြက်နှစ်ကောင်စီ လာခိုးသွားတယ်။ တတိယ အကြိမ်လာခိုးတော့ အိမ်ရှင်ကို သူတို့ကတွေ့သွားရော။ အဲဒါ အိမ်ရှင်ကို ပြန်ပြီးစောင့်ရိုက်တာ။ အိမ်ရှင်ကခုခံတယ်၊ လေး ယောက် တယောက်ဆိုတော့ မနိုင်လို့ အကူအညီအော်တောင်းတာ။ ရပ်ကွက်သားတွေ လာကူဖြေ ရှင်း မှ ပြီးသွားတယ်။ မိနစ် ၂၀ လောက်ပဲကြာတယ်။ သူခိုးက အုပ်စုလိုက်ပြန်ရောက်လာပြီး စိုးကောလိန်တ ရဲ့အိမ်နီးနားချင်းအိမ်တွေကို လာ ဆဲတယ်။ ခဲတွေနဲ့ ထုတယ်။ ခြံတွေကို ရိုက်ဖျက်တယ်” -  ဟု အမည် မဖေါ်လိုသူ ရပ်ကွက်သူတဦးက ပြောသည်။
ဆေးရုံရောက် စိုင်းကောလိန်တ မှလည်း မိမိကြက်များခိုးခံရမှု၊ စောင့်ဆိုင်းရိုက်နှက်ခံရမှုတို့ဖြင့် အဆိုပါ သူခိုး ၄ ယောက်အား ပြန်လည် တရားစွဲဆိုထားသကဲ့သို့ စိုင်းကောလိန်တ ၏အိမ်နီးနားချင်းများ ကလည်း ၎င်းတို့အိမ်အား ခဲဖြင့်ပစ်ပေါက်မှု ဆဲဆိုကြိမ်းမောင်းမှုတို့ဖြင့် အောင်တင်ဆွေနှင့်အဖွဲ့အား ရဲစခန်းတွင် အမှုဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။
“အခု အမှု အားလုံးက ရဲစခန်းမှာဘဲ။ ဆေးရုံမှာ ခိုက်ရန်ဖြစ်ပွားမှုမဖြစ်ဖို့  သူတို့ကိုခွဲထားရတယ်။ စိုင်းကောလိန်တ က သံဃာ့ဆေးရုံမှာ၊ အောင်တင်ဆွေ နဲ့ အဖွဲ့က လဲချား ပြည်သူ့ဆေးရုံမှာ” - ဟု အမည်မဖေါ်လိုသည့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြောသည်။
ကျီးမနိုးပွဲ ခေါ် သူခိုးညသည် မြန်မာဟုလူသိများလာသည့် ဗမာဘုရင် ငတက်ဖျားခေတ်က စတင်လာ သည့် ဓလေ့ဖြစ်ပြီး နောက်ပိုင်း အခြားသောတိုင်းရင်းသားဒေသသို့ တဖြည်းဖြည်း ပျံ့နှံ့လာခြင်းဖြစ် သည်။ ထိုခေတ်က မပြည့်စုံသည့် တိုင်းသူပြည်သားများကို မစသည့် ဓလေ့အဖြစ်ပြုလုပ်ခဲ့သော်လည်း ယခုနောက်ပိုင်း ကြက်ခိုး၊ ဝက်ခိုး၊  တန်ဖိုးရှိပစ္စည်းများ ခိုးယူလာသည့် ဓလေ့အဖြစ်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။
သျှမ်းသံတော်ဆင့်
unread,
Nov 12, 2014, 4:07:50 PM11/12/14
to thuau...@gmail.com
စစ်မှန်သည့်ငြိမ်းချမ်းရေးအတွက် အစိုးရစစ်တပ်များ တိုင်းရင်းသားဒေသမှ ဆုတ်ခွာပေးရန် ကချင်နှင့်သျှမ်းအဖွဲ့ တောင်းဆို
Posted: 12 Nov 2014 05:10 AM PST
စစ်မှန်သည့် ငြိမ်းချမ်းရေးကို  အစိုးရ အမှန်တကယ်လိုလားပါက အစိုးရစစ်တပ်များ တိုင်းရင်းသား ဒေသမှ ဆုတ်ခွာပေးရန် ကချင်နှင့်သျှမ်းအဖွဲ့က တောင်းဆိုလိုက်သည်။
ငြိမ်းချမ်းရေးဖော်ဆောင်နေသည့်ကာလ  ကချင်၊ ကရင်နှင့် သျှမ်းပြည်တွင်း အစိုးရစစ်တပ်က တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ဝင်းအတွင်း၌ “Attacks on Peace” ခေါင်းစဉ်ဖြင့်  သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။
“မြန်မာအစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတာ အောင်မြင်တယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းက မြင်ကြတယ်။ ပိတ်ဆို့မှုတွေကိုလည်း ရုပ်သိမ်းလာကြတယ်။ နိုင်ငံတကာက တိုင်းရင်းသားဒေသမှာ တကယ်ဖြစ်ပျက်နေတာကို လျစ်လျူရှုတာမဟုတ်ပေမဲ့  သိပ်ပြီးမပြောကြတော့ဘူး။ ဒါကြောင့် တကယ်ဖြစ်ပျက်နေတာကို ပြန်ဆွေးနွေးကြဖို့ တိုက်တွန်းချင်တဲ့သဘောနဲ့ ဒီသတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပရတာပါ” ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ပြောရေးဆိုခွင့်ရှိသူ နန်းခေါန်လိတ်က ပြောပါသည်။
ငြိမ်းချမ်းရေးဖော်ဆောင်နေသည့်အတောအတွင်း ကချင်၊ ကရင်၊ သျှမ်းပြည်အတွင်း၌ အစိုးရစစ် တပ်နှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း၊ ထို့ကြောင့် ကချင်ပြည်အတွင်း စစ်ပြေးဒုက္ခသည် လေးသောင်းခန့်၊ သျှမ်းပြည်အလယ်ပိုင်း ကျေးသီး မြို့နယ်၌ စစ်ပြေးဒုက္ခသည် ထောင်ချီအပြင် ကရင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည်များလည်း အများအပြားရှိနေသေး ကြောင်း၊  ပြည်သူလူထုမှာ လူ့အခွင့်အရေး ဆက်လက်ချိုးဖောက်ခံနေရ  ကြောင်း ဆိုပါသည်။
“ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရချင်ရင် တိုင်းရင်းသားဒေသကနေ အစိုးရစစ်တပ်တွေ ဆုတ်ခွာ ပေးဖို့၊ နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆို ချင် တယ်။ နိုင်ငံရေးဆွေးနွေးမှု မပေါ်ပေါက်မချင်း ပြည်ပရင်းနှီးမြှုပ်နှံမှု မပြုလုပ်ဖို့လည်း တိုက် တွန်းချင်တယ်” ဟု ကချင်အမျိုးသမီးအစည်းအရုံး KWAT မှ Joint-Coordinator  မဂျက်စီးကာအင်ခွမ် က ပြောပါသည်။
အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေပြီး တဖက်မှာလည်း အစိုးရစစ်တပ်က တိုင်းရင်းသားဒေသ၌ စစ်အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုး ဖောက်နေခြင်းဖြစ်ကြောင်း  နန်းခေါန်လိတ်က ဆိုပါသည်။
“စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကို ရပ်တန့်ကရပ်ဖို့ တောင်းဆိုချင်တယ်။ နောက် ပဋိပက္ခကို ပိုကြီးထွားလာစေမဲ့ စီမံကိန်းတွေကို ရပ်တန့်ဖို့ တိုက်တွန်းချင်တယ်။ နိုင်ငံရေး ပါတီတွေ တိုင်းရင်းသားခေါင်းဆောင်တွေ လူမှုအဖွဲ့အစည်းတွေလည်း လက်ရှိဖြစ်ပျက်နေတာကို စားပွဲပေါ်မှာ ဆွေးနွေးကြဖို့ တိုက်တွန်းချင်တယ်။” ဟု နန်းခေါန်လိတ်က ဆက်လက်ပြောပြသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့  သံရုံးကိုယ်စားလှယ်များ၊ တက္ကသိုလ်ပါမောက္ခများ ၊ ဘွဲ့နှင့် ဘွဲ့လွန် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ  ၊ AP ၊  AFP နှင့် အခြားသော သတင်းဌာနများ စုစုပေါင်း ၂၀၀ နီးပါး တက်ရောက်နားထောင်ကြသည်။
 Regional Center for Social Science and Sustainable Development (RCSD) မှ ဒေါက်တာ Dr. Chayan Vaddhanaphuti မှအဖွင့်စကားပြောကြားပြီး  ကချင်အမျိုးသမီး အစည်း အရုံး KWAT မှ ဂျဆီးကာအင်ခွမ်၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေး ပူးပေါင်းဆောင် ရွက် ရေးအသင်း KESANမှ ပေါလ်စိန်ထွာ နှင့် သျှမ်းလူ့အခွင့်ရေးမဏ္ဍိုင် SHRFမှ နန်းခေါန်လိတ် တို့က ဧည့်သည်များအား ရှင်းလင်း ပြောပြခဲ့သည်။
မြို့တော်တောင်ကြီး သျှမ်းနှစ်သစ်ကူးပွဲတော် မဟာကံစမ်းမဲ Toyota Vigo ၆ စီး ဖေါက်မည်
Posted: 11 Nov 2014 09:39 PM PST
သျှမ်းပြည် မြို့တော် တောင်ကြီး၌ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ ၇ ရက်တိုင်တိုင် ကျင်းပမည့် ၂၁၀၉ ခု သျှမ်းနှစ်သစ်ကြိုဆိုပွဲတော်တွင် Toyota Vigo အမျိုးအစား ကား ၆ စီး မဟာကံစမ်းမဲ ဖေါက်မည်ဟု သိရှိရသည်။
သျှမ်းနှစ်သစ်ကူးပွဲတော်တွင် မဲဖောက်မည့် Toyota Vigo ကား မဟာကံစမ်းမဲလက်မှတ် 
သျှမ်းပြည် မြို့တော် တောင်ကြီး  အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပမည့် သျှမ်းနှစ်သစ် ကူးပွဲတော် ဒုတိယ နေ့ နိုဝင်ဘာ ၁၉ ရက်နေ့  က စ၍ ပွဲတော်ပိတ်ပွဲကျင်းပမည့် နိုဝင်ဘာ ၂၄ ရက်နေ့အထိ လိုင်စင်ပါပြီးသား ကျပ်သိန်း ၃၅၀ တန် Toyota Vigo တခန်းခွဲကား တရက်တစီး ကံစမ်းမဲဖေါက်မည်ဖြစ်သည်။
 နှစ်သစ်ကူးနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင်မူ အထူးကံစမ်းမဲအနေဖြင့် ကျပ်သိန်း ၆၉၀ တန် Toyota Vigo နှစ်ခန်း တွဲကား  တစီးကို မဟာကံထူးရှင်အတွက် ချပေးမည်ဟု လက်မှတ်အရောင်းကိုယ်စားလှယ် စိုင်းခမ်းတိုင်း ကပြောသည်။
“ဗီဂို တခန်းခွဲကား ကံထူးရှင်အတွက်က လက်မှတ်တဆောင် ကျပ် ၅၀၀၀ ထောင်ရောင်း တယ်။ အထူး အထူးကံထူးရှင် ၂၁ ရက်နေ့မှာ ဖေါက်မယ့်ကံစမ်းမဲလက်မှတ်က ကျပ် ၁၀၀၀၀ ရောင်းတယ်။ လက်မှတ်တော့ အများကြီးပဲထင်တယ်” - ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။
တောင်ကြီးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်တွင် သျှမ်းစာပေ၊ သမိုင်း၊ ယဉ်ကျေးမှု ဆိုင်ရာ သျှမ်း၊ ဗမာ၊  အင်္ဂလိပ်ဘာသာဖြင့် စာတမ်းဖတ်ပွဲအားလည်း တောင်ကြီး သက္ကသိုလ် ခန်းမ တွင် နိုဝင်ဘာ ၁၈ - ၂၀ ရက်နေ့အထိ သုံးရက် ပူးတွဲကျင်းပမည်ဖြစ်သည်။
 ၂၁၀၉ ခု ဆိတ်နှစ် သျှမ်းနှစ်သစ်ကြိုဆိုပွဲအား တောင်ကြီးမြို့၌ အထူးနှစ်သစ်ကူးပွဲတော် အဖြစ် ပြည် တွင်းပြည်ပ သျှမ်းတမျိုးသားလုံး ဒုတိယအကြိမ် စုပေါင်းကျင်းပသည့် ပွဲတော် ဖြစ်သည်။ ပထမ အကြိမ် အထူးနှစ်သစ်ကူးပွဲတော်မှာမူ သျှမ်းပြည်အရှေ့ပိုင်းမြို့တော် အဖြစ် လူသိများသည့် ကျိုင်းတုံမြို့တွင်  လွန်ခဲ့သည့် ၂ နှစ် ၂၀၁၂ ခုနှစ်က ကျင်းပခဲ့သည်။ လာမည့် တတိယ အကြိမ်မှာမူ သျှမ်းပြည်မြောက်ပိုင်း လားရှိုး မြို့၌ ကျင်းပသွားမည်ဟု သတင်းများထွက်နေပါသည်။
