သဲပုံစေတီတည်ထား ကိုးကွယ်ရခြင်းအကြောင်း

150 views
Skip to first unread message

Thomas Latt

unread,
Jul 16, 2012, 12:14:26 AM7/16/12
to travelmyanmar
သဲပုံစေတီတည်ထား ကိုးကွယ်ရခြင်းအကြောင်း
ရေးသူ အမည်မသိသေး


မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် တပေါင်းလပြည့်နေ့ကို ရှေးမြန်မာဘုရင်များလက်ထက်က သဲပုံစေတီပွဲတော်အဖြစ် သတ်မှတ်ကာ ကျင်းပခဲ့ကြလေ၏ ။ မြန်မာဘုရင်များ မရှိကြတော့သည့်နောက်ပိုင်းတွင် တပေါင်းလပြည့်နေ့တွင် ထိုသဲပုံစေတီပွဲတော်များအစား ဘုရားပွဲတော်များအစားထိုးလာခဲ့ကြ၏။ ထိုတပေါင်းလပြည့်နေ့တွင် ကျင်းပသော ဘုရားပွဲတော်များကို တပေါင်းပွဲတော်ဟု ခေါ်စမှတ်ပြုလာ...ကြ၏။

သာဓကပြုရလျှင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီမြတ်ကြီး၌ တပေါင်းလပြည့်နေ့ပွဲတော် ကြက်ပျံမကျ အလွန်တရာစည်ကားသိုက်မြိုက်စွာ မြန်မာဗုဒ္ဓဘာသာဝင်တို့ ကျင်းပခဲ့ကြပုံကို စာဆိုတော် နဝဒေး၏ စာများအရ သိနိုင်ပါ၏။ စာဆိုတော်ကြီးက " တပေါင်းသော်ကား၊ ဆံတော်ဒဂုံ၊ တက်ကြကုန်၏ ၊ ပည်းပုံများဖြင့်၊ သဘင်နှစ်ကြာင်း၊ လှေပေါင်းလှည်းက၊ တုပဆင်ယင်၊ မမြင်စဖူး၊ တင့်လွန်ကျူးမျှ၊ စုံဖူးမကွာ၊ သို့သောခါသည်၊ ဟု ဖွဲ့ဆိုခဲ့၏။ ယခုနှစ်မှာလည်း(၁၃၇၃ ခုနှစ်) ရွှေတိဂုံတပေါင်းပွဲတော်ကို စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်း နှစ်၂၆၀၀-တိတိပြည့်မြောက်သည့် အထိမ်းအမှတ်အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြကုန်၏။ သို့သော် တပေါင်းပွဲအစ သဲပုံစေတီက ဟုတော့ ဆိုနိုင်၏။



