အိမ်နောက်ဖေး ကောက်ရိုးမှို ဈေးဆိုင်တည်ခြင်း

64 views
Skip to first unread message

Thaung Naing Oo

unread,
Aug 16, 2013, 12:42:17 PM8/16/13
to travelmyanmar

အိမ်နောက်ဖေး ကောက်ရိုးမှို ဈေးဆိုင်တည်ခြင်း

          ဒီနေ့ ကျွန်တော်ရဲ့ဧည့်သည်တော် (ဂျပန်လူမျိုး) က ကောက်ရိုးမှိုလုပ်ငန်း လေ့လာချင်တယ်ဆိုလို့  မန္တလေးမြို့နှင့် အနီးဆုံးနေရာဖြစ်တဲ့ ဆင်ရွာကြီးကျေးရွာကို သွားရောက်ပို့ဆောင်ပြသပေးကာ လေ့လာဖြစ်ခဲ့ကြပါတယ်။ ဆင်ရွာကြီးရွာဆိုတာ မန္တလေးကနေမြောက်ဘက် မတ္တရာကားလမ်းအတိုင်း (၅) မိုင်ခန့်သွားလိုက်လျှင် ဆင်ရွာကြီး သို့ (၂) မိုင် (၂) ဖာလုံ ဆိုတဲ့ဆိုင်းဘုတ်တွေ့ပါမယ်။ အရှေ့ဘက်(လင်္ကျာဘက်)သို့ လိုက်သွား လျှင် (၁၅) မိနစ်ခန့်ပဲကြာပါတယ်။

ဆင်ရွာကြီးမှာ ထူးခြားချက်(၃) ခုရှိပါတယ်။ ပထမတစ်ခုက တစ်ချိန်က ရုပ်သေး ဆရာကြီးများ များစွာပေါ်ထွန်းခဲ့တဲ့ ကျေးလက်တောရွာကလေးပါ။ နိုင်ငံကျော်ရုပ်သေးဇာတ် သဘင်အဖွဲ့ဖြစ်တဲ့ ရွှေဘိုတင်မောင်ရုပ်စုံသဘင်မှ ဆင်ရွာကြီးရွာသား ဦးတိမ်ခိုးဆိုတာ ထိုအချိန်က အတော်ရေပန်းစားခဲ့တာပါ။ ယနေ့ ဆိုင်းဆရာဗိုလ်ဗတင်းရဲ့ဖခင် အောင်မင်းစိန်ရုပ်စုံသဘင်နှင့် ဦးမြိုင်၊ ဦးဘရီ၊ ဦးညွှန့်စတဲ့ ရုပ်သေးပညာရှင်များစွာတို့ဟာ တစ်ခေတ်တစ်ခါက နာမည်ရခဲ့တဲ့သူများပါပေ။ နောက်တစ်ခုမှာ ဆင်ရွာကြီးရဲ့ ရိုးရာဆင်နတ်ပွဲပါပဲ။ နောင်အလျှင်းသင့်ပါက အဆိုပါရိုးရာဆင်နတ်ပွဲအကြောင်းကို မျှဝေပေးပါဦးမည်။ နောက်တစ်ခုက ယခုတင်ပြမည့် ကောက်ရိုးမှိုလုပ်ငန်းဖြစ်ပါတယ်။ ဆင်ရွာကြီးအိမ်ခြေအားလုံး၏ ၆၀ ရာနှုံးခန့် ကောက်ရိုးမှိုလုပ်ငန်းဖြင့်အသက်မွေးနေကြ ပါတယ်။ ကောက်ရိုးမှိုလုပ်ငန်းနှင့်ပတ်သက်၍ ဆိုင်းဆရာကြီးဦးသိန်းဝင်း၏ ဆက်သွယ်ပေး မှုဖြင့် ကိုယ်တိုင်လုပ်ကိုင် အသက်မွေးနေသော ဆင်ရွာကြီးရွာသား ဦးမင်းမင်းက ကောက်ရိုးမှိုအကြောင်း အသေးစိပ် ရှင်းပြပေးခဲ့တာ ဖြစ်ပါတယ်။ ဧည့်လမ်းညွှန်ညီအစ်ကို မောင်နှမများလည်း မိမိတို့ရဲ့ ဧည့်သည်များကို ရှင်းပြပေးနိုင်ရန်နှင့် ၀ါသနာပါပါက တနိုင်တပိုင် မိမိတို့ရဲ့ အိမ်နောက်ဖေးမှာ ကောက်ရိုးမှိုဈေးဆိုင်တည်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။