ကျားဖြူပါတီ၏ အုပ်စု ဒုဥက္ကဌ အသတ်ခံရမှု သျှမ်းပြည်နယ်အစိုးရ စိစစ်ပေးမှုမရှိ
Posted: 11 Nov 2014 09:31 PM PST
လူသတ်မှုသံသယဖြင့် မြို့နယ်ရဲများ၏ပစ်သတ်ခံရသော ဟိုပုံးမြို့နယ် ကျားဖြူပါတီ မြို့နယ်ဒုဥက္ကဌ (ဦး)လုံးရွှေ အမှုနှင့် ပတ်သက်ပြီး သျှမ်းပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားသော်လည်း ကွင်းဆင်းစိစစ်ပေးမှုမရှိသေးဟု ကျားဖြူ ပါတီကပြောပါသည်။
“အမှုမှန်ပေါ်ပေါက်ရေးအတွက် သျှမ်းပြည်နယ် ၀န်ကြီးချုပ် နဲ့ ပြည်နယ်အစိုးရအဖွဲ့ဆီကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စာတင်ထားတယ်။ ခုထိ အရေးယူပေးတာမရှိသေးဘူး။ အဲဒီအတွက်ဆက်လက်တောင်းဆိုထားတယ်။” ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှ ပြောသည်။
သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊မိုင်းပျဉ်းကျေးရွာအုပ်စုတွင်  ဂျွန်လ ၄ ရက်နေ့က NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသတ်ခံရသောကိစ္စနှင့်ပတ်သက်၍ SNDP ကျားဖြူပါတီ ဒုဥက္ကဌ လုံးရွှေအား လူသတ်မှုဖြင့် သံသယရှိသူအဖြစ် စက်တင်ဘာလ ၁၂  ရက်နေ့က သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသည်ဟုဆိုကာဟိုပုံး ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
“သံသယရှိတာနဲ့ပဲ ဒီလိုအသက်တစ်ချောင်းကို ရဲကပစ်ပိုင်ခွင့်ရှိသလား၊ ပါတီရဲ့ဒုဥက္ကဌတစ်ဦးဖြစ်တဲ့အတွက် ရွေးကောက် ပွဲကော်မရှင်ကိုလည်း တင်ပြမယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဥက္ကဌကိုလည်းတင်ပြမယ်၊ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အထိတင်မယ် ” ဟု ဟိုပုံးမြို့နယ် ကျားဖြူပါတီဥက္ကဌ ဒေါ်နန်းသန်းသန်းရွှေမှ ပြောသည်။
သေဆုံးသူ၏ သားဖြစ်သူကလည်း “ ကျနော့်အဖေ ပစ်သတ်ခံရတဲ့ ကိစ္စမကျေနပ်ဘူး ၊ ဒါကြောင့်တရားစွဲမှာဖြစ်တယ်”  ဟု ဦးလုံးရွှေ၏ သားဖြစ်သူမှပြောသည်။ တရားစွဲဆိုရာတွင် ကျားဖြူပါတီမှ ပါတီရန်ပုံငွေဖြင့် ဥပဒေနှင့်အညီ အမှုမှန် ပေါ်ပေါက်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
“ရဲဆိုတာဥပဒေရဲ့ဘက်တော်သား၊ပြည်သူကိုကာကွယ်ရမယ့် ဥပဒေရဲ့ဘက်တော်သား၊ ဒါမျိုးလုံးဝမဖြစ် သင့်ဘူး၊ ကျနော်တို့အနေနဲ့လည်းလုံးဝသည်းမခံနိုင်ဘူး။ အမှုမှန်ပေါ်ပေါက်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့တရားဥပဒေစိုးမိုးမှု ရဲ့အောက်မှာ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ အပြီးသတ်စီရင်ရ မယ့်ကိစ္စမှာ ခုလိုပြည်သူ့ရဲက သေနတ်နဲ့ပစ်သတ်တာ လုံခြုံမှုမရှိ ဘူးဆိုတဲ့သဘောပေါ့ ” ကျားဖြူပါတီမှ  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှပြောသည်။
တရားဥပဒေကိုမျက်ကွယ်ပြုသောလုပ်ရပ်ကြောင့် တရားဥပဒေစိုးမိုး ရေးမရှိနိုင်ကြောင်း ၊နိုင်ငံ၏တည်ငြိမ်အေးချမ်းမှု ထိခိုက်ပျက်ပြားစေကြောင်း၊ လူတိုင်းတရားဥပဒေအကာအကွယ်ရရှိစေပြီး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးအေးလူလူ လုပ်ကိုင်စားသောက်စေချင်ကြောင်း နိုဝင်ဘာလ (၇) ရက်နေ့က ကျားဖြူပါတီမှပြုလုပ်သော  သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းအမှုနှင့်ပတ်သက်၍ ဟိုပုံးမြို့နယ်မှူးထံသို့ စက်တင်ဘာ ၂၃ ရက်နေ့ကဆက်သွယ်မေးမြန်းခဲ့ရာ “ သံသယရှိလို့ ကျနော်တို့သွားဖမ်းတာ ဖမ်းဝရမ်း မလိုဘူး။ ကျနော်တို့မှာသက်သေအထောက်အထားတွေရှိလို့ သက်သေတွေရဲ့ ထွက် ဆိုချက်အရ လူသတ်မှုနဲ့မသင်္ကာလို့ စစ်ဆေးဖို့သူ့ကိုစောင့်နေတာ ဂျူလိုင်လကတည်းကပါ။ သူ့ကိုသွားခေါ်တော့ အိမ်နောက်ဖက်ထွက်ပြေးတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေက သွားလိုက်ဖမ်းရင်းနဲ့ ခလုတ်တိုက်လို့ ကျည်ဆံထွက်သွား တာဖြစ်မှာပေါ့ဟု”  ပြောကြားခဲ့သည်။
ရဲလုပ်ထုံးလုပ်နည်းအရ သွားရောက်ဖမ်းဆီးချိန်တွင် အသာတစ်ကြည်အဖမ်းခံလျင် ဤသို့ ဖြစ်မည်မဟုတ်ကြောင်း ၊ သေမှုသေခင်းဖြင့်အမှုဖွင့်ထားကြောင်း ၄င်းကပြောပါသည်။
သျှမ်းသံတော်ဆင့်
unread,
Nov 14, 2014, 4:33:27 PM11/14/14
to thuau...@gmail.com
အိုဘားမား နေပြည်တော်ရောက်ရှိစဉ် သျှမ်းပြည်မြောက်ပိုင်း၌ ဗုံးများဆက်တိုက်ပေါက်ကွဲ
Posted: 14 Nov 2014 09:25 AM PST
အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံရောက်ရှိစဉ် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း နိုဝင်ဘာ ၁၃ ရက် ညဦးပိုင်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲခဲ့သောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ကြသည်ဟု ဒေသခံများကပြောသည်။
နိုဝင်ဘာ ၁၃ ရက်နေ့ နေ့ခင်းပိုင်းတွင် အစိုးရ တပ်မတော် စစ်ကြောင်း စစ်ကားကြီး ၈ စီး စစ်သည်အင်အား ၃၀၀ ကျော် က မူစယ်၊ နမ့်ခမ်းမြို့နယ်အတွင်း သွားလာလှုပ်ရှားကြောင်း၊ ညနေပိုင်းတွင်မူ နမ့်ခမ်းမြို့အထွက် ဟိုနမ့်အသွားလမ်းတွင် ည ၈ နာရီ ခွဲလောက်တစ်ကြိမ်၊ ည ၉ နာရီကျော်အချိန်တွင် ကတ်မိန်းခမ်း အနီးတို့တွင် ဗုံးများပေါက်ခဲ့သည်ဟု ရပ်မိရပ်ဖ လုံးစိုင်းညွှန့်က ပြောသည်။
“ကျနော်ထင်တာကလေ သမ္မတ အိုဘားမားမြန်မာနိုင်ငံကိုလာတဲ့အချိန် မှာ ဗုံးက ထပေါက် တယ်။ လူထုက သတင်းစောင့်ကြည့်ချင်တယ်။ နားထောင်ချင်တယ်။ ဗုံးထပေါက်တော့ အိမ်တိုင်းက မီးငြိမ်းအိပ်။ အဲဒီလို ဖြစ်စေချင်လို့ လူထုမျက်စိ နားတွေကိုပိတ်ချင်လို့ ကြံဖန် လုပ်တာပဲဖြစ်နိုင်တယ်။ ဘယ်သူ ဘယ်ဝါ ဆိုတာ ကျနော်တို့လဲ မပြောလိုဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။
ဒုတိယ အကြိမ် ဗုံးပေါက်ကွဲရာနေရာမှာ မူးယစ်ဆေးဝါးသုံးစွဲသူများ နေထိုင်သုံးစွဲသည့် နေရာဖြစ်ကြောင်း၊ မူးယစ်ဆေး မှီဝဲသုံးစွဲသူများအား မောင်းထုတ်ရန် ရဲတပ်ဖွဲ့မှ ဖေါက်ခွဲ ခြင်း ဖြစ်ကြောင်း၊ အမည်မဖေါ်လို သည့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကပြောသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးခြင်း၊ ပျက်စီး ဆုံးရှုံးခြင်း တစုံတရာမရှိဘူးဟု လည်း ၎င်းကပြော သည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သည် နယ်စပ်ဒေသဖြစ်သည့်အားလျော်စွာ ဒုစရိုက် သမားများ၊ တတိယ လက်သည်အုပ်စုများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပြင် မကွေးတိုင်းမှ လာသည့် အစိုးရ တပ်မတော် တပ်မ ၈၈ နှင့် ရန်ကုန် လှည်းကူးအခြေစိုက် တပ်မ ၁၁ တို့လည်း အခြေချ နေထိုင်လှုပ်ရှားသည်။
တိုင်းရင်းသားအရေးလှည့်ကြည့်ပေးဖို့ အမေရိကန်သမ္မတအိုဘားမားထံ သျှမ်းလူမှုအဖွဲ့တောင်းဆို
Posted: 13 Nov 2014 07:49 PM PST
သျှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအတွင်း  တိုက်ပွဲများရပ်တန့်ပြီး အစိုးရတပ်များ တိုင်းရင်းသားဒေသအတွင်းမှ ထွက်ခွာပေးပါရန် မြန်မာအစိုးရ အား အမေရိကန် သမ္မတ အိုဘားမားမှ တွန်းအားပေးဖို့ သျှမ်းလူမှုအသိုင်းအဝိုင်းအဖွဲ့ကကြေငြာချက် ဖြင့်ထုတ် ပြန်ကြေငြာ သည်။
 သျှမ်းလူမှုအသိုင်းအဝိုင်းအဖွဲ့၏ထုတ်ပြန် ကြေငြာချက်
နိုဝင်ဘာ ၁၃ ရက်နေ့က အမေရိကန် သမ္မတ ဘားရက်အိုဘားမား မြန်မာပြည်သို့ရောက်ရှိစဉ် သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပါက တိုင်းရင်းသားအရေး ထည့်သွင်း ဆွေးနွေးပေးနိုင်ရေး၊ နိုင်ငံရေးစကားဝိုင်းအမြန်ဆုံး လုပ်ပေးနိုင်ရေး၊  ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေ ပြင်ဆင် နိုင်ရေး၊ နိုင်ငံရေးစကားဝိုင်းမဖြစ်သေးဘဲ ငြိမ်းချမ်းရေးတည်ဆောက်နေဆဲကာလ  တိုင်းရင်းသား နယ်မြေအတွင်း ထွက်ရှိသယံဇာတများ တူးဖေါ်ထုတ်ယူသုံးစွဲခွင့် မပြုစေရေး အတွက် သျှမ်းလူမှုအသင်းအဖွဲ့များ စုပေါင်း တောင်းဆိုခြင်းဖြစ်သည်။
“ ငြိမ်းချမ်းရေးလုပ်နေတယ်ပြောတယ်လို့ပြောပေမယ့် ကျနော်တို့ တိုင်းရင်းသားဒေသမှာ တိုက်ပွဲ နေ့တိုင်းဖြစ်နေသေးတယ်။ လူထုကို တပ်မတော်စစ်ကြောင်းက လမ်းပြခိုင်းတယ်။ တပ်စခန်းတွေ ဆောက်လုပ်ပေးခိုင်းတယ်။ သက်ကယ်ဝါးတွေပို့ပေးဖို့ တောင်းဆိုတယ်။ ခံတုတ်ကျင်းတွေ တူး ခိုင်းတယ်။ သူပုန်ဆိုပြီး ရိုက်နှက်ဖမ်းဆီး သတ်ဖြတ်တယ်၊ ဒီအခြေအနေကို သိစေချင်လို့ ပါ” - ဟု ပြောရေးဆိုခွင့် စိုင်းဟော်ဆိုင် ကပြောသည်။
အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်တအာင်းအမျိုးသားတပ်မတော်TNLA (ပလောင် တပ်ဖွဲ့) နှင့် အစိုးရ တပ်မတော်တို့ ကွတ်ခိုင်မြို့နယ် အတွင်းတိုက်ပွဲများ လောလော လတ်လတ်ဖြစ်ပွား နေသေးကြောင်း၊ ထို့အတူသျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ရှိသျှမ်းပြည်တပ်မတော်၏တာ့ဖါ ဆောင် တပ်စခန်းနေရာအားလည်း အစိုးရ တပ်မတော်က အစားထိုးဝင်ရောက်နေထိုင်နေကြောင်း ပြောကြားထား၏။ ထို့အပြင် ဒေသခံများ ထံမှ လုပ် အား နှင့်အခြားပစ္စည်းများ ဆင့်ခေါ်ယူမှုလည်း ရှိနေသေး ကြောင်း လည်း စိုင်းဟော်ဆိုင်က ပြောသည်။
မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးတည် ဆောက် နေပြီဟု ပြောနေသော်လည်း တိုင်းရင်းသားဒေသအတွင်းရှိ တပ်မတော် တပ်အင်အားလျှော့ ချခြင်း၊ တပ်များ နယ်စိုးမိုးမှု ချဲ့ထွင်နေခြင်းများဆက်တိုက်ပြုလုပ်နေသောကြောင့် ကချင်၊ ကရင် နှင့် သျှမ်းပြည် အတွင်း တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။
ကျောက်မီးသွေးတူးဖေါ်ရေးစီမံကိန်းရပ်ဆိုင်းပေးရန် RCSS ထံ သံဃာနှင့်လူထုတောင်းဆို
Posted: 13 Nov 2014 07:43 PM PST
သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျောက်မီးသွေးများ တူးဖေါ်ရန် ပြင်ဆင်နေသည့် ကုမ္မဏီများ၏ လုပ်ငန်းစီမံကိန်းများအားလုံး ရပ်ဆိုင်းပေးရန် သျှမ်းပြည်တပ်မတော် RCSS/SSA ထံ သံဃာထု နှင့် လူထု ၂၀၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။
 သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့နယ် တောင်ဘက် ဝမ့်ယတ်ကျေးရွာအုပ်စုနှင့် ဝမ့်ဟွေ့ကျေးရွာအုပ်စုအတွင်း ဒေသခံတောင်သူလယ်သမားများ၏ လယ်၊ ယာ၊ စားကျက်မြေ၊ ထင်းရှူးတော အပါအဝင် မြေ ဧက ၅၀၀ ကျော် သိမ်းပိုက်၍ ကျောက်မီးသွေးတူးဖေါ်သယ်ယူနေသော ကုမ္မဏီများအား တားမြစ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ် သည်။
နိုဝင်ဘာ ၁၂ ရက်က မြို့ နယ် သံဃာနာယက ဆရာတော် အပါအဝင် သံဃာတော် ၁၁ ပါး၊ ဒေသခံလူထု ၂၂၉ ယောက် တို့က စုပေါင်း လက်မှတ်ရေးထိုးပြီး တောင်ကြီးမြို့ သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ်ရုံးသို့ တိုင်ကြားတောင်းဆိုခဲ့ပါသည်။
 “တိန်းချောင်း ရေထွက်လေ ဒီဒေသက။ ကျောက်မီးသွေးတူးဖေါ်တယ်ဆိုတော့ စားကျက်မြေတွေ၊ ထင်းရှူး တောတွေ၊ အကုန်ပါသွားပြီလေ။ တိန်းချောင်းမှီခိုအားကိုးတဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ အိမ်မွေးတိရစ္ဆာန်တွ လူတွေ  အားလုံးအတွက် ကျောက်မီးသွေးကနေထွက်တဲ့ ဓါတုအဆိပ်တွေသင့်ကုန်မှာ။ ဒါ့ကြောင့် သံဃာထု လူထု စုပေါင်းပြီးတောင်းဆိုရတာ” - ဟု ဦးဆောင်လှုပ်ရှားသည့် စိုင်းခေးလိုင်းက ပြောသည်။
 အဆိုပါဒေသသည် သျှမ်းပြည်တပ်မတော်လှုပ်ရှားသွားလာသည့် ဒေသဖြစ်သောကြောင့်သျှမ်းပြည်တပ်မတော် ထံ တင်ပြရခြင်းဖြစ်ကြောင်း၊ ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းပန်ထံလည်း တင်ပြထားပြီးဖြစ် ကြောင်း၊ ထို့အတူ နိုင်ငံတော်အစိုးရ နှင့်သျှမ်းပြည်နယ်အစိုးရထံလည်း ထပ်မံတင်ပြတောင်းဆိုသွား မည်ဖြစ်ကြောင်း ပြောပါသည်။
“ကျနော်တို့ တိုင်းပြည်က မငြိမ်းချမ်းသေးဘူး။ ဒါ့ကြောင့် လူထုကို ဘေးအန္တရာယ်ပေးမယ့် ဘယ်စီမံကိန်းမဆို နိုင်ငံတော်အနေနဲ့ တူးဖေါ် ထုတ်ယူခွင့် မပေးအပ်သေးဘူး။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကောဘဲ ဒီကိစ္စအလေးအနက်ထားပြီးပိတ်ပင်တားမြစ်ထားရမယ်။ ဒေသခံလူထုအတွက် ဘာမှ အကျိုးအမြတ်မရှိဘူး ” - သျှမ်းလူမှုအသင်းအဖွဲ့ ပြောရေးဆိုခွင့် စိုင်းဟော်ဆိုင် က ပြောသည်။
 သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ထံ မိုင်းကိုင်ဒေသခံများ တင်ပြ သည့်စာတွင် - ကျောက်မီးသွေးစီမံကိန်းကြောင့် ရေအရင်းအမြစ်ပျက်စီးဆုံးရှုံးစေခြင်း၊ စားကျက်မြေ နှင့်လယ်ယာ များ ပျက်စီး ဆုံးရှုံးသည့်အတွက် ကျေးရွာအုပ်စုနှစ်ထက်မနည်း ဝမ်းရေးအခက်အခဲဖြစ်စေခြင်း၊ သဘာဝ ထင်းရှူး တောနှင့် တောတောင်ရေမြေများ ပျက်စီးစေပါသည်။
ထို့အပြင် အိမ်မွေးတိရစ္ဆာန်နှင့် တောရိုင်းတိရစ္ဆာန်များ၊ ရေနေ သတ္တဝါများ ထိခိုက် သေကျေစေခြင်း၊ မိုးရွာပါက ကျောက်မီးသွေးတွင်းမှ ထွက်ရှိ အညစ်အကြေးများ ချောင်းရေ နှင့် လယ်ယာမြေတွင်း စီးဝင်ခြင်းတို့ကြောင့် နမ့်တိန်းချောင်းအားမီခိုအားထားသည့် မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ နမ့်ဇန်မြို့နယ်၊ ကျိုင်းတောင်းမြို့နယ်ခွဲ၊ မိုင်းပန်မြို့နယ်၊ လင်းခေးမြို့နယ်အတွင်းမှ ဒေသခံ လူထု အသက်အန္တရာယ်အထိ ထိခိုက်စေခြင်းတို့ကြောင့် ကျောက်မီးသွေး တူးဖေါ်ရေးစီမံကိန်းရပ်တန့်ပေးရန်  တောင်းဆို ခြင်းဖြစ်သည်ဟု ပေးစာအတွင်းပါရှိပါသည်။
သျှမ်းသံတော်ဆင့်
unread,
Nov 17, 2014, 4:07:44 PM11/17/14
to thuau...@gmail.com
မူးယစ်မှုဖြင့်ချိတ်ပိတ်ခံရသည့် GLG ဆီဆိုင်ပိုင်ရှင်ဖမ်းမိရေး အာဏာပိုင်များ ရှာဖွေစစ်ဆေး
Posted: 17 Nov 2014 09:07 AM PST
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်ဟွေ့အော့ကျေးရွာအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် တရုတ်တဦးပိုင်ဆိုင်သည့် ပစ္စည်းများအားလုံးအား ဝ တပ်ဖွဲ့နှင့်အစိုးရတို့ ပူးပေါင်းချိတ် ပိတ်လိုက်သည့်နောက် ၎င်းအားဖမ်းဆီးနိုင်ရေးအတွက် ယနေ့တိုင် လိုက်လံ စစ်ဆေးမှုပြု နေဟုဆိုသည်။
ဓါတ်ဆီဆိုင်၊ ရာဘာခြံ၊ အုတ်လုပ်ငန်းရှင် အားလီ ခေါ် အားကွမ်း ဆိုသူကို မူးယစ်ထုံထိုင်း စေတတ်သော ယာအိုက်စ်၊ ယာဘဆေးပြား၊ ဘိန်းဖြူ နှင့် တခြားမူးယစ်ဆေးဝါးများအား ဗီဂို့ ကား နှစ်စီးဖြင့် ပူနားကိုမှတဆင့် မိုင်းတွမ်းသို့ ဘိလပ်မြေအိပ်ဝင်တင်ရာ ခမယ ၅၅၃  က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ပိုင်ရှင်ဖြစ်သူ တရုတ်အမျိုးသား အားကွမ်း(ခေါ်) ဦးအိုက်လီ မှာ မိုင်းတွမ်းရွာအထွက် လိမ္မော်ခြံအနီးတွင် ထွက်ပြေးလွတ်မြောက် သွားကြောင်း နီးစပ်သူ တဦးက သျှမ်းသံတော်ဆင့်အားပြောသည်။
“ချိတ်ပိတ်တဲ့ဟာတွေက ဝေရှော့ယင်ဟာတွေမဟုတ်ဘူး။ ဦးအာကွမ်း ခေါ် အိုက်လီ ရဲ့ ဟာ တွေပါ။ သူက Green Land Group ဓါတ်ဆီဆိုင်ပိုင်ရှင်လေ။ ဒေသခံအာဏာပိုင်နဲ့ တော့ ပိုင်တယ်သူက။ အကုန်ကျွေးထားနိုင်တယ်လေ” - ဟု အမည်မဖေါ်လို သည့်မိုင်းတွမ်းသား တဦး က ပြောသည်။
သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ ဦးအိုက်လီ သည် ထိုင်းနိုင်ငံထဲသို့ တိမ်းရှောင်လွတ်မြောက်နေသည်ဟု ဆိုပါသည်။
‘ဦးအိုက်လီ ထွက်ပြေးလွတ်မြောက်သွား တာဟာ မယုံချင်စရာဘဲ၊ မိုင်းတွမ်းကနေ ထွက် လာ တုန်းက သူပါလာတယ်။ လိမ္မော်ခြံနားရောက်တော့ ပျောက်သွားတယ်။ ဒါက သူမကျွေးမွေး ထားနိုင်ရင် ဘယ်သူက လွတ်ပေးမလဲ၊ စဉ်းစားစရာပါ” - နီးစပ်သည့် နားကောင်းမူးရွာခံတဦးက ပြောသည်။
ခရီးသွားတွေကို စစ်ဆေးတာက တပိုင်းပေါ့၊ အဓိကကတော့  အိုင်အက်စ်လို့ ယူဆနိုင်တဲ့ မွတ်စလင် ဘာသာဝင်ကိုးကွယ်တဲ့ ခရီးသွားတွေကို စစ်တာ၊ နောက်တခုက အဲဒီ အားကွမ်း ဆိုတဲ့သူကိုရှာ တာ။ သူတို့ ကားပေါ် လှမ်းကြည့်လိုက်ရုံသိနိုင်တယ်ဆိုပဲ။ သူတို့မှာ ဓါတ်ပုံရှိ တယ်တဲ့။  အဲတာတောင်မှ ထွက်ပြေး လွတ်မြောက်တယ်ဆိုတဲ့ကိစ္စ သံသယ ဖြစ်စရာပေါ့” - ဟု မိုင်းတုံ ဘီပီဝမ်း ထိုင်းနယ်စပ်ဘက် သွားလာသည့် ခရီးသွား စိုင်းအိုက်ခမ်း က ပြောသည်။
ပင်လုံ အမွေအနှစ်၏ ကျေးဇူးတရားများ
Posted: 17 Nov 2014 01:58 AM PST
တိုင်းရင်းသားလူမျိုးများ ၏ ပြည်ထောင်စု အရေး
