(တောက်ပြုံးပွဲတော်နှင့်ဆက်စပ်နေပါသဖြင့် အားလုံးကိုဖေါ်ပြလိုက်ပါသည်)
တောင်ပြုံးပွဲ နှင့် အနွယ်တော်များ
သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်
ရွှေဖျဉ်းညီနောင်
တောင်ပြုံးပွဲဟာ ဗုဒ္ဓဘာသာနဲ့တော့ များစွာပတ်သက်မှုမရှိဘဲ “နတ်” တနည်းအားဖြင့် ၀ိဥာဉ် တို့ကို ကိုးကွယ်ပူဇော်တဲ့ “နတ်ပူဇော်ပွဲ” “နတ်ပွဲ”လို့ခေါ်ရမှာဖြစ်ပါတယ်။ (သို့သော်လည်း ပွဲတော်နောက် ဆုံးရက်မှာတော့ သံဃာတော်များအား ဆွမ်းဆန်စသည်တို့ကို လောင်းလှူတာမျိုးတော့ ရှိပါတယ်)။ နတ်ဝိဥာဉ်တို့ကို ငှက်ပျော၊ အုန်းစတဲ့ကတော့ပွဲများ၊ ပိုက်ဆံ၊ အရက်စတဲ့ ပစ္စည်းများဖြင့် ပူဇော်ပသကြပြီး၊ မြန်မာ့ဆိုင်းဝိုင်း တေးဂီတနှင့်အတူ နတ်နှင့်လက်ထပ်ထားတဲ့မိန်းမ (နတ်ရဲ့ဇနီးအဖြစ် ကောက်ယူထားတဲ့ နတ်ကတော်)၊ နတ်ဝင်သည် စသည်တို့ဟာ ဆိုလိုက်၊ ကလိုက်ဖြင့် ပူဇော်ပသကျင်းပတဲ့နတ်ပွဲ ဖြစ် ပါတယ်။
မြန်မာပြည်မှာတော့ ၄င်းနတ်အမျိုးအစားတွေဟာ အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်းနဲ့၊ တခြားသော ကြီးငယ်ရွယ်စုံ နတ်အပေါင်းကတော့ မရေမတွက်နိုင်အောင် များစွာရှိပါတယ်။ ဒီတော့ကား မြန်မာတစ်နိုင်ငံလုံးက နတ်မျိုးနတ်နွယ်တွေ လာရောက်ကြရတဲ့ အကြောင်းကိစ္စဖြစ်လေတော့ ဘုရားဝန်း ကျင်မှာ နတ်ကွန်း၊ နတ်နန်းတွေ ပြည့်လို့လျှံလို့ ချိမ့်ချိမ့်သဲလို့ နေပါတော့တယ်။
(၁၁) ရာစုခေတ်တုန်းက ဇာတ်ကြောင်းလေး တစ်ခုပါ။ မွန်လူမျိုးများ နေထိုင်ကြတဲ့ “သုဝဏ္ဏဘူမိ သထုံမြို့” ကို “မနူဟာမင်း” က အုပ်ချုပ်နေပြီး၊ ဗမာလူမျိုးများနေထိုင်ကြတဲ့ “ပုဂံမြို့ တော်”ကို “အနော်ရထာမင်း”က အုပ်ချုပ်နေပါတယ်။ သထုံမြို့ မနူဟာမင်းက အမြဲကိုးကွယ်နေတဲ့ ဘုန်းတော်ကြီးကျောင်းမှာ “ဗျတ်ဝိ၊ ဗျတ္တ”လို့ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက် နေထိုင်နေကြပြီး၊ တစ်နေ့မှာ တော့ အဲဒီဘုန်းတော်ကြီးကျောင်းကဘုန်းကြီးဟာ တောထဲမှာသစ်သီးဝလံတို့ကို ရှာဖွေနေစဉ် “ဇော်ဂျီဖိုလ်ဝင်သား”ကို တွေ့ရှိခဲ့တယ်။ (ဇော်ဂျီဖိုလ်ဝင်သားဆိုတာ သိဒ္ဓိတန်ခိုးတို့ရရှိဖို့ ကျင့်ကြံအား ထုတ်နေတဲ့ပုဂ္ဂိုလ်ဟာ ဇော်ဂျီ (သို့) ၀ိဇ္ဇာမဖြစ်ခင် တစ်ဝက်တစ်ပျက်နဲ့ မအောင်မြင်ဘဲ သေလွန်ပြီး၊ သေးငယ်သွားတဲ့အရာဖြစ်တယ်။ သို့ပေမဲ့လည်း သိဒ္ဓီတန်ခိုးတွေ စွဲကျန်ရစ်နေသေးတယ်လို့ ဆိုပါတယ်။) ဘုန်းတော်ကြီးဟာ အဲဒါကို ကျောင်းသို့ဆောင်ယူလာပြီး၊ စားဖို့ရာအတွက် မီးကင်ထားခဲ့ပါတယ်။ အဲဒီနောက် ဒီကိစ္စကို ရှင်ဘုရင်ထံအကြောင်းကြားဖို့ နန်းတော်သို့ ထွက်လာခဲ့တယ်လို့ဆိုပါတယ်။
ကျောင်းမှာကျန်ရစ်ခဲ့တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ အသားကင်နံ့ရပြီး မစားရမနေနိုင်ဖြစ်ကာ ယူစားပစ်လိုက်ကြပြီး၊ ကျန်နေတဲ့အရိုးတွေကိုတော့ ဖိုးသူတော်ကစားပစ်လိုက်တယ်လို့ဆိုပါတယ်။ ဒီတော့ ကား သူတို့နှစ်ယောက်ဟာ သိဒ္ဓိတန်ခိုးတွေရသွားကြပြီး၊ ဘုန်းကြီးပြန်လာတဲ့အခါ အဆူခံရမှာစိုးလို့ ညီအစ် ကိုနှစ်ယောက်က ကျောက်ဖျာအောက်မှာ၊ ဖိုးသူတော်ကတော့ ၀ါးလုံးခေါင်းထဲမှာ ပုန်းနေကြတယ်လို့ ဆိုပါတယ်။ ဘုန်းကြီး ပြန်ရောက်လာတဲ့အခါမှာတော့ ဒေါသအမျက်ချောင်းချောင်းထွက်ရုံကလွဲပြီး ဘာမှမ တတ်နိုင်တော့ပါဘူး။ ဘုရင်လည်းပဲ ဒီအကြောင်းကိုကြားပြီး “ဒီညီအစ်ကိုနှစ်ယောက်ဟာ သိဒ္ဓိတန်ခိုး တွေရနေပြီဆိုတော့ တနေ့နေ့မှာ ငါ့ရဲ့အာဏာစက်ကို ထိပါးလားမှာ စိုးရိမ်ရတယ်။ ကောင်းကောင်းကိုင် တွယ်မှ ဖြစ်တော့မယ်” လို့ကြံတွေးခဲ့တယ်။ အဲဒီနောက် ညီအစ်ကိုနှစ်ယောက်ဟာ သထုံမြို့တော်ဒေသတ ခွင်မှာ လူစွမ်းကောင်းများအဖြစ်နဲ့ ကျော်ကြားလျှက်ရှိနေပါတယ်။
တနေ့မှာ အကိုဖြစ်သူ ဗျတ်ဝိနဲ့ မြို့အုပ်မင်းဦးကြောင်ဖားရဲ့သမီး မအိုဇာတို့ဟာ ချစ်ကြိုးသွယ် ခဲ့ကြတယ်။ ကံမကောင်းချင်တော့ မြို့အုပ်မင်းဟာ သူ့ရဲ့သမီးကို ရှင်ဘုရင်အားဆက်သဖို့ ရည်ရွယ်ထား တာပါပဲ။ တခုသောအချိန်မှာ အစ်ကိုဗျတ်ဝိနဲ့ မအိုဇာတို့နှစ်ယောက်အကြောင်း ဖခင်မြို့အုပ်မင်းနဲ့ ဘု ရင်ကြီးတို့ ကြားသိသွားကြတဲ့အခါမှာတော့ အလွန်ဒေါသထွက်ကာ ချိန်းဆိုတွေ့ဆုံနေစဉ်မှာပဲ ၀ိုင်းဝန်းဖမ်း ဆီးပြီး ကွပ်မျက်ပစ်လိုက်ကြတယ်။ သူ့ရဲ့အသွေးများဖြင့် မြို့တော်ကိုစည်းချကာ စောင့်ရှောက်စေခဲ့တယ်လို့ ဆိုပါတယ်။
