ကြယ်ငါးပွင့် သင်္ဘောလိုင်း ဦးပိုင်သို့ လွှဲပြောင်း

65 views
Skip to first unread message

Nyi Nyi ®

unread,
Mar 18, 2010, 12:15:45 AM3/18/10
to travelmyanmar
ကြယ်ငါးပွင့် သင်္ဘောလိုင်း ဦးပိုင်သို့ လွှဲပြောင်း
WEDNESDAY, 17 MARCH 2010 13:16 မိုးစက်
E-mailPrint
အစိုးရ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ တခုတည်းသော နိုင်ငံတကာ သဘောင်္လိုင်း ဖြစ်သည့် မြန်မာ့ ကြယ်ငါးပွင့် သဘောင်္ လုပ်ငန်းကို မကြာသေးခင်က စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း ကြယ်ငါးပွင့် သင်္ဘောလိုင်း အရာရှိများက ပြောသည်။

မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ “ကျိုင်းတုံ” အမည်ရှိ သင်္ဘော (ဓာတ်ပုံ - louvoyant.exblog.jp)

“ကျနော့်ဆီကို အကြောင်း ကြားစာ လာတယ်၊ ကြယ်ငါးပွင့် သင်္ဘောလိုင်း ကိုတော့ ဦးပိုင်က ယူလိုက်ပြီပေါ့၊ ကျနော်တို့ကို တရားဝင် အကြောင်း ကြားစာနဲ့ ဦးပိုင် အောက်မှာ လုပ်မလား၊ မလုပ်ဘူးလား ဆိုပြီးတော့ အကြောင်း ပြန်ခိုင်းတယ်”ဟု ကြယ်ငါးပွင့် သဘောင်္ လုပ်ငန်းမှ အင်ဂျင်နီယာ တဦးက ဧရာဝတီသို့ ပြောသည်။

ထို ကြယ်ငါးပွင့် သင်္ဘောလိုင်းအား ယခုအခါ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ စစ်တပ် အရာရှိများနှင့် ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် အဖွဲ့တဖွဲ့ ဖွဲ့စည်း၍ ၆ လ ခန့် စောင့်ကြည့်ပြီးမှ ဦးပိုင် လီမိတက်သို့ လွှဲပြောင်း လုပ်ကိုင် သွားမည်ဟု သိရှိရသည်။

“သိပ်ရှုံးနေတဲ့ လုပ်ငန်းဖြစ်နေတော့လည်း လိုချင်သူမရှိဘူးဖြစ်နေတယ်၊ ဦးပိုင်က သိမ်းလိုက်တယ်ဆိုတော့ ပုဂ္ဂလိက Cargo (ကုန်သေတ္တာ)တွေကော အစိုးရ Cargo တွေကို ဒေါ်လာပေါက်ဈေးအတိုင်းရရင်တော့ မြတ် မယ် ထင်လို့ တပ်ချုပ်ကြီးက ဦးပိုင်ကိုယူခိုင်းတာဖြစ်နိုင်တယ်၊ အခုနောက်ပိုင်း အစိုးရပိုင် ၀န်ကြီးဌာနတွေက တင်မယ် ဆိုရင်တော့ ဒေါ်လာနဲ့ သယ်ဆောင်ခကို ကောက်လိမ့်မယ်”ဟု တခြားသော ကြယ်ငါးပွင့် အရာရှိ တဦးက ပြောသည်။ 

ကြယ်ငါးပွင့်သဘောင်္လိုင်းသည် ၁၉၅၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပြည်ပ ကုန်စည် ပို့ဆောင်ရောင်းဝယ် ရေးနှင့် သွင်းကုန်ထုတ်ကုန်များပြုလုပ်နေသော်လည်း အရှုံးပေါ်နေခဲ့သည်မှာ ကာလကြာခဲ့ပြီဖြစ်ကြောင်းသိရ သည်။

“သင်္ဘောလိုင်းက ရှုံးနေတာကြာပြီဗျ၊ အဓိက ရှုံးနေရတာက အစိုးရ၀န်ကြီးဌာနရဲ့ Cargo တွေကို တင်ပေး ရပြီး အစိုးရပေါက်ဈေး တဒေါ်လာကို ၆ ကျပ်နဲ့ ရှင်းပေးတယ်၊ ဘယ်မရှုံးဘဲနဲ့ ခံနိုင်မလဲ”ဟု အထက်ပါ ကြယ် ငါး ပွင့် သင်္ဘောအင်ဂျင်နီယာက ပြောသည်။

ယင်းကြယ်ငါးပွင့် သဘောင်္လိုင်းအား အဲပုဂံ လေကြောင်းလိုင်းနှင့် ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇ အပါအ၀င် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်တို့ကို လွှဲပြောင်းရယူရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုခဲ့သည်မှာ ပြီးခဲ့သောနှစ် အောက်တိုဘာလ ကတည်းကဖြစ်ကြောင်း နီးစပ် သူများထံမှ သိရှိရသည်။

လက်ရှိ ကြယ်ငါးပွင့်သဘောင်္လိုင်းတွင် လုပ်ကိုင်နေသော အရာရှိ၊ အရာထမ်းများအား ဦးပိုင်နှင့်ဆက်လုပ်ဖြစ် မဖြစ်ဆိုသည့် ပြဿနာများလည်း ဖြစ်ပေါ်နေသည်ဟု ကြယ်ငါးပွင့် ၀န်ထမ်းများကပြောသည်။ 

“ရုံးချုပ်မှာ ၀န်ထမ်း ၁၀၀၀ လောက်ရှိတယ်၊ သင်္ဘောတက်နေတာက ၃၀၀ လောက်ရှိတယ်၊ အဲဒီ လူတွေ ကလည်း ထွက်ပြီးတော့ နိုင်ငံခြားသင်္ဘောလိုက်ချင်ကြတယ်၊ ကြယ်ငါးပွင့်ကပေးတာက မြန်မာကျပ်ငွေနဲ့ လေ၊ နိုင်ငံခြားသင်္ဘောလိုက်ရင် အနိမ့်ဆုံး သင်္ဘောသားတောင် ဒေါ်လာ ၃ - ၄ ရာရတယ်၊ အားလုံးနီးပါး ကတော့ ထွက်ချင်ကြတယ်”ဟု ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ ဒုတိယ အရာရှိ တဦးကပြောသည်။

ယခင်ကြယ်ငါးပွင့်တွင် လုပ်ကိုင်ခဲ့သော အရာရှိများအား အလုပ်ထွက်ခွင့်မပေးဘဲ ထွက်ခဲ့သော် နာမည်ပျက် (Black List)စာရင်းသွင်းထားပြီး လေဆိပ်မှ တရားဝင်ထွက်ခွာခွင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလိုက်ခွင့်များ ပိတ်ထားသည်ဟုလည်း ကြယ်ငါးပွင့် အရာရှိများက ပြောသည်။

မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် ပြည်တွင်းပို့ဆောင်ဆက်သွယ်ရေး ကမ်းရိုးတန်းသွား သင်္ဘော ၁၀ စီး၊  သွင်းကုန် ပို့ကုန် လုပ်ဆောင်ပေးနေသော နိုင်ငံတကာသွား သင်္ဘော ၁၆ စီးဖြင့် ပြေးဆွဲ လုပ်ကိုင် နေခြင်းဖြစ်သည်။

ကြယ်ငါးပွင့် သင်္ဘောလိုင်း နိုင်ငံတကာခရီးစဉ်များမှာ အရှေ့ဖျားခရီးစဉ် အဖြစ် တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်၊ အရှေ့တောင်အာရှခရီးစဉ်အဖြစ် စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ ဥရောပခရီးစဉ်နှင့် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ခရီးစဉ်များ သွားရောက်ကြောင်း သိရှိရသည်။

--
Thet Thet Tun





--
Nyi Nyi
Reply all
Reply to author
Forward
0 new messages