 

ကောက်ရိုးမှိုမျိုး တည်ခြင်း

၁။ စပါးစေ့ပြုတ်ခြင်း (ပြောင်းစေ့၊ လွှစာမှုံ၊ ၀ါစေ့ စသည်များဖြင့်လည်းပြုလုပ်နိုင်သည်) (၄၅) မိနစ်ကြာပြုတ်ရသည်။ (မလိုအပ်သော ပိုးများသတ်ခြင်းဟုဧည့်သည်ကဆိုပါသည်။)

၂။ နေလှမ်းခြင်း (ခတ်ထန့်ထန့်ကျန်သည်အထိနေလှမ်းရသည်။)

၃။ ပုလင်းထဲသို့ သိပ်ထဲ့ခြင်း

၎။ ပေါင်းခံခြင်း (၃ နာရီကြာ အပူချိန်ခတ်ပြင်းပြင်းပေါင်းရသည်။)(ပိုးသတ်ခြင်းဖြစ်သည်။)

၅။ အအေးခံခြင်း

၆။ မှိုမျိုးစေ့ထဲ့ခြင်း (ပွင့်ပြီးမှိုမှ တစ်ရှုးစ၊ အသားစကိုယူ၍ ထဲ့ရသည်။) (အချို့က ကိုယ်တိုင်မပျိုးဘဲ ရန်ကုန်၊ မန္တလေးတို့မှ မှာယူတဲ့ မှိုမျိုးကို ၀ယ်သုံးကြတယ်လို့ဆိုပါတယ်။)

၇။ ပျိုးထောင်ခြင်း (အနည်းဆုံး ရက် ၂၀ မှ အများဆုံး တစ်လထိ နေလုံမိုးလုံ အရိပ်ထဲတွင်ထားပေး ရသည်။)

 

ကောက်ရိုးမှိုပျိုးဖောက်ခြင်း

၁။ ကောက်ရိုးအချဉ်ဖောက်ခြင်း (ကောက်ရိုးများကို မြေပြင်ပေါ်တွင်ပုံ၍ ရေလောင်းပေးရသည်။ ၎င်းနောက် ပလပ်စတစ်ဖြင့် လုံအောင်ဖုံးကာ ၇ ရက်ခန့်ထားရသည်။)

၂။ ထို့နောက် ၎င်းအချဉ်ဖောက်ပြီးကောက်ရိုးကိုယူ၍ တစ်ထွာအရှည်ခန့်ရှိပြီး ထိပ်ဝ ၅ လက်မခန့်ရှိ ပလပ်စတစ်အိတ်တွင်းသို့ သွတ်ထဲ့ရသည်။

၃။ ၎င်းအိတ်များကို (၃) နာရီကြာခန့် ပေါင်းခံပေးရသည်။ (တစ်ကြိမ်လျှင် အထုပ်ပေါင်း ၈၀ ခန့်ပေါင်းသည်။ နောက်ထပ်ပိုးသတ်ခြင်းဖြစ်သည်။)

၎။ ထို့နောက် အထက်ပါ ပျိုးထောင်ထားတဲ့ မှိုမျိုးများကို အိတ်ရဲ့ထိပ်ပိုင်းမှာထဲ့တင်၍ ကော်ပိုက်သေးသေးဖြတ်၊ အလယ်မှာဝါဂွမ်းဆို့ပြီး သားရေကွင်းဖြင့် စည်းနှောင်ပိတ်လိုက်ကာ မိုးလုံနေလုံအဆောက်အဦအတွင်းတွင် စင်ထိုး၍ စီတန်းထားရသည်။

၅။ မှိုမျိုးများသည် တဖြေးဖြေး အိတ်တစ်ခုလုံးသို့ ပြန့်ဆင်းသွားပြီး၊ တစ်လခန့်ကြာသည့်အခါ ၎င်းအိတ်၏ ထိပ်ပိုင်းကိုသာ ဖွင့်ပေး၍ (၃) ရက်ကြာထားရသည်။

၆။ အဲဒီနောက် ရေလောင်းပေးရသည်။ (အပူချိန်ထိန်းညှိပေးခြင်းဖြစ်သည်။ လိုအပ်သည့် အပူချိန်မှာ ၂၀ံC မှ ၃၀ံC အတွင်းဖြစ်သည်။

၇။ (၂) ရက်ကြာလျှင် အပွင့်များစထွက်လာပါပြီ။

၈။  နောက်ထပ်(၂) ရက်အကြာမှာတော့ စတင်ခူးယူလို့ရပါပြီ။ (၂ လကြာထိ ခူးယူလို့ရပါတယ်။)

၉။ အပွင့်များကုန်အောင်ပွင့်ပြီး ကျန်သည်များကိုတော့ စွန့်ပစ်ကာ မြေသြဇာအဖြစ် ပြုလုပ်ပါတယ်။

 

          ပျိုးမှိုပလပ်စတစ်ထုပ်တစ်ထုပ်မှ မှိုပွင့် (၁၃) ကျပ်သားမှ (၁၅) ကျပ်သားအထိ ထွက်ရှိပြီး၊ မှိုပွင့်တစ်ပိဿာလျှင် (၁၄၀၀) ကျပ်ရတယ်လို့ ဆိုပါတယ်။ အရင်းအနှီးကတော့ အနဲဆုံး (၅) သိန်းနှင့် အဆောက်အဦပါထဲ့တွက်လျှင် (၁၈) သိန်းခန့် ကုန်ကျသည်ဟုဆိုပါတယ်။

          ကိုမင်းမင်းက ဧည့်သည်ကို (ဂျပန်မှာရော မှိုပျိုးတဲ့လုပ်ငန်းရှိပါသလား) မေးတော့၊ အများကြီးရှိပါတယ်။ မှိုအမျိုးပေါင်းမရေမတွက်နိုင်အောင်အများကြီးရှိတယ် လို့ဆိုပါတယ်။ နောက်ထပ်မေးခွန်းတစ်ခုကတော့ (ဂျပန်မှာ မှိုပျိုးတာနဲ့ မြန်မာမှာမှိုပျိုးတာ ဘာကွာပါသလဲ) လို့ မေးတော့၊ အများကြီးကွာပါတယ်တဲ့။ ဂျပန်မှာတော့ လူကလုပ်တာတစ်ခုမှမရှိပါဘူးတဲ့၊ အားလုံးစက်နဲ့ပဲလုပ်ပါတယ်တဲ့။ ကြားလိုက်ရတဲ့ ကိုမင်းမင်းမှာတော့ မျက်လုံးပြူးအံ့သြကာ တတ်လဲတတ်နိုင်ပါပေတယ်လို့ မှတ်ချက်ချလိုက်ပါတယ်။

 

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

မန္တလေး


20130816_114131.jpg
20130816_114140.jpg
20130816_115536.jpg
20130816_115600.jpg
20130816_120807.jpg
20130816_120904.jpg
20130816_120929.jpg
20130816_120949.jpg
20130816_121002.jpg
Reply all
Reply to author
Forward
0 new messages