မေ့မရနိုင်သော သီပေါ
သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်
ဘယ်လိုမှ မေ့ဖျောက်၍ မရနိုင်သော သီပေါ (၃) ခုရှိသည်။ ပထမတစ်ခုက အားလုံးသိပြီးဖြစ်တဲ့ မြန်မာမင်းဆက်တို့ရဲ့ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါဘုရင် ဖြစ်ပါတယ်။ သီပေါဘုရင်ပါတော်မူပြီးသည့်နောက် မြန်မာတို့၏ မင်းစဉ်မင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရတော့သည်။ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်မင်းကိုယ့်ချင်းဖြင့် ၀င့်ထည်စွာနေလာခဲ့ရတဲ့ နောက်ဆုံး သီပေါမင်းကို မြန်မာတို့ မေ့မရနိုင်ပါ။ ထို့အတူ ဒုတိယတစ်ခုဖြစ်တဲ့ နောက်ဆုံးသီပေါစော်ဘွား စ၀်ကြာဆိုင် ဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ဦးနေ၀င်းအစိုးရလက်ထက်မှာ ရှမ်းလက်နက်ကိုင် သောင်းကြမ်းသူများနှင့် မြန်မာအစိုးရကြား ညီညွတ်အောင် ညှိစပ်ပေးနေရင်းကနေ တစ်ဖက်နှင့်တစ်ဖက် အထင်လွဲမှုဖြစ်ကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရာမှ ယနေ့အချိန်ထိ အစအနပျောက်သွားခဲ့ရပြီး၊ ၀င့်ထည်စွာနေလာခဲ့ရတဲ့ နောက်ဆုံးသီပေါစော်ဘွားဆက်ကိုလည်း မေ့မရနိုင်ခဲ့ပေ။ တတိယတစ်ခုကတော့ (၃.၁၀.၂၀၁၃) ရက်နေ့က သွားခဲ့ရတဲ့ သီပေါခရီးစဉ်ပဲ ဖြစ်တယ်။ ဘ၀တွင် အခက်အခဲများ၊ စိတ်ပျက်အားငယ်စရာများ၊ ဒုက္ခရောက်ရခြင်းများတို့သည် လူတိုင်းပင် ကြုံတွေ့ဖူးကြသည်။ အရှုံးပေးခဲ့ရသည်လည်းရှိသည်။ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြသည်လည်း ရှိသည်။
မန်းဧည့်လမ်းညွှန်များဟာ ပညာရည်မြင့်မားရေး၊ ဗဟုသုတတိုးပွားရေးတို့အတွက် အချိန်ရလျှင်ရသလို မိမိတို့ နီးစပ်ရာအဆင်ပြေရာတို့ကို စုစည်းကြလျှက် သွားနိုင်သည့်ခရီးစဉ်များကို သွားရောက်နေကြသည်။ ထို့နောက် မိမိတို့ လေ့လာမှတ်သားသင်ယူလာခဲ့သမျှတို့ကို အခြားဧည့်လမ်းညွှန်များအတွက် တစ်ခုမကျန် ပေးဝေငှလျှက်ရှိကြသည်။ (၃) ရက်နေ့ သီပေါမြို့ကို သွားရောက်လေ့လာဖို့အတွက် ရထားလက်မှတ်ကို (၃) ရက်ကြိုတင်ဝယ်ယူရန် (၁) ရက်နေ့တွင် ကျနော်နဲ့အတူ မသိမ့်သီရိ၊ မလဲ့ရီမြင့်၊ မဆွေဆွေ၊ ကိုသန်းနိုင်စိုး၊ ကိုစိုင်းနော်ခမ်းတို့ မန္တလေးဘူတာသို့သွားခဲ့ကြသည်။ ကျွန်ုပ်၏ ဧည့်သည်တော် (ကိုရွှေဂျပန်) လည်း ဘယ်သွားသွားလိုက်ချင်လှသဖြင့် သူရောပါလာခဲ့သည်။ (၇) ယောက်သား နံနက် ၁၀း၀၀ နာရီမှာ ဘူတာရောက်တော့ လက်မှတ်ရောင်းတာဝန်ရှိသူက “ဟိုမှာတွေ့လား အဲဒါ မနက် ၄ နာရီ သီပေါကို ထွက်မည့်ရထားပဲ။ ဟိုကအ၀င်ရထားရောက်မလာသေးလို့ ခုထိမထွက်နိုင်သေးဘူး။ အဲဒီတော့ ခင်ဗျားတို့လက်မှတ်လည်း ဘာမှန်းမသိသေးလို့ ရောင်းမပေးနိုင်သေးဘူး။ နက်ဖြန်မှလာခြဲု့ကပါ။” ဆိုလို့ ဘာမှမတတ်နိုင်ဘဲ တပ်ခေါက်ပြန်ခြဲ့ကရပါတယ်။ ဒုက္ခတော့စတွေ့ပြီထင်တယ်။ နောက်တစ်နေ့ အချိန်မရလို့ အားလုံးမလားနိုင်သဖြင့် တစ်ဦးတည်းက အားလုံးတွက်လာဝယ်ခွင့်တောင်းခဲ့ပြီး မှတ်ပုံတင်၊ ပတ်စ်ပို့ မိတ္တူများနှင့် ကျသင့်ငွေများကို မသိမ့်သီရိအား အကူအညီတောင်းပြီး ပြန်ခဲ့ကြသည်။ အဲဒါအပြင် ရထားပေါ် နံနက်စာနဲ့ နေ့လည်စာစားဖို့ ချက်ပြုတ်ပြင်ဆင်မှုတွေပါ အကူအညီတောင်းရတော့သည်။ မြန်မာများအတွက် သီပေါအထိ လက်မှတ်ခက (၅၀၀၀) ကျပ်ဖြစ်ပြီး၊ နိုင်ငံခြားသားအတွက် သီပေါအထိရထားလက်မှတ်ခ (၁၂) ဒေါ်လာ ဖြစ်ပါတယ်။ နောက်တစ်နေ့မှာတော့ ကံကောင်းထောက်မစွာပင် အားလုံးအတွက် ရထားလက်မှတ် ရခဲ့ပါပြီ။ သို့သော် မနေ့က ရထားအတော်နောက်ကျခဲ့သလို ဒီနေ့ရထား လုံးဝမထွက်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ နက်ဖြန် ကျနော်တို့ရထား အချိန်မှန်ပါ့မလား။ ထွက်မှထွက်ဖြစ်ပါ့မလားလို့ စိတ်ကတော့ တစ်ထင့်ထင့်နဲ့ပေါ့။
၃.၁၀.၂၀၁၃ (မန္တလေး-သီပေါ ခရီး)
ရထားက ၄း၀၀ နာရီထွက်တာဆိုတော့ ၃း၃၀ နောက်ဆုံးထား အရောက်သွားရမည်ဖြစ်သည်။ ထို့ကြောင့် ၁း၀၀ နာရီမှ အိပ်ယာဝင်ခဲ့တဲ့ ကျနော်ကတော့ ၂း၀၀ နာရီမှာ အိပ်ယာထတယ်။ မိုးက တဂျိမ်းဂျိမ်းနဲ့ပါ။ ရွာတော့မရွာသေးဘူး။ ရေချိုးပြင်ဆင်ပြီး မော်တော်ဆိုင်ကယ်နဲ့ ထွက်လာခဲ့တယ်။ မိုးဖွဲဖွဲ စရွာလာတယ်။ လမ်းရောက်တော့ တော်တော်လေး မိုးစိပ်လာခဲ့လို့ ပါလာတဲ့ မိုးကာအကျီ င်္ကို ဆိုင်ကယ်ရပ်ပြီး ၀တ်ရတော့တယ်။ အဲဒီနောက် ဂျပန်နေတဲ့နေရာအထိသွားပြီး ဂျပန်ဧည့်သည်ကိုခေါ်ကာ ဘူတာကို ထွက်ခဲ့ကြတယ်။ မိုးက တော်တော့်ကို ရွာလာနေပါပြီ။ ဆိုင်ကယ်ကို မနဲထိန်းပြီး အပြေးမောင်းခဲ့ပေမဲ့ ရွှဲရွှဲစိုနေသည်။ ၃း၁၅ မှာ ဘူတာဆင်ဝင်ကို အိတ်များချပြီး ဂျပန်ကို အိတ်စောင့်ထားခဲ့ကာ ဆိုင်ကယ်အပ်ရန် သွားခဲ့တယ်။ နှစ်ညအိပ် သုံးရက်ခရီးဖြစ်သဖြင့် တစ်ရက် (၅၀၀) ကျပ်နှင့် (၁၅၀၀) ကျပ်ပေးကာ သုံးရက်စာ အပ်ခဲ့သည်။ ဘူတာထဲရောက်တော့ ဆင်ဝင်တပြင်လုံး မိုးရွှဲနေတော့သည်။ ဘူတာမှ လူလဲနေစရာမရှိတော့ပါ။ အိတ်များလည်းထားစရာမရှိတော့ပါ။ လှေခါးတွေဆီကနေ မိုးရေများ တဝေါဝေါစီးကျနေသည်။ ဘူတာတည်ဆောက်ရေးအင်္ဂျင်နီရာများ တော်ကြောင်း ပြသနေတော့သည်။ အိတ်တစ်ခုလုံးမိုးရေနစ်နေတော့သည်။ ခဏနေတော့ အိတ်ရောလူပါ ရွှဲရွှဲစိုနေတဲ့ မသိမ့်သီရိရောက်လာသည်။ မိုးသာမက လေပြင်းပါတိုက်နေတော့ ဘာနဲ့မှ ကာကွယ်လို့မရဖြစ်ကြရသည်။ ထိုအချိန်တွင် ကိုသန်းနိုင်စိုးထံမှ ဖုန်းဝင်လာသည်။ “လေရောမိုးပါ ကြမ်းနေသဖြင့် လမ်းမှာ ဘယ်လိုမှ ရှေ့တိုးမရဘဲဖြစ်နေတယ်။ ရထားထွက်ချိန်လည်းနီးပြီ ဘယ်လိုမှ မမီနိုင်တော့ဘူး။ မလိုက်တော့ဘူး” ဟုဆိုပြီး အိမ်ပြန်သွားတော့သည်။ နောက် လဲ့ရီမြင့်ဆီက ဖုန်းဝင်လာပြန်သည်။ “မိုးရွာထဲ ၇၈ လမ်း 78 Shopping Center ရှေ့မှာကားပျက်နေတယ်။ ဘယ်လိုလုပ်မရလဲ” တဲ့။ ထိုအချိန် ကိုစိုင်းနော်ခမ်းထံမှ ဖုန်းဝင်လာပြန်သည်။ ဘူတာအပေါ်ထပ်မှာ ရောက်နေပြီတဲ့။ ဒါနဲ့ ပစ္စည်းအချို့ယူပြီး မသိမ့်သီရိ အပေါ်တက်သွားတယ်။ ပစ္စည်းအချို့နဲ့ ကိုစိုင်းနော်ခမ်း ရထားပေါ်ရောက်ပြီး မသိမ့်သီရိက ဂျပန်ကိုလာအခေါ် လမ်းတစ်ဝက်မှာပင် ရထားကစထွက်ပါတော့သည်။ “ဆရာ ရထားကစထွက်နေပြီ ဘယ်လိုလုပ်မလဲ ကျမဖိနပ်ရော အိတ်တွေရော ထမင်းဂျိုင့်တွေရော ရထားပေါ်ပါသွားပြီ ”လို့ ရထားဆီပြေးရမလား နောက်ပြန်လာရမလား ဗျများနေတဲ့ မသိမ့်သီရိက အပေါ်ကနေ လှမ်းအော်တော့ ဂျပန်ကို ရထားပေါ်အမြန်ပြေးတက်ဖို့ ပြောသော်လည်း ဘယ်လိုမှ အချိန်မမီတော့ပါ။ မိုးရောလေပါပြင်းထန်နေတဲ့အချိန် အတော်တိကျချိန်မှန်တဲ့ မြန်မာ့မီးရထား ဒီတခါတော့ တော်တော့ကို အသဲနာမိသည်။
ဒီလိုနဲ့ ဘာလုပ်မလဲတိုင်ပင်ကြပြီး ကားအမြန်ငှားကာ ထုံးဘိုဘူတာကို လိုက်ရန်ဆုံးဖြတ်လိုက်ကြတယ်။ ၄း၁၀ မှာ Light Truck ကို (၂၂၀၀၀) နဲ့ငှားပြီး 78 Shopping Center ရှေ့ ကားပျက်နေတဲ့ လဲ့ရီမြင့်ကို ၀င်ခေါ်တော့ ကားက မိုးရေတွေထဲ မြုတ်နေတယ်။ အဲဒီအချိန်မှာပဲ မဆွေဆွေဆီက ဖုန်းဝင်လာပြန်တယ်။ အခု ဘူတာရောက်နေပြီတဲ့။ ဆိုင်ကယ်က မိုးရေထဲမှာပျက်နေတယ်တဲ့။ သေတာသေလိုက်ချင်တော့တာပဲ။ ထုံးဘိုဘူတာကို အရင်မရောက်နှင့်ရင်တော့ ခက်ပြီ။ ဒါနဲ့ နီးရာဆိုင်ကယ်ငှားပြီး 78 Shopping Center ရှေ့လာခဲ့ဖို့ ပြောပေမဲ့ ဆိုင်ကယ်တွန်းပြီး ခြေချင်လာခဲ့တယ်။ ရောက်ရောက်ချင်းပဲ ကားကို ခပ်မြန်မြန်မောင်းပြီး ၄း၄၅ခန့် မှာ ထွက်ခဲ့ကြတော့တယ်။ ၅း၃၀ ထုံးဘိုဘူတာရောက်တော့ မိုးရွာရွာ မှောင်နဲ့မဲမဲ ဘူတာက ကပ်ပျောက်နေတယ်။ နောက်ကလဲ ရထားက ၀င်လာနေပြီ။ ကျနော်တို့ကာနဲ့ ရထားက ဘူတာကို တပြိုင်တည်းဝင်နိုင်ခဲ့ကြတယ်။ ကားနဲ့ရထားနဲ့က ပေ ၅၀ လောက်ပဲဝေးမည်ထင်သည်။ အားလုံးကားပေါ်က ကပျာကသီ အပြေးအလွှားဆင်းကြသည်။ ရှေ့ရောက်တဲ့ မဆွေဆွေနဲ့ မသိမ့်သီရိက အထုပ်တွေဆွဲပြီး ရထားဆီကို အရင်ပြေးသည်။ သို့ပေမဲ့ အချိန်တိကျတဲ့ မြန်မာရထား (၁) မိနစ်ပဲ ရပ်သည်။ စထွက်နေတဲ့ရထားကို နှစ်ယောက်စလုံး လှမ်းအော်နေသည်။ “လိုက်ဦးမယ်ဗျို့ လိုက်ဦးမယ်ဗျို့” ရထားကမကြားပါ။ သူတို့ကို လုံးဝမမှုပါ။ ထွက်သွားပါပြီ။ ဒီအထဲ ကားလမ်းကနေအကူးမှာ မလဲ့ရီမြင့် ရေမြောင်းထဲ ဘိုင်းကနဲ ပြုတ်ကျပါတော့သည်။ ကိုရွှေဂျပန်လဲ ရှေ့ပြေးနေတာကနေ နောက်ပြန်လှည့်ပြီး လဲနေသူကို ၀ိုင်းထူပေးရတော့သည်။ ဒူးမှာဒဏ်ရာရသွားသည့်အပြင် မိုးရွှဲရွှဲစိုနေတဲ့အထဲမှာ တစ်ကိုယ်လုံး ရွှံ့သနပ်ခါးလိမ်းနေတော့သည်။ မိုးကပြင်း လေကထန် ရထားကနှစ်ခါလွတ် တစ်ကိုယ်လုံးရွှဲရွှဲစို ချမ်းချမ်းတုံအေးလို့ လူးလှိမ့်အော်ဟစ်သာ ငိုလိုက်ချင်တော့တယ်။ ဖြတ်သွားတဲ့ကား ထွက်တားလိုက်ပြန်ဝင်လိုက်နဲ့ မသိမ့်သီရိ အလုပ်များနေတော့သည်။ (နောက်မှသိရသည်မှာ လွန်းထိုးမတက်မီ ရထားဟာ ဘရိတ်လေပေါင်ပြည့်၊မပြည့်၊ စက်အင်ဂျင်များစစ်ဆေးရန် ဆည်တော်လေးဘူတာမှာ နာရီဝက်ခန့် ကြာတယ်လို့ ဆိုပါတယ်။)
