မြန်မာဗုဒ္ဓဘာသာ အိမ်တိုင်းမှာလိုလို မြတ်စွာဘုရား လက်ဝဲဖက်မှာ
အရှင်ဥပဂုတ္တ၊ လက်ယာဖက်မှာ အရှင် သီဝလိ မထေရ်ကို မြတ်စွာဘုရားနှင့်အတူ
ကိုယ်ကွယ်တတ်ကြပါသည်။
ရုပ်ထုပုံ အစဉ်အလာ
ရုပ်တုတော်ကို ထုလုပ်ရာ၌ ရဟန္တာအရှင်မြတ်သည် ဦးခေါင်းတော်ကို မော့လျက်
နေကိုကြည့်၍ ဆွမ်းဘုဉ်းပေးနေပုံကို ထုလုပ်ကြပါသည်။ လက်ယာဘက် လက်တော်က
သပိတ်တွင် နှိုက်လျက်ရှိပေသည်။ ယခုအခါတွင်မူ ယခင်ကကဲ့သို့ နေကိုကြည့်လျက်
ဆွမ်းဘုဉ်းပေးနေပုံကို မထုလုပ်ကြတော့ဘဲ ရိုးရိုး တင်ပလ္လင်ခွေ
ထိုင်နေပုံကို ထုလုပ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။
အရှင်ဥပဂုတ္တ ရဟန္တာအရှင်မြတ် ဘယ်ကစ?
ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များသည် ရှင်လေးပါး၊ သေလေးပါးရှိသည်ဟု
ယုံကြည်ကြပါသည်။ ဤရှင်လေးပါးမှာ သင်္ဂါယနာတင် ကျမ်းကြီး ကျမ်းခိုင်တို့တွင်
ပါရှိခြင်းမဟုတ်ပေ။ သို့ရာတွင် ရှေးရိုး ဘိုးဘွားမိဘပြောစဉ်
ယုံကြည်မှုဖြစ်ကာ လူအများပင် ယုံကြည်ကိုးကွယ်ကြသည်မှာ အထင်အရှားပင်။
သို့ရာတွင် လောကပညတ္တိကျမ်းတွင် တိဿနာဂဥပဂုတ္တဟု ပါရှိခဲ့ပါသည်။
ရှင်ဥပဂုတ်ကို ပူဇော်ကိုးကွယ်သော အရပ်ဒေသတွင် နတ်ဆိုးနတ်ယုတ်များ
မဖမ်းစားနိုင်ခြင်း၊ မြေဘုတ်ဘီလူး တစ္ဆေ သရဲ စသည်တို့
မကပ်ရောက်နိုင်ခြင်း၊ ရောဂါကင်းခြင်း စသည့် အကျိုးများကို ရသည်ဟု
ဘားမဲ့ဆရာတော်က မိန့်တော်မူခဲ့ကြောင်း မှတ်သားမိပါသည်။
မဟာယာနကျမ်းတို့တွင်လာသော အရှင်ဥပဂုတ္တ
ဒိဗျာဝဒါနသက္ကတကျမ်းလာ ရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိမှာ ဂေါတမမြတ်စွာဘုရားရှင်သည်
မထုရာမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုမြို့တွင် ရှင်အာနန္ဒာအား ဤသို့
ဗျာဒိတ်စကား မြွက်ကြားခဲ့သည်။
အာနန္ဒာ-ရှေးအခါက ဤမထုရာမြို့တွင် ဥရုမုဏ္ဍမည်သော တောင်ကြီးရှိခဲ့၏။
တောင်၏တဖက်တွင် ပစ္စေကဗုဒ္ဓါ ငါးရာ နေကြသည်။ တဖက်တွင် ရသေ့ ငါးရာနေ၍
တဖက်တွင် မျောက် ငါးရာ နေကြ၏။ မျောက်ငါးရာတို့၏ အကြီးအကဲ မျောက်မင်းသည်
