၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ ကျင်းပသည့်ရက်မှစ၍ ရက်ပေါင်း (၉၀)အတွင်း ပြည်သူလွှတ်တော်၏
ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၂၃တွင် ပြဌာန်းထားသောကြောင့် ပြည်သူ့လွှတ်တော်၏ သက်တမ်း စတင်မည့် အစည်းအဝေးကို ဇန်နဝါရီလ(၃၁) ရက်နေတွင် ကျင်းပမည်ဟု သိရသည်။
အမျိုးသားလွှတ်တော် သက်တမ်းစတင်မည့် ရက်သည် ပြည်သူ့လွှတ်တော် သက်တမ်းစတင်မည့် နေ့ရက်ဖြစ်ပြီး ယင်းလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးက သက်တမ်းစတင်မည့် နေ့မှ(၇)ရက် အတွင်းကျင်းပ ရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၁၅၄)အရ သိရှိရသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးက ခေါ်ယူကျင်းပရမည် ဖြစ်ပြီးဖွဲ့စည်းပုံအခြေခံဥပေဒပါ ပြဌာန်းချက်နှင့် အညီတာဝန် ဆက်လက်ထမ်းဆောင်လျက်ရသော ပြည်သူ့လွှတ်တော် ဥက္ကဌက ခေါ်ယူကျင်းပရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၁၂၄)တွင် ဖော်ပြထားသည်။
ထို့အတူ အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အမျိုးသားလွှတ်တော် ဥက္ကဌက ခေါ်ယူကျင်းပ ရမည်ဖြစ်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်အကြား (၁၂)ထက် မပိုစေရကြောင်းလည်း သိရသည်။ တိုင်းဒေသကြီးလွှတ်တော်(သို့) ပြည်နယ်လွှတ်တော် သက်တမ်းစတင်သည့် နေရက်သည် လွှတ်တော်သက်တမ်း စတင်မည့်နေ့ရက် ဖြစ်ကြောင်း တိုင်းဒေသကြီး(သို့) ပြည်နယ်လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို လွှတ်တော်၏ သက်တမ်း(၁၅)ရက်အတွင်း ကျင်းပရမည် ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် စတုတ္တအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးကို (၁၉၈၈)ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းလွှတ်တော် အစည်းအဝေးကို ရန်ကုန်မြို့ ပြည်သူ့လွှတ်တော် အစည်းအဝေးခမ်းမ၌ ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ကောင်စီ ဥက္ကဌအမှုးပြုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(၄၅၄)ဦး တတ်ရောက်ခဲ့ကြောင်း၊၂၀၁၁ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် ခေါ်ယူမည့် လွှတ်တော်အစည်းအဝေးသည် ၂၀၁၀ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ ရလဒ်အရ ခေါ်ယူမည့်(၂၂)နှစ် အတွင်းပထမဆုံးအကြိမ် ခေါ်ယူမည့် လွှတ်တော်အစည်းအဝေး ဖြစ်သည်။
အမျိုးသားလွှတ်တော်ကို လွှတ်တော် ကိုယ်စားလှယ်ဦးရေ အများဆုံး(၂၂၄) ဦးဖြင့် ဖွဲ့စည်းကြမည် ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၅၆)ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် မဟုတ်သည့် ကိုယ်စားလှယ်များပါဝင်ရမည်ဖြစ်ကြောင်း ၎င်းတို့ထဲမှ အများဆန္ဒဖြင့် သမ္မတရွေးချယ်မည် ဖြစ်ကြောင်း သိရသည်။ အမျိုးသားလွှတ်တော်၏ နောင်သက်တမ်းများအတွက် ပုံမှန်အစည်းအဝေးများကို အခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ ဆက်လက် တာဝန်ထမ်းဆောင်လျက်ရှိသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည် ဖြစ်ကြောင်း သိရှိရသည်။