ငှက်ကြည့်ဝါသနာပါသူများအတွက် အခြေခံငှက်ကြည့်သင်တန်းတစ်ခုကို မကြာမီဖွင့်လှစ်သွားရန်ရှိကြောင်း မြန်မာငှက်နှင့်သဘာဝဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အခြေခံငှက်ကြည့်သင်တန်းကို ရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်တွေ့ငှက်ကြည့်ခရီးစဉ်အဖြစ် ငှက်မျိုးစိတ်ပေါများစွာရှိရာ လှော်ကား သို့မဟုတ် မိုးယွန်းကြီးအင်းသို့ သွားရောက်ရန်လည်း စီစဉ်လျှက်ရှိကြောင်း သိရသည်။သင်တန်းဖွင့်လှစ်မည့်ရက်ကို စီစဉ်ဆဲဖြစ်ပြီး ဖွင့်လှစ်ပါက သင်တန်းသား၂၅ ယောက်အထိ လက်ခံကာ သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းတွင် အခြေခံငှက်ကြည့်နည်းနှင့် ငှက်မျိုးစိတ်ခွဲနည်းများကို အသင်းမှ ပညာရှင်များက သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ငှက်မျိုးစိတ်ပေါင်း တစ်ထောင်ကျော်ရှိပြီး ဒေသရင်း ငှက်မျိုးစိတ် ငါးမျိုးရှိသည်။ငှက်ကြည့်ရန် စိတ်ဝင်စားကာ လာရောက်လည်ပတ်သော ပြည်ပခရီးသွားများမှာ အခြားသောခရီးသွား အရေအတွက်နှင့် နှိုင်းယှဉ်လျှင် နည်းပါးနေသေးသော်လည်း ဒေသရင်း ငှက်များကိုလေ့လာလိုသဖြင့် လာရောက်လည်ပတ်သော ခရီးသွားများလည်းရှိပြီး မြန်မာနိုင်ငံတွင် ငှက်နှင့်ပတ်သက်သော ကျွမ်းကျင်ခရီးသွား ဧည့်လမ်းညွှန်များမှာ လိုအပ်နေဆဲဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။
ရေးသားသူ-အေးမြကျော်