ပြီးခဲ့တဲ့လက စစ်တောင်းတံတား၊ သံလွင်တံတားတွေမှာ လိုင်စင်မဲ့ကားတွေ မလွတ်အောင် စနစ်တကျ စိစစ်ဆောင်ရွက်နေချိန်မှာ အဆိုတော်တစ်ဦး စီးလာသည့် စက်မှုဇုန်ထုတ် သိန်း၃၇၀ပေးရတဲ့ Hiace ကျိုက်ထီးရိုးအပြန်မှာ စစ်တော့
ကားစာရွက်စာတမ်းမှာပါတဲ့ အင်ဂျင်နံပါတ်နဲ့ ကားက အင်ဂျင်နံပါတ်ကွဲလွဲနေလို့ တော်တော်ရှင်းယူခဲ့ရသည်ဟု သိရသည်။
ယာဉ်စစ်ကနဦးဝင်စဉ်က ပါရှိသည့် အင်ဂျင်မှာ မကောင်း၍ အလုံးသစ်မှာပါလဲတဲ့ Orginal ကိုပဲ ခေါင်းဖောက် ကျောဖောက်လုပ်ထားတဲ့ ကားဝယ်မိတဲ့ဒုက္ခက ဒီလောက်တော့ ရှိမှာပါပဲ၊ ကားကတော့ ဂျပန်ကားအစစ်ဆိုတော့ Orginal အလုံး၊ စီးလို့တော့ အရမ်းကောင်းတယ်၊ မပြင်ရဘူး၊ ဆေးမကွာဘူး၊ ဒါပေမယ့် ဒါမျိုး ပြဿနာလေးတွေတော့ ကြုံရတတ်တယ်၊ ကျိုက်ထီးရိုးတို့၊ ဘားအံတို့ကို သွားမလည်ရင်တော့ ပြဿနာမရှိပါဘူး။ သွားလည်ရင်အသွားကတော့ အေးအေးဆေးဆေးပဲ၊ အပြန်ကြရင် ဟိုကခေါင်းစား ဒီကခေါင်းစားနဲ့ကားကို မြစ်ထဲကန်ချ ချင်စိတ်ပေါက်သွားမယ် အခန့်မသင့်ရင် ပေရှည်မယ်လေ။ စက်မှုဇုန်ထုတ်ကားတွေကလဲ ရွှေပြည်သာ ၊ဒဂုံ၊ မန္တလေးအစုံပါပဲ။ ဘယ်တုန်းက ဘယ်လိုပေါ်လာလိုက်မှန်းလို့ မသိရဘူး အများကြီးဖြစ်လာတယ်။
နောက်ဈေးကွက်မှာ ဆေးရုံကားလိုင်စင်ဆိုလာလည်း ရှိသေးတယ်။ ဆေးကားကလည်း သူဈေးနဲ့သူ ရှိပါတယ်။ ဆေးရုံကားဆိုတော့ အစစ်အဆေးမရှိတော့ လွတ်လွတ်လပ် သုံးစွဲနိုင်ကြပါတယ်။ ဒါလည်းတနည်းတော့ ကောင်းပါတယ်။ လူမမာတွေအတွက် သက်သက်သာသာ ချောင်ချောင်ချိချိ ဝန်ဆောင်မှုပေးနိုင်လို့ မုဒိတာပွားရမှာပါ။ MSW Pajiro ကတော့ အလုံးချိန်းပြီး ဒါဏ်ဆောင်ပြီး ကားဆိုရင်တော့ သိန်း(၇၀၀) စီးပျော်ပါတယ်။ အလုံးမချိန်းရသေးပဲ Original MSW ဆိုရင်သိန်း(၄၅ဝ)ပါပဲ။ ဒါပေမယ့် ပါဂျဲရိုးဆိုပြီး နေပြည်တော်လမ်းကောင်းကို မိုင် (၆၀)ကျော် နင်းလို့ကတော့ အန္တရာယ်ကတော့ သင်ရှေ့မှာ ကြိုနေတယ်ဟု သိရသည်။ ဒီတလော ဒေါ်လာဈေးက အစိမ်းဆို(၈၃၀)စွန်းစွန်း၊ FEC ကတော့(၈၀၀)လောက်ပဲ ရှိတယ်။ ဈေးကွက်တွေအားလုံး အေးတိအေးစက်ပဲ TV Video ၊ရေခဲသေတ္တာ၊ အီလက်ထရွန်နစ် ပစ္စည်းဈေးတွေလည်း ခပ်အေးအေးနဲ့တော့ ရောင်းနေရတယ်။
ဒေါ်လာဈေးကျတော့ ပစ္စည်းဈေးကျတုန်းဝယ်ထားမှ ဆိုတဲ့သူတွေနဲ့ နည်းနည်းပါးပါး ရောင်းနေရတယ်။ ကားဈေးကတော့ လိုင်စင်မဲ့ကားတွေ အခွန်ဆောင်တာပိတ်ပြီး အဖွဲ့အစည်းတွေ လိုင်စင်ဆောင်တာပါ ထပ်မပေးတော့တာကြောင့် အနည်းငယ် ဈေးပြန်တက်လာပါတယ်။ အဖွဲ့အစည်းဆိုပေမယ့် အခွန်သက်သာမလားဆိုတော့ တချို့ကားတွေဆို အောက်တိုဘာလက အခွန်ဆောင်တဲ့ ဈေးတွေထက်တောင် ပိုများနေကြောင်းတွေ ရတယ်ဆိုပြီး ကားဈေးကျွမ်းကျင်သူ တစ်ဦးက ပြောကြားသွားသည်။ ၂၀၁၀ landcruiser ကို(၂၈၀၀)နဲ့ ရောင်းမယ်ဆိုတဲ့သူတွေ အခု(၃၀၀၀)ရမှ ရောင်းမယ်ဆိုပြီး ဈေးခေါ်နေကြတယ်ဟုလည်း သိရသည်။
Suzuki R wideလို့ခေါ်တဲ့ နှာပေါက်နဲ့ EFI အင်ဂျင် ၁.၃ကားကို ပြီးခဲ့တဲ့အပတ်က၂၅၀နဲ့ ၄၀ကို အရောင်းအဝယ် ဖြစ်သွားသည်ဟု ဆိုသည်။ ဒီကြားထဲမှာ သောင်တင်နေတဲ့ အခွန်မဆောင်ရသေးတဲ့ ကားတွေအပေါ် အခွင့်ကောင်းယူပြီး ဘယ်အဖွဲ့အစည်းက အခွန်ဆောင်လို့ရမယ် စရံတော့ ဘယ်လောက်ပေးရမယ်၊ အခွန်ဆောင်ပီးရင် ဘယ်လောက်ပေးရမယ်ဆိုပြီး အတုအယောင်တွေ လိမ်ဖို့ကြိုးစားတဲ့သူတွေလည်း ခါတော်မီ ပေါ်လာနေပြီဖြစ်ကြောင်း လူပေါင်းမမှားရလေအောင် သတိပေးလိုက်ရပါတယ်။