ပစ္စေကဗုဒ္ဓါတို့အား သစ်သီး သစ်ဥ စသည်တို့ဖြင့် ပြုစုလုပ်ကျွေး၏။
ပစ္စေကဗုဒ္ဓါတို့ ပရိနိဗ္ဗာန်စံတော်မူသောအခါ ရသေ့ငါးရာကို လုပ်ကျွေးပြန်သည်။
ရသေ့ငါးရာတို့အား ပစ္စေကဗုဒ္ဓါတို့ကဲ့သို့ တရားအားထုတ်ရန် မျောက်မင်းက
လက်ဟန်ဖြင့် ပြသညွှန်ကြား၏။ ရသေ့ငါးရာလည်း ၀ိပဿနာတရားကို အားထုတ်လေရာ
ပစ္စေကဗုဒ္ဓါများ ဖြစ်ကြသည်။ မျောက်မင်းလည်း အိုမင်းမစွမ်းဖြစ်ကာ
ကွယ်လွန်လျှင် ပစ္စေကဗုဒ္ဓါတို့က နံ့သာ၊ ထင်း စသည်တို့ဖြင့် သင်္ဂြိုဟ်ကြ၏။
ထိုမျောက်မင်းသည် နောင်အခါ နံ့သာဆီ၊ နံ့သာမွှေးတို့ ရောင်းချသည့်
သူဌေး၏သားဖြစ်ကာ ရှင်ဥပဂုတ္တဟု အမည်တွင်လျက် ငါဘုရား၏ သာသနာတော်ကို
စောင့်ရှောက်ကာ အကျိုးပြုပေလိမ့်မည်-ဟု ဗျာဒိတ်ပေး ဟောကြားတော်မူခဲ့သည်။
အထက်ပါအကြောင်းအရာမှာ မဟာယာနဂိုဏ်းလာ ဒိဗျာဝဒါနသက္ကတကျမ်းမှ ဖြစ်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ ကျမ်းတို့တွင် တွေ့ရှိရသော အရှင်ဥပဂုတ္တ
(က) မဇ္ဈိမနိကာယ၊ မဇ္ဈိမပဏ္ဏာသ ပါဠိတော် ပရိဗ္ဗာဇက၀ဂ်၊ စူဠသကုလုဒါယီသုတ်၌
အောက်ပါအတိုင်း တွေ့ရှိပါသည်။
ရှင်ဥပဂုတ္တရဟန္တာ အလောင်းအလျာဖြစ်သည့် စူဠသကုလုဒါယီ ပရိဗိုဇ်မှာ
ဘုရားရှင်နှင့်တွေ့ခွင့်ရ၏။ ဘုရားရှင်ထံ ရဟန်းအဖြစ်ကို ရလိုကြောင်း
ခွင့်တောင်းရာ ဘုရားရှင်က ခွင့်ပြုတော်မူသည်။ သို့ရာတွင် ၄င်း၏တပည့်
ပရိဗိုဇ်များက ၀ိုင်းဝန်းတားမြစ်ကြသဖြင့် ရဟန်းပြုခွင့် မရရှိလိုက်ပေ။
မဇ္ဈိမပဏ္ဏာသ ပါဠိတော်နှင့် အဖွင့်အဋ္ဌကထာ ဋီကာတို့တွင် ပါရှိသည်မှာ
စူဠသကုလုဒါယီ ပရိဗိုဇ်သည် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်
အနှစ်တရာရှိသော် သီရိဓမ္မာသောကမင်း (အသောကမင်း) လက်ထက်တွင် ရဟန္တာဖြစ်၍
တန်ခိုးဣဒ္ဓိပါဒ် စွမ်းအားကြီးမားတော်မူမည်။ သီရိဓမ္မာသောကမင်းသည်
စေတီပေါင်း ရှစ်သောင်းလေးထောင် စသော ဒါနအလှူကြီးများ ပြုလုပ်သည့်အခါ
မာရ်နတ်မင်းနှောင့်ယှက်ခြင်း မပြုနိုင်ရန် ကာကွယ်စောင့်ရှောက်လိမ့်မည်-ဟု
ပါရှိပါသည်။
( ခ ) အထက်ပါကဲ့သို့ ရာဇ၀ံသကျမ်းတွင်လည်း သီရိဓမ္မာသောကမင်း၏ အလှူဒါနကို