နောက်လဲဆုတ်မရသလို ရှေ့လဲတိုးမရ မိုးထဲလေထဲမှာ နိုင်ငံခြားသားကလည်းပါတော့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေကြတယ်။ မန္တလေးကတက်လာတဲ့ ပြင်ဦးလွင်ကားကိုစောင့်ရမလား။ မန္တလေးကို ပြန်ရမလား။ ဒါပေမဲ့ ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်ကြပါတယ်။ ဈေးဆိုင်တဲလေးရှိနေလို့ တော်သေးသည်။ သို့သော် မောင်မင်းကြီးသား ခွေးတစ်ကောင်ကလည်း အိပ်နေသေည်။ ဒဏ်ရာတွေနဲ့ဆိုတော့ ခွေးက တော်တော်နံဆော်နေသည်။ နာရီဝက်လောက်ကားစောင့်သော်လည်း ဘာကားမှမလာသေး။ မလဲ့ရီမြင့်က ချော်လဲထားလို့ ဒူးမှာဒဏ်ရာရသွားခဲ့တာ၊ တကိုယ်လုံးလဲ ရွှဲရွှဲစို ရွှံ့တွေပေကျန်နေတာကြောင့် မလိုက်တော့ဘဲ ဆုံးဖြတ်ပြီး သူ့အိမ်ကို ကားနဲ့လာခေါ်ဖို့ ဖုန်းဆက်လိုက်ပါတော့တယ်။ နောက်ထပ်နာရီဝက်ကျော်ကျော်ကြာတော့ Probox ကားတစ်စီးကို တားလိုက်ပါတယ်။ ရှေ့ခန်းမှာလဲ လူတစ်ယောက်၊ နောက်ဆုံးအခန်းမှာလဲ ကုန်အပြည့်နဲ့ မူဆယ်ကိုသွားမည့်ကားပါ။ အလယ်ခန်းမှာဖြစ်သလို ၄ ယောက်ထိုင်ပြီး ပစ္စည်းများကို ဖြစ်သလိုတင်ကာ ကျပ် ၁၀၀၀၀ နဲ့ ၆း၃၀မှာ ပြင်ဦးလွင်ကို လိုက်ခဲ့ကြတယ်။ မလဲ့ရီမြင့်ကတော့ သူ့အဖေလာအခေါ်ကို စောင့်ရင်း တစ်ယောက်တည်းကျန်နေရစ်ခဲ့တော့တယ်။
၇း၃၀ ခန့်မှာ ပြင်ဦးလွင်ဘူတာကို ရောက်ကြတယ်။ အ၀တ်လဲစရာမရှိတော့ မိုးရေစိုနေတဲ့အ၀တ်နဲ့ပဲ ရထားစောင့်နေရတော့တယ်။ မကောင်းလှတဲ့ ဘူတာမုန့်ဟင်းခါးကို ၀ယ်စားအပြီးမှာတော့ မိုးစင်စင်လင်းပြီး ပူလာတော့တယ်။ အအေးပတ်မှာစိုးလို့ နေပူထဲထွက် တကိုယ်လုံး နေပူလှန်းရတော့တာပေါ့။ တော်ပေသေးသည် မိုးတိတ်ပြီး နေထွက်လာလို့။ ကျနော်တို့တတွေ ဓါတ်ပုံရိုက်ကြ ဘူတာဈေးအကျီင်္ဝယ်လဲကြနဲ့ ရထားစောင့်ခဲ့ကြရပါတယ်။ ဧည့်သည်က အိမ်သာတက်ချင်လို့ ရှာမရခဲ့ပါဘူး။ နောက်ဆုံး ဘူတာရုံပိုင်ကြီးကို အကူအညီတောင်းပြီး ရုံးခမ်းကအိမ်သာကိုပဲ အသုံးပြုခဲ့ရတယ်။ (ပြင်ဦးလွင်ဘူတာမှာ မြန်မာအတွက်ရော နိုင်ငံခြားသားအတွက်ပါ အိမ်သာမရှိတာ အတော်ကို ရှက်စရာကောင်းလှပါတယ်။ ဘာကြောင့် သက်ဆိုင်ရာတို့က မစီစဉ်ကြလဲဆိုတာ စဉ်းစားလို့မရပါဘူး။ အခပေးနဲ့ ဆောက်လုပ်ရင်တောင် ပိုက်ဆံရပါလျှက်နဲ့) ရထားက ၉း၃၀ မှ ပြင်ဦးလွင်ဘူတာကို ရောက်လာတယ်။ ပုံမှန်က ၈း၁၅ လောက်ဆိုက်တယ်လို့ပြောပါတယ်။ ဒီနေ့ ၁ နာရီကျော် နောက်ကျတယ်လို့ ဆိုပါတယ်။ ရထားက နာရီဝက်ခန့်ရပ်နားပြီး ၁၀း၀၀ နာရီမှာ ပြင်ဦးလွင်မှ ဆက်လက်ထွက်ခွါခဲ့ပါတယ်။ ဘယ်လိုမှ မေ့မရနိုင်တဲ့ ဒီရထားခရီးကို ကျနော်တို့တတွေ ဘေးမသီရန်မခဘဲ ကောင်းစွာကျော်လွှားနိုင်ခဲ့ကြပါတယ်။ နောင်လာနောက်သားဧည့်လမ်းညွှန်များအနေဖြင့် ဧည့်လမ်းညွှန်ဆိုတာ အဲယားကွန်းကားကောင်းကောင်းစီး၊ စားသောက်ဆိုင်မှာကောင်းကောင်းစား၊ ဟိုတယ်မှာကောင်းကောင်းအိပ် အဲဒီလိုမျိုးနုနုရွရွအနုအလှနဲ့ ပေါ့ပေါ့ပါးပါးလေးပဲလို့ လွယ်လွယ်တွေးမထားပါလေနှင့်။ တခါတရံမှာ မျှော်လင့်မထားဘဲ စိတ်ညစ်စရာ စိတ်ပျက်စိတ်ဓာတ်ကျစရာ ဒုက္ခမျိုးစုံ ပြဿနာမျိုးစုံတို့ ကြုံတွေ့ရနိုင်သည်။ အဲဒီအခါမှာ မိမိတို့ရဲ့ ပညာ၊ အတွေ့အကြုံ၊ ရဲစွမ်းသတ္တိ၊ ပေါင်းသင်းဆက်ဆံရေး စသည်စသည်တို့ကို ပေါင်းစပ်ပြီးဖြေရှင်းနိုင်ပါမှ ဘ၀တကွေ့ ဘာတွေ့တွေ့ဘာကြုံကြုံ အလုံးစုံကို ဖြေရှင်းနိုင်မှာဖြစ်တယ်။
မန္တလေး - ပြင်ဦးလွင် ရထားခရီးစဉ်
ဘာကြောင့် ဒီမန္တလေး-ပြင်ဦးလွင်ရထားကို မရမကအသဲအသန် ရအောင်လိုက်စီးနေပါသလဲ။ ထုံးဘိုဘူတာကျော်ပြီးရင် ဆည်တော်လေးဘူတာ ရှိပါတယ်။ အဲဒီအထက်နားလေးမှာ ပထမလွန်းထိုး နဲ့ ဒုတိယလွန်းထိုးဆိုပြီး လွန်းထိုးနှစ်ခုရှိတယ်။ ရထားက တောင်တက်ရာမှာ တိုက်ရိုက်တည့်တည့်မတက်နိုင်လို့ နောက်ပြန်လွန်းထိုးပြီးတက်ရတာပါ။ ဧည့်သည်က အဲဒီလွန်းထိုးကို ကြည့်ချင်လို့ပါပဲ။ ဒါပေမဲ့ ရာသီဥတုအခြေအနေကြောင့် ၀မ်းနဲစွာနဲ့ လွဲချော်ခဲ့ရပါတယ်။ နောက်ထပ်သီးသန့် သွားကြည့်ဦးမယ်လို့ မလျှော့သောဇွဲနဲ့ ပြောနေပါသေးတယ်။
မန္တလေးဘူတာမှ နံနက် ၄း၀၀ မှာ ထွက်လာလျှင် ပုံမှန်အရ ပြင်ဦးလွင်ဘူတာကို ၈း၃၀ ခန့် ဆိုက်ရောက်တယ်ဆိုတော့ မန္တလေး-ပြင်ဦးလွင် ရထားမောင်းချိန်ဟာ နာရီပေါင်း ၄း၃၀ ကြာတယ်လို့ဆိုနိုင်ပါတယ်။ တချို့က ရထားနဲ့ ပြင်ဦးလွင်ကို တက်ပါတယ်။ ကားကို ပြင်ဦးလွင်ဘူတာမှာ စောင့်ခိုင်းပါတယ်။ တချို့က ဂုတ်ထိပ်တံတားပါ ကြည့်ချင်သည့်အတွက် ကားကို ဂုတ်ထိပ်အလွန် နောင်ပိန်ဘူတာမှာ စောင့်ခိုင်းပါတယ်။ အထူးသတိပြုရမှာက ရထားလက်မှတ်ကြိုဝယ်ဖို့ရယ်၊ အနည်းဆုံးပတ်စ်ပို့မိတ္တူပြ၍ ဧည့်သည်အတွက် ရထားခ ၁၂ ဒေါ်လာလက်မှတ်ဝယ်ဖို့၊ အ၀င်ရထားအခြေအနေအရ ထွက်ချိန်မမှန်ခြင်းနဲ့ မိုးရာသီအခါမျိုးမှာ တောင်ပျိုခြင်း၊ လမ်းချော်ခြင်း စသည်ပြဿနာများကြောင့် လုံးဝမထွက်နိုင်ခြင်းများလည်းရှိနိုင်သည်တို့ကို သိထားရန်နဲ့ ဧည့်သည်ကို ကြိုတင်ရှင်းပြထားဖို့ လိုပါတယ်။
ပြင်ဦးလွင် - သီပေါ ရထားခရီးစဉ်
(ဘူတာစဉ်နှင့် ကြာချိန်များသိနိုင်ရန် အတတ်နိုင်ဆုံး အနီးစပ်ဆုံး ဆိုက်ရောက်ချိန်များ ထဲ့ပေးထားပါတယ်။ ဒါပေမဲ့ အဲဒီနေ့က ရထားဝန်ထမ်းများ လစာထုတ်ရက်ဖြစ်နေလို့ ဘူတာတိုင်းမှာ ပုံမှန်ထက်ပိုကြာခဲ့ပါတယ်။ ၁ ရက်နေ့က ရထားနောက်ကျလွန်းခဲ့တယ်။ ၂ ရက်နေ့က ရထားလုံးဝမထွက်ခဲ့ဘူး။ ဒါကြောင့် ဒီနေ့ ၃ ရက်နေ့မှာ ၀န်ထမ်းများ လစာထုတ်ကြရတာပါ။)
ပြင်ဦးလွင်ဘူတာမှ ၁၀း၀၀ ထွက် ပွေးကောက်ဘူတာ ၁၀း၁၅ ရောက်
ဝက်ဝံဘူတာ ၁၀း၄၀ ရောက် ဆင်လမ်းစုဘူတာ ၁၁း၀၀ ရောက်
ဆမ်ဆယ်ဘူတာ ၁၁း၂၀ ရောက် နောင်ချိုဘူတာ ၁၂း၀၀ ရောက်
ဂုတ်ထိပ်စတင်မြင်တွေ့ချိန် ၁၂း၃၀ ဂုတ်ထိပ်ဘူတာ ၁၂း၄၅ ရောက်
ဂုတ်ထိပ်ဘူတာမှ ၁း၃၀ ပြန်ထွက် ဂုတ်ထိပ်တံတားဖြတ်သန်းချိန် ၁၀ မိနစ်ခန့်ကြာသည်
နောင်ပိန်ဘူတာ ၂း၂၀ ရောက် စခန်းသာဘူတာ ၃း၀၀ ရောက်
ကျောက်မဲဘူတာ ၃း၃၀ ရောက် လွယ်ကော်ဘူတာ ၄း၁၀ ရောက်
ဘော်ကြိုဘူတာ ၄း၄၅ ရောက် သီပေါဘူတာ ၅း၀၅ ရောက်
ဂုတ်ထိပ်တံတားကြီး
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနယ်တွင် ရှမ်းဘာသာဖြင့် “ဟိုကွတ်” ခေါ်သော ရွာရှိသည်။ ဗြိတိသျှတို့က ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးကို စီမံခန့်ခွဲသော ခရာဇ်နှစ် (၁၈၈၉) ခုနှစ်ခန့်က ထိုရွာသည် ရွာပေါင်း (၄၈) ရွာကို ကြီးမှူးရသည့် တိုက်နယ်ဗဟိုဌာနဖြစ်သည်။ ထိုရွာကို မြန်မာတို့က “ ငုတ်ထိပ်” ဟုခေါ်ကြသည်။ “ဟိုကွတ်” နှင့် “ငုတ်ထိပ်” ဟူသောအခေါ်မှာ ထိုဒေသတွင် မြစ်ချောင်းများ၊ ငုတ်လျှိုးကွယ်ပျောက်၍သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။ ထိုရွာအနီးတွင် နမ့်မဆေးမြစ်သည် မြေကြီးထဲသို့ တိုးဝင်းစီးဆင်းပြီးနောက် အခြားတစ်နေရာတွင် မြစ်ကြောင်းပေါ်သည်။ ကာလရွေ့လျှားသောအခါ “ငုတ်ထိပ်” ကို “ဂုတ်ထိပ်” ဟု အများက ခေါ်ဝေါ်လာကြသည်။