တိုင်းရင်းသားလူမျိုးများ ကနှစ်ပေါင်း(၆ဝ) ကျော်တစိုက်မတ်မတ်တောင်းဆိုလာခဲ့ကြသည်မှာ မိမိတို့ဆုံးရှုံးခဲ့ရသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်တို့ကိုပြန်လည်ရရှိရေး ဖြစ်သည်။ ယနေ့ကာလတွင် တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေးများကို နိုင်ငံရေးအရအာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်အားဖြင့်သာလျင်ဖေါ်ဆောင်နိုင်မည်ဖြစ်ကြောင်းထာဝရငြိမ်းချမ်းရေး ကိုလည်း ဖက်ဒရယ်ပြည်ထောင်စု ကိုတည်ဆောက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများ၊နိုင်ငံရေးပါတီများ၊(ဂဂ) မျိုးဆက်များကပြောဆိုရေးသားလာကြသည်။လက်ရှိ၂ဝဝဂအခြေခံဥပဒေသည်တိုင်းရင်းသားလူမျိုးများ လိုလားချက်များနှင့်မကိုက်ညီကြောင်းအစိုးဖက်နှင့်စစ်ဖက်တာဝန်ရှိပုဂ္ဂိုလ်များကလည်းဝန်ခံထားပြီးဖြစ်ကြောင်းကိုလည်းမီဒီယာများမှ တဆင့် ထောက်ပြကြသည်။၂ဝဝဂခြေခံဥပဒေပြင်ဆင်ရေးသည်တိုင်းရင်းသားလူမျိုးတရပ်လုံး ယုံကြည်မှုကိုးစားမှုနှင့်ဆက်စပ်နေကြောင်းဖေါ်ပြလာကြသည်။လူနည်းစု ဖြစ်သော တိုင်းရင်းသားလူမျိုးများ ၏ ပြည်ထေင်စု အရေးကို လူများစု ဗမာတိုင်းရင်းသား များမှ ကုန်လွန်ခဲ့သည့် အနှစ် (၆ဝ) ကျော်ကာလ အတွင်း ယနေ့ ကာလကဲ့သို့ အားနှင့်အင်နှင့် ထုနှင့်ထည်နှင့် ရေးသား ပြောဆို ဆွေးနွေးမှု များ မရှိခဲ့ဘူး ပေ။ ရှိခဲ့ဘူးပြန်လျင်လည်း အာဏာရှင် စစ်အစိုးရတို့၏ ဝါဒဖြန့်ချီရေး များသာဖြစ်ပြီး ဆားမပါသော ဟင်းကိုစားရသလို အနှစ်မဲ့ကာ မြိန်ယှက်မှု မရှိခဲ့ပေ။ ယနေ့ မီဒီယာ များ လွတ်လပ်လာသည်နှင့်အမျှ အိုင်ဒီယာများ၊ အယူအဆများ၊ သတင်းအချက်အလက်များ ဖလှယ်မှု မြင့်တက်လာကာ လူငယ် မျိုးဆက်သစ် တို့ အကြား အတွေးသစ် အမြင်သစ်များ၊ ရှုထောင့်အသစ်များ၊ ရပ်တည်ချက် အသစ်များဖြင့် နိုင်ငံရေး ရေချိန်တို့လည်း ယခင်ကနှင့်မတူ မြင့်တက် နိုးကြား လာသည့် သဘော ဖြစ် သည်။ လတ်တလော ကာလတွင် အကောင် အထည် ဖေါ်ဆောင်ရန် အခက်အခဲ အဟန့်အတားများရှိနေ သေးသည့်တိုင်အောင် တနေ့ တချိန် မကြာတော့သောကာလ စစ်မှန်သော ပြည်ထောင်စုကြီး ပြန်လည်ထူထောင်ရေး အတွက် အားတက် စရာဖြစ်သည်။ ပြည်ထောင်စုအရေးသည် ကျန်တိုင်းရင်းသား လူမျိုးများ ၏ အရေး သက်သက် မဟုတ်ပဲ အများစု ဖြစ်သော ဗမာတိုင်းရင်းသားတို့ ကပါ တက်တက်ကြွကြွ ဦးဆောင် ပါဝင် လုပ်ဆောင်ရမည့်အရေးအဖြစ် သဘောပေါက် လာကြသဖြင့် လူများစု အတွက်ရော လူနည်းစုတို့ အတွက် ပါ တတိုင်းတပြည်လုံး၏ အနာဂတ်အတွက် ကောင်းသော လက္ခဏာ တရပ် ဖြစ်သည်။ ဒီမိုကရေစီ ထွန်းကားသော ပြည်ထောင်စု ခေတ်သစ်ဆီကို ဦးတည်သည့် ပြန်လည် စုစည်းမှု အမှတ် လက္ခဏာတရပ် ပင်ဖြစ်သည်။ ပင်လုံ ကတိကဝတ် တို့၏ အခြေခံပေါ်တွင် ပြည်ထောင်စု ရေးရာ၊ စိတ်ဓါတ်ရေးရာအရ၊ အတွေးအခေါ်ရေးရာ အရ ပြန် လည် ဆုံစည်း လာကြခြင်းဖြစ်သည်။ ပင်လုံ အမွေအနစ် မှရရှိသော ဆုမြတ် နှင့် အကျိုးကျေးဇူးတို့သည်ယနေ့ထိတိုင်အောင် အားကောင်းဆဲ၊ မောင်းသန်ဆဲ၊ စည်းလုံးမှု၊ စုစည်းမှုတို့ကို ပေးနိုင်ဆဲ၊ သက်ရောက်မှု ရှိနေဆဲ ဖြစ် သည်။
ကျောက်ကောင်း တလက်၊ သူရဲကောင်း တဦး
ကျွန်တော်တို့၏ နိုင်ငံသမိုင်းတွင် တချိန်တခါက ပင်လုံတွင် တတင်္ဂအားဖြင့် တည်ဆောက်ခဲ့ဘူးသည့် စုစည်းမှုမျိုး ယခုတဖန် ပြန်လည်မြင်တွေ့ရခြင်းဖြစ်သည်။ တချိန်တခါက ဗမာ တိုင်းရင်း သား များ ထဲမှ ဗိုလ်ချုပ်အောင်ဆန်း ဟူသည့် လူပုဂ္ဂိုလ်ထူးတဦး တယောက် ၏ ကြီးမား သော အမျှော်အမြင်တခု ဖြစ်သော်လည်း သူ ကိုယ်တိုင် နှစ်နှစ် ကာကာ အသက်ပေး ချစ်ခဲ့ရသော ဗမာ အပါအဝင် လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူတရပ်လုံးအတွက် ကုန်လွန်ခဲ့ သော အနှစ် (၆ဝ) ကျော် အတိတ်ကာလတွင် တဦးတည်း ကြိတ်ခါ ကြိုကြိုတင်တင် မက်ခဲ့ရသည့် ငြိမ်းချမ်း ရေး အိပ်မက် ဟောင်းတို့သည် လူမိုက်တို့၏လက်ထဲတွင် ရေတိမ်မြုပ်ကာ ပြည်ထောင်စုအဝှမ်း ပြည်တွင်းစစ်ကြီးဟုန်းဟုန်းတောက်လောင်ပြီး ဗမာအပါအဝင် ဖြစ်သော လူမျိုး ပေါင်းစုံပြည်သူတို့ သွေးချောင်းသွင်သွင် စီး ခဲ့ရသည်။ ယင်း အာဇာနီ သူရဲ ကောင်းကြီး၏ ငြိမ်းချမ်း သော ပြည်ထောင်စုကြီး ထူထောင်ရေး အတိတ် အိပ်မက်ဟောင်းတို့သည် ယနေ့ မြန်မာ လူငယ် မျိုးဆက် သစ် တို့၏ အနာဂတ် အိပ်မက်သစ် တခု အဖြစ် နွံထဲမှ ပြန် ပေါ်လာသည့် ကျောက်ကောင်းပမာ အသစ်တဖန် ပြန်လည် လှုပ်ရှား ရှင်သန် လာခြင်းဖြစ်သည်။ ကျောက်ကောင်းမှန်လျင်နွံမှာနှစ်သော်လည်း မညစ် သကဲ့သို့၊ စစ်မှန်သော အာဇာနည် သူရဲ ကောင်းတို့သည် လူသေသော်လည်း သူတို့၏ နာမည်နှင့် အတွေးအခေါ် တို့သည် တိမ်ကော ပျောက်ကွယ် ရိုးထုံးစံမရှိပေ။
ကမ္ဘာနှင့်ချီပြီး ကြာမြင့်သွား ရသည့် ပင်လုံ ခရီး
အာဘရာဟမ်လင်ကွန်းကပြောခဲ့ဘူးသည်မှာ သစ်ပင်တပင်ကို ခုတ်လှဲဖို့ အချိန် () နာရီပေးပါ၊ ပထမ () နာရီအတွင်း ပုဆိန်ကို ကျွန်တော်သွေးမယ်ဟူ၏။ အာဏာရှင်စနစ်ကိုလည်း ရွံမုန်း၊ ဖက်ဒရယ် ဆိုပြန်တော့လည်း အကြောက်ကြီးကြောက်၊ ဖက်ဒရယ် ခွဲထွက်ရေးမူဟူသောတုံးနေသည့် ပုဆိန်ဖင့် အပင်အို ကိုခုတ်လှဲ ရန် ကျိုးစားခဲ့ကြဘူးပြီ။ ချွေးထွက်သာများခဲ့သည်၊ စည်းလုံးမှု၊ စုစည်းမှုတို့ ကိုမဆောင်ကျဉ်း နိုင်သဖြင့် လွတ်မြောက်ရေး လမ်းကြောင်းပေါ်သို့ မတက်လှန်းနိုင်ခဲ့ကြပေ။ အပင်အိုကတော့ တုတ်တုတ်မျှမလှုပ်ခဲ့။ အာဘရာဟမ် လင်ကွန်း ၏အလိုအရဟူမူ ပထမ () နာရီအတွင်းပုဆိန် ကိုသွေး လိုက်ခြင်းသည် တချက်ပင်မခုတ်ရသေးသော အပင်အိုအား ထက်ဝက်မျှ ခုတ်ထားပြီး သကဲ့သို့ဖြစ်သည်။ ဆိုလိုသည်မှာ သစ်ပင်ကို သဲကြီးမဲကြီးခုတ်ထစ်ခြင်း ထက်၊ ယင်းသစ်ပင်ကို အမြန်ဆုံး အပြီးသတ် ခုတ်လှဲနိုင်ရေးအတွက် အရေးအကြီးဆုံးနှင့် ပထမဦးဆုံး ဦးစားပေး ပြုလုပ်ရမည့် အလုပ်မှာပုဆိန် ကိုထက်မြက် နေအောင် ဦးစွာပထမ သွေးထား သည့် အလုပ် ဖြစ် သည်။ ထက်မြက်သော ပုဆိန် နှင့်တူသည့် ထက်မြက်သော ပင်လုံ အတွေးအခေါ် နှင့် ဖက်ဒရယ်ပူးပေါင်းရေးမူ အားဖြင့် သာလျင် ပင်လုံ ပြည်ထောင်စု ကြီးကို အလျင်အမြန် မျက်မောက်ပြုကာ စစ်ပွဲများငြိမ်းသော စည်းလုံးသော ပင်လုံနိုင်ငံတော်ကြီးကို ကမ္ဘာ့ အလယ်တွင် တင့်တယ် စွာ ပြန်လည် ထူထောင်နိုင်ကြမည် ဖြစ်သည်။ မိမိတို့၏ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ကို ထိထိရောက်ရောက် အသုံးမပြု နိုင်ခဲ့ ကြသဖြင့်၎င်း၊ အသုံးပြုရန်ပျက်ကွက်ခဲ့ကြသဖြင့်၎င်း၊ ဖက်ဒရယ် ခွဲထွက်ရေးမူဟူသော အာဏာရှင် ၏ မှိုင်းတိုက်သွေးခွဲမှု ကို ဆယ်စုနှစ်နှင့်ချီပြီး ရိုးသားသော ဗမာတိုင်းရင်းသားတို့ အယုံကြီး ယုံမိခဲ့ကြဘူးပြီ။ ဤသို့ဖြင့် ပြည်သူတို့၏ ပင်လုံ တကျော့ပြန်ခရီး သည် နှစ်ပေါင်း (၆ဝ) ကျော်ကြာမြင့်ခဲ့ရသည်။ နှစ်ပေါင်း (၆ဝ) ကျော် ဟူသည်မှာ သက်တမ်းတရာ သာရှိသော လူသား များအတွက် ကမ္ဘာနှင့်ချီပြီးကြာမြင့် သလိုဖြစ်သွားခဲ့ရသည်။ အမှန်တကယ်အားဖြင့် စစ်မက်ပဋိပက္ခများ ကင်းရှင်းသော၊ ငြိမ်းချမ်းသော ဖက်ဒရယ် ပြည်ထောင်စုကြီး ကိုထူထောင်ရန်အတွက် ချစ်ခင် လေးစား အပ်သော ဗမာမျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ တိုင်းရင်းသားလူမျိုးစုတို့ အဆင်သင့်ဖြစ်ခဲ့သည်မှာ ကြာမြင့် လွန်းခဲ့ပြီ ဖြစ် သော်လည်း ဗမာတိုင်းရင်းသားညီအစ်ကို တို့သည် အာဏာရှင်၏ လှည့်ဖျားမှု ကိုအလွယ်တကူ ယုံစားမိခဲ့ကြသဖြင့် မကြာသင့်ပဲ ကမ္ဘာ နှင့်ချီကြာညောင်း ခဲ့ရ သည်။ ရှည်ကြာသော ပြည်တွင်းစစ်ကိုပင် တိုင်းရင်းသား ပြဿနာ ဟူ၍ တမျိုး၊ လူမျိုးစု ပြဿနာ ဟူ၍ တဖုံ မှားယွင်းစွာ ကင်းပွန်းတပ်ခဲ့ကြသည်။ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး တောင်းဆိုသူများကိုလည်း အဖျက်သမားများ၊ ခွဲထွက်ရေးသမား များအဖြစ် အပုတ်ချခဲ့ကြသည်။ အမှန် တကယ် တွင်မူ တိုင်းရင်းသား လူမျိုးစုတို့ စတင်ခဲ့သည့် နိုင်ငံရေးပြဿနာ မဟုတ်မူပဲ ဗမာ တိုင်းရင်းသား တို့၏ ရိုးသားစွာမသိနားမလည်မှု ကြောင့်ဖြစ်ပေါ်ခဲ့ရသော ဗမာ တိုင်းရင်းသား တို့၏ ပြဿနာ၊ တနည်းအားဖြင့် ဗမာပြဿနာ သာဖြစ်ပေသည်။ ဗမာ ကျောင်းသား လူငယ်များ က ဦးဆောင် ခဲ့ပြီး၊ လူမျိုးပေါင်းစုံပြည်သူတရပ်လုံ ပါဝင်ဆင်နွှဲခဲ့ကြသည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး ၏ အရှိန်အဟုန်အားဖြင့် အာဏာရှင်၏ ဖက်ဒရယ်၊ ခွဲထွက်ရေးမူဟူသည့် ယုံတမ်းစကား ဖြင့် အစီအစဉ်ရှိရှိ တည်ဆောက်ထားခဲ့ သော အမှောင်တိုက် မောဟ တံတိုင်းကြီး သည် လည်း ပြိုလဲပျက်စီးခဲ့ပြီဖြစ်သည်။ ယနေ့ အမြင်သစ်များ ပွင့်လင်းလာသောခေတ်တွင် ဖက်ဒရယ် ပြည်ထောင်စု ပြန်လည် ထူထောင် ရေး သည် ကမ္ဘာ နှင့်ချီပြီးထပ်မကြာသင့်တော့ပေ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုင်းရင်းသားခေါင်းဆောင်များ က ပုဆိန်ကိုထက်နေအောင် သွေးထားပေး ခဲ့ပြီး ဖြစ်သည်။ ယင်းပုဆိန်ကို လူမျိုးပေါင်းစုံပြည်သူတို့ ယနေ့ ကောက်ကိုက်လိုက်လျင် ပြည်သူတရပ်လုံး အငမ်းမရမျှော်မှန်းခဲ့ကြရသည့် ငြိမ်းချမ်း သာယာ သော ဖက်ဒရယ်ပြည်ထောင်စုကြီး ကိုမနက်ဖန် ဧကန်မလွဲ မျက်မောက် ပြုနိုင်ကြတော့မည်ဖြစ်သည်။
ပင်လုံ နှင့် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ အတွေးအခေါ်