ဝိုင်းဝန်းကူညီ စောင့်ရှောက်၍ အနုမောဒနာပြုသော ကာလ၌ ရှင်ဥပဂုတ္တမထေရ်မြတ်က
မာရ်နတ်မင်းကို ဆုံးမတော်မူကြောင်း ပါရှိပါသည်။
(ဂ) လောကပညတ္တိကျမ်းလာ အရှင်ဥပဂုတ္တ
ဗာရာဏသီပြည့်ရှင် ဗြဟ္မဒတ်မင်းကြီးသည် သားသမီးမရရှိသောကြောင့်
အမွေခံသားသမီးရရန် ကြီးစွာသော မဟာဒါနကို ပြုလုပ်ပေးလှူ၏။ ထိုစဉ်
တံငါသည်တို့က ငါး၏၀မ်းထဲမှ လူမိန်ကလေး ရရှိသဖြင့် မင်းကြီးအား ဆက်သကြသည်။
မင်းကြီးလည်း ၀မ်းမြောက်စွာဖြင့် မွေးမြူထား၍ မစ္ဆဒေ၀ီဟု အမည်ပေးထား၏။
မစ္ဆဒေ၀ီ အရွယ်သို့ရောက်လာသော် ကိုယ်မှ မကောင်းသော အပုပ်နံ့ထွက်ရာ
မည်မျှကုသပါသော်လည်း အပုပ်နံ့ မပျောက်ချေ။ ထို့ကြောင့်
စားနပ်ရိက္ခာအပြည့်အစုံနှင့် ဖောင်ပေါ်တင်၍ မြစ်တွင် မျှောလိုက်လေသည်။
မြစ်အကွေ့တခုတွင် ရှင်ဥပမည်သော ရသေ့က မြစ်တဖက်ကမ်းသို့ကူးလို၍
ပို့ပေးရန်ပြောရာ မစ္ဆဒေ၀ီက သူ၏မျက်နှာကို မကြည့်လျှင် ပို့ပေးမည်ဟုပြော၏။
ရသေ့က မကြည့်ပါ ၀န်ခံသဖြင့် တဖက်ကမ်းသို့ ပို့ပေး၏။ ကမ်းသို့ရောက်သောအခါ
ရသေ့က အမျိုးသမီး၏ အမျိုးအနွယ်ကို သိလိုသဖြင့် မစ္ဆဒေ၀ီအား ကြည့်လိုက်ရာ
မျက်နှာချင်းဆုံမိသောကြောင့် မစ္ဆဒေ၀ီတွင် ပဋိသန္ဓေတည်ရှိသွားလေ၏။
ထို့ကြောင့် ရသေ့အား ပြောပြ၍ စောင့်ရှောက်ရန် မေတ္တာရပ်ခံရာ ရသေ့က
သဘောတူသည်။ သားကိုဖွားမြင်သည့်အခါ ရသေ့ဥပ၏ စောင့်ရှောက်ကျွေးမွေးသည်ကို
အစွဲပြု၍ ဥပဂုတ္တ-ဟု အမည်ပေး၏။ အရွယ်ရောက်သောအခါ ရဟန်းပြု၍ တရားကျင့်ရာ
ဈာန်သမာပတ်တို့ကို ရရှိသော ရဟန္တာဖြစ်ပြီးလျှင် တောင်သမုဒ္ဒရာ၌
ကြေးပြာသာဒ်နှင့် စံနေတော်မူသည်။
သီရိဓမ္မာသောကမင်းကြိး၏ မဟာဒါနအလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်ရန်
မာရ်နတ်မင်း၏ မဟာဒါန အလှူတော်ကြီး ကောင်းမွန်ပြီးစီးအောင်မြင်စေရန်
မာရ်နတ်မင်း၏ အထူးထူးသော အန္တရာယ်တို့ကို တားဆီးလျက် မာရ်နတ်မင်းအားလည်း
ဆုံးမတော်မူ၏-ဟု တွေ့ရှိရပါသည်။
ရှင်ဥပဂုတ္တမထေရ်မြတ်အား ယုံကြည်ကိုးကွယ်သည်ကို ပုဂံမင်းဆက်၌ပင် ရှိသည်ကို