မန္တလေး-လားရှိုးလမ်း နောင်ချိုဘူတာအလွန် (၇) မိုင်အကွာ၊ မိုင်တိုင် (၄၆၃/၀၉) တွင်ရှိ၍ (၁၉၀၃) ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ ထိုတံတားကြီးမှာ အခြားတံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော်၍ ဆောက်လုပ်ထားခြင်းမျိုးမဟုတ်ဘဲ၊ ပေ (၃၀၀) ကျော်မတ်ဆောက်သည့် လျှိုကြီးနှစ်ခုကိုဖြတ်ကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အမြင့်အားဖြင့် ဒုတိယအမြင့်ဆုံးတံတားကြီးဖြစ်သည်။
ဂုတ်ထိပ်တံတားကြီးကို လန်ဒန်ရှိ “ဆာအေအမ်ရင်ဒဲလ်အင်ကုမ္ပဏီ (Sir A.M rendal & co.,)” က ပုံစံရေးဆွဲ၍ အမေရိကန်ပြည် “ပင်ဆီဗေးနီးယားနှင့် မာရီလင်းတံတားနှင့်တည်ဆောက်ရေးကုမ္ပဏီ (Pennsylvania & Mary Land Bridge & Construction Co.,)” က ပေ (၁၂၀) ရှည်သော အလျှားကူသံပေါင်ကြီး ၇ ခုနှင့် ပေ(၄၀) ရှည်သော အလျှားကူသံပေါင်ကြီး (၁၆) ခုဖြင့် သံမဏိတိုင်ကြီး (၁၆) တိုင်ပေါ်၌ ခဲရာခဲဆစ် တည်ဆောက်၍ သံလမ်းမျက်နှာပြင်အောက် (၈၂၅) ပေရှိသည့် သဘာဝကျောက်ဆောက်ကြီးဘေး၌ တည်ဆောက်ထားပြီး၊ အနိမ့်ဆုံးသံတိုင်မှာ (၄၅) ပေ ရှိသည်။
ဂုတ်ထိပ်တံတားကြီး၏ အရှည်မှာ (၂၂၆၀) ပေရှိ၍ တံတားကြီးအောက်ရှိ ရေမြောင်းကလေး၏ ရေမျက်နှာပြင်မှ တိုင်းတာလျှင် ပေပေါင်း (၁၁၀၀) မြင့်သည်။ ၎င်းတံတားကြီးကို ပထမတည်ဆောက်ရန် အဆိုပြုခဲ့စဉ်က ရူပီးငွေ (၁၂၆၀၀၀၀) သာ ကုန်ကျမည်ဟု ခန့်မှန်းခဲ့သော်လည်း လက်တွေ့တည်ဆောက်ရာတွင် မူလခန့်မှန်းသည့်ငွေထက် ရူပီးငွေ (၄၃၈၂၀၀) ပို၍ အစုစုရူပီးငွေ (၁၆၉၈၂၀၀) (စတာလင်ပေါင် ၁၁၃၂၀၀) ခန့် ကုန်ကျခဲ့သည်။ တံတားကြီးတွင် စတုရန်းပေ (၄၀၁၅၀၀) ကို ဆေးသုတ်ခဲ့သည်ပင် စတာလင်ပေါင် (၈၀၀) ခန့် ကုန်ကျခဲ့သည်။ တံတားကိုတည်ဆောက်ရာ၌ သံနှင့် သံမဏိတန်ချိန် (၄၃၁၁) တန်နှင့် သံမှိုပေါင်း (၁၀၀၀၀၀၀) ကို သုံးဆွဲခဲ့ရသည်။
ဆောက်လုပ်ချိန်အနေဖြင့် တံတားကြီးကို ဆောက်လုပ်ရန်အတွက် ပစ္စည်းများကို အမေရိကန်ပြည်နယ်၊ နယူးယောက်မြို့မှ သင်္ဘောကြီးများဖြင့် သယ်ယူလာခဲ့ပြီး၊ ထူထပ်သောတောများကို ရှင်းလင်းခုတ်ထွင်၍ အလွန်မြင့်စောက်သော တောင်စောင်းကြီးနှစ်ခုကို ဖြတ်ကျော်လျှက် ခဲရာခဲဆစ် ဆောက်လုပ်ရလင့်ကစား အစုစုဆောက်လုပ်ချိန်မှာ (၉) လသာ ကြာရှိခဲ့ပေသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်တို့ကြီးစိုးအုပ်ချုပ်ချိန်၌ မဟာမိတ်တပ်များ၏ ဗုံးကျဲဖျက်ဆီးမှုကြောင့် သံတိုင်အမှတ် (၂) နှင့် အမှတ် (၅) မှာ ပျက်ဆီးသွားခဲ့ပေသည်။ ဂျပန်တို့ ဆုတ်ခွာချိန်တွင် ဂျပန်တို့သည် သံမဏိတိုင်နံပါတ် (၉)(၁၀)(၁၁)နှင့်(၁၂) တို့ကို တိုင်ခြေရင်း၌ ဗုံးများမြှုပ်နှံ၍ ဖောက်ခွဲချိုးဖျက်ပစ်ခဲ့ရာ သံတိုင်နံပါတ် (၁၀)နှင့်(၁၂)မှာ လုံးဝပျက်ဆီးသွားခဲ့ပြီး၊ သံတိုင်နံပါတ် (၉)နှင့်(၁၁)မှာ စိတ်မချရလောက်သည့် အခြေအနေထိအောင် ပျက်ဆီးသွားခဲ့ပေသည်။ သံတိုင်နံပါတ် (၉နှင့်၁၀)၊ (၁၀နှင့်၁၁)၊ (၁၁နှင့်၁၂)၊ (၁၂နှင့်၁၃)တို့ကို ဆက်သွယ်ထားသည့် သံယက်မကြီးများမှာ သံတိုင်ကြီးများနှင့်အတူ ပျက်ဆီးပြုတ်ကျသွားခဲ့ပြီး၊ သံတိုင်(၈နှင့်၉)ကြားရှိ သံရက်မကြီးမှာ အကြီးအကျယ်ပျက်ဆီးသွားခဲ့သည့်အပြင် သံတိုင်ကြီးများထိပ်ကို ချုပ်ထားသည့် ပေ (၄၀) ရှည်သော အလျှားကူသံပေါင်ကြီးများမှာလဲ ပျက်ဆီးသွားခဲ့ပေသည်။
စစ်ကြီးပြီးသွားပြီးနောက် ယင်းတံတားကြီး ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းကို မြန်မာ့မီးရထားဌာနမှပင် လုံးဝတာဝန်ယူ၍ (၁၉၄၇) ခု အောက်တိုဘာလတွင် စတင်ခဲ့သည်။ သို့သော် တည်ဆောက်ရေးဆိုင်ရာ ပစ္စည်းများကို မန္တလေးသို့ ရေကြောင်းမှ သယ်ယူပြီး မန္တလေးမှတဆင့် တံတားကြီးရှိရာသို့ ရထားဖြင့်သယ်ယူပေးခဲ့ရမှုကြောင့် လက်တွေ့တည်ဆောက်ခြင်းလုပ်ငန်းကို (၁၉၄၈)ခု မေလတွင် စတင်နိုင်ခဲ့ပေါသည်။
တံတားကြီးကို ပြန်လည်တည်ဆောက်နေစဉ် မြောက်ပိုင်းရှမ်းပြည်နှင့် ရထားသွားလာမှု အဆက်မပြတ်စေရန် “ဂုတ်တွင်း”ခေါ် ဂုတ်ထိပ်တံတားခြေရင်း တစ်ဖက်တစ်ချက်သို့ ယာယီရထားလမ်း ဆက်သွယ်ပေးခဲ့သည်။ တံတားကြီး၏ တောင်ဘက်နှင့် မြောက်ဘက်ကမ်းပါးထိပ်တွင် ရေနွေးငွေ့မောင်းဝန်ချီအင်ဂျင်စက်များကို တပ်ဆင်ပေးထားပြီး၊ စက်ခေါင်းနှင့်တွဲများကို တစ်တွဲချင်း သံမဏိကြိုးဖြင့် ချည်နှောင်၍ ဂုတ်တွင်းအလယ်သို့ရောက်အောင် ယာယီသံလမ်းမှ လျှောချပေးသည်။ ယင်းစက်ခေါင်းတွဲများ ဂုတ်တွင်းအလယ်သို့ ရောက်သွားသည်တွင် အခြားတစ်ဘက်ကမ်းရှိ ၀န်ချီစက်မှ သံမဏိကြိုးစဖြင့် ကူးပြောင်းချီနှောင်ပြီး ဆွဲငင်တင်သွားခဲ့သည်။ ဤနည်းဖြင့် တစ်ဘက်ကမ်းမှ စက်ခေါင်းနှင့် တွဲများသည် အခြားတစ်ဘက်ကမ်းသို့ ရောက်ရှိသွားခဲ့ပေသည်။
တံတားကြီးကို ပြန်လည်ပြုပြင်ရသည့် အစုစုကုန်ကျစရိတ်မှာ ကျပ် (၃၂၀၀၀၀၀) ဖြစ်၍ (၁၉၅၁) ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့တွင် ရထားများဖြတ်ကျော်ခုတ်မောင်းရန် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ (၁၈၉၇) ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မန္တလေးမှ ကွမ်လုံသို့ မီးရထားလမ်းဖောက်လုပ်ရန် မူလကစီစဉ်ခဲ့သည်။ ထို့နောက် နမ္မတူသတ္တုတွင်းတူးဖေါ်ရေးလုပ်ငန်းက သယ်ယူပို့ဆောင်ရေးတွင် အရေးပါလာသည်။ မြန်မာနိုင်ငံစီးပွားရေးကိုလည်း များစွာအကျိုးသက်ရောက်စေခဲ့သည်။
ပြင်ဦးလွင်နှင့် ဂုတ်ထိပ်တံတားသည် (၃၆) မိုင်ခန့်သာကွာဝေးပြီး၊ ပြင်ဦးလွင်မှ ကားလမ်းမှဖြစ်စေ နေ့ချင်းပြန် သွားရောက်နိုင်သည်။ ကားလမ်းနှင့် ဂုတ်ထိပ်တံတားသို့ အနီးဆုံးနေရာသည် ပေ (၂၀) ခန့်သာရှိ၍ ကားဖြင့်သွားကြည့်၍လည်း ရသည်။ ယခင်က လုံးခြုံရေးအခြေအနေအရ သွားလာမှုအခက်အခဲ အနည်းငယ်ရှိသော်လည်း ယခုအခါ နယ်မြေအေးချမ်းသွားပြီးဖြစ်၍ သွားရေးလာရေး အဆင်ပြေနေပါပြီ။
ပြင်ဦးလွင်မြို့ဖြတ်၍ ဖောက်လုပ်ခဲ့သော တရုတ်-မြန်မာလမ်းမကြီး (Burma Road)
တရုတ်နိုင်ငံ ကူမင်းမြို့နှင့် မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့(မေမြို့) ကို ဖြတ်၍ လားရှိုးမြို့ကို ဆက်သွယ်ပေးသည့် လမ်းမကြီးဖြစ်သည်။ ကမ္ဘာတွင် (Burma Road) ဟု ထင်ရှား၍ လူသိများသည်။ ထိုလမ်းမကြီးကို (၁၉၃၇) ခုနှစ်၊ ဒီဇင်္ဘာလအတွင်းမှစ၍ ပြင်ဦးလွင်မြို့ကို အခြေခံ၍ ဖောက်လုပ်ခဲ့သည်။
ထိုလမ်းမကြီးဖောက်လုပ်ရာတွင် အလုပ်သမား သုံးသိန်းခန့်၏လုပ်အားကို အသုံးပြုခဲ့ရသည်။ ကူမင်းမှလားရှိုးအထိ (၇၁၆) မိုင်ရှိသည်။ လမ်းမကြီးအတွက် ကုန်ကျစရိတ် စုစုပေါင်းမှာ ကျပ် (၃၇၅၀၀၀) ဖြစ်သည်။ (၁၉၃၉) ခုနှစ်၊ ဇန္န၀ါရီလ (၁၀) ရက်နေ့တွင် လမ်းမကြီး တရားဝင်ဖွင့်လှစ်ခဲ့သည်။
(၁၉၄၂) ခုနှစ်၊ မတ်လတွင် မြန်မာဘုရင်ခံ ဆာဒေါ်မန်စမစ်၊ မြန်မာပြည်ဗြိတိသျှစစ်ဦးစီးချုပ် ဗိုလ်ချုပ်အလက်ဇန္ဒား၊ အမေရိကန်မှ တရုတ်ပြည်ဆိုင်ရာ အမေရိကန်ဗိုလ်ချုပ် စတီဝဲလ် (လီဒိုလမ်းမကြီးဖောက်လုပ်ခဲ့သူ)၊ ဒုတိယဗိုလ်ချုပ် ချန်ကေရှိတ်၊ မဒမ်ချန်ကေရှိတ်တို့သည် ပြင်ဦးလွင်မြို့ရှိ ဘုရင်ခံအိမ်တော်၌ စုဝေးပြီး၊ တရုတ်-မြန်မာလမ်းကြီးကို အသုံးပြုရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံစစ်ရေးအခြေအနေကိုလည်းကောင်း တိုင်ပင်ဆွေးနွေးခဲ့ကြသည်။