ပင်လုံ ဟုဆိုလိုက်သည်နှင့် လူတော်တော်များများက ရှမ်းပြည်တွင်ရှိသော ပင်လုံ အမည်တွင်သည့် နေရာ၊ဒေသ ကို၎င်း၊ ပင်လုံစာချုပ် ကိုရေးထိုးခဲ့ကြသည့် ၁၉၄ခုနှစ် အချိန်ကာလလေးတခု ကို၎င်းပြေး၍ တွေးမိ မြင်မိ ကြပေလိမ့်မည်။ အမှန်မှာ ပင်လုံဟူသော စကားလုံးသည် ပြည်ထောင်စုမြန်မာ နိုင်ငံ၏ ခေတ်သစ် နိုင်ငံရေးသမိုင်း တွင် အရေးကြီးသော နိုင်ငံရေးဝေါဟာရ တရပ်ဖြစ်ပြီး နေရာ၊ဒေသ နှင့် အချိန် ကိုသာရည်ညွှန်း နေသည်မဟုတ်ပေ။ ပင်လုံဟူသည့် စကားလုံးတလုံးကို နိုင်ငံရေးဝေါဟာရ အမြင်ဖြင့် ချည်းကပ် အဓိပ္ပယ်ဖွင့်မည်ဆိုလျင် “ပင်လုံ” ဟု ဆိုလိုက်သည်နှင့် တန်းတူရေး၊ လွတ်လပ်ရေး၊ ပူးပေါင်းရေး၊ ပြည်ထောင်စုအရေး၊ ဒီမိုကရေစီရေး၊ ထာဝရ ငြိမ်းချမ်းရေး စသည့် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ (Universal Democracy) အယူအဆများ ကို ပင်လုံဟူသော စကားလုံး တလုံးတည်းကို umbrella term တခုအဖြစ်သုံးပြီး principles of democracy ခေါ် ဒီမိုကရေစီ တရား များကို ပေါင်းချုပ်၍ပြောဆို ရေးသား လိုက်ခြင်း သာ ဖြစ်သည်။ ပင်လုံဟူသည့် နိုင်ငံရေးဝေါဟာရ တွင် အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ် ပြုမှု များ စသည့် ငြိမ်းချမ်း သာယာ သော ပြည်ထောင်စု တခုကိုအောင်အောင်မြင်မြင် ထူထောင်ရန်အတွက် မရှိမဖြစ်လိုအပ်သော နိုင်ငံရေး အနှစ်သာရများ ပါရှိ နေပါ သည်။ ပင်လုံ နှင့် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ (Universal Democracy) အယူအဆများ သည် နက်နက်ရှိုင်းရှိုင်း ဆက်နွှယ် နေသည်ကို မျက်ဝါး ထင်ထင်တွေ့ရှိနိုင်ပါသည်။ တကြိမ်တည်းတွင် ပင်လုံ ဟူသည်မှာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ (Universal Democracy) အယူအဆများ ကိုခြေခံသည့် မိမိတို့ ၏ အမိပင်လုံပြည်ထောင်စု ကြီး နှင့် လက်တွေ့ကျကျ ကိုက်ညီသည့် ဒီမိုကရေ စီ၏ အခြေခံတရား များလည်း ဖြစ်ပေသည်။ (Universal Democracy) ဟူသည်မှာ အနောက်တိုင်း ဒီမိုကရေစီလည်းမဟုတ်၊ အရှေ့တိုင်းဒီမိုကရေစီလည်းမဟုတ် ကမ္ဘာ့ အရှေ့၊ အနောက်၊ တောင်၊ မြေက် မည်သည့်အရပ်တွင် နေထိုင်သည်ဖြစ်စေ၊ ခရစ်ယန်ဘာသာ၊ ဗုဒ္ဓဘာသာ၊ မွတ်စလင်ဘာသာ၊ ဟိန္ဒူဘာသာ အစရှိသည့် ကမ္ဘာ့ဘာသာကြီးများ အနက် မည်သည့် ဘာသာကိုကိုးကွယ်ယုံကြည်သည်ဖြစ်စေ၊ မည်သို့သော မိရိုးဖလာ ရိုးရာယဉ်ကျေးမှု များကို ပိုင်ဆိုင်ကျင့်သုံးသည်ဖြစ်စေ၊ မိမိတို့ ယုံကြည်ကိုးကွယ်ရာဘာသာ နှင့် မိရိုးဖလာ ယဉ်ကျေးမှုများ ကိုစွန့်လွှတ်စရာ မလိုပဲ မိမိတို့၏ ရေခံမြေခံ ပကတိ အရှိတရားများ၊ သမိုင်းကြောင်းများ နှင့် ကိုက်ညီသည့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ကာ ပြည်သူတို့အတွက် နိုင်ငံရေး ခွန်အားတခုကို ဖြည့်တင်းပေး ခြင်းကိုဆိုလိုသည်။()
တနည်းအားဖြင့် ပင်လုံ ဟူသည်မှာ အမေရိကန်နိုင်ငံမှပုံတူကူးချထားသည်လည်းမဟုတ်၊ ဥရောပ အနောက်တိုင်းမှ ပုံတူကူးချကာ တင်ပို့ခဲ့သည် လည်းမ ဟုတ် သော ပင်လုံ နိုင်ငံသူနိုင်ငံသား များ အတူတကွ ပြန်လည် ထူထောင်လတ္တံ့သော ပင်လုံပြည်ထောင်စုကြီး ၏ ရေခံ မြေခံ သမိုင်းကြောင်းနှင့် သဟဇာတ ကျသည့် ပင်လုံခြံထွက် ဒီမိုကရေစီ homegrown Panglong democracy သာဖြစ်ပေသည်။ အမေရိကန် ပြည်ထောင်စုကို စတင်ထူထောင်စဉ် က အမေရိကန်မျိုးချစ်ခေါင်းဆောင်ကြီး များ တွေးခေါ်ခဲ့ကြသော Jersonian Democracy, Madisonian Democracy အစရှိသည်တို့ နှင့်မခြား၊ ဗမာမျိုးချစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် တွေးခေါ်ကာ ကျွန်တော်တို့ ၏ ခေတ်သစ် ပြည်ထောင်စုကြီး ကိုစတင်ထူထောင်ရန်အတွက် ချမှတ်ခဲ့သည့် ပင်လုံ ဒီမိုကရေစီ Panglong Democracy သည်အခိုင်အမာ အထင်အရှား ရှိခဲ့ပါ သည်။ကိုယ့် သမိုင်းကိုကိုယ်မေ့ပျောက်ထားရန်မဖြစ်နိုင်ပေ။ World class leaderခေါ် ကမ္ဘာ့အဆင့်မီ ခေါင်းဆောင်တဦးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က သူချစ်သော ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး ကမ္ဘာ နှင့် ထိုက်ထိုက်တန်တန် ရင်ဘောင်တန်း နိုင်မည့် အဆင့်မြင့် ဒီမိုကရေစီ လူ့ဘောင်တရပ်အတွက် ပင်လုံတွင် အုပ်မြစ်ချပေးခဲ့ခြင်း ဖြစ်ပြီး၊ ယနေ့ မြင်တွေ့ နေကြရသည့် အညံ့စား ရွှေရည်စိမ် ဒီမိုကရေစီ မျိုးနှင့် မိုးနှင့်မြေ ပမာ ကွာခြားလွန်းလှပါသည်။
ဖြိုလှဲရိုက်ချိုး၍မရသော သမိုင်း ကျောက်တိုင်
ပင်လုံ အမွေအနှစ် မှရရှိလာသော ဆုမြတ် ကျေးဇူးတရား များ သည် ကျွန်တော်တို့နိုင်ငံ၏အနာဂတ်အတွက် အဘိုးမဖြတ်နိုင် လောက် အောင် ကြီးမား လှသော်လည်း ယင်းအကျိုးကျေးဇူး တို့ကို မမြင်နိုင်ပဲ အပေါ်ယံကြည့်ကာ မဟုတ်မတရား ပြောဆို ဝေဖန်မှု များလည်း ရှိပါသည်။ တချို့က ပင်လုံ ခေတ်ကုန်ဆုံးပြီဖြစ်ကြောင်း ပြော ကြသည်။ အမှန်မှာ ကုန်လွန်ခဲ့သည့် နှစ်ပေါင်း (၆ဝ) ကျော်ကာလတွင် တိုင်းပြည်၏ ပြဿနာကိုဖြေရှင်းရန် ဆွေးနွေးတိုင်း ပင်လုံကို အကြိမ်ကြိမ် ရည်ညွှန်းခဲ့ကြသည့်အပြင်၊ ယနေ့အထိလည်း ပင်လုံ၏ မူ တို့သည် ခေတ်မမီ တော့ကြောင်း အချက်အလက်နှင့် ခိုင်ခိုင်လုံလုံ တိတိကျကျ ဖေါ်ထုတ် တင်ပြနိုင်သူမရှိဘူးသေးပေ။ တနည်းအားဖြင့် ပင်လုံ မူ၊ ပင်လုံ သဘောတရားတို့မှာ timeless principlesခေါ် ခေတ်အချိန်အခါမရွေး မှန်ကန်သော ဒီမိုကရေစီ မူများ တန်ဘိုးများသာဖြစ်ပေသည်။ တချို့ကလည်း ပင်လုံစာချုပ် ဟူသည်မှာ သဘောတူ စာချုပ် သက်သက် တခု မျှသာဖြစ်ကြောင်း၊ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် အရေးကြီးသော အာဏာ ခွဲဝေရေး စသည်တို့ ဘာမှ အတိအကျ မပါဝင်ကြောင်း၊ ထိုစဉ်ကာလ အင်္ဂလိပ် ဘုရင်ခံကောင်စီ တွင် တိုင်းရင်းသား ကိုယ်စားလှယ် များ ကို ထည့်ပေးရန် သဘောတူသည့်သဘော လောက် သာဖြစ်ကြောင်း၊ ပြည်နယ်များ အတွက် ဘဏ္ဍာရေး များ ထောက် ပံ့ ပေးရန် လောက် သာပါရှိ ကြောင်း စသည်ဖြင့် ပင်လုံဝါဒကို ဆန့်ကျင်သည့် စစ်ဝါဒီတို့ အကြိုက် သပုတ်လေလွင့် ဝေဖန်ပြောဆိုလာ သူတို့ ယနေ့ အချိန်အခါတွင်ပေါ်ပေါက်လာရသည်မှာ အကြောင်းမဲ့သက်သက်တော့မဟုတ်တန်ရာပေ။ အမှန်မှာ ပင်လုံသည် သာမန်စာချုပ် သက်သက်မဟုတ်မူပဲ ခေတ်သစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဒီမိုကရေစီ အခြေခံအုပ်မြစ်ဖြစ်ကြောင်း ပင်လုံစာချုပ် နှင့် ပင်လုံစာချုပ်ကိုအခြေခံသည့် ဗိုလ်ချုပ် အောင်ဆန်း၏ အခြေခံဥပဒေရေးဆွဲရေး အခြေခံမူ ()ချက်တို့ကိုပူးတွဲလေ့လာ ပါက ပိုမို ခိုင်မာစွာ သိသာ ထင်ရှား လာမည်ဖြစ်သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း မကျဆုံး မီရေးသားခဲ့သည့် အခြခံဥပဒေ ပထမမူကြမ်းသည်လည်း ပင်လုံစာချုပ်နှင့် သူ၏လမ်းညွှန်ချက်()ချက်ကို အခြေခံထားခြင်းဖြစ်သည်။ ယင်း အချက်တို့ကို Vansangva Library (www.vansangva.com) တွင်အကျယ်တဝင့်ဆွေးနွေးခဲ့ပြီးဖြစ်သဖြင့် ဤနေရာ တွင် ဆက်လက် မ ဆွေးနွေး တော့ပါ။ အောက်ဆုံးတွင်ဖေါ်ပြထားသော လင့်များတွင် ပြည့်စုံစွာဖတ်ရှု နိုင်ပါသည်။()
အင်တာနက် စာမျက်နှာတခုတွင်လည်း ပင်လုံစာချုပ်ဟူသည်မှာ ရှမ်းစော်ဘွားများမှ အာဏာမစွန့် လွှတ်လိုသဖြင့် ဗိုလ်ချုပ် အောင်ဆန်း ကအခြေအနေအရ လိုက်လျော ကာ ထိုးခဲ့ရသယောင် ဗမာ ပညာရှင် တဦး မှ ပေါက်ပေါက်ရှာရှာ ရေးသားခဲ့ဘူးသည်။ ပညာရှိ သတိဖြစ်ခဲ ဟူသည့် သဘော သာဖြစ်ပေလိမ့်မည်။ ပင်လုံစာချုပ် ၏ အချက် နံပတ် ()တွင် တောင်တန်းဒေသရှိပြည်သူတို့သည်ဒီမိုကရေစီတိုင်းပြည်များတွင်အခြေခံအခွင့်အရေးများနှင့်ရပိုင်ခွင့်များကိုရရှိခံစားစေရမည်ဟူ၍အတိအလင်းဆိုထားရာ ပဒေသရာဇ်စနစ်ဟောင်းကို ဆက်လက် ထိမ်းသိမ်းရန် လက်မှတ်ရေးထိုးခဲ့ခြင်းမဟုတ်မူပဲ ဒီမိုကရေစီ စနစ်သစ်ကိုထူထောင်ရန် ရှမ်းစော်ဘွားများ ကိုယ်တိုင် သဘောတူ လက်မှတ်ရေးထိုးခဲ့ ကြခြင်းဖြစ်သဖြင့် ယင်းပညာရှင်ကြီး၏ အဆိုမှာ အခြေအမြစ်မရှိ၊ ပကတိ အမှန်တရားနှင့် ပါစင်အောင် လွဲနေကြောင်း အထင် အရှား သက်သေ ထူ နိုင်ပါသည်။
ပင်လုံသည် အနှစ် ၆ဝ ကျော်ကြာ မြင့်သွားပြီ ဖြစ်သဖြင့် ပင်လုံစာချုပ်ကို အခြေခံ ပြီး စဉ်းစား တွေးခေါ်ခြင်းသည် ခေတ်နှင့်မလျော်ညီ ဘောင်မဝင်တော့ ကြောင်း၊ အခြေခံဥပဒေ (၂ဝဝဂ) သာလျင် ပြည်ထောင်စု မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း ပြောသံ များ လည်းသဲ့သဲ့ ကြားနေရသည်။ ယင်းအဆိုသည် မည်မျှ မှန်ကန်မှု ရှိသနည်း။ ယနေ့ ပြည်သူတို့ က ပင်လုံ ၏ အခြေခံမူ များဖြစ်သော ပူးပေါင်းရေး၊ တန်းတူရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ ငြိမ်းချမ်းရေး တောင်းဆိုသံများ ရပ်စဲသွား သည်မရှိ သည့်အပြင် ယင်းတောင်းဆိုမှုများသည် အတောမသတ် ပို၍ပို၍ ကျယ်လောင် လာခဲ့သည် ကိုထောက်ပြီး ဤအဆိုသည် မှန်ကန်မှု အလျဉ်းမရှိကြောင်း အခိုင် အမာ သက်သေထူနိုင်ပါသည်။ ပင်လုံ ကို သေးသိမ် အောင်၊ ပင်လုံကို မှေးမှိန် အောင် ပြောဆိုကြသူများ သည်၊ ပြည်သူတို့၏ ပင်လုံ တကျော့ ပြန်ခရီးကို နှောင့်နှေး ကာ နောက်ထပ် ကမ္ဘာနှင့်ချီပြီး ကြာမြင့်အောင် ရည်ရွယ်ဟန် ရှိသည်။ မည်သို့ပင်ဆိုစေ၊ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီ တရား များ နှင့် ပြီးသောပင်လုံ သမိုင်းကျောက်တိုင်ကို မည်သူမျှဖြိုခွဲ ဖျက်စီး နိုင်စွမ်း မည်မဟုတ်ပေ။