တွေ့မြင်ရပါသည်။ အထောက်အထားမှာ ကျန်စစ်သားမင်း၏ သားတော်
ရာဇကုမာရ်မင်းသားသည် မြင်းကပါအရပ်တွင် ဂူပြောက်ကြီးဘုရားကို
တည်ထားကိုးကွယ်၏။ ထိုဘုရားစေတီရှိ နံရံဆေးရေးပန်ချီတို့တွင်
ရှင်ဥပဂုတ္တနှင့် အသောကမင်းကြီးတို့ သာသနာတော် ပြန့်ပွားရေးအတွက်
ဆွေးနွေးနေပုံကို တွေ့ရှိရပါသည်။ ရေးထိုးထားသော ကျောက်စာအရ
ရှင်ဥပဂုတ္တနှင့် အသောကမင်းကြီးတို့ ဖြစ်ကြောင်းကို သိရှိရပါသည်။
ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ရှိရသဖြင့် ရှေးပုဂံခေတ်ကပင်
ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်ကြကြောင်းကို သိရှိနိုင်ပေသည်။ သက္ကရာဇ်
၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ
ပါဠိသဒ္ဒါကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို (ခါးပန်းကြိုးဖြင့်)
ချည်နှောင်ကာ ဆုံးမတော်မူသည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara
bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။
ဖော်ပြပါ ဆေးရေးပန်ချီ၊ ကျောက်စာတို့ကို တွေ့ရှိရသဖြင့် ရှေးပုဂံခေတ်ကပင်
ရှင်ဥပဂုတ္တကို ယုံကြည်ကိုးကွယ်ကြကြောင်းကို သိရှိနိုင်ပေသည်။ သက္ကရာဇ်
၁၁၅၄-ခုနှစ်တွင် ပုဂံ၌ ရှင်အဂ္ဂ၀ံသ ရေးသားပြုစုခဲ့သော သဒ္ဒနီတိ
ပါဠိသဒ္ဒါကျမ်းတွင်လည်း ရှင်ဥပဂုတ္တက မာရ်နတ်မင်းကို (ခါးပန်းကြိုးဖြင့်)
ချည်နှောင်ကာ ဆုံးမတော်မူသည်။ ( ဥပဂုတ္တော မာရဗန္ဓော ) ( Upagutto Mara
bandho ) ဟု ရေးသားထားသည်ကို တွေ့ရှိနိုင်ပါသည်။
ထို့ပြင် မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး ပြုစုသော သမန္တစက္ခုဒီပနီကျမ်း၌
အရှင်ဥပဂုတ္တ၏ အတ္ထုပ္ပတ္တိ ၀တ္ထုထုံးစံများကို ခိုင်ခိုင်ခံ့ခံ့ ဒဠှီကမ္မ
ဉာပကပြု၍ မှတ်းသားလောက်အောင် ကျမ်းဂန်ကို မတွေ့ဖူးသော်လည်း ရာဇ၀ံသကျမ်း၌
သီရိဓမ္မာသောကမင်းကြီးသည် စေတီရှစ်သောင်းလေးထောင် တို့ကို
အနုမောဒနာပြုသောကာလ မာရ်နတ်ကို အရှင်ဥပဂုတ္တက ဆုံးမကြောင်း၊
သဒ္ဒါကစ္စည်းကျမ်း သဒ္ဒနီတိကျမ်းတွင် ဥပဂုတ္တေန မာရဗန္ဓော-ဟု ဥဒါဟရုဏ် သာဓက