တရုတ်-မြန်မာလမ်းမကြီးဖောက်လုပ်ခဲ့စဉ်က တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ စစ်ဖြစ်နေချိန်ဖြစ်သည်။ ထိုတရုတ်-ဂျပန်စစ်တွင် တရုတ်နိုင်ငံသို့ စစ်လက်နက်အကူအညီများ ထောက်ပံ့ရန် ရည်ရွယ်ချက်ဖြင့် အင်္ဂလိပ်အစိုးရက လမ်းမကြီးကို ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း လမ်းမကြီးဖောက်လုပ်ပြီးချိန်မှစ၍ တရုတ်-မြန်မာလမ်းကြီးမှတဆင့် အင်္ဂလိပ်နှင့် အမေရိကန်တို့က တရုတ်နိုင်ငံသို့ စစ်သုံးမော်တော်ကားများ၊ စစ်လက်နက်ပစ္စည်းများ၊ ဓာတ်ဆီများ တင်ပို့ခဲ့သည်။ စစ်လက်နက်ပစ္စည်းများ တင်ပို့ပုံမှာ ရန်ကုန်မှပြင်ဦးလွန်မြို့ကိုဖြတ်၍ လားရှိုးသို့၊ လားရှိုးမှ တရုတ်နိုင်ငံ ကူမင်းမြို့၊ ထို့နောက် ကူမင်းမှ ထိုစဉ်က ချန်ကေရှိတ်အစိုးရ၏ မြို့တော်ဖြစ်သော ချုံကင်းသို့ ပေးပို့ခြင်းဖြစ်သည်။ ထိုသို့ ချန်ကေရှိတ်အစိုးရကို မဟာမိတ်တို့က အင်အားဖြည့်တင်းပေးရာ အဓိကလမ်းမကြီးတစ်ခုဖြစ်လာသောအခါ စစ်ရေးနှင့် နိုင်ငံရေးအရ အရေးပါသည့် လမ်းမကြီးဖြစ်လာတော့သည်။ အထူးသဖြင့် တရုတ်-ဂျပန်စစ်အတွက် အသုံးချသည်ကို မကျေနပ်၍ ကန့်ကွက်မှုများနှင့် ရန်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် (၁၈.၇.၁၉၄၀ မှ ၁၈.၁၀.၁၉၄၀ ထိ) သုံးလတိတိ လမ်းမကြီးကို ဗြိတိသျှအစိုးရက ယာယီပိတ်ထားခဲ့ရသေးသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရသည့် အကြောင်းရင်းတစ်ရပ်မှာလည်း ထိုလမ်းမကြီးကို ပိတ်ပစ်လို၍ ဖြစ်သည်။ ဤသို့ တရုတ်-မြန်မာလမ်းမကြီးသည် တရုတ်-ဂျပန်စစ်တွင်လည်းကောင်း၊ ဒုတိယကမ္ဘာစစ်တွင်လည်းကောင်း၊ စစ်ရေးနှင့် နိုင်ငံရေးအရ ပါဝင်ပတ်သက်သွားရာမှ ယင်းလမ်းမကြီးကို အကြောင်းပြု၍ မြန်မာနိုင်ငံကလည်း ပါဝင်ပတ်သက်လာရပြီး ပို၍လူသိများခဲ့သည်။
YEE SHIN GUEST HOUSE (သီပေါမြို့ HSIPAW)
သီပေါဘူတာမှာ “ပင်လယ်ရေပြင်မှ(၁၃၉၈)ပေမြင့်သည်” ဟုရေထားသည်။ ဘူတာကို ရောက်တော့ ကြိုတင်စီစဉ်ထားသဖြင့် “ရီရှင်းဟိုတယ်” က သုံးဘီးဆိုင်ကယ်ဖြင့် အဆင်သင့်လာရောက်ကြိုဆိုနေပါတယ်။ ဘူတာနဲ့က အတော်နီးပြီး ၁၀ မိနစ်ခန့်သာ မောင်းရတယ်။ မြို့ထဲနဲ့လဲနီးပြီး အခန်းခလဲ ဈေးချိုသဖြင့် အတော်လေး အဆင်ပြေပါတယ်။ ဒီအထဲမှာ ဧည့်သည်များကို ဘူတာ (သို့) ကားဂိတ်များသို့ အခမဲ့ပို့ဆောင်ပေးခြင်း၊ ကားလက်မှတ်များ စီစဉ်မှာကြားပေးခြင်း၊ လိုအပ်ပါက ကား၊ ဆိုင်ကယ်များ ခေါ်ပေးခြင်း စသည် ၀န်ဆောင်မှုများလည်းပေးပါတယ်။
အခန်းခများကတော့- နိုင်ငံခြားသား အတွက်
၁။ အဲယားကွန်း၊ ရေချိုးခန်း၊ အိမ်သာ (ပါ) = Double Room (18$), Triple Room (24$)
၂။ ရေချိုးခန်း၊ အိမ်သာ(ပါ) = Double Room (15$)
၃။ ရိုးရိုး (အဲယားကွန်း၊ ရေချိုးခန်း၊ အိမ်သာ-မပါ) = တစ်ယောက် ၆ ထောင်ကျပ်
(ခရီးသွားရာသီတွင် အပြောင်းအလဲရှိသည်။)
ဆက်သွယ်ရန်- YEE SHIN GUEST HOUSE
Mine Pon Street, West Quarter, Hsipaw.
Northern Shan State, Myanmar.
Tel: 082-80711, 095278501, 095278201
Trekking Guide ကိုအောင်စိုးနိုင် (၀၉ ၃၆၀ ၇၄ ၃၆၀)
သီပေါမြို့ရဲ့ အဓိကလည်ပတ်စရာနေရာက Trekking နဲ့ Boat Trip ဖြစ်ပါတယ်။ ဒါကြောင့် မသီရိရဲ့ မိတ်ဆွေ Trekking Guide ကိုအောင်းစိုးနိုင်နဲ့ တွေ့ဆုံခွင့်ရသဖြင့် သိလိုသည်များကိုလည်း မေးမြန်းခဲ့ပါတယ်။
Trekking ကို ပန်ခမ်းရွာ၊ ထန်းစန်းရွာ စတဲ့ ပလောင်တိုင်းရင်းသားများနေထိုင်တဲ့ ရွာများကို သွားရောက်လေ့လာခြင်း ဖြစ်ပါတယ်။ သီပေါမှ (၁၆) ကီလိုမီတာ (သို့) ၁၀ မိုင်ခန့် ဝေးပါတယ်။ ကြာချိန်အားဖြင့် (၅) နာရီကြာပါတယ်။ များသောအားဖြင့် (၁) ညအိပ်၊ (၂) ညအိပ်သွားကြပါတယ်။ နံနက်စာစားပြီး သီပေါမှ ၈း၀၀ ခန့်မှာ ထွက်လေ့ရှိပါတယ်။ နေ့လည်စာနှင့် တည်းခိုရပ်နားရန်အတွက် ဖုန်းဆက်၍ ကြိုတင်မှာကြားထားရတာပါ။ ပလောင်အစားအစာများ စီစဉ်ပေးနိုင်ပြီး၊ လဖက်သုတ်၊ ဂျင်းသုတ်တို့နှင့် ကြဥမွှေကြော်၊ ငါးမုန့်ခြောက်များ၊ ရှမ်းခေါက်ဆွဲ၊ ခေါက်ဆွဲကြော် စသည်အစားအစာများလည်း မှာကြားနိုင်ပါတယ်။ ညအိပ်တည်းခိုရန်အတွက် ပလောင်မိသားစုအိမ်များမှာ စီစဉ်ရလေ့ရှိပြီး၊ မွှေ့ယာစသည်တို့လည်း အဆင်သင့်ရှိတယ်လို့ ဆိုပါတယ်။ နောက်တစ်နေ့မှာတော့ နံနက်စာစားပြီး ပြန်ဆင်းလာပါတယ်။
တောင်တက်စမှာတော့ ရှမ်းရွာများစွာကိုဖြတ်ကျော်ပြီး၊ ပလောင်ရွာများရောက်ရင်တော့ လဖက်ခင်းများမှာ စိုက်ပျိုးနေပုံ၊ လဖက်ခူးနေပုံ၊ လဖက်လှမ်းနေပုံ၊ လဖက်ကြိတ်နေပုံ၊ လဖက်စိုလဖက်ခြောက်များလုပ်ကိုင်နေပုံများ၊ ရံဖန်ရံခါ ရိုးရာဝတ်စုံများနှင့်အတူ ရိုးရာအကများ၊ ဓလေ့ထုံးစံများနှင့် ပလောင်တိုင်းရင်သားတို့၏ Ways of Life တို့ကို လေ့လာနိုင်ပါတယ်။ လဖက်အပြင် အခြားစိုက်ပျိုးရေးများကတော့ ဆန်စပါး၊ ပြောင်းနှင့် ကောက်ပဲသီးနှံများဖြစ်ပါတယ်။
Trekking Guide Fees ကတော့ ဧည့်သည်တစ်ဦးလျှင် ၂၅၀၀၀ ကျပ်ဖြစ်ပါတယ်။ အဲဒီအထဲမှာ စားစရိတ်နဲ့ တည်းခိုစရိတ်ပါပြီးဖြစ်ပါတယ်။ ကျန်တဲ့ မိမိနှစ်သက်လို့ ၀ယ်ယူသည်များကိုတော့ မိမိကိုယ်တိုင် ပေးချေရမှာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်နိုင်ပါရန် Trekking Guide အမည်နှင့် ဖုန်းနံပါတ်တို့ကို တစ်ပါတည်းမျှဝေပေးလိုက်ပါတယ်။
သီပေါမှ ဘော်ကြိုဘုရားသို့
ကျနော်တို့တတွေ Check in ၀င်ပြီး အေးအေးဆေးဆေး မနားနိုင်ကြပါ။ နေ၀င်ခါနီး၍ အချိန်သိပ်မရသဖြင့် ၁၅ မိနစ်ခန့်သာနားပြီး အသွားအပြန် ၆၀၀၀ ကျပ်ဖြင့် သုံးဘီးဆိုင်ကယ်ငှားကာ ဘော်ကြိုဘုရားဆီသို့ အသော့နှင်ခဲ့ကြပါတယ်။ သီပေါမှ ဘောကြိုဘုရားထိ ၆ မိုင်ဝေးပါတယ်။ လမ်းမှာတော့ ဇလီဖားတုံးစက်ရုံဟောင်း၊ စောမွန်လှတည်ခဲ့သောဘုရား၊ ဒုတ္ထ၀တီဖြစ်တစ်ဖက်ကမ်းမှာ စောမွန်လှ တရားအားထုတ်ခဲ့ပြီး နောက်ဆုံးကွယ်လွန်အနိစ္စရောက်ခဲ့သော စောမွန်လှအုတ်ဂူ တည်ရှိရာတောင် တို့ကို မြင်ရပါတယ်။ (မန္တလေး (သို့) ပြင်ဦးလွင်ဘက်မှ မိမိတို့ကားဖြင့်လာသောသူများသည် သီပေါမရောက်ခင် ဦးစွာ ဘော်ကြိုဘုရားသို့ ၀င်ရောက်သင့်သည်။)
ဘော်ကြိုဘုရား
ဘော်ကြိုဘုရားသည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာ၊ ရွာဟောင်းနှင့် ရွာသစ်ကြား၊ မန္တလေး-လားရှိုး မော်တော်ကားလမ်းနှင့် မီးရထားလမ်းကြား၊ ဒုတ္ထ၀တီမြစ်မြောက်ဘက်တွင် တည်ရှိသည်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နှစ်ပေါင်း ၂၃၅-၂၃၇ အကြာ သီရိဓမ္မာသောကမင်းကြီးသည် တတိယသင်္ဂါယနာတင်ပြီး ရေတွင်းပေါင်း ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀၊ စေတီပေါင်း ၈၄၀၀၀ တို့ တည်ထားကိုးကွယ်ရာ၌ ဤဘော်ကြိုဘုရားသည်လည်း တစ်ဆူအပါအ၀င်ဖြစ်သည်။ တတိယသင်္ဂါယနာတင် အကြီးအမှုးဖြစ်သော အရှင်မဟာမောဂ္ဂလိပုတ္တမထေရ် ရဟန္တာအရှင်သူမြတ်ကြီးက ၎င်းနေရာသည် မြတ်စွာဘုရားအလောင်းတော် နုစဉ်အခါက ၀က်မင်းဘ၀ စံပျော်ရာ ရေကန်သာ (၀က်လူးအိုင်) ဖြစ်ခဲ့ဖူးသည်။ ထိုနေရာတွင် မုဌောစေတီတည်ရန် အမိန့်ရှိခဲ့သည်ဟု ဆိုသည်။ ဦးစွာ စေတီတော်၏အမည်မှာ မုဌောစေတီဖြစ်သည်။
စကားသား ဆင်းတုတော်လေးဆူ
စကားသား ဆင်းတုတော်လေးဆူကို ခရစ်သက္ကရာဇ် ၁၁၇၄ ခုနှစ်၊ မြန်မာသက္ကရာဇ် ၅၃၆ တွင် ပုဂံခေတ် နရပတိစည်သူမင်းဖြစ်သည်။ (အလောင်းစည်သူ၏မြေးတော်ဖြစ်သည်)
ရှေးယခင်က ပွဲတော်ရက်မစမီ ရုပ်ပွားတော်လေးဆူကို သီပေါစော်ဘွားကြီးများက ၎င်းတို့၏ ဟော်နန်းဦးတွင် နန်းဦးကျောင်းဆောက်၍ တစ်နှစ်ပတ်လုံး ကိန်းဝပ်စံပါယ်တော်မူစေပြီး ပွဲတော်ရက်စသောနေ့မှ စော်ဘွားကြီးများကိုယ်တိုင် ကြည်းကြောင်း၊ ရေကြောင်းတို့ဖြင့် ပင့်ဆောင်ကြသည်။ ပင့်ဆောင်ရာတွင် အရှေ့ဘက်မုခ်တွင်ဖူးမြော်ရန် ရတနာမာန်အောင်ဆင်းတုတော်အား ပထမ၊ တောင်ဘက်မုခ်တွင်ဖူးမြော်ရန် ရတနာဥာဏ်အောင်ဆင်းတုတော်အား ဒုတိယ၊ မြောက်ဘက်မုခ်ဦးတွင်ဖူးမြော်ရန် ရတနာရန်အောင်ဆင်းတုတော်အား တတိယ၊ အနောက်ဘက်မုခ်ဦးတွင် ဖူးမြော်ရန် ရတနာဈာန်အောင် ဆင်းတုတော်အား စတုတ္ထ အသီးသီး အစဉ်အတိုင်းပင့်ဆောင်ရသည်။ ဆင်းတုတော်များမှာ ရွှေသင်္ကန်းကပ်လှူထားသဖြင့် မူလပုံများ မမြင်နိုင်တော့ဘဲ ဓါတ်ပုံများတွင်သာ တွေ့မြင်ဖူးမြော်နိုင်သည်။ ပွဲတော်ရက်မှာ တပေါင်းလဆန်း (၇) ရက်မှ တပေါင်းလပြည့်ကျော် (၁) ရက်နေ့အထိဖြစ်သည်။