ပင်လုံမူ၊ပင်လုံ ကတိကဝတ် တို့တွင် “ခွဲထွက်ရေး” ကိုဇောင်းပေးထားသယောင် ထင်ယောင်ထင်မှား ပြောဆိုကြပြန်သေးသည်။ သမိုင်းဝင်ပင်လုံစာချုပ် ပါ စာသားများ ကို အသေအခြာဖတ်ကြည့် ပါက “ခွဲထွက်ခွင့်” “ခွဲထွက်ရေး” ဟူသော စကားလုံးများလုံးဝမပါရှိပါ။ ထို့ကြောင့် ဤ အဆိုသည်လည်း မသိနားမလည်သော ပြည်သူအချို့အားလှည့်စားထားခြင်းသာဖြစ်ကြောင်း အခိုင်အမာ သက်သေထူနိုင်ပါသည်။
တချို့ကလည်း ပင်လုံတွင်ပါဝင်လက်မှတ်ရေးထိုးသည်မှာ ရှမ်း၊ချင်း၊ကချင်၊ဗမာ သာဖြစ်သဖြင့် အခြားသော တိုင်းရင်းသား လူမျိုးများ မပါ ရှိကြောင်း၊ တိုင်းရင်းသားအားလုံးပါဝင်သော ပင်လုံထက်ပိုမိုသာလွန်သောညီလာခံကြီးတရပ်ကိုပြန်လည်ကျင်းပရမည်ဖြစ်ကြောင်း ပြောဆို ကြ သည်။ အမှန်အားဖြင့်မူ ကျွန်တော်တို့၏ ခေတ်သစ်ပြည်ထောင်စု သမိုင်းတွင် တခြားတိုင်းရင်းသားလူမျိုးများကလည်း ပြည်ထောင်စုကြီးမှ ခွဲထွက်ကာ သီးခြားသမ္မတ နိုင်ငံများတည်ဆောက်ရန် မတောင်းဆိုပဲ ပြည်နယ်အသီးသီး တောင်းဆို ကာ ပြည်ထောင်စုကြီး၏ အဖွဲ့ဝင် အဖြစ် ဆက်လက်ပါဝင်လာကြသည်မှာ ပင်လုံကတိကဝတ် တို့ ၏ ပူပေါင်းရေးဆိုင်ရာမူဝါဒများ ရှိခဲ့သောကြောင့်သာဖြစ်သည်။ တနည်း အား ဖြင့် နောက်ပိုင်းမှ ပြည်နယ် အဖြစ် ပါဝင်လာကြသော ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင် အစရှိသည့် တိုင်းရင်းသားများသည်လည်း ပင်လုံကို ယုံကြည်၍ ဆက်လက်ပြီး တနည်းတဖုံ အတည်ပြု သွားကြ ခြင်းဖြစ်သည်။ အတိတ်သမိုင်းကြောင်းများ မတူညီကြသည့် တိုင်းရင်းသားလူမျိုးများ သည် ပင်လုံ ကတိကဝတ်အပေါ်တွင်အားလုံးစုစည်းပြီး တူညီသော၊ တခု တည်း သော ခေတ်သစ် ပင်လုံပြည်ထောင်စုကြီး၏ သမိုင်းကို စတင် ရေးသား နိုင်ခဲ့ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စု ကို ပြည်နယ် (၁၃) ခုနှင့် စတင်ထူထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်နယ် အသစ်များပါဝင်လာရာ ယနေ့ ပြည်နယ် (၅ဝ) ဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စုတခုဖြစ်လာခဲ့ရာ၊ အမေရိကန်ပြည်ထောင်စု ကြီးကို စတင်ထူထောင်ခဲ့ကြသော ပြည်နယ် (၁၃) ခုနှင့်သာ သက်ဆိုင် သည်ဟု ဆို၍မရပေ။ နောက်ထပ်ဝင်ရောက်ပူးပေါင်းခဲ့သော ပြည်နယ် (၃ရ) ပြည်နယ်တို့သည်လည်း ဗြိတိသျှ ကိုလိုနီလက်အောင်မှ လွတ်မြောက်လာခဲ့သော ကနဦး (၁၃) ပြည်နယ် တို့ ၏ လွတ်လပ်ရေးကြေညာစာတမ်းပါ အခွင့်အရေးများ မျှော်မှန်းချက်များ၊ အမေရိကန်ပြည်ထောင်စုကို ကနဦးစတင်ထူထောင်ခဲ့ကြစဉ်က ချမှတ်ခဲ့သော ဖက်ဒရယ် ပြည်ထောင်စု သဘောတရားများ ကိုလက်ခံ ယုံကြည် ကြ၍ သာပူးပေါင်းပါဝင်လာခဲ့ကြခြင်းဖြစ်သည်။ ထိုနည်း၎င်းပင် ပင်လုံ စာချုပ်ကို ကို ကနဦး ရေးထိုး ခဲ့ကြသည့် ချင်း၊ရှမ်း၊ဗမာ၊ ကချင် တို့နှင့်သာသက်ဆိုင်သည်မဟုတ်မူပဲ၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတွင် ချစ်ချစ်ခင်ခင် ငြိမ်းငြိမ်း ချမ်းချမ်း ဆက်လက် နေထိုင်သွားရန်ဆန္ဒ ရျိကြသည့် အခြားတိုင်းရင်းသားလူမျိုးများ နှင့် ပါ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ် သက်ဆိုင်နေပါသည်။ ပင်လုံကတိကဝတ် နှင့် ပင်လုံမျှော်မှန်းချက် တို့သည် လည်းထိုနည်း၎င်းပင် ကျွန်တော်တို့၏ ပြည်ထောင်စု ကြီး အရှည်သဖြင့် တည်တန့်ခိုင်မြဲရေး အတွက် ခိုင်မာသော သမိုင်း ကျောက်တိုင် တခုဖြစ်ပေသည်။
ဗမာ တိုင်းရင်းသား တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
ပင်လုံစာချုပ်သည် တိုင်းရင်းသားလူမျိုးစုအရေးသက်သက်နှင့် သာသက်ဆိုင်သည် မဟုတ်ပေ။ ပင်လုံစာချုပ်သည် ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံး တို့၏ အနာဂတ်ကံကြမ္မာအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသော သမိုင်းဝင် နိုင်ငံရေးစာတမ်းတခုဖြစ်ပေသည်။ ဗြိတိသျှ ကိုလိုနီ ကျွန်သ ဘောက် ဘဝတွင် အတူတကွကျရောက်ခဲ့ကြရသည့် ဗမာအပါအဝင် တိုင်းရင်း သား လူမျိုးအားလုံးတို့သည် လွတ်လပ်ရေး ကိုသာ အငန်းမရ လိုချင် ခဲ့ ကြ သည်။ ထိုစဉ်ကာလ ကမ္ဘာနှင့်အဝှမ်း ကိုလိုနီစနစ်များဖျက်သိမ်းရေးကို ကမ္ဘာ့ ကုလသမဂ္ဂ မှကမကထပြုဆောင်ရွက်ရာတွင် ကိုလိုနီ လက် အောက်ခံ လူမျိုးများ နိုင်ငံများတွင် ကိုယ့်ကြမ္မာ ကိုယ် လွတ်လပ်စွာဖန်တီးခွင့် ပြန်လည်ရရှိရေးသည် အဓိကကျသော စီမံကိန်းဖြစ်သည်။ ဤသို့ လူမျိုးများ နိုင်ငံများတွင် ကိုယ့်ကြမ္မာ ကိုယ် လွတ်လပ်စွာဖန်တီးခွင့် ကိုကမ္ဘာ နှင့် အဝှမ်း လက်ခံ အသိအမှတ်ပြုလာသည်နှင့်အမျှ၊ သူတပါးနိုင်ငံ အားနယ်ချဲ့ ကာ ကိုလိုနီကျွန်ပြု သည့်စနစ်ကို အပြီးအပိုင်ဖျက်သိမ်းရန်အတွက် self-determinationခေါ် ကိုယ်ပိုင်ပြဌာန်းခွင့်သည် မဟာဗျူဟာ ကျသော သော့ချက် စကားလုံး ဖြစ်လာခဲ့သည်။()
တနည်းအားဖြင့် လွတ်လပ်စ နိုင်ငံများသည် ကမ္ဘာ့အလယ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် တဦး၏ လွတ်လပ်ရေး ကို တဦး အပြန်အလှန် လေးစားအသိအမှတ်ပြုကြပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုယ်စီ ပိုင်ဆိုင်ကာ နိုင်ငံကြီးသည်ငယ်သည်မဟူ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အဖြစ် တန်းတူရည်တူ ပါဝင်လာကြပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိမ်းသိမ်း တည်ဆောက်ကြရမည်ဖြစ်သည်။ ကမ္ဘာစစ်ကြီးများ ကိုဖန်တီးခဲ့သည့် ကိုလိုနီ စနစ်ဆိုး များ ချုပ်ငြိမ်းကာ ငြိမ်းချမ်းသောကမ္ဘာကို တည်ထောင်ရန်အတွက် အချုပ်အခြာအာဏာရှိသော နိုင်ငံ အသီသီး လူမျိုးအသီးသီး တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် မရှိမဖြစ်လိုအပ်သည်။
အချုပ်အခြာအာဏာပိုင် လွတ်လပ်လာသော နိုင်ငံတို့ အနက် လူမျိုးတမျိုးတည်းနေထိုင်သောတိုင်းပြည်များသည် nation stateခေါ် အမျိုးသား နိုင်ငံများ အဖြစ် သမ္မတ နိုင်ငံများ ကိုထူထောင်ကြမည်ဖြစ်ပြီး၊ မြန်မာ၊ မလေးရှား၊ အိန္ဒိယ အစရှိသည့် multi-national statesခေါ် လူမျိုး ပေါင်းစုံနေထိုင်သော နိုင်ငံများတွင်မူ တိုင်းရင်းသား လူမျိုးအသီးသီး အတွက် internal self-determinationခေါ် နယ်တွင်း ကိုယ်ပိုင်ပြဌာန်းခွင့်၊ နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသည့် ပြည်နယ်များ အဖြစ် ပူပေါင်းကာ ပြည်နယ်ပေါင်းစုပြည်ထောင်စုစနစ်အားဖြင့် ပြည်နယ်ကြီးသည် ငယ်သည်မဟူတန်းတူရည်တူ အတူတကွ ယှဉ်တွဲနေထိုင် ကြရမည်ဖြစ်သည်။ ဤနည်းအားဖြင့် လူမျိုး ပေါင်းစုံနေထိုင်သော နိုင်ငံများအတွင်း လူမျိုးရေး ပဋိပက္ခများ ကင်းရှင်းကာ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကိုပါ မြှင့်တင် ထိမ်းသိမ်း တည်ဆောက်နိုင် မည်ဖြစ်သည်။
သို့ရာတွင် ကျွန်တော်တို့နိုင်ငံတွင် ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်များ မှေးမှိန်ကာ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒ သည် သာကြီးစိုးခဲ့ပြီး nation stateခေါ် လူမျိုးတမျိုးတည်း နေထိုင်သောနိုင်ငံတခုပုံသဏ္ဍန်သို့ အတင်းအဓမ္မ အသွတ်သွင်းခံ ခဲ့ကြရသဖြင့် တိုင်းရင်းသား လူမျိုးတို့၏ နဂိုရှိရင်းစွဲ ကိုယ်ပိုင် ပြဋ္ဌန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တို့ ကိုပါဆုံးရှုံး ခဲ့ကြရသည်။ တဆက်တည်းတွင် ဒီမိုကရေစီ အခြေခံတရားများ ပါ ဆိပ်သုဉ်းကာ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်း လိုက်သည့် အချိန်မှစပြီး အများစုကြီးဖြစ်သော ဗမာတိုင်းရင်းသားတို့၏ အများစုအုပ်ချုပ်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပါ ဆုံးရှုံးခဲ့ကြရသည်။ တနည်းအားဖြင့် ဗမာတိုင်းရင်းသားတို့ကိုယ်တိုင်လည်း မိမိတို့၏ နဂိုရှိရင်းစွဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် - တနည်းအားဖြင့် ပြည်သူတို့ ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲသော အခြေခံဥပဒေ ပြဋ္ဌာန်းခွင့်ကို၎င်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် - တနည်းအားဖြင့် တိုင်းပြည်ခေါင်းဆောင်ကို မိမိတို့ဆန္ဒ အလျောက်လွတ်လပ်စွာရွေးချယ်ခွင့် ကို၎င်း ဆုံးရှုံးခဲ့ကြရသည်။ ရရှိပြီးသား လွတ်လပ်ရေး ကိုပြန်လည် ဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။ ဆိုလိုသည်မှာ တိုင်းရင်းသားလူမျိုး တို့၏အရေးသည် ဗမာတိုင်းရင်းသားတို့၏အရေး နှင့်ခွဲခြား၍ မရအောင် နက်နက် ရှိုင်းရှိုင်းဆက်စပ်နေသည်။ ဗမာ နှင့် တိုင်းရင်းသား လူမျိုးများ၊ တိုင်းရင်းသားလူမျိုးများ နှင့်ဗမာ ဘဝတူ တလှေတည်း စီးခဲ့ကြည်မှာ နှစ်ပေါင်း ရာစုနှစ်ချီ ကြာ မြင့်ခဲ့ပြီ ဖြစ်သဖြင့် တဦး ကိုတော့ လွတ်လပ်စေ၊ နောက်တဦးကိုတော့ ကျွန်ဘဝတွင်နေစေ ဟူ၍ ခွဲခြား အုပ်ချုပ် ၍မရစကောင်းပေ။ ပင်လုံ တွင်လွတ်လပ်ရေး ကို တန်းတူ ရည်တူ အရယူခဲ့ကြသဖြင့်၊ လွတ်လပ်ရေး၏ အသီးအပွင့်တို့ကိုလည်း တန်းတူ ရည်တူခံစားခွင့် ရှိကြရပေမည်။ တိုင်းရင်းသားလူမျိုးများ က မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များဆုံး ရှုံးလျင်၊ မကြာမီသောကာလတွင် ဗမာ တိုင်းရင်းသား တို့ ကပါ မိမိတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ကို တဆက်ထည်းဆိုသလိုဆုံးရှုံးမည်ဖြစ်ကြောင်း ကျွန်တော်တို့၏ သမိုင်းကအခိုင်အမာ သက်သေ ထူခဲ့ပြီး ဖြစ်သည်။
