ကိုယ့်အသံကို ကိုယ်ပြန်ကြားတာနဲ့ တခြားသူတွေကြားတဲ့အသံ ဘာကြောင့် ကွဲပြားနေရသလဲ
ကျွန်မတို့အားလုံး ဒီကိစ္စမျိုး ကြုံဖူးကြမှာပါ။ ကိုယ်နဲ့ တခြားသူတွေ စကား ပြောနေတာကို အသံသွင်းပြီး ပြန်နားထောင်ကြည့်တဲ့အခါ တခြားသူတွေရဲ့ အသံကတော့ ပုံမှန် ဖြစ်နေပြီး ကိုယ့်အသံက ကိုယ်ကြားနေကျ အသံနဲ့ ကွဲပြား ခြားနားနေတာ တွေ့ရပါလိမ့်မယ်။ တစ်ခါတလေ ကိုယ့်အသံ ကိုယ်တောင် မယုံနိုင် ဖြစ်နေတတ်ပါတယ်။ ဘာမှမစိုးရိမ်ပါနဲ့။ လူတိုင်း ဒီလိုမျိုး ခံစားရမှာပါ။ ကိုယ်စကား ပြောလိုက်တဲ့အခါ ကိုယ့်အသံကိုယ်ပြန်ပြီး ကြားတာနဲ့ သူများကြားတာ မတူညီဘဲ ကွဲပြားနေတာဟာ ပုံမှန်ပါ။ စကားပြောဆိုတဲ့အခါ အသံအိုးမှာ တုန်ခါမှု ဖြစ်ပြီး အသံစတင် ထွက်ပေါ်လာပါတယ်။ တုန်ခါမှု တစ်စိတ်တစ်ပိုင်းဟာ လေကနေ တစ်ဆင့် ပတ်ဝန်းကျင်ဆီ ပျံ့နှံ့ကာ အသံထွက်ပေါ်လာတဲ့အတွက် ကိုယ့်အသံကို အများတကာ ကြားရခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ တုန်ခါမှု တစ်ပိုင်းဟာ ဦးခေါင်းအတွင်းရှိ အရည်တွေနဲ့ အခဲတွေကနေတစ်ဆင့် ဖြတ်သန်း သွားပါတယ်။ နားအတွင်းနဲ့ အလယ်ပိုင်းဟာ ဦးခေါင်းခွံရဲ့ အမာဆုံး အရိုးနဲ့ အစိတ်အပိုင်းတချို့ ဖြစ်ပါတယ်။
အတွင်းနားမှာ အရည်ရှိပြီး အလယ်နားမှာ လေရှိကာ တစ်ခုနဲ့ တစ်ခု ဖိထားကြပါတယ်။ အသံအိုးကိုလည်း အရည်တွေ ပြည့်နေတဲ့ တစ်သျှူး အပျော့စားနဲ့ ဝန်းရံ ထားပါတယ်။ အသံဟာ အရည်နဲ့ အခဲတွေကို ဖြတ်တာထက်စာရင် လေကို ဖြတ်တဲ့အခါ မတူညီဘဲ ကွဲပြား ခြားနား နေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အသံကိုကိုယ် အသံသွင်းစက် ကနေ တစ်ဆင့် ပြန်ကြားတဲ့အခါ ကိုယ်ကြားနေကျအသံ မဟုတ်ဘဲ ပြောင်းလဲနေတာ ဖြစ်ပါတယ်။ ကျွန်မတို့ စကားပြောတဲ့အခါ ကိုယ့်အသံကို ကိုယ့်နားကနေတစ်ဆင့်သာ ကြားရတာ မဟုတ်ဘဲ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကနေပါ (အထူးသဖြင့် ခန္ဓာကိုယ်တွင်း အရည်တွေကနေ) တစ်ဆင့်ကြားရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အသံကို ကိုယ်ပြန်ကြားတဲ့အခါ တခြား သူတွေကြားတာနဲ့ မတူဘဲ ကွဲပြားနေတာပါ။ အသံဖမ်းစက်က ထွက်ပေါ်လာတဲ့ အသံက အစစ်လား၊ ကိုယ်ကိုယ်တိုင် ကြားရတဲ့ အသံက အစစ်လား ဆိုတာ ပြောလို့ မရပေမယ့် အသံနှစ်မျိုးက ကွဲပြားတာတော့ သေချာပါတယ်။
ရေးသားသူ - ဒေါက်တာနုမြတ်