ပါးစပ်ရာဇ၀င်များအရ ဘုရားတည်စဉ်က အပျိုစင်မိန်းခလေးကို စတေးခဲ့ကြောင်း၊ အောက်ထဲတွင် လှေစီး၍ လှည့်ပတ်နေကြောင်း၊ ဘုရားကန်တော့သူများ လှေဦးလှည့်ချိန်နှင့်ကိုက်ညီတိုက်ဆိုင်ပါက ကံကောင်းခြင်းများစွာတို့ ကြုံတွေ့ရကြောင်း၊ ဘုရား၏အရှေ့တောင်ဒေါင့်တွင် လှိုဏ်ဂူရှိနေကြောင်း၊ ထုကြည့်ပါက လှိုဏ်သံထွက်ပေါ်ကြောင်း၊ ဘုရားအနောက်ဘက်မှာ ရေထွက်ပေါက်ရှိပြီး ၎င်းရေကို သောက်လျှင် ရောဂါဝေဒနာများ ပျောက်ကင်းကြောင်း ဆိုကြပါတယ်။
အပေါ်စေတီဥာဏ်တော်အမြင့် ၁၀၀ ပေ အတွင်းမုဌောစေတီဥာဏ်တော်အမြင့် ၅၁ ပေ
ဘုရားပရ၀ုဏ်အကျယ်အ၀န်း ၂.၁၂ ဧက အပေါ်စေတီအရံ ၆၄ ဆူ
တံတိုင်းပေါ်ရှိ အရံစေတီ ၂၀၀ ဆူ အာရုံခံတန်ဆောင်းတိုင်ပေါင်း ၁၀၈ တိုင်
အမိုးမျက်နှာကျက် အကွက်ပေါင်း ၁၂ ကွက်၌ (၁၂) ရာသီခွင်များကို ရသေ့ကြီးဦးခန္တီ ဆောက်လုပ်ခဲ့သည်။ ပါးစပ်ရာဇ၀င်များအရ ၃ ပတ်ပြည့်အောင်ပတ်လျှင် န၀င်းကျေသည် ဟုဆိုကြသည်။
ဘုရားစောင့် ဘီလူး ၅ ကောင် ရုပ်တုများ
သက္ကရာဇ် ၁၂၈၇ ခုနှစ် တပါင်းလတွင် (အမည်ပါရုပ်ထု)၊ ထိုနှစ် သီတင်းကျွတ်လတွင် (အမည်မပါလေးကောင်ရုပ်ထု) တို့ကို စော်ဘွားကြီး ဆာစောချယ်က ကျော်မဲမြို့နယ် စခန်းသာကျေးရွာအနီးတွင်ရှိ စေတိယဂီရိတောင်တော်တွင် တောင်တော်စောင့်အဖြစ် ထုလုပ်၍ စောင့်ရှောက်စေခဲ့သည်။ ဆာစောချယ် နတ်ရွာစံပြီးနောက် သားတော် စောအုံကြာလက်ထက်တွင် ဘော်ကြိုမုဌောစေတီတော်သို့ လှူဒါန်းခဲ့သည်။
ပါးစပ်ရာဇ၀င်များအရ ဘုရားပွဲမလုပ်မီ ဘုရားပွဲမကျင်းပမီ ဘီလူးတစ်ကောင်လျှင် အမဲသား ၃ ပိဿာစီကျွေးရကြောင်း၊ စိတ်ထက်မြက်ကြကာ ဘုရားကိုစောင့်ရှောက်နေကြကြောင်း၊ စော်ဘွားများ၏ စစ်သူကြီးဖြစ်ခဲ့ဖူးတဲ့ တုန့်စင်ဘိုးဘိုးကြီးက စောင့်ရှောက်ပေးထားပြီး စီးပွားရေးအောင်မြင်လိုသူများ၊ စာမေးပွဲအောင်မြင်လိုသူများက လာရောက်ဆက်သကြကြောင်းဆိုပါသည်။
ကြေးရုပ်တုများ
သက္ကရာဇ် ၁၁၄၆ ခုနှစ် ဘိုးတော်ဗဒုံမင်း၏ သားတော်အိမ်ရှေ့မင်းသည် ဓည၀တီရခိုင်ပြည်မှ မဟာမုနိရုပ်ပွားတော်ပင့်ဆောင်လာစဉ် ထိုကြေးရုပ်များကိုပါ ယူဆောင်လာခဲ့သည်။ ထိုကြေးရုပ်များသည် ကမ္ဘောဒီးယားပြည် အန်ကောလ်ဝပ်ကျောင်းမှ ယိုးဒယားတို့က ယူဆောင်ခဲ့ကြောင်း သိရသည်။
၁။ ခေါင်းသုံးလုံးရှိသောဆင်ရုပ်ကို ဧရာဝဏ်ခေါ်၍ ယိုးဒယားအခေါ် (မျက်ဝမ်ဆင်) (ယိုးဒယားစာရေးထားသည်။)
၂။ ခြေင်္သေ့ရုပ်တုအား ယိုးဒယားအခေါ် (ဆာဂျာဝီဟ) ဖြစ်သည်။ (ယခင်ကရှိခဲ့သည်။ ယခုမရှိတော့ပါ)
၃။ လူပုံကြေးရုပ်မှာ မြန်မာအခေါ်(ဒေ၀)၊ ယိုးဒယားအခေါ် (ထေ၀)။ ယင်းအရုပ်များအား ရောဂါရှိသူများက သက်ဆိုင်ရာဝေဒနာခံစားနေရသည့် အစိတ်အပိုင်းများကို လက်ဖြင့်ပွတ်တိုက် ဆုတောင်းလျှင် ရောဂါပျောက်ကြောင်း ယုံကြည်ကြသည်။
စကားဗုဒ္ဓရုပ်ပွားတော်များနှင့် စကားပင်
ကောဇာသက္ကရာဇ် ၅၃၆ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၁၇၄ ခုနှစ်တွင် ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီးမှ ရှမ်းမြန်မာချစ်ကြည်ရေးအတွက် ရှမ်းကိုးမြို့သို့ မွန်မြတ်သော ဗုဒ္ဓလက်ဆောင် အဖြစ် ဤစကားပင်အသားဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ် (၁၂) ဆူ ထုလုပ်လှူဒါန်းခဲ့ရာ ယနေ့ထက်တိုင်အောင် အောက်ဖေါ်ပြပါ ကိုးမြို့၌ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပပြုလုပ်လျှက်ရှိသည်။
၁။ သီပေါမြို့နယ်၊ ဘော်ကြိုကျေးရွာ (၄) ဆူ ၂။ ကျောက်မဲမြို့နယ်၊ မင်းကုန်းကျေးရွာ (၁) ဆူ
၃။ နောက်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာ (၁) ဆူ ၄။ မိုးမိတ်မြို့နယ်၊ မိုးမိတ်မြို့ (၁) ဆူ
၅။ နမ့်ဆန်မြို့နယ်၊ လွယ်ဆိုင်တောင် (၁) ဆူ ၆။ လားရှိုးမြို့နယ်၊ မိန်းပိုင်ကျေးရွာ (၁) ဆူ
၇။ သိန္နီမြိ့နယ်၊ ဟိုမိန်ကျေးရွာ (၁) ဆူ ၈။ မိုင်းကိုင်မြို့နယ်၊ မိုင်းကိုင်မြို့ (၁) ဆူ
၉။ ကျေးသီးမြို့နယ်၊ ကျိုင်းလင်းကျေးရွာ (၁) ဆူ
ဘော်ကြိုဘုရား ပရ၀ုဏ်အတွင်း အနောက်မြောက်ဒေါင့်တွင် ထူးခြားစွာပေါက်ရောက်နေသော သက်တမ်းနှစ်ပေါင်း ၈၀ ကျော်ရှိ စကားပင်လည်းရှိသည်။ စကားပင်၏ထူခြားချက်မှာ ဘုရားစေတီ၊ အုတ်ပြဿဒ် ထီးတော်၏အမြင့်ထက် မည်သည့်အခါမှ မြင့်မသွားခြင်း ဖြစ်သည်။
ဧည့်လမ်းညွှန် မြတ်သင်းလှိုင်
“ဟယ် မြတ်သင်းလှိုင် နင်ဒီနေ့ တော်တော်လှပါလား။ ဘယ်သွားမလို့လဲ။ နင်ပျောက်နေတာကြာပြီကော။” “ဟုတ်တယ် ကိုသောင်းနိုင်ဦးရေ။ စာသင်တာနဲ့ ခရီးတွေထွက်နေတာနဲ့ မလာဖြစ်တာပါ။ ဒီမလာဖြစ်တာ ၃ ရက်ပဲရှိပါသေးတယ်။ ခုလဲ သဘက်ခါ ခရီးထွက်ရမှာမို့ သတိရလို့ လာနှုတ်ဆက်တာ။ ပြီးတော့ ကျမလေ့လာနေတဲ့ ဂျပန်စာအုပ်တွေ ပေးခဲ့ချင်လို့။ နောက်ပြီးတော့ အင်္ဂလိပ်စာအုပ် Brighter Grammer က တော်တော်လေးကောင်းလို့ ၀ယ်လာခဲ့တာ။ ရော့လက်ဆောင်။” “များလှချေလား မြတ်သင်းလှိုင်ရယ်။ ဒီစာအုတ်တွေက နင်လဲလေ့လာရဦးမှာလေ။ ကဲပါ ပေးပေး ငါ့ဆီရှိတော့လဲ အတူတူပါပဲ။ နင်ကြိုက်တဲ့အချိန် ယူကြည့်ပေါ့” “ဒါနဲ့ ဒီတစ်ခေါက်ခရီးက ဘယ်ဘက်ဆီကို သွားရမှာလဲ။ အဝေးကြီးလား” “ဟုတ်တယ်ဗျ။ နဲနဲ ဝေးတယ်။ ဧည့်သည်ကို သီပေါအထိပို့ပေးရမှာ။ ပို့ပေးရုံလေးပါ။ ပြီးတာနဲ့ ပြန်လာရမှာလေ။” “အေး ကောင်းသားပဲ။ အဲဒီဘက်တွေ ငါလဲမရောက်ဖူးသေးဘူးဟ။ အပြန်လက်ဆောင်ဝယ်ခဲ့ရမယ်နော် ဒါပဲ” စိတ်ထားကောင်းပြီး ဆက်ဆံရေးနူးညံ့သိမ်မွေ့ကာ အသားဖြူဖြူချောချော ရှမ်းမလေးတစ်ယောက်လိုလှတဲ့ မြတ်သင်းလှိုင်ဟာ ဒေါ်မမနိုင်အင်္ဂလိပ်စကားပြောသင်တန်းမှာ အင်္ဂလိပ်စာသင်ဆရာမလုပ်ရင်း ကျနော်နဲ့အတူ ဂျပန်စာလေ့လာနေတဲ့ အလွန်ခင်တဲ့ သူငယ်ချင်းတစ်ဦးပါ။ ပြီးတော့ ဧည့်လမ်းညွှန်လည်းလုပ်ကိုင်နေသူဖြစ်ပါတယ်။
ဆရာမဒေါ်မမနိုင်က မြတ်သင်းလှိုင် မလာတာလဲကြာပြီ မတွေ့တာလဲကြာပြီ ဒီနားရောက်တုံး သူ့အိမ်ခဏ ၀င်လိုက်ပါဦးမယ်ဆိုပြီး ၀င်လိုက်မိပါတယ်။ အိမ်နားရောက်တော့ “ဟဲ့ မြတ်သင်းလှိုင်တို့အိမ်က စည်ကားလှချည်လား။ ကြည့်စမ်း ဒီကလေးမ မင်္ဂလာဆောင်တာတောင် ငါ့အကြောင်းမကြားဘူး။ တွေ့မှပြောရဦးမယ်” ဆိုပြီး ၀င်လိုက်ရင်ပဲ ၀မ်းနဲပက်လက်ပါပဲ။ လူလှိမ့်ပြီး အော်ဟစ်သာ ငိုလိုက်ချင်တော့တယ်။ မြတ်သင်းလှိုင် ဆုံးပြီတဲ့။ ရက်လည်ဆွမ်းသွပ်နေတာတဲ့။
သီပေါကို ဧည့်သည်ပို့ပြီးအပြန် ဘော်ကြိုဘုရားကို ဖူးချင်လို့ ၀င်ပါတယ်။ ဖူးပြီးတာနဲ့ ပါလာတဲ့ လက်ဝတ်လက်စားတွေကိုချွတ်ပြီး ဘော်ကြိုဘုရားကို လှူပါတယ်။ တချို့လဲ အမေတို့လာရင်ပေးပေးပါဆိုပြီး အပ်ခဲ့တယ်။ အဲဒီနောက် ဒုတ္ထ၀တီမြစ်ထဲကို တရွေ့ရွေ့ဆင်းသွားနေပါတယ်။ မြစ်ဆိပ်မှာ အ၀တ်လျှော်နေတဲ့ အဒေါ်တစ်ယောက်က လှမ်းမြင်လိုက်လို့ “ဟဲ့ လုပ်ကြပါဦး ဟိုမှာ ကလေးမလေးတစ်ယောက် မြစ်ထဲဆင်းသွားနေတယ်။ မြန်မြန် လိုက်ဆယ်ကြပါဦးဟဲ့” အနီးအနားးကလူများ လိုက်ကယ်ကြသော်လည်း သူကတော့ ပုံမှန်ပဲလျှောက်သွားနေတာ။ မမီလိုက်တော့ပါဘူး။ မြစ်ထဲနစ်မြုတ်မျောသွားပါပြီ။ နောက်တစ်နေ့မှာ လိုက်ရှာကြတာ တော်တော်နဲ့ ရှာမတွေ့ပါဘူး။ တစ်နေကုန်ရှာမှတွေ့ရတာပါ။ အနီးအနားရှမ်းတိုင်းရင်းသားများကူညီပေးမှုကြောင့် အားလုံးအဆင်ပြေပြီး ရှမ်းထုံးစံဈာပနအတိုင်းပြုလုပ်ခဲ့ပါတယ်။
မြတ်သင်းလှိုင် မြစ်ထဲဆင်းသွားတဲ့နေရာဟာ စောမွန်လှတည်ထားတဲ့ ဘုရားနံဘေးနားကပါ။ သူဦးတည်သွားတဲ့ မြစ်တစ်ဘက်ကမ်းမှာ စောမွန်လှ တရားအားထုတ်ပြီး နောက်ဆုံးနေသွားတဲ့တောင်ရှိနေပါတယ်။. စောမွန်လှနဲ့များ အတိတ်ဘ၀အဆက်ဆက်တွေက ပက်သက်မှုများရှိနေလားတော့ မပြောတတ်ပါ။ ဒီဘ၀မှာတော့ ကျနော့သူငယ်ချင်းတစ်ယောက်ကိုတော့ ဆုံးရှုံးလိုက်ရပါပြီ။ ကျနော်လဲ ဘော်ကြိုဘုရားကအပြန် ငယ်ချင်းကိုသိတိရတာနဲ့ နဲနဲမှောင်နေတာတောင်မှ ဖုန်းဓါတ်မီးထိုးပြီး သူဆင်းသွားခဲ့တဲ့လမ်းနဲ့ မြစ်ဆိပ်ကို ကြည့်ဖြစ်အောင်ကြည်ခဲ့ပါသေးတယ်။ စိတ်သဘောထားဖြူစင်လှတဲ့ သူငယ်ချင်း ကောင်းရာသုဂတိရောက်ပါစေ။
မြန်မာထမင်းဆိုင် (သီပေါ)
