"ပြဒါးလင်းဂူ" အကြောင်းမေးလာပါသဖြင့် ထပ်မံတင်ပြပေးလိုက်ပါသည်
မြန်မာ့ယဉ်ကျေးမှုစတင်ရာ ပြဒါးလင်းဂူဆီသို့
သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တန်ဘိုးမဖြတ်နိုင်တဲ့ သမိုင်းရှေးဟောင်းအမွေအနှစ်တွေ ပေါများကြွယ်ဝပြီး အချို့မှာ မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းအထိ မှတ်တမ်းတင်လောက်အောင် ထင်ရှားကျော်ကြားလှသည်။ ကမ္ဘာလုံးဆိုင်ရာ ရှေးဟောင်းဗုဒ္ဓဘာသာအမွေအနှစ်တို့ကျန်ရှိရာ ဒေသကြီး (၃) ခုရှိသည်။ အင်ဒိုနီးရှား(ဂျာဗားကျွန်းဆွယ်)မှာရှိသည့် “ဗောဓောဗုဒ္ဓေါ”၊ ကမ္ဘောဒီယားမှာရှိသည့် “အန်ကောဝပ် ဘုရားကျောင်း”၊ နောက်တစ်ခုမှာ ကျွန်တော်တို့ မြန်မာနိုင်မှာရှိသည့် ရှေးဟောင်းဘုရားတို့များစွာတည်ရှိရာ “ပုဂံမြို့”တို့ဖြစ်ကြသည်။ တဖန် ပုံတောင်၊ ပုံညာတောင်နယ်တွင် ရှာဖွေတူးဖော်တွေ့ရှိရသည့် နှစ်သန်းပေါင်းများစွာမတိုင်မီက “ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း” များသည် လည်း “လူသားအစ မြန်မာက”ကဟု ဆိုရလောက်အောင် ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်နိုင်ခဲ့သည်။ ထို့အတူ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်အတွင်းရှိ “ပြဒါးလင်းဂူ”သည်လည်း “မြန်မာယဉ်ကျေးမှုအစ”ဟုပင် ဆိုရလောက်အောင် ကမ္ဘာ့သမိုင်းဝင် ဂူတစ်ဂူ ဖြစ်ပါသည်။
နိုင်ငံခြားသား တော်တော်များများ အလုအယက် သွားရောက်ကြည့်ရှုလေ့လာနေကြသည့် “ပြဒါးလင်းဂူ”ကို ကျွန်တော်တို့ မြန်မာ့လူငယ် ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် သုတေသ နပြုလိုသူများ၊ ဧည့်လမ်းညွှန်များ၊ ဗဟုသုတ ရှာမှီးလိုသူများပါ သွားရောက်လေ့လာသင့်သည့် နေရာတစ်ခုဖြစ်သည်။ ထည်ဝါခန့်ညားပြီး ရှုမဆုံးအောင် ကျယ်ပြောလှသည့် “ကင်းတားဆည်”ရဲ့အလှ၊ မြူခိုးတွေဝေ၊ စိမ်းစိုညို့မှိုင်းနေတဲ့ ရှမ်းတောင်စဉ်တန်းရဲ့သဘာဝ၊ သန့်ရှင်းလတ်ဆတ်တဲ့ လေပြေလေ ညှင်းနဲ့အတူ တီတီတာတာ ဟစ်ကြွေးသီကျူး မြူးတူးပျော်ပါးနေကြတဲ့ ကျေးငှက်သာရကာလေးတွေက သူတို့ရဲ့ မိတ်ဆွေသင်္ဂဟအပေါင်းကို အရောက်လှမ်းလာခဲ့ဖို့ လှမ်းကြိုဖိတ်ခေါ်နေကြသည်။
“ပြဒါးလင်းဂူ” သည် ရှမ်းပြည်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်တွင် တည်ရှိသည်။ ခရီးအကွာ ဝေးကို မန္တလေးမြို့မှ တွက်ဆကြည့်လျှင် -
(၁) မန္တလေးမှ ကူမဲအထိ (၄၆) မိုင်၊ (ကားဖြင့်) = ၁း၃၀ ကျော် (လမ်းကောင်း)
(၂)ကူမဲမှ ကင်းတားဆည်အထိ (၂၁) မိုင်၊ (ကားဖြင့်) = ၁း၃၀ ကျော် (လမ်းကြမ်း)
(၃) ကင်းတားဆည် ဒီဘက်ကမ်းမှ ဟိုဘက်ကမ်း၊ (စက်လှေဖြင့်) = ၃၀ မိနစ် (ရေလမ်း)
(၄) ကင်းတားဆည် ဟိုဘက်ကမ်းမှ ပြဒါးလင်းဂူအထိ (ခြေလျှင်) =၁း၀၀ နာရီ (တောင်တက်လမ်း)
ကြာချိန်သည် အကြမ်းအားဖြင့် အသွား(၅)နာရီ၊ အပြန်(၅)နာရီနဲ့ ထမင်းစားချိန်၊ လေ့လာကြည့်ရှုချိန် (၂) နာရီခန့် ထည့်တွက်မည်ဆိုပါက စုစုပေါင်း (၁၂) နာရီကျော် ကြာသည်။ မန္တလေးမှ နံနက် (၆) နာရီ စထွက်လျှင် ညနေ (၆)နာရီတွင် ပြန်ရောက်လိမ့်မည်။ စောစောထွက်နိုင်လျှင် ပိုကောင်း သည်။ ဒေသခံ လမ်းညွှန်များ၏ အဆိုအရ-
