ပြည်တွင်းပြည်ပ လေယာဉ်ပျံသန်းမှုများမှ တစ်နှစ်လျှင် ကန်ဒေါ်လာသန်း ၆၀ ကျော်အထိ အခွန်ကောက်ခံ ငွေများ ရရှိခဲ့သည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သိရပြီး လေဆိပ်သစ်များနှင့် တိုးချဲ့မှုများ ပြီးစီးပါက ပိုမိုရရှိလာမည်ဖြစ်ကြောင်းလည်း ၇.၅.၂၀၁၃ ရက်က သိရသည်။ နိုင်ငံတကာ လေကြောင်း ပျံသန်းမှုများတွင် နိုင်ငံတော် ခေါင်းဆောင်အဆင့် ပါဝင်ပတ်သက်၍ ပျံသန်းရသော State Flight နှင့် ဒေသတွင်း ခရီးသွားလာမှု ပျံသန်းရသော Regional Flight ဟူ၍ နှစ်မျိုးခွဲထားကြောင်း သိရကာ Regional Flight သည် နှစ်နိုင်ငံအကြား အကောက်ခွန်ငွေ ပေးချေရမှုများ ရှိသည်ဟု ဆိုသည်။ “ဒေါ်လာသန်း ၆၀ ကျော်တော့ ရပါတယ်။ ပြည်တွင်းပြည်ပ တရားဝင် လေကြောင်း ပျံသန်းမှုအပေါ် အခြေခံပြီး ရရှိခဲ့တဲ့ ပမာဏပါပဲ” ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ပျံသန်းသည့် လေကြောင်းလိုင်း ၁၄ လိုင်းအထိ ရှိထားပြီး ရန်ကုန်လေဆိပ်၏ ပြည်တွင်းပြည်ပ ပျံသန်းမှုသည် နေ့စဉ်လေယာဉ်ခေါက်ရေ အကြိမ် ၂၀ အထက် ပျံသန်းမှုရှိနေသည်ဟု သိရသည်။ “လေဆိပ်တိုးချဲ့ပြင်ဆင်မှုနဲ့ လေဆိပ်သစ်တွေ ဆောက်ပြီး ရင်တော့ လေကြောင်းပျံသန်းခက အခုထက်ပိုပြီး ရဖို့ပဲ ရှိပါတယ်” ဟု ၄င်းကဆက်လက် ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် မေလ ၁၆ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
You might be interested in reading Myanmar will start Performance Base Navigation system too.
Thanks