ဘော်ကြိုဘုရားကပြန်လာတော့ ညစာစားချိန်ရောက်နေပါပြီ။ မိတ်ဆွေဖြစ်သူ ဒုရဲအုပ် ဦးခက်ထွန်းနဲ့ နန်းခင်စန်းရီတို့က ညစာကျွေးသဖြင့် သီပေါမှာ အကောင်းဆုံး မြန်မာထမင်းဆိုင်မှာ စားခဲ့ကြရပါတယ်။ အဲဒီဆိုင်ကတော့- “အကောင်းကြိုက်” မြန်မာထမင်းဆိုင် ဖြစ်ပါတယ်။ လိပ်စာက မိုင်းပွန်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အနောက်ရပ်ကွက်၊ ဖုန်း-၀၈၂-၈၀၁၈၅ ဖြစ်ပါတယ်။
နိုင်ငံခြားသားများအတွက် Mr. Food နဲ့ San စားသောက်ဆိုင်တို့က လူကြိုက်များတယ်လို့ ဆိုပါတယ်။
၎.၁၀.၂၀၁၃ (သီပေါ - လားရှိုး နေ့ချင်းပြန်ခရီး)
သီပေါမှ လားရှိုးသို့ ကားများစွာရှိပါသည်။ “ရဲတံခွန်” ကားဖြင့် တစ်ဦးလျှင် ၁၅၀၀ ကျပ်ပေးရပါတယ်။ ၇း၃၀ မှာ ထွက်ခွာပြီး ၉း၀၀ တိတိမှာရောက်သဖြင့် သီပေါ-လားရှိုး ကားမောင်းချိန် ၁း၃၀ ကြာပါတယ်။ သီပေါကိုရောက်တော့ မြို့ထဲကို တန်းမသွားသေးဘဲ မြို့အ၀င်က လွန်ခဲ့တဲ့ ၁၃ နှစ်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လှူဒါန်းတည်ဆောက်သွားခဲ့တဲ့ “ရန်တိုင်းအောင်ဘုရား” ကိုဝင်ဖူးပါတယ်။ အဲဒီနောက် ဆိုင်ကယ်သုံးဘီးကို လည်စရာအားလုံးအတွက် ၂၂၀၀၀ ကျပ်ဖြင့် ငှားပြီး မြို့ထဲကို လှည့်လည်ခဲ့ကြပါတယ်။
လားရှိုးမြို့တွင် ကြည့်ရှုနိုင်သော နေရာများ
၁။ ရန်တိုင်းအောင်ဘုရား ၂။ မဟာမုနိဘုရား
၃။ မန်ဆူဘုရား ၄။ ရှမ်းကျောင်းနှီးဘုရား
၅။ ရေပူစမ်း ၆။ ပြတိုက်
၇။ ရန်အောင်မြင်ဘုရား ၈။ လားရှိုးဈေး
၉။ တရုတ်ဘုံကျောင်း ၁၀။ သာသနာ ၂၅၀၀
၁၁။ ခူမွန်ဆည် ၁၂။ ရှန်ခိုက်ဟိန္ဒူဘုရားကျောင်း
၁၃။ လင်းနို့ဂူ ၁၄။ အခြား
ရေပူစမ်း
လားရှိုးရေပူစမ်းဟာ လားရှိုးမြို့ကနေ သုံးဘီးဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက် သွားရတယ်။ လယ်ကွင်းများကိုဖြတ်ပြီး သွားရတာဆိုတော့ သဘာဝရှုခင်းတွေနဲ့ အတော်လေး စိတ်ကြည်နူးစရာပါ။ ရေပူစမ်းအ၀င် ဂိတ်ပေါက်ရောက်တော့ စစ်ယူနစ်ဖောင်းဝတ်များ စောင့်နေသည်ကို လှမ်းမြင်လိုက်ရတော့ စစ်တပ်ကထိန်းသိမ်းထားတာလို့ သိလိုက်ရတယ်။ ၀င်ကြေးက တစ်ယောက်ကို ၂၀၀ ကျပ်ပါ။ ဂိတ်ပေါက်ကနေ ရေပူစမ်းရောက်အောင် ၂ မိနစ်ခန့် မောင်းရပါသေးတယ်။ သဘာဝအတိုင်းက များပါတယ်။ လာရောက်လည်ပတ်သူ တစ်ယောက်မှ မတွေ့ရပါဘူး။
ရေအ၀င်ဘက်က ရေအေးကန်ဖြစ်ပြီး၊ အထွက်ဘက်က ရေပူကန်ဖြစ်တယ်။ လူတစ်ရပ်စာလောက် နက်ပါတယ်။ ရေကစီးနေတော့ ရေသစ်ရေဟောင်းလဲလှယ်နေရလို့ ရေသန့်တယ်လို့ဆိုရမှာပါ။ ရေချိုးရန် ကျား၊မသီးသန့်နေရာ တစ်ခြမ်းစီခွဲထားပြီး ရေချိုးခရယ်လို့ ထပ်ပေးစရာမလိုပါဘူး။ ရေချိုးမည်ဆိုပါက အ၀တ်အစားငှားတာမျိုးမရှိပါဘူး။ ရေချိုးဖို့အ၀တ်ကို မိမိကိုယ်တိုင် စီစဉ်ယူလာခဲ့ရမှာပါ။ ယခုလိုပူပြင်းတဲ့အချိန်တွေမှာ ဧည့်သည်မရှိပေမဲ့ ဆောင်းတွင်းချမ်းအေးသည့်ကာလများမှာတော့ ဧည့်သည်များ၊ ဈေးသည်များဖြင့် တော်တော်လေးစည်ကားတယ်လို့ ဆိုပါတယ်။ အကယ်၍သာ ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးလိုက်မယ်ဆိုရင် ဒီရေပူစမ်းဟာ ဒီထက်ပိုပြီး တိုးတက်စည်ကားလာလိမ့်မယ်လို့ စဉ်းစားမိတယ်။ မနီးမဝေးနေရာမှာလည်း အငွေ့တထောင်းထောင်းထနေတဲ့ ရေပူကန်တစ်ခုရှိပါတယ်။ တော်တော်လေးပူတော့ ကြက်ဥတောင်မှ ပြုတ်လို့ရလို့ “ကြက်ဥပြုတ်ကန်”လို့လဲခေါ်ကြပါတယ်။
သာယာလှတဲ့ သဘာဝအလှကလေးကို ခံစားလို့ကောင်းနေတုံး ဘယ်လိုမှမဖြစ်သင့်တဲ့ ရေပူစမ်းကို အကြီးတန်အရုပ်ဆိုးစေတဲ့ မြင်ကွင်းဆိုးတစ်ခုကို တွေ့မြင်ခဲ့ကြရပါတယ်။ ကျနော်တို့မရောက်ခင် Light Truck ကားတစ်စီးရောက်နေနှင့်ပါတယ်။ ထင်းများအပြည့်တင်ထားပြီး ခြေလက်တွေတုတ်နှောင်ထားတဲ့ တစာစာအော်မည်နေတဲ့ ၀က်တစ်ကောင်လည်းတင်ထားပါတယ်။ ရေပူစမ်းရဲ့ အနီးနားမှာ ရေနွေးအိုးတည်ထားတာလည်း တွေ့ရတယ်။ အစကတော့ ဒီရေနွေးအိုး ဘာလုပ်မလို့လဲလို့တော့ တွေးမိပါရဲ့။ ခဏနေတော့ ယောင်္ကျား ၃ ယောက်က ကြိုးတုတ်ထားတဲ့ဝက်ကို ထမ်းလာပါတယ်။ တရုတ်မလိုလို အမျိုးသမီးတစ်ယောက်လဲပါတယ်။ ရေနွေးကြိုကန်နား ရောက်တော့ ၀က်ကိုအောက်ချပြီး၊ အရှင်လတ်လတ် လည်မျိုကိုဒါးနဲ့ထိုးပြီး သတ်ပါလေရော။ ၀က်ကအသားကုန်အော်တော့ လူတိုင်းမသိမမြင်ဘဲရှိပါ့မလား။ ပန်းထွက်နေတဲ့လည်ချောင်းသွေးကို ခွက်နဲ့ခံယူတဲ့သူကယူလို့။ ခဏနေတော့ ၀က်ကမလှုတ်နိုင်တော့ဘဲ ဆန့်ငင်ဆန့်ငင်နဲ့ သေသွားပါတော့တယ်။ နောက် အမွှေးများကို ခြစ်ထုတ်၊ အသားအရိုးများဖြတ်တောက်ပြီး ရေနွေးကြိုကန်ထဲ ထဲ့ပါတော့တယ်။ ဘယ်သူမှ မမြင်ချင်လို့ကိုမရတဲ့လူမြင်ကွင်း၊ ဒီမြင်ကွင်းက ဒီရေပူစမ်းကို လာတဲ့သူ အားလုံးကို ပြသနေသလိုဖြစ်နေတာပါ။ ပြီးတော့ ဒီအထဲမှာရှိနေတဲ့သူတွေက ဘယ်သူကမှ တားမြစ်ခြင်း အံ့သြစွာကြည့်ခြင်းစသည် မရှိကြပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီနေရာမှာ ဒီဝက်သတ်လုပ်ငန်းဟာ နေ့စဉ် (သို့) အမြဲလုပ်နေကျလို့ ဆိုနိုင်ပါတယ်။ ဒါဟာ သက်ဆိုင်သူတို့က ခွင့်ပြုထားလို့ လုပ်နိုင်တာလို့လဲ ဆိုနိုင်ပါတယ်။ ဒီကိစ္စဟာ မရှိသင့်ဘူး။ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ ကျနော်တို့နဲ့ပါတဲ့ နိုင်ငံခြားသားလဲမြင်သွားပါတယ်။ နောက်နောင် နိုင်ငံခြားဧည့်သည်တွေ မြင်သွားရင် ကမ္ဘာအ၀ှမ်းမှာ ဒီလားရှိုးရေပူစမ်းအကြောင်း ပျံ့နှံ့သွားရင် ရင်လေးစရာပါ။ သက်ဆိုင်ရာတာဝန်ရှိသူများ ဒီစာကိုဖတ်မိပါက တားမြစ်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
လားရှိုးပြတိုက်
ယဉ်ကျေးမှုမြင့်မားတဲ့ ဒေသဖြစ်လို့ တိုင်းရင်းသားယဉ်ကျေးမှုပြတိုက်တစ်ခု ရှိသင့်တဲ့ နေရာပါ။ ဒါကြောင့် လားရှိုးမှာ ပြတိုက်မရှိဘူးလားလို့ သုံးဘီးဆရာကိုမေးပါတယ်။ ကျနော်သုံးဘီးမောင်းလာတာကြာပြီဗျ။ လားရှိုးမှာ ပြတိုက်ရှိတယ်လို့ တစ်ခါမှ မကြားဖူးဘူး။ ပို့လဲမပို့ဖူးဘူး လို့ပြောပါတယ်။ ကျနော်တို့ တတွေရေပူစမ်းကို လေ့လာပြီးပြန်အလာလမ်းမှာ မသိမ့်သီရိက “ဟိုမှာ ဟိုမှာ ပြတိုက်တွေ့ပြီ ဟိုမှာ ဆိုင်းဘုတ်အပြာ အဲဒါပြတိုက်ပဲ”။ ဟုတ်ပါရဲ့။ ပြတိုက်ကို အရင်ကတဲက လေ့လာချင်နေကြတာဆိုတော့ အားလုံးဝမ်းသာသွားကြသည်။ ဒီလိုနဲ့ အထဲကိုမရောက်မီ ဓါတ်ပုံမှတ်တမ်းများကို ရိုက်ကြသည်။ အထဲလဲရောက်ရော “ဟိုး ဟိုး ဓါတ်ပုံမရိုက်ရပါဘူးဗျာ၊ ကျနော်တို့ရဲ့ ပြတိုက်မှူးက တွေ့ချင်လို့ပါတဲ့၊ ကျေးဇူးပြုပြီး ရုံးခန်းထဲကို ကြွကြပါဦးခင်ဗျာ” လူငယ်တစ်ဦးကဆိုလို့ အားလုံးပဲ ရုံးခန်းထဲဝင်ခဲ့ကြပါတယ်။
“ကဲ ထိုင်ကြပါဗျာ။ မောင်တို့က ဘယ်ကနေလာခဲ့ကြတာလဲ” မေးတော့ “ကျနော်တို့က မန္တလေးကလာခဲ့ကြတာပါ။ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၊ မန္တလေးဇုန်က ဧည့်လမ်းညွှန်များဖြစ်ပါတယ်။ ဒီနားဖြတ်သွားရင်း ပြတိုက်ဆိုင်းဘုတ်ကို လှမ်းမြင်လိုက်လို့ လေ့လာဖို့ဝင်လာတာပါ။ လားရှိုးမှာ ပြတိုက်မရှိဘူးလို့ပြောနေကြပါတယ်” “ဟုတ်ကဲ့ ကျနော်က ဦးညီမွန်း ပါ။ ဟုတ်ပါတယ်။ အရင်က ပြတိုက်မရှိခဲ့တာမှန်ပါတယ်။ ခုမှဖွင့်မလို့စီစဉ်နေတုံးရှိပါသေးတယ်။ အားလုံးခင်းကျင်းပြီးသွားပါပြီ။ မကြာမီပေါ့ ရှေ့လ နိုဝင်ဘာလဆန်းပိုင်းလောက်မှာ ဖွင့်ဖို့စီစဉ်ထားပါတယ်။ တကယ်တော့ ၁၆၊ ၁၁၊ ၂၀၁၁ ခုနှစ်ကတည်းက စီစဉ်နေခဲ့တာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေး၊ ရှမ်းပြည်နယ်ဆိုင်ရာပြခန်းတွေ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုတွေကို ဖေါ်ထုတတ်မြှင့်တင်ရေး စသည် ပြခန်းပြကွက်များ စီစဉ်ထားပါတယ်။ အဓိကကတော့ ပြတိုက်နဲ့ စာကြည့်တိုက်ဖြစ်ပါတယ်။”
“ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန လက်အောက်မှာရှိပါတယ်။ လားရှိုးကိုရောက်လာတဲ့ ဧည့်လမ်းညွှန်များရော နိုင်ငံခြားသားဧည့်သည်များပါ လာရောက်လေ့လာစေချင်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ သဘာဝပေါက်ပင်၊ ရှားပါးတဲ့သားရဲတိရစ္ဆာန်များ၊ ဥပမာ-လားရှိုးလိုမျိုး ကျောက်တောင်ကြီးတွေပေါတဲ့နေရာမှာ ဘယ်လိုမှမရှိနိုင်တဲ့ အလွန်ရှားပါးတဲ့ ငါးကျောက်ဖြစ်ရုပ်ကြွင်းကို ပြသထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ရှာတွေ့ထားတာပါ။ မဖွင့်သေးတဲ့အတွက် ကြည့်လို့လဲမရသေးပါဘူး။ ဓါတ်ပုံလဲရိုက်လို့မရပါဘူး။”