လူမျိုး ပေါင်းစုံနေထိုင်သော ပည်ထောင်စုနိုင်ငံတခုတွင် လူမျိုးအသီးသီး ဒေသအသီးသီးတို့သည် မိမိတို့ လူမျိုး၏ ယဉ်ကျေးမှု ဓလေ့များ နှင့်သော်၎င်း၊ မိမိတို့ နေထိုင်ရာပထဝီဒေသနှင့် ၄င်း ကိုက်ညီသည့် ဥပဒေများကို အားလုံးပါဝင်ရေးဆွဲပြီးသဘောတူပြဋ္ဌာန်းခဲ့ကြသည့် ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး၏ အခြေခံဥပဒေနှင့် မဆန့်ကျင်ပဲ ပြည်နယ်အစိုးရတို့က ပြဋ္ဌာန်းပိုင်ခွင့် ရှိရမည့်အပြင် အုပ်ချုပ်ရာတွင်လည်း မိမိတို့၏ အစိုးရ၊ မိမိတို့၏ ခေါင်းဆောင်ကို မိမိတို့၏ ပြည်သူများကိုယ်တိုင် ရွေးချယ်ခန့်အပ် နှိုင်ရမည်ဖြစ်သည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရှိသော လူမျိုးသည် လွတ်လပ်သည့်လူမျိုးမဟုတ်ပေ။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရန်အတွက် အစိုးရလည်းရှိရပေမည်။ အစိုးရ မရှိ သော လူမျိုးသည် လွတ်လပ်သော လူမျိုးမဟုတ်ပေ။ သို့ရာတွင် လွတ်လပ်ရေးရခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အခြေခံဥပဒေ (၁၉၄၇) အရ၊ တိုင်းရင်းသား ပြည်နယ် များအတွက် မိမိတို့၏ အစိုးရ၊ မိမိတို့၏ ခေါင်းဆောင်ကို မိမိတို့ ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိခဲ့ကြပေ၊ ပြည်နယ် အုပ်ချုပ်ရေး အကြီးအကဲကို ဝန်ကြီးချုပ်မှခန့်အပ်ရသဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကို ဆုံးရှုံးကာ Internal Colonyခေါ် ပြည်တွင်း ကိုလိုနီ ကျွန်သပေါက် ဘဝ ကိုကျရောက်ခဲ့ကြရသည်။ ပြည်သူတို့ ကတိုက်ရိုက်ရွေးကောက်သော ကိုယ်ပိုင် အစိုးရမရှိသဖြင့် ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်လည်းမရှိတော့ပေ။ တနည်းအားဖြင့် ဗြိတိသျှ ကိုလိုနီ ကကျွန်သဘောက်ဘဝမှ လွတ်မြောက် လာကြ ခြင်းသည် တိုင်းရင်းသားလူမျိုး တို့ အတွက် လွတ်လပ်ရေး ကိုဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်။ လွတ်လပ်ရေးကိုအငန်းမရ၊ အလျင်အမြန်လိုချင်၍ ပင်လုံစာချုပ် အားဖြင့် ဗမာ နှင့်ပူးပေါင်းကာရေးထိုးခဲ့ကြသော်လည်း၊ လွတ်လပ်ရေး ကိုမရပဲ၊ ဗမာ ကိုလိုနီ ကျွန် သပေါက် ဘဝကို ရောက်အောင် လက်မှတ်ရေးထိုး ခဲ့ကြ သကဲ့သို့ဖြစ်သွားရသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များ ဆုံးရှုံးခဲ့ကြရသဖြင့် လွတ်လပ်သော လူမျိုး များ ဟူ၍ မခေါ်ဆိုနိုင်တော့ပေ။ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြစဉ်က ဗမာတိုင်းရင်းသားတို့၏ အခွင့်အရေး များ ကိုထည့်သွင်း ထားခြင်းမရှိပဲ Frontier Areas များမှ ချင်း၊ ရှမ်း၊ ကချင် တို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တို့ကိုသာကွက်ပြီး အာမခံကာ သဘောတူ ချုပ်ဆိုခဲ့ သည်မှာ ယနေ့ ဗမာ တိုင်းရင်းသား တို့ကိုယ်တိုင် အခွင့်အရေးများ ဆုံးရှုံးရသည့် အခြေသို့ ကျရောက်ရန် သမိုင်းဟာကွက်တခု ဟုတ်မဟုတ် တွေးတောစရာ မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။ အများစုကြီးဖြစ်သော ဗမာပြည်သူ တို့ရွေးကောက် တင်မြှောက် သည့် နိုင်ငံရေး ခေါင်းဆောင် ဟူ၍ မရှိခဲ့သည်မှာ ကြာငြောင်း ခဲ့ပြီဖြစ်ပြီး ဗမာ စစ်အာဏာရှင် တို့သာ ကြီးစိုးခဲ့သည်။ ဒီမိုကရေစီစံအရ ပြည်သူတို့ကိုယ်တိုင်က လိုလိုလားလား ရွေးကောက်တင်မြှောက် သောခေါင်းဆောင် သည်သာလျင်စစ်မှန်သော ခေါင်းဆောင်ဖြစ်ပြီး အာဏာရှင် ဟူသည်မှာ ခေါင်းဆောင်မ ဟုတ်ပေ။ အာဏာရှင် စနစ် ကိုပြည်သူတို့မရွေးချယ်ခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်း ၏ အခြေခံ ဥပဒေ ရေးဆွဲရေး ဆိုင်ရာ လမ်းညွှန် ()ချက် မှ အချက် () တွင်ပြည်နယ်များ အပါအဝင် အစိုးရ အဖွဲ့အစည်းအားလုံးတို့၏ အာဏာသည် တိုင်းသူပြည်သားများထံမှဆင်းသက်ရမည်ဟူသော မူဝါဒ ကို ချိုးဖေါက်ခဲ့ကြသဖြင့် ဗမာအပါအဝင် လူမျိုးပေါင်းစုံပြည်သူတို့ သည်မိမိတို့၏ အချုပ်အခြာအာဏာ ကိုဆုံးရှုံးခဲ့ကြရသည်။
ပြည်သူတို့၏ အချုပ်အခြာအာဏာ ကိုထင်ဟပ်စေသည့် ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်များ ကင်းမဲ့လာသည်၏ နောက်ဆက်တွဲ အဖြစ် ပြည်သူတို့သည် မိမိတို့၏ ဆန္ဒ အလျောက် တိုင်းပြည်တိုးတက်ရေးကိုလုပ်ဆောင်ခွင့်မရှိသဖြင့် နောက်ဆုံးတွင် ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံစာရင်းတွင်ဝင်သွားရသည်။ ဆင်းရဲတွင်းမှ လွတ်မြောက်ရန် အတွက် ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးတို့တွင် ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များမရှိ၍မဖြစ်ပေ။ ငြိမ်းချမ်းသော ကမ္ဘာကြီး ကို ထူထောင်ရန်အတွက် နိုင်ငံများ၊ လူမျိုးများသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များရှိရမည်ဖြစ်သလို၊ ငြိမ်းချမ်းသော တိုးတက်သော ဒီမိုကရေစီ ပြည်ထောင်စု ကြီးအဒွန့်ရှည်တည်တန့်ခိုင်မြဲရေး အတွက် ဗမာအပါအဝင်လူမျိုးတိုင်းသည် လည်းကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့ များရရှိခံစား ကြရပေမည်။ မည်သည့်လူမျိုး၊မည်သည့် ဒေသကိုမျှ သာစေ၊နာစေ ခွဲခြား၍မရစကောင်းပေ။ လူမျိုးတမျိုးကိုတော့ ပြည်နယ်၊ နောက်တမျိုးကိုတော့ တိုင်းအဆင့်သာသာ တွင်ထား၍ မရစကောင်းပေ။ ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး ကို ထူထောင်ကာ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးများသည် တန်းတူရည်တူ ပြည်နယ်များ အဖြစ် ကိုယ်ပိုင် အခွင့်အရေး များခံစား ကြရမည်ဖြစ်သည်။ ဤသည်မှာ မသိ ကျိုးကျွံ မပြု စကောင်းသော ကမ္ဘာ့ နိုင်ငံရေး၏ နိယာမတရားများ ဖြစ်ပေသည်။ ဤနိယာမတရားကို မသိကျိုးကျွံပြုသည်နှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဖက်ဖက် တွင် အတောမသတ်နိုင်သောပြဿနာများဖြစ်ပေါ်စမြဲဖြစ်သည်။
တန်ဘိုးမဖြတ်နိုင်သည့်ပင်လုံအမွေအနစ်
တိုင်းပြည်၏ လွတ်လပ်ရေး ဖခင်ကြီးလည်းဖြစ်၊ တပ်မတော်၏ ဖခင်ကြီးလည်းဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း သည် အနာဂတ် ပြည် ထောင်စု အတွက် နိုင်ငံရေး အစဉ်အလာ ကောင်းတရပ်ကိုချမှတ်ပေးခဲ့ဘူးသည်။ သူကိုယ်တိုင်ရေးဆွဲချမှတ်ခဲ့သော ပင်လုံမူ သည် သာလျင် ကျွန်ပ် တို့ ပြည်ထောင်စုကြီး၏ တခုတည်းသော ဒီမိုကရေစီ အခြေခံအုပ်မြစ်ဖြစ်ပေသည်။ ယင်းအခြေခံအုပ်မြစ် အရ ကျွန်သဘောက် ဘဝမှ လွတ်မြောက်ခဲ့ကြပြီး၊ ယင်းအခြေခံအုပ်မြစ် ပေါ်တွင် ပင်လုံပြည်ထောင်စုကြီး ကိုစတင် ထူထောင် ခဲ့ကြသည်။ ယနေ့ ရန်ကုန်မြို့ မဟာဗန္ခုလ ပန်းခြံတွင် ထီးထီးမားမား တည်ရှိနေ သော လွတ်လပ်ရေး ကျောက်တိုင်တွင် ရေးထိုးထားသည့် လွတ်လပ်ရေး ကြေညာစာတမ်းသည်လည်း ယင်းပင်လုံ အခြေခံအုပ်မြစ် ပေါ်တွင် စိုက်ထူ ရေးသား ခဲ့ကြရခြင်းသာဖြစ်သည်။ ယင်းလွတ်လပ်ရေးကြေညာစာတမ်း ၏ အမှတ်စဉ် () တွင် အောက်ပါအတိုင်း အတိအလင်း ကဗျည်းထိုး ရေးသားခဲ့ကြသည်။
