Thursday, November 25, 2010
ယနေ့  မနက်တွင် ရွှေဂုံတိုင်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့သို့ နအဖ၏ အာဘော်များကို အထူးရေးသားပေးနေသော (ငါးမင်းဆွေ) ဆိုသူ ရောက်ရှိလာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့သည်။ ၄င်း (ငါးမင်းဆွေ) ရေးသားခဲ့သော မော်နီတာ ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားလိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့ထားမှုအား ဖယ်ရှားပေးစေလိုကြောင်း အော်ဟစ်တောင်းဆိုခဲ့ပါသည်။
ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီရုံးရှေ့သို့ လာရောက်ရန်အတွက် ဖုန်းဆက်ခေါ်ဆိုခဲ့သူမှာ လျှပ်တပြက်ဂျာနယ်မှ နအဖဖော်လံဖား မြတ်ခိုင်၏ သား ဇေယျာမြတ်ခိုင် ဖြစ်ပါသည်။ ငါးမင်းဆွေသည် အဖွဲ့ချုပ်ရုံးရှေ့ ထောက်လှမ်းရေးများထိုင်သော လက်ဖက်ရည်ဆိုင်တွင် ကြိုတင်ရောက်ရှိနေပြီး မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်မှ ဖုန်းဖြင့် (အကိုလာလို့ရပြီ၊ အဆင်သင့်ဖြစ်ပြီ) ဟု ပြော၍ လှမ်းခေါ်လိုက်ရာ ငါးမင်းဆွေရောက်လာပြီး ၄င်း၏ ဆောင်းပါးမိတ္တူများ တပွေ့တပိုက်နှင့် စတင်အော်ဟစ်ဆန္ဒပြပါတော့သည်။
ငါးမင်းဆွေမှ ၄င်းရေးသားခဲ့သော ဆောင်းပါးမိတ္တူများကို ပြည်တွင်းဂျာနယ်မှ ဂျာနယ်လစ်များနှင့် လူအချို့အား လိုက်လံဝေငှခဲ့ပြီး နိုင်ငံခြားသတင်းဌာနမှ သတင်းထောက်တစ်ဦးမှ ထိုမိတ္တူဆောင်းပါးကို တောင်းရာ ပြည်ပနိုင်ငံခြားသတင်းဌာနမှဆိုရင် မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်။ အကြောင်းစုံအား ဆက်လက်စုံစမ်းရာ ငါးမင်းဆွေ ရေးသားသော ဆောင်းပါးခေါင်းစဉ်တွင် ဒေါ်စုကြည်ဟု သုံးနှုံးထားသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များက မကျေနပ်ကြကြောင်း၊ ပြည်သူများမှလည်း မကျေနပ်ကြကြောင်း သိရပါသည်။အဲ့ဒီနောက် ငါးမင်းဆွေအား အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ရုံးအဖွဲ့မှုး ဦးဝင်းထိန်မှ တွေ့ဆုံရှင်းလင်းခဲ့ပါသည်။ ဦးဝင်းထိန်မှ ဒေါ်စုကြည်ဆိုသည့် အသုံးအနှုံးအား ပြောင်းလဲရေးသားရန်၊ ၄င်းတို့ အဖွဲ့ချုပ်ခေါင်းဆောင်အား ယင်းကဲ့သို့ ခေါ်ဆိုခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း၊ နအဖစစ်အစိုးရအကြိုက်ရေးသားနေသောသူနှင့် ၄င်းတို့၏ ခေါင်းဆောင်အား ပေးမတွေ့နိုင်ကြောင်း၊ ဦးဝင်းထိန်မှ ၄င်းထောင်ကျနေစဉ်အတွင်း ငါးမင်းဆွေ ရေးသားသော ဆောင်းပါးများတွင် နအဖကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကောင်းကြောင်းများ လုပ်ကြံရေးသားထားသည်ကို ဖတ်ရကြောင်း ပြောဆိုခဲ့ပါသည်။ပြီးခဲ့သည့် တစ်ပတ်မှ စတင်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံနှင့် သတင်းများကို ထည့်သွင်းရေးသားဖော်ပြခဲ့သည့်ဂျာနယ်များ အပိတ်ခံရအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းကို လာရောက်မှတ်တမ်းယူသော ပြည်တွင်းဂျာနယ်လစ်များ မတွေ့ရတော့ပေ။ သို့သော် လျှပ်တပြက်ဂျာနယ်မှ ဇေယျာမြတ်ခိုင်နှင့် ၄င်း၏အဖွဲ့သားများကတော့ ဆက်လက်လာရောက် သတင်းယူနေသည်ကို တွေ့ရပါသည်။
အကြောင်းအရင်းကို စုံစမ်းကြည့်ရာ သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီးဟောင်း) မှ ထောက်လှမ်းရေးနှင့် သတင်းတပ်ဖွဲ့မှ ရဲထောက်လှမ်းရေးများအား ဒေါ်အောင်ဆန်းစုကြည် သတင်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်း လုပ်ရမည် သို့ သော် အနှောင့်အယှက်မပေးရဟု ညွှန်ကြားပြောဆိုထားသောကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းသို့ ၀င်ရောက်သတင်းယူ၍ မရသောကြောင့် မြတ်ခိုင်နှင့် သူ့သား ဇေယျာမြတ်ခိုင်တို့အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ ငွေကြေးနှင့် အခွင့်အရေးများပေး၍ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းသတင်းများ ယူခိုင်းထားကြောင်းသိရပါသည်။
မြတ်ခိုင် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူထုတ်ဝေနေသော မော်နီတာဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံကို ကြီးမားစွာ မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့သော်လည်း ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသော ဂျာနယ် ၉ စောင်တွင် မပါဝင်ခဲ့ပေ။ သို့သော် လူအများပြောဆိုစရာဖြစ်မည်ဆိုသဖြင့် ၄င်း၏ ဂျာနယ်တစ်စောင်ဖြစ်သော လျှပ်တပြက်ဂျာနယ်ကို ထုတ်ဝေမှု ယာယီရပ်ဆိုင်းခံရသည်ဟု သတင်းလွှင့်ခဲ့ပါသည်။