“ရှမ်းတိုင်းရင်းသား၊ ပလောင်တိုင်းရင်းသား၊ ၀တိုင်းရင်းသား၊ ကချင်တိုင်းရင်းသား၊ ကိုးကန့်တိုင်းရင်းသား။ မြောင်ဇီးတိုင်းရင်းသား၊ လီစူးတိုင်းရင်းသား၊ လားဟူတိုင်းရင်းသားဆိုပြီး တိုင်းရင်းသား ၈ မျိုး ပြသထားပါတယ်။ ပြခန်းအတွက် ၁၀ ခန်း စီစဉ်ထားပါတယ်။ အလွန်ရှားပါးလှတဲ့ပြကွက်များကို ဦးစားပေးပြီး ပြမှာဖြစ်ပါတယ်။ ဥပမာ ရှမ်းတိုင်းရင်းသားများရဲ့ ရိုးရာ မုန်တိုင်းခွင်းတောင်း(မုန်တိုင်းရှောင်ကွင်းသွားစေတဲ့တောင်း)၊ မြန်မာလိုနဲ့ အင်္ဂလိပ်လို နှစ်ဘာသာဖြင့် ရှင်းပြထားမှာပါ။ မြောင်ဇီးလူမျိုးဆိုရင် ကွန်လုံဘက် စံပြကျေးရွာ၊ ကာမိုင်း၊ နောင်ချို စသည်တို့မှာ ရှိပါတယ်။ မြောင်ဇီးလူမျိုးကို (မှုန့်) လို့လည်းခေါ်ပါတယ်။ မြောင်ဇီးဘာသာစကားသီးသန့်ရှိပြီး လျှော်ပင်ကနေ အ၀တ်အထည်ရက်လုပ်တယ်လို့ ဆိုပါတယ်။ လားရှိုးတက္ကသိုလ်၊ ဓာတုဗေဒဌာ၊ လက်ထောက်ကထိက၊ ဆရာဦးစိုးမြင့်ဆိုတာ မြောင်ဇီးလူမျိုးစစ်စစ်ပါ။ ဒီမြောင်ဇီးပြခန်းကို ဆရာကိုယ်တိုင် စီစဉ်ပေးထားတာပါ။ မြောင်ဇီးလူမျိုးတို့ရဲ့ ခါးစည်းနဲ့ ခေါင်းပေါင်းပုံဆိုရင် အရမ်းခက်ခဲတယ်။ သူတို့ကိုယ်တိုင်ကလွဲရင် မလုပ်တတ်ပါဘူး။ ဒါလဲဆရာကိုယ်တိုင် ပြင်ဆင်ပေးထားတာပါ။”
“ဒီလိုမျိုးပြခန်းပြဖို့ နှစ်နဲ့ချီပြီးစုဆောင်းရပါတယ်။ သက်ဆိုင်ရာဝန်ထမ်းများ၊ ဒေသဆိုင်ရာ တိုင်းရင်းသားများနဲ့ ပူးပေါင်းပြီး ရှာဖွေစုဆောင်းရတာပါ။ ရိုးရာပုံစံအိမ်များ၊ ပလောင်ရိုးရာ မင်္ဂလာဆောင်ဖိတ်စာ ပေါက်ပေါက်ထုပ်၊ ပလောင်လဖက်ခြောက် ထုတ်လုပ်ပုံအဆင့်ဆင့်များ၊ ၀လူမျိုးတို့ရဲ့ ဂျက်ခုတ်ပုံများ၊ ရိုးရာတူရိယာများ၊ လားဟူတို့ရဲ့ ခေါပုပ်ထောင်းပုံများ၊ လက်နက်ကိရိယာနဲ့ တောဝက်စွယ်များ၊ လီစူးလူမျိုးတို့ရဲ့ မီးချိုးပွဲ (မီပုံကြီးထဲမှာဝင်ပြီး လူးလှိမ့်ကာမီးရေချိုးခြင်း)၊ ဒါးတိုင်တက်ပွဲ (အသွားထက်နေတဲ့ဒါးများကိုစီ၍ လှေခါးလုပ်ပြီးတက်ခြင်း) စသည် တိုင်းရင်းသားလူမျိုးတစ်မျိုးစီကို လိုက်လေ့လာမယ်ဆိုရင် မလွယ်ပါဘူး။ အချိန်ကုန်မယ် ငွေကုန်မယ်ပေါ့။ ဒါကြောင့် တစ်နေရာတည်းမှာ အားလုံးကို အချိန်တိုတိုအတွင်း လေ့လာနိုင်အောင် စိစဉ်ထားတာဖြစ်ပါတယ်။ ဒီမှာ စာအုပ်ထုတ်ဖို့အထိတော့ မရှိပါဘူး။ ပန်းဖလက်တော့ ထုတ်ဝေဖို့ အစီအစဉ်ရှိပါတယ်။”
“အထပ်သုံးထပ်ရှိပြီး အောက်ဆုံးမြေညီထပ်က ရှမ်းပြည်နယ်ပြခန်း၊ ရှမ်းတိုင်းရင်းသားပြခန်း၊ ၀တိုင်းရင်းသားပြခန်း၊ ပလောင်တိုင်းရင်းသားပြခန်း၊”
“ဒုတိယထပ်က ကချင်တိုင်းရင်းသားပြခန်း၊ ကိုးကန့်တိုင်းရင်းသားပြခန်း၊ မြောင်ဇီးတိုင်းရင်းသားပြခန်း၊ လားဟူတိုင်းရင်းသားပြခန်း၊ လီစူးတိုင်းရင်းသားပြခန်း၊”
“အပေါ်ဆုံးထပ်က E-Library အင်္ဂလိပ်လိုရေးစာအုပ်စာတန်း ၇၀၀၀ ကျော်၊ မြန်မာလိုရေးစာအုပ်စာတန်း ၈၀၀ ကျော်ထားရှိပါတယ်။”
“မြန်မာတပြည်လုံးရှိဧည့်လမ်းညွှန်များကို ဘာများပြောပြချင်ပါသလဲ” လို့မေးတော့ “လားရှိုးပြတိုက်ကို မကြာခင်ဖွင့်တော့မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ရဲ့ ထင်ရှားတဲ့၊ ရှားပါးတဲ့ပြကွင်းပြကွက်များပြသထားပါကြောင်း၊ ဒီနယ်မြေမှာရှိတဲ့ တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုများနှင့် ရှေးဟောင်းပစ္စည်းများ ပြသထားပါကြောင်း၊ ဧည့်လမ်းညွှန်များလဲ လာဖြစ်အောင်လာပြီး လေ့လာကြစေလိုပါကြောင်း၊ ဧည့်သည်များကိုလည်း အများကြီးခေါ်လာပေးစေလိုပါကြောင်း” စသည် ပြတိုက်တာဝန်ခံ ဆရာဦးညီမွန်းက အမှာစကားပါလိုက်ပါကြောင်း ဧည့်လမ်းညွှန်ညီအစ်ကိုမောင်းနှမများသို့ အကြောင်းကြားအပ်ပါသည်။
ပြခန်းများကို လိုက်လံရှင်းပြပေးပါသော ပြတိုက်ဝန်ထမ်း မမိုးမိုးဇော်နှင့် အကူအညီများပေးခဲ့ပါသော ကိုစည်သူကျော် ကိုညီညီအောင် တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါသည်။
ပြတိုက်ဖွင့်ချိန် - နံနက် (၁၀) နာရီ မှ ညနေ (၄) နာရီထိ
ပြတိုက်ပိတ်ချိန် - တနင်္လာနေ့နှင့်ပြန်တန်းဝင်ရုံးပိတ်ရက်များ
ပြတိုက်ဝင်ကြေး - လူကြီး-(၂၀၀) ကျပ်၊ ကလေး-(၁၀၀) ကျပ်
- ကျောင်းသား/သံဃာ/သီလရှင်-(အခမဲ့)
- နိုင်ငံခြားသား တစ်ဦး - (၂၀၀၀) ကျပ်
ဖုန်းနံပါတ် - ၀၈၂-၃၀၀၈၂
လားရှိုးဈေး
လားရှိုးဈေးကို သိပ်မလည်လိုက်ရပါဘူး။ နေ့ချင်းပြန်ဆိုတော့ တက်သုတ်ရိုက်ရပါတော့တယ်။ မြင်သမျှကတော့ တရုတ်ပစ္စည်းနဲ့ ရှမ်းရိုးရာအစားအစာနဲ့ ပစ္စည်းက များပါတယ်။ ၂ နာရီ နောက်ပိုင်းဆိုရင် လားရှိုး- သီပေါကားတွေက ရှားသွားတယ်ဆိုလို့ နေ့လည်စာကိုပင် ကပျာကသီ စားလိုက်ရပါတယ်။ ဈေးထဲက မြန်မာစာစားသောက်ဆိုင်က တော်တော်လေးအရသာတွေ့လို့ မျှဝေပေးလိုက်ပါတယ်။
ယဉ်ယဉ် မြန်မာထမင်းဆိုင် (လားရှိုးမြို့)
ဘဏ် (၂) လမ်း၊ မြန်မာ့စီးပွားရေးဘဏ်အနီး၊ လားရှိုးမြို့၊ ဖုန်း- ၀၈၂-၂၂၂၀၃ ၊ ၀၉၅၂၆၁၁၈၇
လားရှိုး - သီပေါ
လားရှိုးကနေ ၁၅၀၀ ကျပ်ဖြင့် “ပေါ်လွင်” ဘတ်စ်ကားကိုစီးပြီး သီပေါကိုပြန်ခဲ့ကြပါတယ်။ “ပေါ်လွင်” က “ကားစိမ်း” ဘတ်စ်ကားလိုင်းနဲ့ အတူတူပဲလို့ ဆိုပါတယ်။ ၃း၀၀ နာရီမှာ ထွက်လာတာဆိုတော့ ၄း၃၀ ရောက်တာပါ။
သီပေါဟော်နန်း
နာရီဝက်ခန့်နားပြီး ရတဲ့အချိန်လေး မမှောင်ခင်မှာ “သီပေါဟော်နန်း” သို့ ခြေလျှင်သွားခဲ့ကြပါတယ်။ ရောက်တော့ မှောင်စတော့ပြုနေပါပြီ။ နောက်မှ ကားတစ်စီးဝင်လာလို့ ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ စော်ဘွားလေး စ၀်မွန်းဆိုင်ဖရဲ့ကားဖြစ်နေပါတယ်။ ဆိုင်ကယ်များဖြင့် ရှမ်းရိုးရာဝတ်စုံများဖြင့် ရှမ်းလူငယ်ယောင်္ကျားလေးများနှင့် မိန်းခလေးများလည်း လိုက်ပါလာကြပါတယ်။ စာပေယဉ်ကျေးမှုအစည်းဝေးပွဲက ပြန်လာတာလို့ ဆိုပါတယ်။ မမှောင်ခင် မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကြပြီး၊ ရှင်းပြလိုသည်များ၊ သိလိုသည်များကို စိတ်ရှည်လက်ရှည် ပြောပြပါတယ်။ ပွင့်လင်းပြီး အေးဆေးတည်ငြိမ်ပြီး သဘောထားပြည့်ဝတဲ့သူ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်မှာ ထိန်းသိမ်းခံရကြောင်း၊ ၂၀၀၉ ခုနှစ်မှာ လွတ်မြောက်လာခဲ့ကြောင်း၊ ဟော်နန်းကို (၇) နှစ်ကြာ ပိတ်ထားခဲ့ရာမှ ဟိုတယ်ခရီး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလှိုင်မှ ပြန်လည်ဖွင့်လှစ်ရန် ပန်ကြားခဲ့သဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအခါ ပုံမှန်စည်ကားနေပြီဖြစ်ကြောင်း စသည်တို့ကို ရှင်းပြပေးပါတယ်။ နိုင်ငံခြားသားများ လာရောက်ကြတဲ့ ရည်ရွယ်ချက်ကတော့ မဟာဒေ၀ီ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်ကြောင့် များသောအားဖြင့် သမိုင်းကိုသိလို၍ လာရောက်ကြကြောင်း ဆိုပါတယ်။ ယခုအခါ သီပေါစာသင်ကျောင်းများတွင် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရှမ်းစာပေကို တရားဝင်သင်ကြားခွင့်ရပြီဖြစ်သဖြင့် ကိုယ်တိုင်သွားရောက် သင်ကြားပေးနေပြီဖြစ်ကြောင်း၊
ထို့နောက် ကျွန်တော်တို့က သီပေါဟော်နန်းကို ရှေးလက်ရာမပျက် ထိန်းသိမ်းပြုပြင်စေလိုပါကြောင်း၊ ယခုထက်ပိုပြီး သန့်ရှင်းသာယာလှပပြီး ဧည့်သည်များကြည့်ရှုရန် ပို၍ စီစဉ်ထားလျှင် ကောင်းပါကြောင်း၊ ဥပမာ-တင်းနစ်ကစားကွင်း၊ ဥပုပ်ပြုတရားအားထုတ်ဆောင်များ၊ ညောင်ပင်နှင့် နတ်စင်များ၊ ပန်ခြံများ စသည်တို့ကို ပြုပြင်နိုင်ပါက ပို၍ ဆွဲဆောင်မှုရှိနိုင်ပါကြောင်း၊ လူမှုရေး၊ ပညာရေးအစီအစဉ်များ ယခုထက်ပို၍ လုပ်ဆောင်ပေးစေလိုပါကြောင်း၊ အနာဂတ်ရှမ်းလူငယ်များအတွက် သမိုင်းကြောင်းများကိုအစထား၍ နန်းတွင်းတော်ဝင်းသုံး စကားများအပါအ၀င် ရှမ်းရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဂီတ စသည်တို့ကို လူငယ်များအား သင်ကြားဖြန့်ဝေပေးစေလိုပါကြောင်း တို့ကိုဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့နောက် အဖွား နှင့်ပါ စကားလက်ဆုံကျပြီး အချိန်တော်တော်မှောင်လာပြီဖြစ်သဖြင့် ၇း၃၀ ခန့်မှာ ဟော်နန်းမှာ ပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်။