ငါတို့နိုင်ငံတော်ကြီးသည် မည်သူ တဦးတယောက် တဖွဲ့ တသင်း၏ အမွေအနှစ်မဟုတ်၊ မည်သူတဦးတ ယောက်တဖွဲ့ တသင်း၏ ပုဂ္ဂ လိကအပိုင် ပစ္စည်းမဟုတ်၊ မည်သူတဦး တယောက် တဖွဲ့တသင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုး ခံစားအပ်သော နိုင်ငံမဟုတ်၊အတိတ် ကာ လလည်းကောင်း၊ ယခုမျက် မှောက်တွင်လည်းကောင်း၊နောင်လာလတံ့ သော အနာဂတ်ကာလ ၌ လည်းကောင်း၊ ငါတို့ပြည်ထောင်စုကြီး အ တွင်း ၌ မှီတင်း နေထိုင်ကြသောကြီးငယ်ဝေးနီး ကျား/မ မခြား သစ္စာတော်ခံ နိုင်ငံသား ဟူသရွေ့ ဒို့၏အမွေအနှစ်အပိုင်ပစ္စည်း အကျိုးခံစားရာ ဖြစ်သည် ဟူ သော လူ့ဘာသာ လူ့တရား နှင့်အညီကမ္ဘာဦးကာလ လူတို့၏ စည်းရုံးမှု ၌လူအပေါင်းတို့၏ သဘောဆန္ဒအရလူ အဝှမ်း၏ အကျိုးကို ကောင်းစွာ ဆောင်ရွက် နိုင်အံ့သောပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွန်း မငြိပကတိသန့်ရှင်းဖြူစင်သော မူလလူ့ဝါဒ နှင့် လျော်စွာ စည်းကမ်းဥပဒေ သေချာထင်ရှားစွာပိုင်းခြားသတ်မှတ်တူညီသော တရား တူညီသောအခွင့်အရေးတူညီသော အဆင့် အ တန်း အားဖြင့် ကမ္ဘာအရှည် တည်စိမ့် သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတော်တည်းဟူသော မြတ်သော အဖြစ်ကို လက် ဆုပ်လက်ကိုင်ငါတို့အပိုင်ရပြီ။
ပင်လုံလမ်းမှသွေဖီလာခဲ့ကြပြီး လွတ်လပ်ရေး၏ အခြေခံအုပ်မြစ်၊ ပြည်ထောင်စုကြီး၏ အခြေခံအုပ်မြစ်၊ ဒီမိုကရေစီအခြေခံအုပ်မြစ် ဖြစ်သော ပင်လုံ ဟူသည့် အခြေခံအုပ်မြစ် ကိုပစ်ပယ်ခဲ့ကြသဖြင့် ယင်း လွတ်လပ်ရေး ကြေညာစာတမ်း ကြီး သည်လည်း ယနေ့ အချိန်အခါတွင် ကဗျည်း အက္ခရာများသက်သက် အဖြစ်ကျန်ရှိခဲ့ပြီး လူမျိုးပေါင်းစုံပြည်သူအပေါင်းတို့ မှော်မှန်းခဲ့သည့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ကို လက်လွတ်ဆုံးရှုံး ခဲ့ကြရသည်။
အဆောက်အဦးတခု၏ ခြေခံအုပ်မြစ် (foundation) ဒီဇိုင်းကိုကြည့် လိုက်ရုံနှင့် အတွေ့အကြုံရင့်ကျက်ပြီးသော ဆောက်လုပ်ရေး အင်ဂျင်နီယာ (သို့မဟုတ်) ဗိသုကာ တဦးသည် ယင်းအခြေခံအုပ်မြစ်ပေါ်တွင် ဆောက်လုပ်မည့် ဆောက်အဦးသည် အထပ်ပေါင်းမြောက်မြားစွာရှိပြီး ခန့်ငြား ထည်ဝါသော မိုးထောင်တိုက် အမျိုးအစားလား၊ သာမန် နှစ်ထပ်၊ သုံးထပ်တိုက် အမျိုးအစားလားဆိုသည်ကိုချက်ခြင်း သိမြင် မှန်းဆနိုင် သကဲ့သို့ ပင်လုံစာချုပ်တွင်ပါဝင်သော ကျစ်လစ် သိပ်သည်းသည့် နိုင်ငံရေးမူဝါဒ များ ၏ အတိမ်အနက်ကိုကြည့်ပြီး၊ ပင်လုံ အခြေခံ အုပ်မြစ်ပေါ် တွင် တည်ဆောက်မည့် ပြည်ထောင်စုကြီး သည် အမေရိကန်ပြည်ထောင်စု၊ Federal Republic of Germany ခေါ် ဂျာမန် ပြည်ထောင်စုသမ္မတ နိုင်ငံ များ ကဲ့သို့ ခန့်ငြားထည်ဝါသော ပြည်ထောင်စု ကြီးတခုကိုတည်ဆောက် တော့မည့် တိုင်းပြည်တခု၏ အခြေခံအုပ်မြစ်ဖြစ်ကြောင်း ကိုရင့် ကျက်သော နိုင်ငံရေးသမားတဦးမှန်လျင် ခန့်မှန်းရိပ်မိ မှန်းဆ နိုင် ပေလိမ့်မည်။
ယိုင်နဲ့တိမ်းစောင်းနေသော လွတ်လပ်ရေးကျောက်တိုင်ကြီးအားပြန်လည်တည့်မတ်ရန်အတွက် ယင်းကျောက်တိုင်ကြီး၏ အောက်ခြေ အခြေခံအုတ်မြစ်တွင် ပင်လုံမူတို့သည် မပျောက်မပျက် အခိုင်အမာတည်ရှိနေပါသေးသည်။ ပင်လုံမူကို လူမျိုးပေါင်းစုံပြည်သူတို့ အတူတကွ ပြန်လည်စုပ်ကိုင်ကာ ပင်လုံလမ်းကိုပြန်လည် လက်တွဲ လျောက်လှမ်းကြမည်ဆိုလျင် ယိုင်နဲ့တိမ်းစောင်းနေသော လွတ်လပ်ရေး ကျောက်တိုင်ကြီး သည်လည်း ပြန်လည်တည့်မတ်လာတော့မည်ဖြစ်ကြောင်း အလေးအနက် တင်ပြဆွေးလိုက်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က လမ်းညွှန်ခဲ့သည်မှာ လွတ်လပ်ရေး ရပြီးလျင် သူများ ခြေလှမ်းတလှမ်းလှမ်းရင်၊ ကျွန်တော်တို့ ကခြေလှမ်း ဆယ်လှမ်းလှမ်းနိုင်ရမယ်ဟူ၏။ စစ်အာဏာရှင်စနစ်အောက်တွင် ကျွန်တော်တို့ သည် အရှေ့သို့ခြေလှမ်း ဆယ်လှန်း မလှန်း ပဲ အနောက်သို့ ခြေလှမ်းအလှမ်းတရာလှမ်းခဲ့ကြသည်။ ယနေ့ကာလ အင်တာနက်ခေတ်တွင် အိမ်နီးခြင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့ နိုင်ငံများသည် ခြေလှမ်းကျဲကြီးများဖြင့် အီလက်ထြောနစ် နည်းပညာတို့ ၏ အကူအညီကို အသုံးပြုပြီး သတင်းအချက်အလက်များကို မြန်ဆန်လွန်းလှသော အလျင် နှုန်းများဖြင့် ဖလှယ်ရင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အဖက်ဖက်တွင် ကျွန်တော်တို့ ကို စက္ကန့် နှင့် အမျှ တဝီဝီ် ကျော်ဖြတ်ချန်လှပ်နေပြီဖြစ်သဖြင့် သူများ ခြေလှမ်း တလှမ်းလှမ်းလျင်၊ ကျွန်တော်တို့ ကခြေလှမ်း အလှမ်းတရာလောက် မှ မလှမ်း နိုင်လျင် နေ့စဉ်နှင့်အမျှ လူသားတို့၏ ပစ္စုပ္ပန် ဘဝအတွင်းသို့ ပြင်းထန်လွန်းသော အမြန်နှန်းဖြင့် ဆောင့်ကာနင်းကာ ဝင်ရောက်လာ နေသော အနာဂတ် ကမ္ဘာကြီးသည်ကျွန်တော်တို့ နိုင်ငံအား ဒရွတ်တိုက် ဆွဲခေါ်ကာ နိုင်ငံ အဝှမ်း ပွန်းပဲ့ထိရှမှုများ ကိုမကြာတော့သောကာလတွင် အတောမသတ်မြင်တွေ့ခံစားကြရမည်ဖြစ်သည်။ အရှိန် အဟုန် ဖြင့် ဝင်ဆောင့်ကာစိန်ခေါ်နေသည့် အပြောင်းအလဲများကို လက်နက်ဖြင့်၎င်း၊ အာဏာဖြင့်၎င်း ဟန့်တားနိုင်စရာကြောင်းမရှိပေ။ သူများ တကာ အင်တာနက် အဝေးပြေး လမ်းမကြီး ပေါ်တွင် တဝီဝီ ကျော်ဖြတ် နေစဉ်တွင် ကျွန်တော်တို့ နိုင်ငံအား လှည်းကြမ်း ကြီး ပေါ်တင်ပြီး တအိအိ မောင်နှင်း ခေါ်ဆောင်ကာ ပဒေသရာဇ် ခေတ်ဟောင်း ဆီသို့ နောက်ပြန်လှမ်းနေ သော တောသူကြီး တို့ ခေတ်သည် ကုန်ဆုံးသင့်ပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာသည့် အချိန်တွင် ဘီဘီစီသတင်းထောက်မှ သူမအား ဗမာ့ တပ်မတော်ကို ဖြိုခွင်းရန် ဆန္ဒရှိမရှိ ထိလွယ်ရှလွယ်လွန်းလှသောမေးခွန်းတရပ်ကိုမေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အဖြေမှာ လိုရင်း တိုရှင်း ရိုးစင်း လှပါသည်။ ကျမအနေ နဲ့ ဗမာ့တပ်မတော်ကိုဖြိုခွင်းဖို့ ဘယ်တုံးကမှ ဆန္ဒ မရှိခဲ့ပါဘူး။ တပ်မတော်က ပြည်သူတွေရဲ့ဆန္ဒ ကို အကောင် အထည် ဖေါ်ပေးဖို့ ကိုသာ ကျမ တစိုက်မတ်မတ်ပြောခဲ့တာပါဟူ၍ဖြစ်သည်။ ပြည်သူတို့၏ ဆန္ဒအစစ်အမှန်အတိုင်း ငြိမ်းချမ်း သာယာသော ပြည်ထောင်စုကြီးကို ပုံဖေါ် တည်ဆောက် ရန်အတွက် တပ်မတော်၏ ဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် က ပင်လုံ တွင် ၄င်း၊ သူ၏ အခြေခံဥပဒေရေးဆွဲရေးဆိုင်ရာ လမ်းညွှန်ချက် () ချက်တွင်၎င်း အတိအလင်းအုပ်မြစ်ချပေးခဲ့ပြီးဖြစ်ပါသည်။ ယနေ့တပ်မတော် ခေါင်းဆောင် များအနေနှင့် တပ်မတော်၏ဖခင်ကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ခင်းပေးခဲ့သည့် ပင်လုံလမ်းပေါ်သို့ ပြည်သူ တို့ကို ဦးဆောင် ကာ အတူ တကွ မလျောက်လှမ်းနိုင်စရာ ခိုင်လုံသောအကြောင်းတစုံတရာပြစရာ မရှိပေ။ ပင်လုံလမ်းကိုလိုက်လာသည်နှင့်အမျှ တပ်မတော် ၏ ဖခင် ကြီး ကိုယ်တိုင် တည်ဆောက်ခဲ့သည့် ပင်လုံခေတ်မှာကဲ့သို့ တပ်မတော်နှင့် ပြည်သူ ပြည်သူနှင့်တပ်မတော်သည် တသားတည်း ဖြစ်သွား ကြမည်မှာ ဧကန်မလွဲပေ။
အဘိုးမဖြတ်နိုင်သော ပင်လုံ အမွေအနစ် မှရရှိခံစားခဲ့ရသော ဆုမြတ်အကျိုးကျေးဇူးတို့ကို လူမျိုးပေါင်းစုံ ပြည်သူတို့ မမေ့မပျောက် အတူတကွ ဆက်လက် ထိမ်းသိမ်း ကြပါစို့။ ပင်လုံ သည် ကျွန်တော်တို့ ၏ အတိတ်၊ ကျွန်တော်တို့၏ ပစ္စုပ္ပန်၊ ကျွန်တော်တို့ ၏ အနာဂတ် ဖြစ် ပေ သည်။
ဆလိုင်း ကစ်(ပ်)ခိုလျန်
()(A Theory of Universal Democracyempowers cultures and communities across the world to custom design democracy in consonance with their traditional values. For example, the [author] makes concrete proposals for Muslim countries to democratize their constitutions without accepting Western values and without violating the principles of Islamic law. A Theory of Universal Democracy. Beyond the End of History. By L. Ali Khan)
() င်လုံစာချုပ် (၁၉၄ရ)http://vansangva.com/vansangva-library/#1 ဗိုလ်ချုပ်အောင်ဆန်းလမ်းညွှန်ု() ချက်။http://vansangva.com/vansangva-library/#2 ဗိုလ်ချုပ်အခြေခံဥပဒေပထမမူကြမ်း(၁၉၄၇)http://vansangva.com/vansangva-library/#3
() The United Nations General Assembly adopted United Nations General Assembly Resolution 1514 (XV)under titled Declaration on the Granting of Independence to Colonial Countries and Peoplesprovided for the granting of independenceto colonialcountries and peoples in providing an inevitable legal linkage betweenself-determinationand its goal of decolonisation, and a postulated new international law-based right of freedomalso in economic self-determination.
အခြားဆက်စပ်သော “ပင်လုံဆောင်းပါးများ“ ကို http://vansangva.com/category/panglong-articles/တွင်ဖတ်ရှုနိုင်ပါသည်။
ဆောင်းပါးရှင်-Salai Kipp
Reply all
Reply to author
Forward
0 new messages