ယခုနှစ်တွင် စင်္ကာပူက East Coastမှာ စင်္ကာပူရောက်ဗုဒ္ဓဘာသာမြန်မာတို့ တပေါင်းပွဲတော်အစ သဲပုံစေတီကို ကျင်းပခဲ့ကြသည်။ (ဒကာမကြီးဒေါ်ရီ) Reiko Crystal ၏ Facebook မှတဆင့် ကြည်ညိုဖွယ်ရာသဲပုံစေတီကို ဖူးတွေ့မြင်တွေ့ခဲ့ရပါ၏။ ထိုသဲပုံစေတီတော်သည် ၂ ညတာမျှ စင်္ကာပူက East Coastမှာ ကိန်းဝပ်စံပယ်နိုင်ခဲ့သည်ဟု သိရ၏။ စာရေးသူအနေနဲ့ အလွန်လက်ရာမြောက်စွာ တည်ထားသည့် ယင်းသဲပုံစေတီဓာတ်ပုံလေးကြည့်ပြီးတော့ ကြည်ညိုမှုလည်းဖြစ်ခဲ့သလို အများဖတ်ရှု့ရန် သဲပုံစေတီအကြောင်းဆောင်းပါးလေးတစ်ပုဒ် ရေးကာ မျှဝေမည်ဟု စိတ်ကူးဖြစ်ခဲ့၏။ နည်းနည်းအလုပ်မအားလပ်သောကြောင့် အချိန်မီမရေးနိုင်ခဲ့ပေ။ သို့သော် ပိဋကတ်နှင့် မှတ်တမ်းမှတ်ရာလေးများကို လိုက်လံရှာဖွေကာ ဖတ်ဖြစ်၏။ ဒကာမကြီး၏ ဖေ့စဘုတ်မှာလည်း သဲပုံစေတီအကြောင်း ဆောင်းပါးလေးရေးချင်၏။ သို့သော်လည်း မိုးလွန်မှ ထွန်ချသလိုမျိုးဖြစ်နေပြီ ဆိုတဲ့အကြောင်းကို မှတ်ချက်ပေးထားခဲ့၏။ ဒကာမကြီးကတော့ (Reiko wrote: ) "မလွန်ပါဘူးဘုရား။ တပည့်တော်တို့ ကုသိုလ်တွေ မမေ့အောင်၊ ထပ်ထပ်ပွားမိအောင် အာသေဝန ပစ္စည်းရတာပေါ့ဘုရား။ ဟု ပြန်လည်လျှောက်ထားခဲ့သောကြောင့် ဤဆောင်းပါးလေး စွမ်းနိုင်သမျှရေးသားရခြင်းဖြစ်ပါသည်။ ဒကာမကြီး၏ Facebook မှ သဲပုံစေတီဓာတ်ပုံအတွက် မှတ်ချက်လေးများကို တွေ့ရ၏။ ထိုမှတ်ချက်များထဲမှ Ashin Visarada ၏ မှတ်ချက်လေးနှင့် စာရေးသူ၏ ဤဆောင်းပါးလေးကို စလိုက်ချင်ပါသည်။ သဲပုံစေတီ၊ ရှုမအီဘူး၊ ကြည်နူးဖွယ်ပုံ၊ ရေမီးစုံနှင့်၊ ပန်းပုံခြယ်သ၊ သစ်သီးလှနှင့်၊ ကြည်စွကော်ရော်၊ ရှိပူဇော်သည်၊ ဂုဏ်တော်ဗုဒ္ဓ မှန်း၍တည်း။ ယင်းသဲပုံစေတီလေးကို ရေမီးအစုံ သစ်စီးဝလံပန်းမျိုးစုံတို့ဖြင့် ကြည်နူးဖွယ်ရာ ဆင်ယင်ကျင်းပကြသည်ကို တွေ့ရပါ၏။

ဤကဲ့သို့သဲပုံစေတီပွဲ ဆင်နွှဲကြပုံအကြောင်းကို ဗုဒ္ဓစာပေမှ ပြန်ပြောင်းကြည့်ရလျှင် ဟိမဝန္တာအနီး ယမကတောင်၌ တပည့်အပေါင်း ၁ သောင်း ၄ ထောင် အခြံအရံရှိသည့် ပုလိနထူပိယ(သဲပုံစေတီပြုလုပ်ကိုးကွယ်ခဲ့သည့်) မထေရ်လောင်းလျာ နာရဒရသေ့ကြီးက အော်…တပည့်အပေါင်း ၁သောင်း၎ထောင်တို့မှာတော့ ငါတည်းဟူသော လေးစားကိုးကွယ်ရာ ဆရာရှိကြတယ်၊ ငါ့မှာတော့ ရိုသေလေးစားအားထားကိုးကွယ်ရာ ဆရာသမားကင်း၍ နေတယ်၊ ဤသို့ဆရာသမား ကိုးကွယ်အားထားစရာကင်း၍ နေရခြင်းသည် လောကကြီးတစ်ခုလုံးမှာ ဆင်းရဲစရာတစ်ခုဘဲ ဟု ရသေ့ကြီးက တစ်ယောက်တည်းကိန်းအောင်းနေစဉ် စဉ်းစားနေမိသည်။



