၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ(၈) ရက်နေ့တွင် ကျင်းပခဲ့သည့် နဝမမြောက် မြန်မာအိုင်စီတီ ရက်သတ္တပတ်ပွဲတော်တွင် Mc Will တယ်လီဖုန်းစနစ်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် FISCA Enterprises မှ စတင် မိတ်ဆက်ပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ်အတွင်းတွင် အင်တာနက်စနစ်ပါတွဲ၍ အသုံးပြုနိုင်မည့် Mc Will ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်း အသုံးပြုနိုင်မည်ဟု သိရသည်။
Mc Will တယ်လီဖုန်းစနစ်ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၀ ခုနှစ်အတွင်းမှစတင်၍ တပ်ဆင်ပေးလျက်ရှိရာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ကလေး၊ မင်းကင်း၊ ခန္တီး၊ ဟုမ္ပလင်း၊ ဗန်းမော်၊ ပင်လယ်ဘူးမြို့များတွင် တပ်ဆင်ပြီးစီးပြီး ချင်းပြည်နယ် ကနီမြို့တွင် ဆက်လက် တပ်ဆင်နေကြောင်း သိရသည်။ ယင်းစနစ်ကို မြစ်ကြီးနား၊ ချီဗွေ၊ မြစ်ဆုံ၊ ပန်းဝါ၊ မဘိမ်း၊ လားရှိုး၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းတုံ၊ ကျိုင်းတုံ၊ တောင်ကြီး၊ လွိုင်ကော်၊ မော်လိုက်၊ ဖေါင်းပြင်၊ စစ်ကိုင်း၊ ထီးလင်း၊ ကျောက်ထု၊ ပလက်ဝ၊ လောင်းရှည်၊ စေတုတ္ထရာ၊ ငဖဲ၊ မကွေး၊ စစ်တွေ၊ ပဲခူး၊ ပြည်၊ လေးမျက်နှာ၊ ပုသိမ်၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်၊ ရေး၊ မောင်းမကန်၊ ထားဝယ်မြို့များတွင် ဆက်လက် တပ်ဆင် သွားမည်ဟု ယင်းဖုန်းများကို ထုတ်လုပ်နေသည့် Fisca Enterpriser မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။