ထုတ်ဖော်ကြောင်း၊ မိလိန္ဒပဥှာတွင် ယထာ မောဂ္ဂလိပုတ္တတိဿတ္ထေရာ
ဥပဂုတ္တတ္ထေရာဒယော နိဒ္ဒိဿတိ၊ ဧ၀ံ ဧတေပိ နိဒ္ဒိသတိ မယံ ပရိနိဗ္ဗုတေ ပဉ္စသတ၀ဿသတေ
ကာလေ ဧတေ ဥပဇ္ဇိဿန္တိ စသည်ဖြင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်၊ အရှင်ဥပဂုတ္တထေရ်
စသည်တို့သည် တရားညွှန်ပြသကဲ့သို့ ထို့အတူ ပရိနိဗ္ဗာန်စံပြီးနောက်
အနှစ်ငါးရာတိုင်သော် ဖြစ်ကုန်လတံ့၊ တရားညွှန်ပြကုန်လတံ့-ဟု
ဗျာဒိတ်ထားတော်မူကြောင်းများကိုသာ တွေ့ဖူးချေသည်-ဟူ၍ ဖော်ပြထားပါသည်။
အထက်ဖော်ပြခဲ့သည့် အထောက်အထား အကြောင်းအရာများအရ ရှင်ဥပဂုတ္တမထေရ်မြတ်ကို
လူအများ ယုံကြည်ကိုးကွယ်ပူဇော်ကြသည်-ဟု ယူဆမိပါသည်။
ရှင်ဥပဂုတ္တ စသော ရှင်လေးပါး ပူဇော်ကန်တော့သည့် ဂါထာ-
ဒိန္နေ ဒိန္နေ နမာမဟံ ၊ ဥပဂုတ္တ မဟာထေရံ ။
မာရဗန္ဓန နိတေဇံ ၊ သက္ကောသရ သာရဒတ္တံ ။
မေဓရော စ မဟာထေရံ ၊ သောဏောဌာနံ အာဂစ္ဆတု ။
သဗ္ဗန္တရာယော ၀ိဓမိတွာန ၊ သုခံဒေတု ပုနပ္ပုနံ ။
( တက္ကသိုလ် ခေမာ-ကျိုက်လတ် )
( မြတ်မင်္ဂလာ ၂၀၀၁-ဧပြီလ )
ကျမ်းကိုးစာရင်း
၁။ မဇ္ဈိမပဏ္ဏာသ ပါဠိတော် မြန်မာပြန်
၂။ မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ ဋီကာ
၃။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄
၎။ ရှင်ဥပဂုတ္တရဟန္တာ ပူဇော်နည်းနှင့် ဥပဂုတ္တထေရအပဒါန်၊( ဓမ္မာစရိယ
ဦးမောင်လင်း၊ ဆရာ ဇာဂရု )
၅။ သမန္တစက္ခုဒီပနီကျမ်း။ ( မုံရွေးဇေတ၀န်ဆရာတော်ဘုရားကြီး)
၆။ သဒ္ဒနီတိပါဠိသဒ္ဒါ။
--
zawnaitun
--
zawnaitun
ကိုညီ
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To post to this group, send email to travel...@googlegroups.com.
> To unsubscribe from this group, send email to
> travelmyanma...@googlegroups.com.
> For more options, visit this group at
> http://groups.google.com/group/travelmyanmar?hl=en.
>
>
သောင်းနိုင်ဦး
2012/5/30, Minn Zayar <komin...@gmail.com>: