ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် မြေနီကုန်း မီးပွိုင့်အနီးတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က လှည်းကူး-ရန်ကုန် ပြေးဆွဲသည့် (၁၃၁) ယာဉ်လိုင်း ခရီးသည်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှခရီးသည်တင်ယာဉ် နှစ်စီးကို တိုက်မိရာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ယာဉ်မှု စစ်ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရသည်။
ယာဉ်မောင်း ဦးဝင်းဖေ မောင်းနှင်လာသည့် ၁က/၉၁၇၅ ၁၃၁ ယာဉ်မှာ မြေနီကုန်း မီးပွိုင့်အနီးတွင် ဘရိတ် ပေါက်ရာမှ ဦးသိန်းဇော် မောင်းနှင်လာသည့် ၂ဂ/၈၃၇၂ အနောက်ပိုင်း တက္ကသိုလ်-ဗိုလ်တထောင်-ဒဂုံတောင်-ယုဇနပြေးဆွဲသည့် မ.ထ.သ (၂၁၄) (အထူး) ယာဉ်ကို နောက်မှ တိုက်မိပြီး ယင်းမှတစ်ဆင့် ဦးဇော်မင်းအောင် မောင်းနှင်သည့် ၄ခ/ ၆၃၃၃ ရွှေပြည်သာ-ဆူးလေ ပြေးဆွဲသောယာဉ်ကို တိုက်မိကြောင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း အဆိုပါ ယာဉ်တိုက်မှုတွင် ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သည့် စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ အဆိုပါ ဒဏ်ရာရရှိသူ ခြောက်ဦးမှာ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် ကုသမှုခံယူနေကြောင်း၊ ယာဉ်မောင်းဖြစ်သူ ဦးဝင်းဖေကို မီးသတ်တပ်ဖွဲ့စခန်းရှိ ကယ်ဆယ်ရေး ပစ္စည်းကိရိယာဖြင့် ထုတ်ယူ ကယ်ဆယ်ခဲ့ကြောင်း ယင်းကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ယင်း ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဦးဝင်းဖေကို ယာဉ်မှုစစ် ရဲစခန်းက (ပ)၁၈၁/၂၀၁၀ ပုဒ်မ ၃၃၈၊ ၂၇၉ အရ အမှုဖွင့် အရေးယူ ထားကြောင်း ယာဉ်မှု ရဲစခန်း၏ ထုတ်ပြန်ချက် အရ သိရသည်။