မြန်မာနိုင်ငံတွင် ဇန်နဝါရီလ (၁)ရက်နေ့မှစတင်၍ အခွန်တိမ်းရှောင်မှု လျော့နည်းစေရန် အတွက်ပင် ရင်းမှ နှုတ်ယူပေးသွင်းသည့် အခွန်(With Holding Tax) စနစ်သစ်ကို စတင် ကျင့်သုံးနေပြီဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ (၃၁)ရက်နေ့က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ်တွင် ကျင်းပသည့် (With Holding Tax)နှင့် အခွန်ကိစ္စဆိုင်ရာ ရှင်းလင်းပွဲတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပင်ရင်းမှ နှုတ်ယူပေးသွင်းသည့် အခွန်ဆိုသည်မှာ ဝင်ငွေတစ်ရပ်ရပ် ရရှိချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသူက ထိုဝင်ငွေအပေါ် ကျသင့်သောအခွန်ကို နှုတ်ယူ၍ သက်ဆိုင်ရာ ပြည်တွင်းအခွန်များရုံးသို့ လွှဲပြောင်းပေးသည့် အခွန်ဖြစ်သည်။ သွင်းကုန်သမားများက သက်ဆိုင်ရာ အခွန်ကို ကြိုတင်ဖြတ်တောက် ပေးဆောင်သည့်စနစ် ဖြစ်သည်။ ပေးဆောင်ရာတွင် ပြည်ပမှဆိုလျှင် သွင်းကုန် ပေါ်၌ (၃.၅)ရာခိုင်နှုန်း၊ ပြည်တွင်း၌ဆိုလျှင် (၃)ရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။
(With Holding Tax)ဆိုတာ အစိုးရက အခွန်လိုက်ကောက်တာ မဟုတ်ဘူး။ ကုမ္ပဏီတွေကိုယ်တိုင်က သူလုပ်တဲ့ လုပ်ငန်းအတွက် တာဝန်သိသိ အခွန်ဆောင်တာ၊ အဲဒီလို အခွန်ဆောင်ဖို့အတွက် စည်းမျဉ်းဥပဒေတွေ ထုတ်ပြန် ထားတယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောဆိုခဲ့သည်။ အခွန်စနစ်သစ်ကို ၂၀၁၀ ပြည့်နှစ် ဧပြီလကတည်းက အတည်ပြုခဲ့သော်လည်း ယခုမှ စတင်ကျင့်သုံးခြင်း ဖြစ်ကြောင်း ယင်းစနစ်သစ်အရ မှတ်ပုံတင်ထားသော အဖွဲ့ အစည်းများ အစုစပ်လုပ်ငန်းများ ကုမ္ပဏီများ အကျုံးဝင်ကြောင်း သိရသည်။ ပင်ရင်းမှ နှုတ်ယူပေးသွင်းသည့် အခွန်ဆောင်ရမည့် ဝင်ငွေအမျိုးအစား (၄)မျိုးရှိသည်။ (၁)အတိုးပေးငွေများ၊ လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည့်တို့ကို အသုံးချခွင့်ပြုသည့် ပေးချေငွေများ (၂)ကန်ထရိုက်စာချုပ် (သို့) သဘောတူစာချုပ် (သို့) သဘောတူညီချက် တစ်ရပ်ရပ်ဖြင့် ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ပေးစေခြင်း အတွက် ပေးချေငွေများ၊ (၃) စာချုပ်စာတမ်းဖြင့် နိုင်ငံခြားသား လုပ်ငန်းရှင် (သို့) နိုင်ငံခြားသား ကုမ္ပဏီက လုပ်ငန်း ဆောင်ရွက်ပေးစေခြင်း၊ (၄) နိုင်ငံတော်အတွင်းမှ ပစ္စည်း ဝယ်ယူခြင်းအတွက် ပေးချေငွေများ အကျုံးဝင်ကြောင်း သိရသည်။
“အခွန်ဆောင်ရမယ့်နှုန်းက (၃)ရာခိုင်နှုန်းကနေ (၂ဝ)ရာခိုင်နှုန်းအထိ ရှိတယ်။ စီးပွားရေး လုပ်တဲ့နေရာမှာ ဒီအခွန်မဆောင်ရင် လုပ်ငန်းလိုင်စင် သက်တမ်းတိုးတာတို့ နိုင်ငံခြားငွေ ဘဏ်စာရင်း (Letter of Credit) လုပ်တာတို့ အဆင်ပြေမှာ မဟုတ်ဘူး”ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မည့်သည့် လုပ်ငန်းတွင်မဆို ငွေကျပ် (၃)သိန်းနှင့်အထက် ပေးဆောင်ရမည်ဆိုပါက ပင်ရင်းမှ နှုတ်ယူ ပေးသွင်းသည့် အခွန် (With Holding Tax) ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။