၅.၁၀.၂၀၁၃
သီပေါ (သို့) အုန်းဘောင်
ရှမ်းလူမျိုးများသည် ဤအုန်းဘောင် (သီပေါ) အရပ်သို့ သာသနာသက္ကရာဇ် (၄၈၅) ခုနှစ်တွင် ရောက်ရှိလာပြီး အုန်းဘောင်မြို့ကို တည်သည်ဟု အုန်းဘောင်ရာဇ၀င်၌ ဆိုထားပါတယ်။
သီပေါမြို့ဟာ ပင်လယ်ရေမျက်နှာပြင်ထက်အမြင့် ၁၃၉၈ ပေမှာ တည်ရှိတော့ သိပ်မအေးပါဘူး။ ရာသီဥတုသာယာပြီး အနဲငယ်ပူပါတယ်။ သီပေါမြို့ကို ခြေလျှင်လည်ခဲ့ကြပါတယ်။ စက်ဘီး (သို့) ဆိုင်ကယ်နှင့်လည်လျှင် ပိုပြီးမြန်ပါတယ်။ သီပေါမြို့ဟာ လူနေသိပ်သီးမှုသိပ်မရှိသေးပါဘူး။ ဒါကြောင့်လဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ လည်ပတ်လို့ကောင်းတဲ့ ဆွဲဆောင်မှုတစ်ခုပါ။ မီးပွိုင့်များပင် အတွေ့ခဲ့ရပါဘူး။ ဒေသခံများဟာ ရန်ကုန်၊ မန္တလေး မြို့ကြီးပြကြီးတွေမှာလို စကတ်တို လည်ဟိုက် ဘောင်းဘီဖင်ကြပ်ဝတ်ကြတာမျိုး လုံးဝမတွေ့ရဘဲ များသောအားဖြင့် ဒေသခံများဟာ မိမိတို့ရဲ့ ရိုးရာမပျက် ၀တ်ဆင်သွားလာနေထိုင် လုပ်ကိုင်နေတာဖြစ်ပြီး၊ မြန်မာတိုင်းရင်းသားတို့ရဲ့ တစ်ကယ့်ရိုးရာဓလေ့များ ကျန်ရှိနေသေးတာကိုပင် စိတ်ထဲမှာကြည်နူးနေမိတာပါ။ အပြုံးမျက်နှာနဲ့ စကားချိုချိုပြောတတ်တာကိုက ဒေသခံတို့ရဲ့ ရိုးသားပွင့်လင်းမှုကို ထင်ဟတ်စေတာပါ။
၉း၀၀ ခန့်မှာ စထွက်ပြီး၊ မဟာမုနိဘုရား၊ Boat Trip ဆိပ်ကမ်း၊ Mr. Charlles ဟိုတယ်၊ သီပေါဈေးနှင့် ရှမ်းတိုင်းရင်းသားရိုးရာပစ္စည်းအရောင်းဆိုင် တို့ကိုလည်ကာ နေ့လည်စာစားပြီး ၁၁း၀၀ နာရီမှာ ဟိုတယ်ပြန်ရောက်ကြပါတယ်။
ရှမ်းတိုင်းရင်းသားရိုးရာပစ္စည်းအရောင်းဆိုင်
“နှင်းပုလဲ” ရှမ်းရိုးရာအထည်ဆိုင် ရှမ်းရိုးရာအမျိုးသား၊ အမျိုးသမီး ၀တ်စုံအမျိုးမျိုးနှင့် သင်္ကန်းပရိက္ခရာမျိုးစုံ
မိုင်းပွန်လမ်း၊ အနောက်ရပ်၊ သီပေါမြို့။ ဖုန်း - ၀၉၅၂၇၈၅၈၄ ၊ ၀၉၆၇၁၀၂၈၉
သီပေါမြို့ လည်ပတ်စရာနေရာများ
တကယ်တော့သီပေါမြို့ဟာ လည်စရာသိပ်မရှိလှပါဘူး။ အဓိကအားဖြင့် Trekking နဲ့ Boat Trip ဖြစ်ပါတယ်။
၁။ မဟာမုနိဘုရား ၂။ ဘော်ကြိုဘုရား
၃။ သီပေါဟော်နန်း ၄။ သီပေါဈေး
၅။ Alittle Bagan ၆။ နှီးဘုရား
ရ။ Sun Set
ဂ။ Boat Trip
Boat Trip ဟာ သီပေါကနေ အထက်ဘက် မြစ်ဆုံအထိ သွားရတဲ့ ခရီးစဉ်ဖြစ်ပါတယ်။ နမ္မတူဘက်ကစီးလာတဲ့ နမ္မတူမြစ် နဲ့ သိန္နီဘက်ကစီးလာတဲ့ နတ်မမြစ်တို့ဆုံတွေ့ပြီး နမ့်တူမြစ် (သို့) ဒုတ္ထ၀တီမြစ် (သို့) မြစ်ငယ်မြစ် ရယ်လို့ ဖြစ်လာတဲ့ မြစ်ဆုံနေရာပါ။ အသွားမှာ သဘာဝရှုမြော်ခင်းတွေကြည့်ပြီး အပြန်မှာတော့ စွန်လုံရွာ၊ စိုင်းဟောင်ရွာ စတဲ့ရှမ်းရွာများရဲ့ တောင်ယာလုပ်ငန်းနှင့် Ways of Life တို့ကို ၀င်ရောက်လေ့လာပါတယ်။ စက်လှေမောင်းချိန် ၁ နာရီခန့် ကြာပါတယ်။
စက်လှေခက ၁ ယောက်မှ ၃ ယောက်အထိ ၃၈၀၀၀ ကျပ်၊ ၄ ယောက်မှ ၇ ယောက်အထိ ၄၆၀၀၀ ကျပ်ဖြစ်ပြီး၊ အဲဒီအထဲမှာ Local Guide Fee ပါဝင်ပြီး ဖြစ်ပါတယ်။ Half Day, Full Day နှစ်မျိုးရှိပြီး Full Day အတွက် နေ့လည်စာများပါ စီစဉ်ပေးပါတယ်။ Full Day မှာ ရေတံခွန်များ၊ ၁၈ မိုင်ဝေးပြီး ၁၀ နာရီခန့်ကြာတဲ့ ပေ ၃၅၀၀ မြင့်သည့် လဖက်စိုက်ခင်းများရှိရာ ပလောင်တောင် Trekking လည်း ပါဝင်မှာ ဖြစ်ပါတယ်။
၉။ Trekking
· သီပေါ - နမ့်ဆမ်
· သီပေါ - နမ့်ဆမ် - ကျောက်မဲ (ပါမစ်တင်ရသည်။ ယခု ပိတ်ထားသည်။)(မိုင်းငေါ့ကို ရှောင်ရသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ခွင့်မပြုဟုဆိုသည်။)
· ရှမ်းရွာများဆီသို့
· နမ့်တုတ်ရေတံခွန်
၁၀။ သီပေါ - နမ္မတူ - လားရှိုး (ကားဖြင့်နေ့ချင်းပြန်ခရီးဖြစ်သည်။ တောင်ဆင်း၊တက်များပြီး ကြည့်စရာများသည်။ အနဲငယ်ပင်ပန်းသည်။)
၁၁။ သီပေါ - လားရှိုး (နေ့ချင်းပြန်) ၁၂။ သီပေါ - ကျောက်မဲ နေ့ချင်းပြန်
၁၃။ ရေပူစမ်း ၁၄။ Natural Pool (ခြေလျှင်ခရီး)
Mr. Charles Hotel
သီပေါမြို့ရဲ့ ထင်ရှားတဲ့ ဟိုတယ်ပါ။ ဧည့်သည်အများဆုံးတည်းကြပါတယ်။
ဆက်သွယ်ရန် Mr. Charles Hotel, 105, Au Baa Street, Hsipaw
Northen Shantte, Myanmar, Tel: 092019072
Ko Pee Tour & Travel Service
ကိုစိုင်းကျော်မင်းယု တည်ထောင်ထားတာပါ။ Mr. Charles Hotel မှာ တည်ရှိပါတယ်။ ကိုယ်တိုင်က ဧည့်လမ်းညွှန်တစ်ဦးဖြစ်ပြီး ဒေသခံအဖြစ် အထူးသိရှိတတ်ကျွမ်းသူတစ်ဦးဖြစ်ပါတယ်။ ကား၊ ဆိုင်ကယ်၊ Boat, Guide, Trekking အားလုံးကို စီစဉ်ပေးနိုင်ပါတယ်။ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်ကတော့ -
No 105, Auba St, Myo Le Qur, Hsipaw, Tel: 09 201 9072
သီပေါ - မန္တလေး
ကားလက်မှတ်ကို တည်းခိုခန်းမှ ကြိုတင်စီစဉ်ပေးထားသဖြင့် နေ့လည် ၁၂း၄၀ ခန့်မှာ ထွက်ခဲ့ကြပါတယ်။ သီပေါမှထွက်သည့်ကားမဟုတ်ဘဲ မူဆယ်မှထွက်လာတဲ့ GI Group အဲယားကွန်းကား ဖြစ်ပါတယ်။ အပြန်မှာတော့ ရထားမြင်ကွင်းနဲ့မတူတဲ့ ထူးခြားတဲ့မြင်ကွင်းများ မြင်တွေ့ရတာပါ။ အထူးသဖြင့် ဂုတ်ထိတ်တံတားပေါ်က မဖြတ်ဘဲ ဂုတ်ထိတ်အောက် ဂုတ်တွင်းကနေ ဖြတ်မောင်းတဲ့ ရှုခင်းတွေက တော်တော်လှပါတယ်။ တက်လိုက်ဆင်းလိုက် ကွေ့လိုက်ကောက်လိုက်နဲ့ပါ။
ခရီးမိုင်အကွာအဝေးများ
မန္တလေး - သီပေါ = ၁၂၉ မိုင် ၃ ဖာလုံ
သီပေါ - နမ္မတူ = ၄၂ မိုင်
သီပေါ - လားရှိုး = ၄၅ မိုင် ၅ ဖာလုံ
လားရှိုး - မူဆယ် = ၁၁၇ မိုင်
Younger Brother Thaung Naing U;
If u are missing to read about it today online www.searchmyanmar.com you can find it fourth unforgettable fact for you and to be interested before I thought you accompanied with Irrawaddy Team to there.
Mr.Khaing
Comenseememyanmar
ပျောက်ဆုံးနေတဲ့ ဟော်နန်းကို ဧရာဝတီက ရှာဖွေတွေ့ရှိ
တချိန်က သီပေါစော်ဘွား ဆာစောချယ် ရဲ့ နွေရာသီ စံနန်းတော် စခန်းသာနန်းဟောင်း ဟာ ရှမ်းပြည်နယ်
ကျောက်မဲ မြို့နယ်တွင်းက စခန်းသာကျေးရွာ အုပ်စုအတွင်း ချုံနွယ်ပိတ်ပေါင်းတွေ ကြားထဲမှာ တောတိုးပြီး ရှာဖွေတွေ့ရှိခဲ့တာပါ။
ဆာစောချယ်က မင်းတုန်းမင်း၏ ယောက်ဖတော် မွေးစားသားဖြစ်ပြီး မန္တလေးနေပြည်တော်တွင် ပညာသင်ကြားခဲ့ဖူးသူဖြစ်ပြီးမန္တလေးကျအပြီး ဗြိတိသျှကိုလိုနီ
အစိုးရကလည်း ဆာဘွဲ့ ချီးမြှင့်ခံရသူဖြစ်သည်။ ဒီဟော်နန်းကို မိဖုရား ၄၀ နှင့် စံမြန်းရန် ဆောက်ခဲ့သည်ဟု ကြားဖူးသည်။
စခန်းသာဟော်ကို ရောက်ဖူးချင်နေသည်မှာ ကြာပြီ။ အခွင့်မကြုံနိုင်ခဲ့ပေ။ ပြီးခဲ့သည့်နှစ် သီပေါဟော်သို့ ရောက်ခဲ့စဉ်ကလည်း စခန်းသာဟော်သို့ ခရီးမဆက်နိုင်ခဲ့။
စခန်းသာသည် ကျောက်မဲမြို့မှ ၇ မိုင်ခန့် ဝေး၍ လားရှိုး- မန္တလေးကားလမ်းနံဘေးမှ ရွာကြီးဖြစ်သည်။ ကျောက်မဲမှ နာရီဝက်ခန့် သွားလိုက်သည်နှင့်လမ်းဘေး
ဥရောပဆန်ဆန် တည်ဆောက်ထားသည့် ဟော်နန်းမှာ တထပ်တိုက်ဖြစ်ပြီး နှစ်ပရိစ္ဆေဒ အတော်ကြာ စွန့်ပစ်ထားခြင်းခံရသော်လည်း အဆောက်အဦးတွင် သုတ်လိမ်းထားသည့် အ၀ါရောင်ဆေးသားမှာမူ ပျက်ပြယ်ခြင်းမရှိသေး။
နောက်ဆုံး သီပေါစော်ဘွား စ၀်ကြာဆိုင်၏ ဇနီး သြစတြီးယန်းသူ သုစန္ဒီ(အင်ဂျီ) က စခန်းသာဟော်သည် အီတလီ မြောက်ပိုင်းတောင်ကုန်းတခုပေါ်မှာဆောက်
ထားသောနို့နှစ်ရောင် အဆောက်အဦးတခုကဲ့သို့ ထည်ထည်ဝါ၀ါရှိလှသည်ဟု သူ၏ Twilight Over Burma စာအုပ်တွင် ဆိုထား၏။
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CAF_m_njNPsD4%3D6hS%2BLGO_XeQV05eoh0-kOimOek3Ej2Fn1x7jA%40mail.gmail.com.
For more options, visit https://groups.google.com/groups/opt_out.