ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျပ်ငါးသိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်းများ အသုံးပြုပါက တာဝါတိုင်ငယ် ထောင်ကာ အသုံးပြုမှ လိုင်းဆွဲအား ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း မိုဘိုင်းဖုန်းဆိုင်ရာ ပညာရှင်များက ၄-၁-၂၀၁၁ ရက်တွင်ပြောသည်။
လက်ရှိ အသုံးပြုနေကြသော CDMA 800 MHz ဖုန်းများကို တစ်နိုင်ငံလုံးတွင် သယ်ယူ အသုံးပြုနိုင်ရန် လိုင်းဖွင့်ပေးသည့် အနေဖြင့် CDMA 450 MHz ဟန်းဆက်များတွင် ထည့်သွင်း အသုံးပြုရမည် ဖြစ်ကြောင်း၊ ထိုသို့ အသုံးပြုရာတွင် လိုင်းကျပ်မှု ပြဿနာ လိုင်းကျပ်မှု ပြဿနာ အနည်းငယ်ရှိလာ၍ တာဝါတိုင်ငယ်ထောင်ကာ အသုံးပြုပါက လိုင်းအား ပိုကောင်းလာမည် ဖြစ်ကြောင်း သိရသည်။ "CMDA 450 MHz ဟန်းဆက်ထဲကို CDMA 800 ကတ်ထည့်လိုက်မယ်ဆိုရင် လိုင်းဆွဲအားပြ အမှတ်အသားမှာ လိုင်းအားက နှစ်တုံးပဲမိမယ်။ လိုင်းအပြည့် မိဖို့ဆိုရင် တာဝါတိုင် သေးသေးလေးထောင်ပြီး အသုံးပြုမှ ပိုကောင်းလာပါမယ်”ဟု Amazing Mobile မှ ဆားဗစ်ပညာရှင် ကိုအာရွန်းက ပြောသည်။
ဈေးကွက်အတွင်းတွင် CDMA 450 Mobile ဖုန်းများတွင် အသုံးပြုရန်အတွက်
CDMA တာဝါတိုင်ငယ်များ စတင်ဝင်ရောက်လာပြီး လက်ညှိုးအရွယ် ပမာဏသာရှိကြောင်း
သိရသည်။ ၎င်းတာဝါတိုင်ငယ်ကို ဟန်းဆက်၏ အပေါ်ဘက်ဘေးတွင် တပ်ဆင်ရမည်ဖြစ်ပြီး
ထိုသို့ တပ်ဆင်ပြီးပါက ဖုန်းလိုင်းအား ပိုကောင်းလာမည် ဖြစ်ကြောင်း၊
ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးများတွင် အသုံးပြုလျက်ရှိသော CDMA 800
ဖုန်းများကို CDMA 450 အဖြစ် အသုံးပြုနိုင်ရန် ၎င်းတာဝါတိုင်ငယ်များ
ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
“လိုင်းပိုင်းဆိုင်ရာ ပြဿနာက တာဝါတိုင် ထောင်လိုက်ရင် အဆင်ပြေသွားပါမယ်။
ဒါပေမဲ့ ကတ်ကို အပြောင်းအရွှေ့ လုပ်တာများလာရင် ကတ်ပျက်စီးတာတွေ
ဖြစ်လာတတ်ပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောပြသည်။ ထိုသို့
ကတ်ပြောင်းလဲလိုက်ပါက ခေါ်ဆိုခလည်း ပြောင်းလဲသွားမည် ဖြစ်ကာ ယခင်က
တစ်မိနစ်လျှင် ၅၀ ကျပ်မှ ၆၀ ကျပ်သို့ တိုးမြင့်သွားမည် ဖြစ်ကြောင်း၊ CDMA
800 ကိုင်ထားသူများ အနေဖြင့် နယ်ဒေသသို့ မဖြစ်မနေ ယူသွားရမည်ဆိုမှ
ဟန်းဆက်လဲလှယ် အသုံးပြုသင့်ကြောင်း သိရသည်။