ဆရာဦးမောင်ကြည်ဆုံးပြီး သိပ်မကြာခင်မှာပဲ ရုပ်သေးသမားတယောက်က မန္တလေးက အဘဦးပန်းအေးလည်း ဆုံးပြီလို့ပြောတယ်... မန္တလေးကလာတဲ့ ဇာတ်သမားတစ်ယောက် ပြောသွားတာဆိုတော့ ဟုတ်မယ်ထင်လို့ တလောက ပို့စ်တစ်ခုမှာတောင် ထည့်ရေးလိုက်မိတယ်...
ခုနက ဖေ့ဘုတ်မှာ တိုးဂိုက် မ Theingi Oo တင်တဲ့ပုံ အဘဦးပန်းအေးပါလာလို့ သေချာအောင်မေးကြည့်တော့ ဒီညနေကပုံလို့ သိရတယ်... တော်ပါသေးရဲ့... အဘတော့ တုံးကျော်သွားပြီ... အသက်ရှည်တော့မယ်...
အဘတို့အရွယ်တန်း ရုပ်သေးဆရာကြီးတွေ သိပ်မကျန်တော့ဘူးလို့ သိရပါတယ်... မန္တလေးမှာဆိုရင် အဘဦးပန်းအေးနဲ့ ရွှေဘိုတင်ဆောင်တို့ပဲ ရှိတော့မယ်... အဘဦးပန်းအေးက ဒေါ်မမနိုင်ရဲ့ မန္တလေးရုပ်သေးမှာရှိနေပေမယ့် ရွှေဘိုတင်ဆောင်ကတော့ ကျန်းမာရေးမကောင်းလို့ ဒေါက်တာတင်မောင်ကြည်နဲ့ ဒေါ်မမနိုင်တို့က ကြည့်ရှုထောက်ပံ့နေရတယ်လို့ သိရပါတယ်...
ပုဂံက ဇော်ဂျီပျံဆရာလှလည်း မရှိတော့ဘူးလို့ သိရပါတယ်...
အင်းလေးဘက်မှာလည်း ရုပ်သေးဆရာကြီးတစ်ယောက်ရှိသေးတယ်လို့တော့ ကြားနေရပေမယ့် မရောက်ဖြစ်လို့ မသိပါဘူး...
သာယာဝတီက အဘဦးထွန်းကြည်(ခ)ဦးဒေါင်းရင်လည်း ကျန်းမာရေး မကောင်းတော့ပြန်ပါဘူး...
ရန်ကုန်မှာတော့ အဘဦးစိန်ထွန်းကြည်နဲ့ ဦးတင်လှတို့ ရှိနေပါသေးတယ်...
ဒါပေမယ့် အသက် (၇၀)ကျော် (၈၀)နားကပ်နေတဲ့ ဒီအဘတွေ နောက်ထပ် ဘယ်နှနှစ် လုပ်နိုင်ကြတော့မှာလဲ... ဒီအဘတွေဟာ ရုပ်သေးလောကနေဝင်ချိန်မှာ ညောင်တုန်းဦးဘကျော် ပုဏ္ဏားပြန်ဦးကျော်အေး စတဲ့အဖွဲ့တွေမှာ ပါဝင်ခဲ့ရုံမက ဦးရဲဒွေးတည်ထောင်ခဲ့တဲ့ ဒဂုံအောင်အဖွဲ့ကိုလည်း နောက်ဆုံး မောင်းနှင်ခဲ့ကြသူတွေ ဖြစ်ပါတယ်...
အဘဦးပန်းအေးဆိုလျှင် ရုပ်သေးမင်းသမီးအဖြစ်နာမည်ကျော်ခဲ့တဲ့ ဆိုငိုပြောပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး အဘဦးဒေါင်းရင်ဆိုလျှင် ရုပ်သေးလူရွှင်တော်တစ်ဦး ဖြစ်ခဲ့ပါတယ်... ထိုကဲ့သို့သော ပညာရှင်များမှာ နောက်ဆုံးမျိုးဆက်များ ဖြစ်ကြပါတယ်...
ယနေ့ခေတ်မှာ ပလေးဘက်ဖွင့်၍ အရုပ်ကလေးလှုပ်အောင်သာ ဆွဲတတ်အောင်ကြိုးစားနေကြရာ နောက်ခံ ဆိုငိုပြောပညာများနှင့် ရုပ်သေးဆိုင်းပညာရှင်များ တစတစ ပျောက်ကွယ်ခဲ့နေပြီ ဖြစ်ပါတယ်...
ဆရာဦးမောင်ကြည်ဆုံးစဉ်က သံဝေဂ ရမိပါတယ်... နိုင်ငံတော် ယဉ်ကျေးမှုဝန်ကြီးဌာနတွင် နှစ်လေးဆယ်ကျော် တာဝန်ထမ်းဆောင်ခဲ့ခြင်း၊ အဆို-အက-အရေး-အတီးပြိုင်ပွဲများတွင် နှစ်စဉ်ပါဝင်ခဲ့ကာ ရွှေတံဆိပ်ပေါင်း မြောက်များစွာ ရယူပေးခဲ့ခြင်း၊ သဘင်အစည်းအရုံးတွင်လည်း လိုအပ်တိုင်း ပါဝင်ကူညီပေးခဲ့ခြင်း စသည်တို့ရှိခဲ့သော်လည်း မည်သည့်ဌာန အဖွဲ့အစည်းကမှ လွမ်းသူပန်းခွေတစ်ခု၊ ဝမ်းနည်းကြောင်းမှတ်တမ်းတစ်ခု၊ ကူငွေတစ်ပြားတစ်ချပ်ပေးပို့ခဲ့တာ မတွေ့ခဲ့ရပါ...
ထို့ကြောင့် ယခုကျန်ရစ်သော ရုပ်သေးဆရာကြီးများ၏အတွက်တွေး၍ ရင်လေးမိပါတယ်... တကယ်တော့ ရုပ်သေးပညာဆိုတာ အရုပ်ကလေးလှုပ်အောင် ကြိုးဆွဲပြရုံနှင့် မပြီးသေးပါ... နောက်ခံ ဆိုငိုပြောပညာနှင့် ရုပ်သေးဆိုင်းပညာပါပါမှ ပြီးပြည့်စုံပါတယ်... နောက်ဆုံး ရုပ်သေးထိုးပေးရသော ရုပ်သေးလုပ်သူပါ ပါပါတယ်... ဘိုးဘွားအမွေအနှစ် ရုပ်သေးပညာကို မူရင်းအတိုင်း မပျောက်ပျက်အောင် ထိန်းသိမ်းမယ်ဆိုလျှင် ထိုပညာရှင်များအားလုံးကို ထိန်းသိမ်းဖို့လိုပါတယ်...
ရုပ်သေးပညာရှင်များအားလုံးပါဝင်မယ့် ထိုပညာရှင်များကိုပံ့ပိုးကူညီနိုင်မယ့် ထိုပညာရှင်များ၏အမွေကို လက်ဆင့်ကမ်းသယ်ဆောင်နိုင်မယ့်သူများပါဝင်မယ့် အဖွဲ့အစည်းတစ်ရပ် လိုအပ်နေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်...