ဒုက္ခော ပနာယံ လောကေ၊ ယဒိဒံ အဂရုဝါသော။ လောကေ-လောကကြီး၌၊ ယဒိဒံ-အဂရုဝါသော-အလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ အတ္ထိ-ရှိ၏။ အယံ-ဤအလေးအမြတ်ကိုးကွယ်ရာ ဆရာကင်း၍ နေရခြင်းသည်၊ မေ-ငါ့အား၊ ဒုက္ခော-ထောက်တည်ရာနည်းလှ ဆင်းရဲစွတကား။ တဲ့။ ထိုကဲ့သို့ ရသေ့ကြီးက ငါအလေးဂရုပြု ပူဇော်ထိုက်သော ဆရာသမားကို ရှာမည်ဟု အကြံရပြီးနောက် ကျောင်းသင်္ခန်းအနီးရှိ အမရိကမြစ်ငယ်၌ သဲပုံစေတီတစ်ဆူ တည်ထားလေ၏။ ထို့ပြင် ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့ကြကုန်သော ဂင်္ဂါဝါဠုသဲစုမကသော ဘုရားရှင်တို့၏ စေတီပုထိုးတော်တို့သည် ဤသဲပုံစေတီတော်ကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ဘုရားစေတီနိမိတ်အာရုံယူလျှက် ရွှေဆည်းလည်းပန်း သုံးထောင်တို့ဖြင့် စေတီတော်ကို ထီးတင်ပူဇော်ခဲ့၏။ သဲပုံစေတီတော်ကို သက်တော်ထင်ရှား မြတ်ဘုရားအမှတ်ဖြင့် အာရုံယူကာ ညဥ့်နံနက်တိုင်း ရှိခိုးပူဇော်ခဲ့၏။



သာယံ ပါတံ နမဿာမိ၊ ဝေဒဇာတော ကတဉ္ဖလိ၊

သမ္မုခါဝိယ သမ္ဗုဒ္ဓံ၊ ဝန္ဒိံ ၊ ပုလိန ထူပိယံ။

အဟံ-နာရဒမည်သော ငါရသေ့သည်၊ ပုလိနစေတိယံ- ဓာတ်တော်မလှုံ သဲပုံစေတီတော်ကို၊ သမ္မုခါ- မျက်မှောက်တော်၌၊ သမ္ဗုဒ္ဓံ ဝိယ- သက်တော်ထင်ရှား သဗ္ဗညုမြတ်ဘုရားကဲ့သို့၊ ဝေဒဇာတော- ဖြစ်သောဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍၊ သာယံပါတံ-ညဥ့်နံနက်၊ ကတဉ္ဖလိ- ချီအပ်သောလက်အုပ်ရှိသည်ဖြစ်၍၊ နမဿာမိ- ရွှေဆည်းလည်းပန်းသုံးထောင်တို့ဖြင့် ရွှင်လန်းပူဇော်ပါ၏။ ဝန္ဒိံ- ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပူဇော်ခဲ့လေပြီ။ (အပါဒါန် ၂၊ စာမျက်နှာ ၇၉၊ ၈၁၊ နှင့် ပုလိနထူပိယမထေရ်အကြောင်း ဖော်ပြထားရာ ထေရဂါထာ အဌကထာ ၁- စာမျက်နှာ ၃၂၆-၃၂၇ လည်း ရှု့ပါ။)။

ထို့ပြင် ပုလိနုပ္ပါဒက ထေရအပါဒါန်၌လည်း သဲပုံစေတီဖြစ်ပေါ်လာပုံအကြောင်း တစေ့တစောင်းတွေ့ရ၏။ ဤကမ္ဘာမှ ပြန်၍ရေတွက်သည်ရှိသော် ကမ္ဘာတစ်သိန်းကာလ ဒေဝလအမည်ရှိ ရှင်ရသေ့သည် ဟိမဝန္တာတောဝယ် နတ်တို့ဖန်ဆင်းပေးအပ်သော ကျောင်းသင်္ခန်း၌ အလုပ်အကျွေး အခြံအရံမြောက်များစွာဖြင့် သီတင်းသုံးနေစဉ် အခါတစ်ပါး၌ မြစ်ကမ်းနဘေး သဲသောင်ပြင်မှာ သဲများကို စေတီပုံပြု သဲပုံစေတီထုကာ ရရာတောပန်းပန်းမျိုးစုံဖြင့် တည်ထားပူဇော်ခဲ့လေသည်။ ယင်းစေတီ၌ သက်တော်ထင်ရှား ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြုကြည်ညိုကာ ပူဇော်ကာ မိမိသီတင်းသုံးရာ ကျောင်းသင်္ခမ်းသို့ ပြန်လာခဲ့၏ ။