ဟံသာဝတီ ဦးဝင်းတင် ရေးသားသော (ဘာလဲဟဲ့ လူ့ငရဲ) စာအုပ်ပါ ထောင်တွင်းအကြမ်းဖက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ရေးသားထားသည်ကို တန်ပြန်သောအားဖြင့် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းမှ မြတ်ခိုင်အား ၄င်း၏ဂျာနယ်တွင် မြန်မာပြည်မှ ထောင်များမှာ လွန်စွာကောင်းကြောင်း၊ နိုင်ငံတော်အစိုးရ၏ စေတနာရှိမှုကြောင့် ထောင်ကျအကျဉ်းသားများမှာ ကောင်းမွန်စွာနေရကြောင်း ရေးသားခိုင်းမှုကို အလွန်အကျွံ ကူညီရေးသားပေးခဲ့သော ဂျာနယ်လစ်ဆိုးတစ်ယောက် ဖြစ်ပါသောကြောင့် မြတ်ခိုင်နှင့် သူ၏အဖွဲ့သားများ၊ ငါးမင်းဆွေတို့ကဲ့သို့သောသူများအား သတိကြီးမားစွာနှင့် ရှောင်ရှားကြပါလို့ အသိ ပေးတင်ပြလိုက်ပါတယ်။
(မြန်မာပြည်သားတစ်ဦး)။
ကိုနစ်နေမန်းဆီမှ ကူးယူဖော်ပြပါသည် ။
သို့
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာခင်ဗျား။
ယခုလတ်တလော နာမည်ကြီးနေသည့် မင်းဆွေ (သို့) ခေတ်သစ် အလိုတော်ရိရဲ့ အကြောင်းကို အများသိစေရန် တင်ပြလိုပါသည်။ ယခုဖော်ပြသည့် ကိစ္စအကြောင်းအရာများအား မင်းဆွေနှင့် သိကျွမ်းခဲ့ဖူးသည့် သူတယောက်အနေနှင့် ရေးသင့်မရေးသင့် များစွာစဉ်းစားခဲ့ပါသည်။ ထို့အတူ အလိုတော်ရိတယောက် လျော့သွားလည်း မနည်းဘူးထင်၍ ဖြစ်သည်။
၎င်း၏လုပ်ရပ်များ ယခုတလောတွင် ပိုပိုကဲလာ၍ အရူး အရူးနှင့် အိမ်ဦး ချီးတက်ပါသလို ဖြစ်နေပါသည်။ မင်းဆွေအကြောင်း တင်ပြလိုက်ရပါသည်။
မင်းဆွေရဲ့ ဇာတိဟာ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့ဖြစ်ပါသည်။ ဆားလုပ်ငန်းလုပ်ကိုင်ပါသည်။ အမျိုးအဆွေအနေနှင့် ဒီနေရာမှာ မင်းဆွေ ခဏခဏ အရှုးထနေကျစကားကိုပြန်ပြောလိုပါသည်။ “သူတို့ဟာ ဗမာဘုရင် အလောင်းမင်းဘုရားရဲ့ အမျိုးအနွယ်ဖြစ်တယ်။ သူရဲ့ အဘွားရဲ့ အဘွားရဲ့ အဘွား ဟိုရှေးက အဘွားက အလောင်းဘုရားနဲ့ အကြောင်းပါခဲ့တယ်။ အလောင်းဘုရားဟာ ယိုဒယားအသွား မွန်ဒေသအရောက်မှာ ပေါက်ဖွားခဲ့တဲ့ မျိုးဆက်” ဆိုပဲ။ အလောင်းဘုရားရဲ့ မျိုးဆက်ပေါ့လေ။ ရူးတာ။ သူ့သားနာမည်ပေးတာ “ဇေကိုမင်း” ဆိုပဲ။ ဦးအောင်ဇေယျရဲ့ မျိုးဆက်ပေါ့လေ။ တခါတလေ မှုးရူးပြီးရောက်လာရင် စိတ်လေတယ်။ နားငြီးအောင်ပြောတယ်။ ထားပါ။