“ကင်းတားဆည်ကို နံနက် (၈) နာရီလောက် အရောက်လာနိုင်ရင် ပိုကောင်းပါတယ်။ ပြီးတော့ ပေ (၂၀၀) ကျော်နက်တဲ့ ကင်းတားဆည် ရေပြင်ကြီးကို စက်လှေနဲ့ ဖြတ်ကူးရတာဆိုတော့ လေတိုက်ပြီး လှိုင်းထမှာ စိုးရတယ်။ ခြေလျှင် (၁) နာရီကျော်လျှောက်ရတဲ့ ခရီးက ပင်ပန်းတာတွေရယ်ကြောင့် ပြဒါးလင်းဂူကိုလာရင် နွေရာသီနဲ့ မိုးရာသီတွေမှာ သိပ်မကောင်းပါဘူး။ ဆောင်းရာသီဟာ အကောင်းဆုံးနဲ့ အသာယာဆုံး အချိန်ပါပဲ။ အကယ်၍ လေထန်နေလို့ စက်လှေမကူးနိုင်ရင် ကင်းတားဆည်ကနေ ခြေလျှင် တောင်တက်ခရီးနဲ့ သွားလို့ရပါတယ်။ (၂) နာရီကျော်ကြာမယ်။ ပြီးတော့ အမှန်တကယ်လာဖြစ်မယ်ဆိုရင် ကြိုကြိုတင်တင် ဖုန်းဆက် အကြောင်းကြားထားနိုင်ရင် ပိုကောင်းပါတယ်။ ဒါမှ စက်လှေတို့ ဘာတို့ အဆင်သင့် ပြင်ဆင်ထားပေးတော့ ပိုပြီး အစဉ်ချောတာပေါ့။”လို့ဆိုပါတယ်
ကျွန်တော်တို့ “ဒေါ်မမနိုင် အင်္ဂလိပ်စကားပြောသင်တန်း”မှ ကျောင်းသား၊ ကျောင်းသူများသည် မကြာခဏဆိုသလို ပြင်ဦးလွင်၊ ပုဂံ၊ မုံရွာ၊ ဖိုလ်ဝင်းတောင်၊ အလောင်းတော်ကဿပ၊ ရွှေစာရံ၊ ဒီးဒုတ်ဂူ၊ ခိုနန်းရှင်ဂူ၊ ဆည်တော်လေး၊ ဓါတ်တော်ချိုင့်၊ ပိတ်ချင်းမျောင်ဂူ၊ စိန်ခနောက်တောင်၊ မြခနောက်တောင် စသည့် သင်တန်းပြင်ပလေ့လာရေးခရီးများ သွားရောက်လေ့ရှိသည်။ ယခုတဖန် “ပညာရည် မြင့်မားရေး”၊ “ဒေသန္တရ ဗဟုသုတ ရရှိရေး”၊ “မြန်မာ့ရှေးဟောင်းအမွေအနှစ်များကို စိတ်ဝင်စားစွာ လေ့လာမှတ်သား သင်ယူရေး” အစရှိသည့် ရည်ရွယ်ချက်များစွာဖြင့်“ပြဒါးလင်းဂူ”သို့ သွားရောက်လေ့လာရန် ဆွေးနွေးတိုင်ပင်ပြီး၊ ကျောင်းသား (၃၅) ယောက် စာရင်းနှင့်အတူ လိုအပ်သည်များကို ညွှန်ကြားပေးပါရန် မန္တလေးမြို့၊ ရှေးဟောင်းသုတေသနဦးစီးဌာနသို့ ဦးစွာအစီရင်ခံစာ တင်ပြသည်။ ရှေးဟောင်းသုတေသန ဦးစီးဌာန (မြောက်ပိုင်း)၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ဝင်းမှ-
“မြန်မာတို့ရဲ့ အဖိုးတန်သမိုင်းဝင် ရှေးဟောင်းဒေသတစ်ခုကို သွားရောက်လေ့လာကြမည့် မောင်တို့လို ကျောင်းသားလူငယ်တွေကို ဂုဏ်ယူပါတယ်။ ဟိုးဝေးလံလှတဲ့ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသား များတောင်မှ သွားရောက်လေ့လာနေကြတာပဲ။ တို့နိုင်ငံက မျိုးဆက်သစ်လူငယ်တွေ၊ ဧည့်လမ်းညွှန်တွေပါ သွားရောက် လေ့လာသင့်တယ်။ အေးချမ်းသာယာတဲ့ ဒေသပါ။ ဘာအန္တရာယ်မှ မရှိပါဘူး။ ဒါပေမယ့် ကားလမ်း၊ ရေလမ်း၊ ခြေလျှင်လမ်းခရီးတွေဆိုတော့ ဘာပဲဖြစ်ဖြစ် စည်းနဲ့ကမ်းနဲ့ သတိနဲ့ သွားကြလာကြတာ အကောင်းဆုံးပဲ။ ရော့ ဒီစာကို ယူသွားပါ။ “ကင်းတားဆည်”နားမှာ “ကန်ဆည်ရွာ” ဆိုတာရှိတယ်။ အဲဒီရွာမှာ ဒီရှေးဟောင်းသုတေသနဌာနက ၀န်ထမ်းနှစ်ဦး ဦးစိုးမြင့်နဲ့ ဦးလွန်းမောင်ရှိတယ်။ သူတို့ကို လမ်းညွှန်ပြသပေးဖို့ ခေါ်သွားလိုက်ပါ။ သူတို့ကပဲ အဲဒီပြဒါင်းလင်းဂူအကြောင်း အသေးစိတ် ရှင်းပြပေးလိမ့်မယ်ဟု လမ်းညွှန်မှာကြားလိုက်ပါသည်။
(မှတ်ချက်။ ။ နိုင်ငံခြားသားများအတွက် ပြဒါးလင်းဂူ ၀င်ကြေးမှာ မန္တလေးမြို့အတွက် ၀ယ်ယူထား သော (၁၀) ဒေါ်လာ လက်မှတ်ဖြင့်ပင် ၀င်ရောက်နိုင်သည်ဟုဆိုပါသည်။)
ကျွန်တော်တို့သည် နံနက် (၂) နာရီလောက်ကတည်းက အိပ်ယာထပြီး ကျောင်းသား (၃၅) ယောက်အတွက် ထမင်း၊ ဟင်းများကို ချက်ကြသည်။ ထမင်းအိုးကြီး (၂) လုံး၊ ကြက်သားဟင်းနှင့် သရက်ချဉ်သုတ်တို့ကို ငါးဆင့်ချိုင့်တွင်ထည့်ပြီး (၅)နာရီလောက်မှာ အားလုံးအဆင်သင့်ဖြစ်နေပြီး၊ လမ်းမှာ အစာပြေစားဖို့မုန့်၊ စားစရာနှင့် သောက်ရေသန့်တို့ကိုဝယ်ကာ နံနက် (၅း၃၀) နာရီမှာ စီးလုံးငှားယာဉ်ဖြင့် သင်တန်းကျောင်းမှ စတင်ထွက်ခွာခဲ့ကြသည်။ “ကင်းတားဆည်သို့ (၂) မိုင်” ဆိုသည့် ဆိုင်းဘုတ်အနီးမှ အရှေ့ဘက်ဆီသို့ ချိုးကွေ့လိုက်သည်နှင့် လမ်းကြမ်းက စပါတော့သည်။ “ကန်ဆည်ရွာ” ရောက်ခါနီးတော့ တသွင်သွင် စီးဆင်းနေတဲ့ “ပန်းလောင်မြစ်” နှင့် ဘယ်ပန်းချီရေး မမှီတဲ့ မြူခိုးဝေ တောင်စဉ်တန်းကိုလှမ်းလို့ မြင်ရသည်။ “ကန်ဆည်ရွာ” ရောက်တော့ (၁၀) နာရီ ကျော်နေပြီ။ ကြိုတင်အကြောင်းကြားထားပြီးဖြစ်လို့ ဒေသခံဧည့်လမ်းညွှန်များဖြစ်သော ရှေးဟောင်းသုတေသနဌနမှ ဆရာဦးစိုးမြင့်နှင့် ဆရာဦးလွန်းမောင်တို့က အဆင်သင့်စောင့်ကြိုနေကြသည်။ ကင်းတားဆည်အ၀င် ဂိတ်ပေါက်တွင် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအား သတင်းပို့အကြောင်းကြားပြီး ဆည်အတွင်းသို့ ၀င်ခဲ့ကြသည်။
တစ်လမ်းလုံး မေးလိုက်ကြ ဖြေလိုက်ကြနဲ့ ဆူညံနေကြသည်။ ရှေးဟောင်းသုတေသနဌာန၏ ဒေသခံဧည့်လမ်းညွှန်နှစ်ဦးကလည်း ဒေသခံတွေရဲ့အကြောင်း၊ တောင်တန်းတွေ၊ မြစ်ချောင်းတွေ ရဲ့အကြောင်း၊ ကင်းတားဆည်ကြီးရဲ့ အကြောင်းတွေကို မနားတမ်း ရှမ်းဓနုသံဝဲ၀ဲဖြင့်တလှည့်စီ ရှင်းပြရင်း ဆည်ဘောင်နှုတ်ခမ်းမှ ဖြတ်လာခဲ့ကြရာ နာရီဝက်လောက်ကြာတော့မှ စက်လှေများတည်ရှိတဲ့ ဆိပ်ကမ်း ကို ရောက်ကြသည်။ တောင်ကြားနက်ထဲမှာ ဘာမှမရှိဘဲ တောခေါင်ခေါင်၊ ခြောက်ကပ်ကပ်လို့ ထင်နေခဲ့ကြတဲ့ ကျွန်တော်တို့အားလုံးဟာ အထင်နဲ့အမြင် တစ်ခြားစီဖြစ်သွားသည်။ ဈေးဆိုင်တွေ၊ ထမင်းဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေမှာတော့ သင်္ကြန်သီချင်းတွေ၊ ခေတ်ပေါ်တေးသီချင်းတွေဖွင့်ပြီး စည်လို့ကားလို့နေကြသည်။ စက်လှေတွေ ဆွဲလာတဲ့ သစ်ဖေါင်၊ ၀ါးဖောင်တွေ ခရီးသည်တင် စက်လှေတွေ၊ ကုန်တင်ကုန်ချလုပ်နေတဲ့ မြင်ကွင်းနဲ့ တမျှော်တခေါ် ကျယ်ပြောလှတဲ့ ကင်းတားဆည် ရေပြင်ကြီးကို ပတ်ချာဝိုင်း ကာဆီးထားတဲ့ တောင်ကြောကြီးများကို တ၀ကြီးရှုစားရင်း ကျွန်တော်တို့တတွေ အနားယူကြသည်။ မုန့်ဝယ်စားသူစား၊ အမှတ်တရဓါတ်ပုံရိုက်သူရိုက်၊ ဟိုပြေး ဒီလွှားနဲ့ အလုပ်တွေ ရှုတ်နေကြသည်။
ကင်းတားဆည် ဆိပ်ကမ်းမှူးကြီးရဲ့ စေတနာထား စီစဉ်ပေးသည့် ကျေးဇူးကြောင့် ကျွန်တော်တို့ အဖွဲ့သည် စက်လှေကိုစီးပြီး အဆင်ပြေချောမွေ့စွာ တစ်ဖက်ကမ်းသို့ ရောက်ခဲ့ကြသည်။ စက်လှေမောင်း ဆရာနှစ်ဦးအား နေ့လည်စာထမင်းထုပ်များကိုပေးခဲ့ပြီး ပြဒါးလင်းဂူဆီသို့ ခြေလျှင်တောင်တက်ခရီးကို စတင်ခဲ့ကြသည်။ တောင်တက်ခရီးလို့ဆိုပေမယ့် ခပ်ပြေပြေလောက်သာတက်ရပြီး မြေပြန့်လျှောက်ရတာ များသည်။ လမ်းခွဲတွေရှိနေလို့ လမ်းညွှန်သူမပါရင် လမ်းလွဲသွားနိုင်သည်။ ယခင်က လမ်းလွဲသွား ခဲ့သူများရှိလို့ လိုက်ရှာရတဲ့ ဒုက္ခမျိုးကြုံခဲ့ဖူးသည်ဟု လမ်းညွှန်များပြောစကားအရ သိရသည်။ စကားတ ပြောပြောနဲ့ တောတောင်သဘာဝအလှတွေကို ကြည့်ရင်းလျှောက်လာခဲ့ကြရာ တစ်နာရီဆိုတာ ခဏလေးပါ။ လှမ်းမြင်ရပါပြီ။ “ပြဒါးလင်းဂူအမှတ် (၂)” ဆိုတဲ့ ဆိုင်းဘုတ်၊ အထက်နား ခပ်လှမ်းလှမ်းကို ကြည့်လိုက်တော့ ဂူပေါက်ဝကိုပါ မြင်နေရသည်။ ကျွန်တော်တို့တတွေ ပင်ပန်းမှုတွေ ဘယ်ရောက်သွားသည်မသိ။ ရောက်ချင်ဇောနဲ့ ဂူပေါက်ဝအထိ မော့ပြီးတက်ရတဲ့ လှေခါးထစ်လမ်းကို တောင်မှ အပြေးအလွှား တက်ကြသည်။ ဂူဝရောက်တော့ နားနေစရာ သစ်သားကွပ်ပျစ်ကလေး တွေ့တာ တောင်မှ မနားကြဘဲ အန္တရာယ်ရှိသည်၊ မရှိသည်ကို မစဉ်းစားနိုင် ဂူထဲသို့ အတင်းပြေးဝင်ကြသည်။
“ဟာ…။ ဟယ် …. ကြည့်စမ်း၊ လှလိုက်တဲ့ဂူကြီးကွာ”
“အေးကွာ ဒီလောက်ပူပြင်းနေတဲ့ နွေရာသီတောင်မှ ဂူထဲမှာ အဲယားကွန်းလွှတ်ထားသလား အောက်မေ့ရ တယ်။ အေးစိမ့်နေတာပဲ။ အပြင်ကိုတောင် ပြန်မထွက်ချင်တော့ဘူး။”
“ဟေး ဒီမှာကြည့်စမ်း တစက်စက်ကျနေတဲ့ ကျောက်ရေကန်ထဲက ရေကလဲ ကြည်လင်ပြီးအေးစိမ့် နေတာပဲ။ သောက်လို့ရလားမသိဘူး။”
“ရတာပေါ့ဗျာ။ သောက်ရေသန့်လိုပဲဗျ။ ကျောက်တောင်တွေကြားက စိမ့်ထွက်လာတဲ့ စိမ့်ရေတွေပါ။ အပြန်လမ်းမှာသောက်ဖို့ အဲဒီရေကို ခပ်ယူလာခဲ့ကြ”
လို့ ဆရာဦးစိုးမြင့်ကပြောသဖြင့် အားပါးတရ တ၀ကြီး သောက်ပစ်ကြသည်။ ဂူကြီးတစ်ခုလုံးရဲ့အေးမြမှုနဲ့ ကျောက်စိမ့်ရေအေးက ကျွန်တော်တို့ရဲ့ ပန်းသမျှ နွမ်းသမျှတွေအားလုံးကို ပြေပျောက်စေခဲ့သည်။ ကျွန်တော်တို့တတွေ ပါလာသမျှရေသန့်ဗူးများထဲသို့ ကျောက်စိမ့်ရေအေးကို ထည့်ကြသည်။
“ဟေး ဟိုမှာ ဟိုမှာ ကြည့်ကြစမ်းဟေ့။ ကျောက်ဆက်မိုးမျှော်ကြီးက အရောင်တွေတဖျတ်ဖျတ် လင်းလက်နေတယ်ဟေ့”
“အေးဟုတ်ပါရဲ့။ ဟာ ဟိုဘက်မှာရော။ ဒီဘက်မှာတွေရော တစ်ယောက်ယောက်က ဖန်တီးထားသလား အောက်မေ့ရတယ်။”
ကျောင်းသားကျောင်းသူများသည် လက်နှိပ်ဓါတ်မီးများဖြင့် ဟိုထိုးဒီထိုး ထိုးကြည့်ကြရာ ပြဒါးရောင် တဖျတ်ဖျတ်လင်းနေသော ကျောက်ဆက်မိုးမျှော်၊ ကျောက်ဆက်ပန်းဆွဲများကိုကြည့်ပြီး တအံ့တသြ ဖြစ်နေကြသည်။
“အဲဒီလို ပြဒါးရောင်လင်းနေလို့ ဒီဂူကို ပြဒါးလင်းဂူလို့ ခေါ်တာပဲ”ဟု ဆရာဦးလွန်းမောင် ကရှင်းပြသည်။
“ကဲ အားလုံးထမင်းအရင်စားကြမယ်ဟေ့။ စားပြီးမှ အေးအေးဆေးဆေး ဂူထဲကိုလျှောက်ကြည့် ကြမယ်။
ကျောင်းသားခေါင်းဆောင်တစ်ဦးက လှမ်းအော်ပြောလိုက်လို့ ဂူပေါက်ဝသို့ ပြန်လာခဲ့ကြသည်။ ခုမှပဲ ဗိုက်ဆာနေမှန်းသိတော့သည်။ ထမင်းစားဖို့တောင်မေ့မျောစေတဲ့ ပြဒါးလင်းဂူပါလား။ အဲဒီနောက် နေ့လည်စာစားပြီး အမှိုက်သရိုက်တွေသိမ်း၊ သန့်ရှင်းရေးလုပ်နေစဉ်မှာ-
“ဗျို့ ဆရာဦးစိုးမြင့် ကျွန်တော်တို့ကို ဒီပြဒါးလင်းဂူအကြောင်း ရှင်းပြပေးပါလား”
“ဟာ ရှင်းပြပေးရမှာပေါ့ဗျာ။ ကျွန်တော်တို့က လမ်းပြပေးဖို့တင်မကဘူးဗျ။ ဒီပြဒါးလင်းဂူ အကြောင်းကို ရှင်းပြပေးဖို့ကလည်း ကျွန်တော်တို့ရဲ့ တာဝန်ပဲလေ။ ကျွန်တော်တို့ကတော့ ရှေးဟောင်း သုတေသနဦးစီးဌာနက ညွှန်ကြားထားတဲ့အတိုင်း တစ်ခုမကျန် အသေးစိပ် ရှင်းပြပေးမှာပါ။ မှတ်သားလို သူများ လိုက်မှတ်ကြပေါ့။ မေးစရာရှိလဲမေးပါ။ ကဲ နားထောင်ကြ….
ဦးစိုးမြင့်နဲ့ ဦးလွန်းမောင်တို့က တစ်ယောက်တစ်လှည့်စီ မမောတမ်း စိတ်ရှည်လက်ရှည် ရှင်းပြပေးသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၌ရှိသော
ပြဒါးလင်းဂူဆိုင်ရာ အချက်အလက်များ
၁။ တည်နေရာ
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ် အနောက်ဘက် (၁၀) မိုင်ခန့်အကွာတွင် လည်းကောင်း၊ မြစ်သားမြို့နယ်၊ ကင်းတားဆည်၏ အရှေ့စူးစူး (၄) မိုင်ခန့် အကွာတွင်လည်းကောင်း တည်ရှိသည်။
(က)မြေပုံအမှတ်
ပြဒါးလင်းဂူသည် မြန်မာပြည်အညွှန်းမြေပုံအမှတ် ၉၃/စီ/၈ တွင်တည်ရှိသည်။
(ခ)မြေပုံအညွှန်း
ပြဒါးလင်းဂူတွင် ဂူအမှတ်(၁) နှင့် ဂူအမှတ် (၂) ဟူ၍ (၂)ဂူရှိသည်။
ဂူအမှတ်(၁)သည် မြေပုံအညွှန်းခန့်မှန်း စီအယ်လ်-၈၅၆၆၂၄ တွင်လည်းကောင်း၊
ဂူအမှတ်(၂)သည် မြေပုံအညွှန်းခန့်မှန်း စီအယ်လ်-၈၅၄၆၂၃ တွင်လည်းကောင်း တည်ရှိ သည်။
၂။ ဂူအရွယ်အစား
(၁) ဂူအမှတ်(၁)- နံရံဆေးရေးပန်းချီရှိသောဂူဖြစ်သည်။ အလျားပေ (၈၀)ခန့်ကျယ်ပြီး၊ အနံ (၂၀) ပေနှင့် အမြင့် (၁၄)ပေခန့် ရှိသောဂူ ဖြစ်သည်။
(၂) ဂူအမှတ်(၂)- ဂူကြီး (၅)ခု တစ်ဆက်တည်းဖြစ်နေပြီး၊ ပေ(၈၀၀) ခန့်ရှည့်လျား၍ အကျယ်ဆုံးနေရာမှာ ပေ(၃၀၀)ခန့်၊ အမြင့်ဆုံးနေရာမှာ ပေ(၉၀)ခန့်ရှိသည်။ အမိုးများမှာ မြေပြိုကျ၍ အကျယ် (၅)ပေမှ (၁၅) ပေခန့်ရှိသော အမိုးပေါက် (၆)ခု ရှိသဖြင့် လေ၀င်လေထွက်အလင်းရောင် ကောင်းမွန်စွာရသည်။ သဘာဝထုံးကျောက်များဖြစ်ပေါ်လာသော ကျောက်လည်တိုင်၊ ကျောက်ဆက်မိုး မျှော်၊ ကျောက်ဆက်ပန်းဆွဲများဖြင့် ပြဒါးအလင်းရောင်တောက်နေသော ထုံးကျောက်ခရစ်စတယ်များဖြင့် လွန်စွာလှပပါသည်။ လွန်ခဲ့သော နှစ်ပေါင်း(နှစ်သန်း) ခန့်က ပင်လယ်အောက်ရေစီးကြောင်းများကြောင့် ဤမျှကြီးမားသော သဘာဝဂူကြီးအဖြစ် တည်ခဲ့ဟန်ရှိသည်။ မြန်မာပြည်၌ရှိသော ဂူများအနက် အကြီးဆုံးဂူကြီးဖြစ်ပါသည်။
၃။ တွေ့ရှိသည့်ခုနှစ်
ပြဒါးလင်းဂူ၏ နံရံဆေးရေးပန်းချီများကို ဘူမိဗေဒပညာရှင်တစ်ဦးမှ ၁၉၆၁ ခုနှစ်တွင် တွေ့ရှိခဲ့ ပါသည်။
၎။ တူးဖော်သည့်ခုနှစ်
ဘူမိဗေဒပညာရှင်၏ သတင်းပို့ချက်အရ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဦးဆောင်မှုဖြင့် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် အခြားဌာနပေါင်းစုံပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးပြီး တူးဖော် သုတေသနပြုခြင်းကို ၁၉၆၂ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်မှ (၂၇) ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။ ဂူအမှတ်(၁)၌သာလူများနေထိုင်ခဲ့ကြကြောင်း အထောက်အထားများ တွေ့ရှိရပြီး၊ ဂူအမှတ် (၂)၌ လူနေထိုင်ခဲ့သော အထောက်အထားများ မတွေ့ခဲ့ရကြောင်း သိရှိခဲ့ရပါသည်။
၅။ တွေ့ရှိခဲ့သည်ပစ္စည်းများ
အထက်ဖော်ပြပါ အဖွဲ့ဖြင့်တူးဖော်မှုမှ ကျောက်ခတ်သုံးကျောက်လက်နက်ပေါင်း (၁၆၀၀)ကျော် ခန့်နှင့် ဂူအမှတ် (၁)တွင် ကျောက်ခေတ်လူသားများ ရေးဆွဲထားသော နံရံပန်းချီ (၁၂)ပုံကို ပုံတူရေးဆွဲ သုတေသနပြုမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ တွေ့ရှိခဲ့သောကျောက်ခေတ်လက်နက်များအနက် ကျောက် ခေတ်သစ် (နှစ်ပေါင်း ၆၀၀၀ ၀န်းကျင်) ၌သာ တွေ့ရှိရသော နှစ်ဖက်သွားပဲကွပ် (၂)ခုသာတွေ့ရှိရပြီး ကျန်လက်နက်များမှာ ကျောက်ခေတ်ဟောင်း (နှစ် ၁၀၀၀ မတိုင်မီ) က အသုံးပြုလေ့ရှိသော ကျောက်လက်နက်များပုံစံများဟု သုံးသပ်ခဲ့ကြပါသည်။
၆။ သက်တမ်းတွက်ချက်ခြင်း
ပြဒါးလင်းဂူမှ တူးဖော်ရရှိသော မီးသွေးများ၊ အရိုးအပိုင်းအစများကို နယူးဇီလံနိုင်ငံ နယူးကလီးယား သိပ္ပံသုတေသန ဗိမ္ဗာန်သို့ပေးပို့ပြီး၊ ကာဗွန် (၁၄) နည်းပညာဖြင့် စမ်းသပ်စစ်ဆေးရန် ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလတွင် ပေးပို့ခဲ့ပါသည်။ ဓါတ်ခွဲခန်းစမ်းသပ်ချက်အရ မီးသွေးများသည် လွန်ခဲ့သော နှစ်ပေါင်း (၇၇၄၀) နှင့် (၆၅၇၀)ခန့်အတွင်းဖြစ်ကြောင်း၊ အရိုးများမှာ လွန်ခဲ့သောနှစ်ပေါင်း (၆၅၀၀)ခန့်မှ ဖြစ်ကြောင်းနှင့် ကာဗွန်လုံးဝမပါသောပစ္စည်းများမှာ လွန်ခဲ့သောနှစ်ပေါင်း (၁၃၄၀၀) ကျော်မျှ သက်တမ်းကြာခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် ပြဒါးလင်းဂူအမှတ် (၁)၌ ကျောက်ခေတ် လူသားတို့ နှစ်ပေါင်း (၅၀၀၀) ခန့်က အစဉ်အဆက်နေလာခဲ့ကြသည်ဟု ယူဆရမည် ဖြစ်ပါသည်။
၇။ နံရံဆေးရေးပန်းချီများ
ပြဒါးလင်းဂူအမှတ် (၁) မှ တွေ့ရှိရသော ကျောက်ခေတ်လူသားများ၏ နံရံဆေးရေးပန်းချီများမှာ ကျောက်ခေတ်ဟောင်းကာလများတွင် တွေ့ရှိရသော ကျောက်ခေတ်လူသားတို့ရေးဆွဲလေ့ရှိသော နေ၀န်းပုံ၊ လက်ဖ၀ါးပုံနှင့် လက်ချောင်းများပုံ၊ နွား၊ ဆင်၊ ပြောင် စသော ပုံစံများဖြစ်ကြောင်း တွေ့ရှိရပြီး၊ မြေနီခဲများဖြင့်သာ အသုံးပြုရေးဆွဲထားကြောင်းနှင့် တူးဖော်ရာတွင်လည်း မြေနီခဲအချို့တူးဖော် ရရှိခဲ့ကြောင်း သိရှိရပါသည်။ ပြဒါလင်းဂူအမှတ် (၁)တွင် နံရံပန်းချီပေါင်း (၁၄)ပုံကို တွေ့ရှိခဲ့ရာ ၄င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ ဘယ်လက်ဝါးပုံ (အလျား ၉လက်မ x အကျယ် ၄ လက်မ)
၂။ ညာလက်ဝါးပုံ (အလျား ၁၀ လက်မ x အကျယ် ၄ လက်မ)
၃။ ကင်းခြေများပုံ ၅ ပုံ (အလျား ၃ပေ ၁လက်မ x အနံ ၁ပေ)
၎။ ပြောင်ပုံ
၅။ ဆင်၊ ဒရယ်ပုံများ
၆။ တောဝက်ပုံ (ပီပြင်မှုနည်းပါးသည်)
၇။ နေ၀န်းပုံ (တောင်နံရံနှစ်ခုကြားမှ နေထွက်လာပုံဖြစ်သော်လည်း ယခုအခါ တောင်နံရံနှစ်ခုမှာ မထင်ရှားတော့ပါ။ ၄င်းပုံအား ၁၉၉၄ခု၊ သြဂုတ်လအတွင်းက UNESCO မှ နံရံပန်းချီထိန်းသိမ်းရေးပညာရှင် Mr.Lu Jun ကိုယ်တိုင်သန့်စင်ခဲ့ပါသည်။
(၈+၉) နွားသားအမိပုံ (အလျား ၈လက်မ x ၄ လက်မခန့်ရှိပြီး၊ ပုံသဏ္ဍာန် အပြတ်သားဆုံးဖြစ်သည်။
၁၀။ နွားသားအမိပုံ (ထုံးရေစီးကြောင်း ဖြတ်သန်းအနည်ပို့ချမှုကြောင့် ဦးခေါင်းပိုင်းမှလွဲ၍ ကျန်အပိုင်း များ မထင်မရှားဖြစ်နေပါသည်။
၁၁။ ပြောင်ပုံ (အလျား ၈ လက်မ x အနံ ၁၂ လက်မ)
၁၂။ ရှုးပျံပုံ (၁၀ လက်မအရွယ်ရှိပြီး၊ ဆေးသားများမှေးမှိန်လျှက်ရှိပါသည်)
၁၃။ အမျိုးအမည်မသိပုံ (၃ လက်မခန့် အငယ်ဆုံးပုံဖြစ်ပြီး၊ တောင်ဆိတ် (သို့) နွားငယ်ပုံ ဖြစ်နိုင်ပါ သည်)
၁၄။ အမျိုးအမည်မသိပုံ (ဆေးအစက်အပျောက်များအဖြစ်သာ တွေ့ရသဖြင့် ပုံသဏ္ဍာန်ခွဲခြား မရ တော့ပါ)
(ပန်းချီလက်ရာများသည် ဂူအမှတ်(၁)ရှိ အရှေ့သို့ စွန်းထွက်နေသည့် ဂူနံရံပေါ်တွင်ရှိသည်။ မြေပြင်အထက် ၁၀ပေမှ ၁၂ပေခန့်အမြင့်တွင် ရေးဆွဲထားခြင်း ဖြစ်သည်။ ယင်းတို့ကို နီညိုရောင်ဆေးဖြင့် ရေးဆွဲချယ်လှယ်ထား၏။ ပုံပေါင်း ၁၂ ပုံခန့်ရှိ၍ ယင်းတို့အနက် ၉ပုံသာလျှင် အမျိုးအမည်ကို ခန့်မှန်းသိရှိ နိုင်သေးသည်။
(နွားရိုင်းခွေ့နေသည်ဟု ယူဆရသော ပုံတစ်ပုံလည်း ပါသည်။ ပန်းချီရေးဆွဲပုံမှာ အသက်ဝင် လှပြီး၊ ပုံစံနှင့် ရေးခြယ်ဟန်မှာ အနောက်တိုင်း ကျောက်ခေတ်လက်ရာများ နည်းတူပင် ဖြစ်သည်ဟု သုတေသီတို့က ခန့်မှန်းကြ၏)
၈။ ရှေးဟောင်းသုတေသနမှ ထိန်းသိမ်းခြင်း
(၁) ၁၉၆၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်မှ (၂၇) ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် တူးဖော်ခြင်း
(၂) ၁၉၉၃ ခုနှစ်၊ ဧပြီလ (၆) ရက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် နံရံပန်းချီများ ထိန်းသိမ်းခြင်း။
(၃) ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ အထူးကွင်းဆင်း စစ်ဆေးမှုအဖွဲ့ဖြင့် ရေရှည်တည် တံ့ ခိုင်မြဲအောင် ထိန်းသိမ်းရန်အတွက် စီမံချက်များ ရေးဆွဲရန်။
(၄) ၁၉၉၄ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဂွါတီမာလာလူမျိုး၊ နံရံဆေးရေးပန်းချီ ထိန်းသိမ်းမှုပညာရှင် Mr. Lu Jun တို့ပါဝင်သော အဖွဲ့ဖြင့် ဂူနံရံပန်းချီများအား ကွင်းဆင်း စစ်ဆေးထိန်းသိမ်းခြင်း
ပြဒါးလင်းဂူနှင့် သမိုင်းအမြင်
ပြဒါးလင်းဂူမှ ကျောက်ခေတ်ယဉ်ကျေးမှုဆိုင်ရာ တွေ့ရှိမှုသည် မြန်မာ့ကျောက်ခေတ် ယဉ်ကျေး မှုသာမက အရှေ့တောင်အာရှ ကျောက်ခေတ်နှင့်လူ့သမိုင်းအတွက်လည်းကောင်း၊ ကမ္ဘာ့ကျောက်ခေတ် နှင့် လူ့ယဉ်ကျေးမှု သမိုင်းစဉ်အတွက်လည်းကောင်း၊ အထောက်ထား အင်အားကို ဖြည့်စွက်ပေးနိုင်ခဲ့ ပေသည်။
ယခုလောလောဆယ်အားဖြင့် တူးဖော်လေ့လာမှုများအပြင် ယခုထက်ပို၍ အချိန်ယူကာ နည်းလမ်းစုံလင်စွာ စနစ်တကျလေ့လာရန် ပြဒါးလင်းဂူစုမှ တူးဖော်ရရှိသည့် အရိုးများ၊ မီးသွေးနှင့် မြေသားများကို ရေဒီယိုကာဗွန် သရုပ်ခွဲရန် နိုင်ငံခြားသို့ ပေးပို့ထားပေသည်။
၉။ ကျောက်စီတံတိုင်းဆောက် ထိန်းသိမ်းကာကွယ်ခြင်း
၁၉၉၃-ခုနှစ်၊ စက်တင်ဘာလ (၅) ရက်၊ ကွင်းဆင်းစစ်ဆေးပြီး စီမံချက်ရေးဆွဲတင်ပြမှုကြောင့် မန္တလေး ရှေးဟောင်းသုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့သည် ကျောက်ခေတ်နံရံ ပန်းချီများရှိသော ဂူအမှတ်(၁)အား၊ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်လည်းကောင်း၊ သဘာဝဘေးဒဏ် နှင့် တောရိုင်းတိရစ္ဆာန်များ အန္တရာယ်မှ ကာကွယ်ရန်အတွက်လည်းကောင်း၊ အလျား ပေ (၁၀၀)၊ အမြင့် (၈) ပေ၊ ထု (၁၈) လက်မရှိသော ကျောက်စီတံတိုင်းဆောက် ထိန်းသိမ်းခြင်းလုပ်ငန်းကို ၁၉၉၆ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ မေလ (၂၄) ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ ထိုသို့ ကျောက်စီတံတိုင်း ပြုလုပ်ခြင်းဖြင့် လာရောက်ကြည့်ရှုသောလူများမှ ဂူနံရံများတွင် စာတန်းများ ရေးသားခြင်း၊ ဂူအတွင်း ၀င်ရောက်ချက်ပြုတ်စားသောက်ခြင်းများမှ တားဆီးကာကွယ်နိုင်မည် ဖြစ်ပါသည်။
၉။ ယဉ်ကျေးမှုဇုံနယ် အထူးကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ရန်လိုအပ်ခြင်း
ပြဒါးလင်းဂူအမှတ်(၁)သည် မြန်မာ့ယဉ်ကျေးမှု ကနဦးအစဟူ၍ သက်သေပြယုဂ်ဖြစ်နေရကား မြန်မာတိုင်းရင်းသားအားလုံးမှ အလေးထားစောင့်ရှောက်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ အထူးကန့်သတ် နယ်မြေ (သို့) ယဉ်ကျေးမှုဇုံနယ်မြေအဖြစ် သတ်မှတ်သင့်ပါကြောင်း၊ ၄င်းကန့်သတ်နယ်မြေအတွင်း ခွင့်ပြုချက်မရရှိဘဲ အဆောက်အဦးဆောက်ခြင်း၊ ဘုရားတည်ခြင်း၊ တောခုတ်ခြင်း၊ ယာလုပ်ခြင်းများ ပြုလုပ်ခွင့် မရှိစေရေးအတွက် စည်းကမ်းချက်များ ထုတ်ပြန်ပေးပါရန် လိုအပ်လျက်ရှိပါကြောင်း မန္တလေးမြို့ ရှေးဟောင်းသုတေသနဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးတင်စိုးမှ အကြံပြုတင်ပြထားသည်။
ကျွန်တော်တို့သည် ဂူနှစ်လုံးစလုံးကို နေရာအနှံ့ လှည့်ပတ်ကြည့်ရှုလေ့လာခဲ့ကြသည်။ လှပ ထူးဆန်း အံ့သြဖွယ်နေရာများကိုလည်းကောင်း၊ မှတ်တမ်းတင်သင့်သည်များကိုလည်းကောင်း၊ မှတ်တမ်း တင်ဓါတ်ပုံများ၊ အမှတ်တရ ဓါတ်ပုံများကို မလွတ်တမ်းရိုက်ယူကြသည်။ ကင်းတားဆည် ဘောင်ကြီးပေါ်သို့ ပြန်ရောက်သည့်အခါမှာတော့ နေလုံးနီနီက ၀င်လုခါနီးနေပြီ။ နေ၀င်ဆည်းဆာ (Sun set) နဲ့အတူ ဆည်ရေပြင်နှင့် တောင်ယံမြင့်မြင့်တို့ရဲ့ ပြိုင်စံရှားတဲ့ သဘာဝအလှကို မိမိရရ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ယူနိုင်ခဲ့ကြသည်။ “ပြဒါးလင်းဂူ”ကိုလည်းကောင်း၊ “ကင်းတားဆည်” နှင့် တောင်မြင့်ကမ္ဘားယံကြီးများကိုလည်းကောင်း၊ ကန်ဆည်ရွာနှင့် ဒေသခံဧည့်လမ်းညွှန်များကို သံသရာတစ် ကွေ့မှာ ခဏတာဆုံတွေ့ခွင့်ရပြီး ၀မ်းနည်းစွာ ခွဲခွာခဲ့ရပေမယ့် “ပြဒါးလင်းဂူ” က ပေးလိုက်သည့် ဗဟုသုတတွေ၊ အတွေ့အကြုံတွေ၊ ပညာရပ်တွေ တစ်ပွေ့တစ်ဝိုက်ကြီးတို့သည် ကျွန်တော်တို့ရဲ့ အပြန်ခရီး၊ ကျွန်တော်တို့ရဲ့ အနာဂတ်ခရီးအတွက် တန်ဖိုးအနင်္ဃ ထိုက်လှသည့်လက်ဆောင်ပစ္စည်းများပင် ဖြစ်ပါတော့သည်။ ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူမိပါသည်။
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.