သူ၏တပည့်အပေါင်းတို့က သဲပုံစေတီတည်ထား ပူဇော်ရကြောင်းစုံလင်ကို မေးကြသောအခါ ဆရာရသေ့ကြီးက 'ရှေးဟောင်းကျမ်းများ၌ အခြံအရံများစွာရှိသော သဗ္ဗညု ဘုရားရှင်ကို ညွှန်ပြထားလေသည်။ ထိုဘုရားရှင်ကို ရည်မှန်းပြီး သဲပုံစေတီကို ငါရှိခိုးပူဇော်သည် ဟု မိန့်ကြားခဲ့လေ၏။ တပည့်အပေါင်းတို့နှင့် ဆရာရသေ့ကြီးသည် ဘုရားရှင်ကို ကြည်ညိုမြတ်နိုးသော စိတ်ဓာတ်ဖြင့် သဲပုံစေတီကို အကြိမ်ကြိမ် ပူဇော်ခဲ့ကြဖူးလေသည်။

သဲပုံစေတီတည်ထားပူဇော်ရကျိုးကို အပါဒါန်ပါဠိ၁၊ စာမျက်နှာ ၈၉ ၌ အောက်ပါအတိုင်း ပြဆိုထား၏ ။



ထူပဿ ပရိစိဏ္ဏတ္တာ၊ ရဇောဇလ္လံ န လိမ္ပတိ။

ဂတ္တေ သေဒါ န မုစ္စ န္တိ ၊ သပဘာသော ဘဝါမဟံ။

ဆိုလိုသည်မှာ သဲပုံစေတီမြတ်ကို ရိုသေလေးမြတ် အဆက်မပြတ် ဆည်းကပ်ပူဇော် အလေ့ကျင့်များခဲ့လေသောကြောင့် မြူအညစ်အကြေး ဂျေးအညော်သည် ငါ၏ကိုခန္ဓာမှာ လိမ်းကြံကပ်ငြိခြင်းမရှိပါ၊ ငါ၏ ကိုခန္ဓာမှ နံစော်ညစ်ထေး ပူအိုက်သော ချွေးတို့သည်လည်း ဘယ်သောအခါမှ မထွက်ပါ။ ငါ၏ ကိုယ်သည် အဆင်းအရောင် ပြောင်ပြောင်ဝင်းဝင်း လှပခြင်းရှိလျှက် ဘဝသံသရာကျင်လည်ခဲ့ရပါ၏။ တဲ့။ ထိုကဲ့သို့ ပုလိနထူပိယမထေရ်က ရဟန္တာဖြစ်ပြီးနောက် သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအနေဖြင့် အပါဒါန်မှာ ပြန်ပြောင်းဟောထားခဲ့ပေသည်။

ဗုဒ္ဓစာပေမှာ (၁) ဓာတုစေတီ- မြတ်ဗုဒ္ဓ၏ ဓာတ်တော်များကို တည်ထားကိုးကွယ်တော်မူခြင်း၊ (၂) ဓမ္မစေတီ-မြတ်ဗုဒ္ဓဟောဖော်ပြသည့် တရားဓမ္မ ပိဋကတ်တော်များကို ကိုးကွယ်ခြင်း၊ (၃) ဥဒ္ဒိဿစေတီ- ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းပြီး သက်တော်ထင်ရှားကဲ့သို့ အာရုံပြုကိုးကွယ်ခြင်း (၄) ပရိဘောဂစေတီ- မြတ်ဗုဒ္ဓ၏ သုံးတော်မူခဲ့သည် ပရိက္ခရာ စသည်များကို တည်ထားကိုးကွယ်ခြင်း ဟု လေးမျိုးရှိရာတွင် ဤသဲပုံစေတီတော်သည် ဂုဏ်တော်ထုံမွှမ်းပုံတော်မှန်းပြီး တည်ထားကိုးကွယ်အပ်သော ဥဒ္ဒိဿစေတီ ပင်ဖြစ်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့ အထူးအရေးကြီးသည်မှာ ကြည်ညိုစိတ်ထားတတ်ဖို့က အရေးကြီးဆုံးဖြစ်ပါ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိသည်ဖြစ် ထင်ရှားမရှိတော့သည်ဖြစ်စေ စိတ်ထားတူပါက အကျိုးလည်း တူညီသောအကျိုးရရှိပါသည်။

တိဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံဖလံ။

စေတောပဏိဓိ ဟေတုဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။(ဓမ္မပဒ)

သက်တော်ထင်ရှား မြတ်ဘုရား၌လည်းကောင်း၊ ပရိနိဗ္ဗာန်စံတော်သွား ကိုယ်စား ရုပ်ပွားဆင်းတုတော် သဲပုံစေတီ ပုထိုးအမျိုးမျိုး၌လည်းကောင်း ရိုသေလေးမြတ် သဒ္ဓါရောင်ဖိတ် ကြည်ညိုစိတ်သည် တူညီခဲ့သည်ရှိသော် လူနတ်နိဗ္ဗာန်သုံးတန်ထင်ရှား အကျိုးတရားသည် မပိုမသာ တူညီမျှပါ၏။ မှန်၏ ။ စိတ်ကိုကောင်းစွာထားတတ်ခြင်းဟူသောအကြောင်းကြောင့် သို့မဟုတ် စိတ်ဓာတ်၏ ကောင်မြတ်ခြင်းဟူသောအကြောင်းကြောင့် လူနတ်ဗြဟ္မာသတ္တဝါတို့သည် ကောင်းရာသုဂတိသို့ မှန်စွာရောက်ကြလေ၏ ။ အထက်ပါဂါထာကို ထောက်ဆသောအားဖြင့် သက်တော်ထင်ရှားဘုရားများနှင့် စေတီပုထိုးတို့အပေါ် ကြည်ညိုစိတ်ထားတူညီစွာ ထားတတ်ဖို့ အလွန်ပင်အရေးကြီးလှပါသည်။ သို့မှသာလျှင် အကျိုးပေးတူညီပါလိမ့်မည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ရုပ်ပွား စေတီပုထိုး အမျိုးမျိုးတို့ကို ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျှက် ပူဇော်ကာ ဗုဒ္ဓါနုဿတိ ဘာဝနာများ ပွားများနိုင်ကြပါစေကုန်တည်း။

သုံးလူဘမင်း၊ အာရုံသွင်း၊ ထင်လင်းပေါ်အောင်ပြု။

လျောင်းတော်မူ၌၊ ဝတ်ပြုခိုက်၊ ဆိုက်မြိုက်ဂုဏ်တော်ရှု့။

စေတီရုပ်ပွား၊ ဆင်းတုများကို ဝတ်တွားကြည်ညို၊ များလူဗိုလ်၊ ထိုထိုနည်းမှီပြု။

Thaung Naing Oo

unread,
Jul 16, 2012, 8:56:49 AM7/16/12
to travel...@googlegroups.com
ဖတ်လို့လည်းကောင်းသလို
မှတ်သားစရာလည်းကောင်းပါပေတယ်
ကျေးဇူးတင်ရှိပါကြောင်း

သောင်းနိုင်ဦး


2012/7/16, Thomas Latt <thomas...@gmail.com>:
> *သဲပုံစေတီတည်ထား ကိုးကွယ်ရခြင်းအကြောင်း*

> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To post to this group, send email to travel...@googlegroups.com.
> To unsubscribe from this group, send email to
> travelmyanma...@googlegroups.com.
> For more options, visit this group at
> http://groups.google.com/group/travelmyanmar?hl=en.
>
>

Minn Zayar

unread,
Jul 19, 2012, 9:52:45 AM7/19/12
to travel...@googlegroups.com
ကျေးဇူးတင်တယ် ဗျို့ ..


2012/7/16 Thaung Naing Oo <thaungna...@gmail.com>



--

Thomas Latt

unread,
Jul 19, 2012, 9:47:53 PM7/19/12
to travel...@googlegroups.com
prego ragazzi

2012/7/19 Minn Zayar <komin...@gmail.com>
For more options, visit https://groups.google.com/groups/opt_out.
 
 

Reply all
Reply to author
Forward
0 new messages