ကယန်းသည် မြန်မာနိုင်ငံရှိ တောင်ပေါ်ဒေသတွင် နေထိုင်သော လူမျိုးတစ်ခုဖြစ်သည်။ ကရင်နီလူမျိုးစု နွယ်ဝင် ခုမျိုးစုခွဲတစ်ခု ဖြစ်သည်။ ကယန်းလထာ၊ ကယန်းကငံ၊ ကယန်းလဝီ (ပဒေါင်း)၊ ကာကောင်း ဟူ၍ ကယန်းတွင် လူမျိုးစုခွဲ လေးခုရှိသည်။
ကယန်းတိုင်းရင်းသားများက မိမိတို့ လူမျိုး၏ မူလအမည်မှာ "ကန်လန်" ဖြစ်သည်ဟု ဆိုသည်။ "ကန်"မှာ "ပိုင်နက်၊ နယ်မြေ" ဖြစ်ပြီး၊ "ယန်"မှာ "စွဲစွဲမြဲမြဲ ရှိခြင်း၊ အတည်တကျ ရှိခြင်း"ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် "ကန်ယန်"ဆိုသည်မှာ "နယ်မြေဒေသတစ်ခုအတွင်း အတည်တကျ စွဲစွဲမြဲမြဲနေတတ်သည့် လူမျိုး"ဟု ဆိုလိုသည်။ ကာလရွေ့လျောလာသည့်အခါ "ကန်ယန်"မှ "ကယန်း" ဖြစ်လာသည်ဟု ဆိုပါသည်။ ထို့ပြင် ကယန်းမျိုးနွယ်၌ မျိုးနွယ်ခွဲပေါင်း (၄)မျိုးရှိသည်ဟု ဆိုသည်။ ယင်းတို့မှာ-
1. မိမိကိုယ်ကို တောင်ပေါ်ဒေသ၏ အရှင်သခင်ဟု ယူဆထားပြီး အမျိုးသမီးများ၏ လည်ပင်းနှင့် ခြေထောက်တို့တွင် ကြေးခွေများ ရစ်ပတ်ဝတ်ဆင်လေ့ရှိသည့် "ကယန်း" (ပဒေါင်)
2. မြေပြန့်လွင်ပြင်တွင် အနေများပြီး လည်ပင်းတွင် ငွေပြားများ ချိတ်ဆွဲဝတ်ဆင်လေ့ရှိသည့် ယင်းဘော်ခေါ် "ကယန်း" (ကငံ)
3. တောင်ပေါ်ဒေသတွင် အနေများပြီး ကယန်း(ပဒေါင်)ဘာသာစကားနှင့် အလွန်နီးစပ်သည့် စကားကို ပြောဆိုကြသော ကေခို၊ ကေဘားခေါ် "ကယန်း" (ကေခို)
4. တောင်ပေါ်ဒေသ ကျောက်တုံး၊ ကျောက်စိုင်များကြားတွင် အိမ်ကလေးများဆောက်ကာ အမျိုးသားများ ကတုံး တုံးလေ့ရှိသော ဇယိမ်ခေါ် "ကယန်း" (လထ) တို့ဖြစ်ကြသည်။ ဆက်လက်ဖတ်ရှုရန်
(မြန်မာဝီကီ)http://www.wikimyanmar.org/wikiကိုသင်ကာ၏ ဖြည့်စွက်ချက်"သူတို့က ပဒေါင်လို့ခေါ်တာ မကြိုက်ပါဘူး။ ကယန်းလို့ ခေါ်ရပါတယ်။ "ပတ်တောင်း" ဆိုတာ ရှမ်းတွေကပေးတဲ့ နာမည်မို့ပါ။ အတိအကျခေါ်ရင် ကယန်းလဝီ ဖြစ်ပါတယ်။
အစဉ်အလာအရ ဗုဒ္ဓဟူး၊ လပြည့်နေ့ မွေးတဲ့ မိန်းကလေးမှ ကြေးကွင်းပတ်ရပါတယ်။ ဒါပေမယ့် (အထူးသဖြင့် ထိုင်းနယ်စပ်မှာ) မိန်းကလေးတိုင်း လိုလို ကြေးကွင်းပတ်ပါတယ်။
အကြာကြီးနေမှ ရေတခါချိုးတယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော် ပဒေါင်အိမ်မှာ သုတေသနလုပ်ဖို့ လနဲ့ချီပြီး သွားနေဖူးပါတယ်။ ရေကို နေ့တိုင်းချိုးပါတယ်။ ချိုးရင်လည်း အကြာကြီးပါပဲ။ လည်ပင်းထဲကိုလည်း ဆေးကြောရပါတယ်။
အားလုံးပေါင်း လူဦးရေ ၂၀၀ လောက်ပဲ ကျန်တယ်ဆိုတာ မဟုတ်ပါဘူး။ ထိုင်းမှာ Human Zoo ဆိုပြီး နာမည်ဆိုးနဲ့ ပြစားခံနေရတဲ့ ရွာသုံးရွာအပြင်၊ ဒုက္ခသည်စခန်းထဲမှာရော ကြေးကွင်းပတ်ကယန်း ၁၀၀ ကျော်လောက်ရှိမယ် ခန့်မှန်းရပါတယ်။ မြန်မာပြည်က မပါသေးပါဘူး။
ကော်မန့်ထဲက တချို့ကိုလည်း ဖြည့်စွက်ပြောချင်ပါတယ်။ ထိုင်းမှာကျောင်းတက်ဖို့ ကြေးကွင်းချွတ်ရဆိုတာ မဟုတ်ပါဘူး။ ထိုင်းကျောင်းကို သူတို့ တက်ကို တက်ခွင့်မရလို့ပါပဲ။ ထိုင်းက အသိအမှတ်မပြုတဲ့ အလွတ်စာသင်ကျောင်းများနဲ့ ဒုက္ခသည်စခန်းထဲက Post Ten လို့ ခေါ်တဲ့ ဆယ်တန်းလွန်ကျောင်းများသာ စာသင်ရပါတယ်။
အခု မြန်မာပြည်မှာရော၊ ထိုင်းဘက်ရောက်နေတဲ့ ကြေးကွင်းပတ်ကယန်းများ ရင်ဆိုင်နေရတဲ့ ပြဿနာကတော့ မျိုးဆက်သစ် ကယန်းမိန်းကလေးတွေက ကြေးကွင်းတွေ ချွတ်ပစ်တာ၊ ဆက်မပတ်တော့တာပါပဲ။
ကြေးကွင်းပတ်တဲ့ မိန်းကလေးဆို ထိုင်းက ချုပ်ကိုင်ထားတဲ့ စီးပွားရေးသမားတွေက အပျိုဆို ဘတ်တစ်ထောင်၊ အိမ်ထောင်သည်ဆို ၁၅၀၀ ပေးပါတယ်။ အလွတ်တန်း အလယ်တန်း၊ အထက်တန်း၊ ပို့စ်တန်းကျောင်းတွေ အောင်ပြီးတဲ့ မိန်းကလေးတွေဟာ သူတို့ကို သူများက အထူးအဆန်းလို ဝိုင်းကြည့်တာတွေ၊ ဘတ်တစ်ထောင်နဲ့ တိုးရစ်တွေ ဝိုင်းကြည့်၊ ကိုင်ကြည့်၊ ဓာတ်ပုံရိုက်ခံရတာတွေကို စက်ဆုပ်လာတဲ့အတွက် ချွတ်ပစ်တာမျိုးတွေ ရှိလာပါတယ်။
ကြေးကွင်းပတ်ထားလို့ တတိယနိုင်ငံထွက်ခွင့်မပေးတာကို စိတ်နာလို့ ကြေးကွင်းချွတ်ပစ်တဲ့ မိန်းကလေးတွေလည်း အများကြီး တွေ့ခဲ့ရပါတယ်။
သူတို့ရဲ့ ကြေးကွင်းပတ်ယဉ်ကျေးမှုဟာ ပျောက်ကွယ်တော့မလားလို့ မေးခွန်းထုတ်ရမယ့် အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။
သူတို့အကြောင်း သေချာဖတ်ချင်ရင်တော့ -
UCLA မှာ ဂုဏ်ထူးတန်းစာတန်းတစ်စောင်၊ မဟီဒေါတက္ကသိုလ်မှာ ရိုးရိုးဘွဲ့ယူ စာတမ်းတစ်စောင်နဲ့ ချင်းမိုင်တက္ကသိုလ်မှာ မဟာဘွဲ့ ကျမ်းနှစ်စောင် ရှိပါတယ်။
ပြီးတော့ From the Land Green Ghosts, ကယန်းအမျိုးသား၏ ဆွေစဉ်မျိုးဆက် မှတ်တမ်းဝင်များစာစောင်နဲ့ ကယန်း (ပဒေါင်) ဆိုတဲ့ စာအုပ်တွေလည်း ရှိပါတယ်။
သူတို့အကြောင်း လေ့လာရေးသားမှုဟာ တခြားတိုင်းရင်းသားတွေနဲ့စာရင် အလွန်နည်းပါးလှပါတယ်။
သင်ကာတရုတ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သော အောက်ပါအချက်အလက်နှင့် လူဦးရေ အရေအတွက်မှာ မတိကျသောကြောင့် (မှားနိုင်သောကြောင့်) အထက်ဖော်ပြပါ မြန်မာဝီကီနှင့် ကိုသင်ကာတို့၏ ရေးသားချက်ကို ကိုးကားစေလိုပါသည်။မြန်မာတိုင်းရင်းသားလူမျိုးတွေထဲမှာ ပဒေါင်လူမျိုးလည်း အပါအဝင်ဖြစ်တယ်။ ပဒေါင်လူမျိုးကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ မြန်မာနယ်စပ်တွေမှာ
တွေ့ရှိရတယ်။ ပဒေါင်လူမျိုးဟာ ရှားပါးလူနည်းစုဖြစ်ပါတယ်။
ပဒေါင်လူမျိုးတွေမှာ အထူးခြားဆုံးက ပဒေါင်အမျိုးသမီးတွေပြီး သူတို့ဟာ အလေးချိန် စုစုပေါင်း ကီလို၂ဝရှိတဲ့ ကြေးကွင်းပေါင်း အခု(၂ဝ)ကို လည်ပင်းမှာ စွပ်ထားကြတယ်။
ပဒေါင်အမျိုးသမီးတွေက ၅နှစ် ၆နှစ်သားအရွယ်တည်းက ၁ကီလိုဂရမ်လေးတဲ့ ကြေးကွင်းကို စွပ်ရတယ်။ (၁ဝ) နှစ်အရွယ်ကစပြီး ကြေးကွင်းကို တစ်နှစ်တစ်ကွင်းနဲ့ အသက်၂၅နှစ်ထိတိုးရပါတယ်။ လည်ပင်းရှည်မှ အမျိုးသမီးတွေ ပိုလှတယ်လို့ ဆိုပါတယ်။ကြေးကွင်းတွေကို အသက်သေဆုံးတဲ့အထိ ဝတ်ဆင်ကြရပြီး တစ်ချို့သက်ကြီးသူတွေက (၂၇) ကွင်းထိ ဝတ်ဆင်နိုင်ကြတယ်။ ကြေးကွင်းတွေက ထပ်တိုးဖို့သာရှိပြီး ချွတ်ပစ်၊ လျော့ပစ်လို့မရပါဘူး။ ညအိပ်ရာဝင်ချိန်မှသာ အိပ်ရမခက်အောင် နောက်ကအချိတ်ကို ခေတ္တခဏ ဖြုတ်ရုံပဲရှိပါတယ်။ ပဒေါင်လူမျိုးတွေဟာ ရက်အတော်ကြာမှ ရေတစ်ခါချိုးပြီး ရေချိုးချိန်မှာ အချင်းချင်း အဝတ်စတွေနဲ့ ကြေးကွင်းနေရာတွေမှာ ကူတိုက်ပေးကြရတယ်။ပဒေါင်ရိုးရာဓလေ့မှာ ကြေးကွင်းမစွပ်ခင် နတ်ဆရာတွေနဲ့ ပူဇော်ပသ ရွတ်ဆိုပြီးမှ စွပ်ရပါတယ်။ ကြေးကွင်းစွပ်ပြီးနောက် မဖြုတ်ရတော့ပါဘူး။ ဖြုတ်ခဲ့ရင် လည်ပင်းအချိုးခံရတတ်တယ်လို့ အယူရှိကြတယ်။ ကြေးကွင်းစွပ်ထားတဲ့ လည်ပင်းဟာ အလွန်ပျော့ပျောင်းပြီး ကြေးကွင်းချွတ်တာနဲ့ ကျိုးနိုင်တဲ့ အနေအထားမှာရှိလို့ ဖြစ်ပါလိမ့်မယ်။ ပဒေါင်လူမျိုးတွေက ယောက်ျားကို နဂါး၊ မိန်းမကို ဇာမဏီလို့ ယုံကြည်ကြတယ်။ နဂါးနဲ့ဇာမဏီဟာ မြင့်မြတ်၊ တန်ဖိုးကြီးတယ်လို့ မှတ်ယူကြပြီး ကမ္ဘာပေါ်ရှိရှိသမျှ လူတွေအားလုံး နဂါးနဲ့ဇာမဏီဖြစ်ဖို့ ကြိုးစားကြတယ်လို့ ထင်မှတ်ထားကြတယ်။
ပဒေါင်လူမျိုးတွေက လည်ပင်းကို ကြေးကွင်းစွပ်ကြတဲ့အပြင် လက်၊ ခြေထောက်တွေမှာလည်း စွပ်ထားကြတယ်။ လည်ပင်းက အကွင်းတွေက ကြေးနဲ့လုပ်ထားသလို ရွှေ၊ ငွေတွေနဲ့လည်း လုပ်ထားကြတယ်။ ကြေးကွင်းများလေ လှပလေလို့တင်စားကြပြီး အကွင်းအနည်းအများလိုက်ပြီး ကြွယ်ဝချမ်းသာမှုကို ခွဲခြားကြတယ်။ ကြေးကွင်းတွေကြောင့် လည်ပင်းရိုးရှည်သွားတယ်လို့ ပြောကြပေမယ့် တကယ်တော့ ပဒေါင်တို့ရဲ့ လည်ပင်းက တစ်ခြားလူမျိုးတွေရဲ့ လည်ပင်းနဲ့ အရှည်တူကြတယ်။ ကြေးကွင်းတွေရဲ့ အလေးချိန်က ပုခုံးရိုးကို ဖိနှိပ်ထားခဲ့လို့ လည်ပင်းတွေ ပိုရှည်နေသယောင် ထင်မှတ်ရခြင်းဖြစ်ပါတယ်။
ယနေ့ထိ ကမ္ဘာတဝှမ်းမှာ ပဒေါင်လူမျိုး အယောက်၂ဝဝဦးသာ ကျန်ရှိနေပြီး မြန်မာပြည်မှာတော့ ပဒေါင်လူမျိုးအယောက် (၅ဝ)ခန့်သာ ကျန်ရှိပါတော့တယ်။
"ပန်းကန်ပြားနှုတ်ခမ်း" လူမျိုးအကြောင်း ရေးပြီးနောက် "ပဒေါင်လူမျိုး" အကြောင်းလဲ ရေးပါအုန်းဆိုလို့ အင်တာနက်ပေါ် ရှာပြီးရေးလိုက်ပါတယ်။ သိပ်တော့ပြည့်စုံမှာ မဟုတ်ပေမယ့် ကျေနပ်နိုင်ပါစေလို့...
http://travel.163.com/06/0823/20/2P861QC700061DPJ.htmlhttp://news.folkw.com/www/dongtaizixun/084454714.html
http://news.folkw.com/www/dongtaizixun/101038864.html
နိုင်းနိုင်းစနေ