ဒီလိုနဲ့ မဆလ လက်ထက် မော်လမြိုင်ဘက်မှာ မှောင်ခိုတခေတ်ထပါရော။ ဟ .. မင်းဆွေပဲ ဘယ်နေပါ့မလဲ။ သိတယ်မဟုတ်လား။ မင်းဆွေလေ တိုင်းချစ် ပြည်ချစ် မျိုးချစ်ပုဂ္ဂိုလ်ကြီးပဲလေ၊ ဘယ်နေမလဲ မှောင်ခိုချတာပေါ့။ မှောင်ခိုစက်လှေထောင်တယ်။ သူပုန်နဲ့ပေါင်းတယ်။ စုံနေတာပဲ။ နောက်ဆုံး ပစ္စည်းမှောင်ခိုတင်မကဘဲ သစ်မှောင်ခိုပါ ချတာဗျ။ အကြီးအကျယ်ပဲ။
မင်းဆွေတို့ ကံဇာတာနိမ့်ချိန်ထင်ပါတယ်။ ပြဿနာတက်ပါလေရော။ ဘယ်ပုဂ္ဂိုလ်တွေနဲ့ ဘယ်လိုပေါင်းလုပ်လုပ် မင်းဆွေ ခင်မျာ ကံကြမ္မာဂြိုလ်စီးပြီး ကိုယ့်ပစ္စည်းကို မြွေမှတ်နေတဲ့အချိန်ဆိုတော့ ဒုက္ခရောက်တာပေါ့။ သစ်မှောင်ခိုမှုနှင့် ဖမ်းဝရမ်းထုတ်ခံရတယ်လေ။ အမယ် အခုမှ ဂျာနယ်တွေ၊ သတင်းစာတွေ၊ blog တွေမှာ ပါရတယ် မထင်နဲ့နော်။ ဟိုး … လွန်ခဲ့တဲ့ ၁၈၊ ၁၉ နှစ်လောက်ကတည်းက နာမည်ကြီး သတင်းစာထဲမှာဗျာ၊ သူ့ပုံကြီးနဲ့ ဝရမ်းပြေးမင်းဆွေဆိုပြီး ဟိုးလေးတကျော်ပေါ့ဗျာ။ (သိလိုသူများ သတင်းစာပြန်ရှာလျှင် မြင်နိုင်ပါသေးသည်။)
ဒီမှာပေါ့ဗျာ အလောင်းဘုရားသွေး တပဲသားလောက်ပါတော့ မင်းဆွေတို့ ဘယ်နေမလဲ၊ မော်လမြိုင်က ရှိသမျှ အိုးအိမ်အကုန်ရောင်းချပြီး ရန်ကုန်ကို ပြေးတာဗျို့၊ အမြီးလေးငုတ် ခေါင်းလေးပုပြီးတော့ပေါ့။ ရန်ကုန်ရောက်တော့ ပေါ်ပေါ်ထင်ထင် မနေရဲဘူး။ ပုဇွန်တောင်မြို့နယ် ၄၉ လမ်းမှာရှိတဲ့ ကန်ထရိုက်တိုက်ရဲ့ ဟိုးထိပ်ဆုံး ခေါင်းမိုးလိုနေရာမှာနေတာ။ နေတာဆိုတာထက် ပုန်းတာဆိုတာ ပိုမှန်တာပေါ့။ မင်းဆွေခင်ဗျာ အမြီးတောင် မလှုပ်ရဲဘဲ ရဲမြင်တာနဲ့ ဖျားချင်သလိုလို ဖြစ်နေတာ။
ဒီနေရာမှာ မင်းဆွေရဲ့ ဝါသနာလေးတွေ ဆက်လက်တင်ပြပါရစေ။ ဘမျိုးဘိုးတူဆိုတာလေးနဲ့ ပြောပါရစေ။ မင်းဆွေရဲ့ အဖေဟာ ဆားလုပ်ငန်းလုပ်ပါတယ်။ ဒေသခံတွေ အခေါ်ကတော့ ဆားဘိုကြီးပေါ့ဗျာ။ အဖိုးကြီးကလည်း မခေဘူးဗျ။ မိန်းမတွေ သက်စေ့ယူထားတာ။ မင်းဆွေခင်ဗျာ ဘယ်နှယောက်မြောက်မိန်းမက ပေါက်ဖွားလာတာလဲတောင် မသိဘူးဗျာ အဲဒီလောက် ...။စကားမစပ် မင်းဆွေကို ပြောပါရစေ။ ခင်ဗျား ကလောင်နာမည်ရွေးတာ မှားတယ်ဗျ။ ဖားမင်းဆွေမဟုတ်ဘူး၊ “ဂျိမ်းစဘွန်းမင်းဆွေ” လို့ ပေးရမှာဗျ။ ဟုတ်ပါတယ်ခင်ဗျ။ ခင်ဗျားရဲ့ စွံချက်ကတော့ ကမ်းကုန်ပဲ၊ ယောက်ျားချင်းတောင် အားကျလောက်ပါတယ်။ မော်လမြိုင်မှာ ကျန်ခဲ့တဲ့ မိန်းမ နှစ်ယောက်ဗျာ။ အကြီးနဲ့ အငယ်ပေါ့။ အဲ … ရန်ကုန်ကိုပြေးတော့ တတိယမြောက် မဟေသီနဲ့ဗျာ၊ အဲဒီလိုဗျာ။ သုံးယောက်လောက်ပဲရှိတယ် ကုန်ပြီမမှတ်နဲ့နော်။ တရားဝင် ငါးယောက်လောက် ထားပါတော့ဗျာ။ တရားမဝင်တာတော့ မင်းတုန်းမင်း နီးနီးပဲ။ ဒီလောက်ဆိုရင် သူရဲ့ ဝါသနာ ကျွမ်းကျင်လိုက်စားမှုကို ရိပ်မိလောက်ပြီထင်ပါရဲ့။
မင်းဆွေရဲ့ အလုပ်က ၂ ခုပဲရှိပါတယ်။ တခုက ညစဉ် စင်တင် စားသောက်ဆိုင်တကာ လှည့် မူးယစ်သောက်စားမယ်။ ရမ်းကားမယ်။ မကြီးမငယ်နဲ့ ရန်ဖြစ်မယ်လေ။ ဒီလိုနဲ့ သူကြိုက်တဲ့ အဆိုတော် ကောင်မလေးတွေဆိုရင် အခွေတွေဘာတွေတောင် ထုတ်ပေးလိုက်သေးတာ။ထားပါတော့။ ဒီလိုနဲ့ မင်းဆွေဘဝကို ပြောင်းလဲမယ့် ကိစ္စတခုပေါ်လာရောဗျာ။ အလိုတော်ရိတယောက်ရဲ့ နိဒါန်းပေါ့။ တည စားသောက်ဆိုင်မှာ မှုးယစ်သောက်စားရင်း အဆိုတော်ကောင်မလေးတွေကို ပန်းကုံးစွပ်တယ်လေ။ အဲဒီမှာ တခြားဝိုင်းလူတွေနဲ့ ညိကြရော၊ မင်းဆွေခင်မျာ တခါတည်းဆေးရုံရောက်တာ။ အဲဒီမှာ စရူးကြောင်ကြောင်ဖြစ်တာ။ အမယ် သူရူးတာက သူများတွေနဲ့ မတူဘူးဗျ။ ခပ်ဆန်းဆန်းပဲ။ သူများတွေဆို မယားတရူး၊ လင်တရူး၊ သူဌေးရူးရူးမှာ။ အောင်မယ် ... သူက အလိုတော်ရိရူး၊ ကပ်ဖားရူးရူးတာ။ ဆောင်းပါးရှည်ကြီးရေးရော အခုလိုပဲဗျ။ ရှုးကြောင်ကြောင်နဲ့ ဖားထားတာ။ဘယ်သူ့ကိုလဲဆိုတော့ ထောက်လှမ်းရေးပြုတ်ကြီး ဗိုလ်ခင်ညွှန်တို့ပေါ့ဗျာ။ အဲဒီတုန်းကတော့ တန်ခိုးထွားတုန်းပေါ့။ သူ့ဆောင်းပါးမှာ ဘာရေးထားသလဲဆိုတော့ ကျနော်မှတ်မိသလောက်ပြောရရင်၊ သူနယ်မှာတုန်းကပေါ့ဗျာ။ အတွင်းရေးမှူး (၁) ကြီးက ဟယ်လီကော်ပတာကြီးနဲ့ ရောက်လာတယ်ပေါ့။ အောင်မယ် ဟယ်လီကော်ပတာက ကွင်းဆင်းမယ်လုပ်တော့ weather ကမကောင်းဘူးပေါ့ဗျာ။ ဒါနဲ့ pilot က မဆင်းဖို့ ပြောတာကို ဗိုလ်ချုပ်ကြီးက မရဘူး၊ ဆင်းရမယ်ဆိုပြီး အတင်းဆင်းခိုင်းနေတယ်ဆိုပဲ။ ဒါကိုသူကသိတော့ တိုင်းပြည်အတွက် အသက်စွန့်ပြီးလုပ်တာ ဘယ်လောက် လေးစားတယ်ပေါ့။ ဘယ်လောက် မျက်ရည်ကျရတယ်ပေါ့ စသည်ဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ဖားထားတာ။ ကျနော်တို့မှာ ဒီဟာကြားကတည်းက တော်တော်ရွံသွားတာ။ ဟိုးတုန်းကတည်းက မျက်ရည်ကျပြီးရေးတာနော်။ (အဖားတော်ပုံက)
ဒီကိစ္စတွေက ဟိုးအရင်ကပါ။ ယခုလက်ရှိ ဖားမင်းဆွေကတော့ တော်တော်ပြောင်းလဲသွားပြီ။ သူအရင်လုပ်နေကျ အရက်သောက် မိန်းမလိုက်ကိစ္စ လုပ်မလုပ်မသိရပေမယ့် သူလုပ်တာတွေက အရင်ကတွေထက်တောင် အော့နှလုံးနာစရာ ကောင်းလှပါတယ်။ စစ်အစိုးရ အောက်ဆွဲလုပ်ရပ်တွေက ထင်ထင်ရှားရှား ပေါ်လာပြီးဖြစ်ပါတယ်။ သူနဲ့ အဆင့်အတန်းချင်း ယှဉ်ရင် နံ့သာဆီနဲ့ အီးလိုကွာလှတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် level ချင်း ညှိနေတာ ရင်နာလွန်းလို့ပါ။ တိုင်းပြည်ကောင်းစားရေး မီးမှန်ရေး ဘာရေး ညာရေးနဲ့ ခွေးပါးစပ်က နတ်စကားတွေထွက်နေပါတယ်။ သူ့အစား ကျနော်ကြားထဲက ရှက်လိုက်တာ တော်တော် အော့နှလုံးနာလှပါတယ်။
တိုင်းရေးပြည်ရေးမပြောနဲ့ မိသားစုအရေးတောင် ကောင်းအောင် မလုပ်နိုင်ပဲနဲ့ သူက ရေးနေလိုက်တာ။ ယခုလက်ရှိ ဖော်လံဖားတွေလုပ်နေရလို့ သူ့မှာ စီးပွားတောင်မရှာနိုင်တော့ဘူး။ သူရဲ့ တတိယမြောက်မယား ဒေါ်တင့်တင့်က ရှာကျွေးနေရပါတယ်။ မိန်းမက ငါးမွေးမြူးရေးလုပ်ပါတယ်။ ဒီမှာ မင်းဆွေက သူကလောင်နဲ့ လိုက်အောင် မိန်းမ ငါးကန်က ငါးတွေ ခိုးရောင်းစားပါတယ်။ လင်မယားအချင်းချင်းတောင် အော့နှလုံးနာတဲ့အဖြစ်ပါ။
နောက်ဆုံး သူမွေးဇာတိ ကျိုက္ခမီမြို့တောင် မပြန်ရဲတဲ့အဖြစ် ဖြစ်နေပါတယ်။ ၂၀၁၀ ပြည်သူ့ချဉ်ဖတ်ဆု ပေးရင် ထိပ်ဆုံးရမယ့် အမျိုး။
ဟိုရက်ပိုင်းက စတန့်ထွင် အရှုးထတာတွေ မြင်လိုက်ပါတယ်။ ကျနော်တခုလောက် ပြောပါရစေ။ အဖွဲ့ချုပ် လူကြီးများခင်ဗျာ၊ သူ့ကို လက်ခံတွေ့ဆုံပြီး ဆွေးနွေးခြင်း ရှင်းပြခြင်း နောက်ထပ် မလုပ်ပါနဲ့တော့ခင်ဗျာ။ ကျနော်တို့မြင်ရတာ ရွံလွန်းလို့ပါ။ လူကြီးမင်းတို့ အဆင့်အတန်းနဲ့ဆိုရင် စကားပြောရလောက်အောင် တန်တဲ့သူမဟုတ်ပါ။ သူ့ဘဝမှာ မဟုတ်တာတွေပဲလုပ်ခဲ့ပါတယ်။ လူမှုရေးကိုယ်ကျင့်သိက္ခာ တခုမှမကောင်းပါ။
ကျနော်ပြောချင်တဲ့ မင်းဆွေအကြောင်းက ဒါပါပဲ။ ကျနော်ထက် သိတဲ့သူတွေရေးရင် ဒီထက်အော့နှလုံးနာစရာတွေ ပေါ်လာဦးမှာပဲ။ တကယ်လို့ ကျနော်ပြောတာမယုံကြည်ဘူးဆိုရင် မော်လမြိုင် ကျိုက္ခမီမြို့များတွင် စုံစမ်းနိုင်ပါသည်။
ဖားမင်းဆွေအနေနဲ့ အထက်ကိစ္စများ မမှန်ဘူးဆိုလျှင် ကြိုက်တဲ့နေရာတွင် ငြင်းချက်ထုတ်နိုင်သည်။ အယ်ဒီတာအား ကျေးဇူးတင်ပါသည်။
စာမရေးတတ်သော်လည်း မျက်စိနောက်လွန်း၍ ထရေးခြင်းဖြစ်ပါသည်။ သည်းခံပေးပါ။
ရန်ကုန်သားလေး