ပုဂံမြို့တော်က အနော်ရထာမင်းဟာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး စတဲ့ သူရဲကောင်းလေးဦးစစ်သည်တို့နှင့် ညီဖြစ်သူဗျတ္တ၏ အကူအညီကိုပါရယူလျှက် သထုံမြို့မှာရှိတဲ့ မြတ်စွာ ဘုရားရှင်ရဲ့ ပိဋကတ်သုံးပုံကို ရယူဖို့ရည်ရွယ်ပြီး သထုံမြို့အထိ စစ်ချီတိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်မှု မအောင်မမြင်ဖြစ်နေစဉ် အစ်ကိုဗျတ်ဝိက ညီတော်အား သူ၏သွေးများမှလွတ်ရာ ကြက်မတစ်ဝပ်စာ လွတ်တဲ့နေရာမှ ဝင်၍တိုက်ရန်ညွှန်ကြားသဖြင့် ထိုနေရာမှပင် ဝင်ရောက်တိုက်ခိုက်တော့မှ သထုံမြို့ ကျရှုံးပါတော့တယ်။ စစ်နိုင်ပြီးတဲ့နောက် ပိဋကတ်သုံးပုံကိုလည်း ပင့်ဆောင်ခဲ့ပြီး၊ စစ်သုံ့ပန်းအဖြစ်နဲ့ မနူဟာမင်းကိုလည်း ဖမ်းဆီးလာခဲ့တယ်။ ညီဖြစ်သူ ဗျတ္တလည်းပဲ ပုဂံမြို့တော်သို့ အတူလိုက်ပါစေခဲ့တယ်။
အနော်ရထာမင်းဟာ ဗျတ္တလည်းပဲ အစွမ်းရှိသူဖြစ်လို့ တခုခုကိုင်တွယ်ဖို့ စဉ်းစားတဲ့အခါ “ဗျတ္တ၊ သင် မနက်တိုင်း ပုပ္ပါးတောင်ကပန်းကိုခူးပြီး ပုဂံနန်းတော်အရောက် ဆက်သရမည်။ အကယ်၍ ပန်းတော် ဆက်နောက်ကျခဲ့လျှင် သေဒဏ်ပေးခံရမည်” လို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီတော့ ဗျတ္တဟာ နံနက်တိုင်း ပုပ္ပါးတောင်ကပန်းကိုခူးပြီး နေ့ချင်းပြန် ပုဂံနန်းတော်ထိ ပန်းတော်ဆက်သနေရပါတော့တယ်။
အဲဒီလိုပန်းတော်ဆက်သနေရင်းနဲ့ပင် ဗျတ္တဟာ ပုပ္ပါးတောင်အရပ်မှာ နေထိုင်နေတဲ့ “မယ်ဝဏ္ဏ”လို့ခေါ်တဲ့ အမျိုးသမီးငယ်နဲ့ ရေစက်ဆုံချစ်ကျွမ်းဝင်ခဲ့ကြတယ်။ (မယ်ဝဏ္ဏကိုတော့ ပုပ္ပါးတောင်ကိုအုပ်ချုပ် နေတဲ့ ပန်းစားဘီလူးမလို့လဲ အများကသိနေကြပါတယ်။) နှစ်တွေလတွေကြာလာတော့ အမွှာပူး သား ယောင်္ကျားလေးနှစ်ဦးတို့ရလာပြီး ဒီကလေးနှစ်ယောက်လည်းပဲ သိဒ္ဓိတန်ခိုးတွေပါလာကြတယ်။ အဲဒီ နောက် ရှင်ဘုရင်က ညီအစ်ကိုနှစ်ယောက်အား “ရွှေဖျဉ်းအိုး” တစ်လုံးစီ လက်ဆောင်ပေးခဲ့လို့ သူတို့ကို “ရွှေဖျဉ်းညီနောင်” လို့ အမည်တွင်ပါတယ်။ အစ်ကိုကြီးကို “ရွှေဖျဉ်းကြီး”၊ ညီငယ်ကို “ရွှေဖျဉ်းငယ်”လို့လည်း ခေါ်ကြတယ်။ (အစွမ်းတန်ခိုးရှိသူများဖြစ်ပြီး စေလိုရာသုံးနိုင်တဲ့ နတ်ကျားတစ်ကောင်လည်း ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။) နှစ်ယောက်စလုံးအရွယ်ရောက်လာတဲ့အခါ ဘုရင့်တပ်မတော်မှာ စစ်မှုထမ်း နေကြပြီး အမြဲတမ်း ရှင်ဘုရင်ရဲ့ မြှောက်စားချီးမြှင့်မှုကို ခံကြရတယ်။ ဒါပေမဲ့ ဒီကိစ္စကို မနာလို၊ ၀န်တို၊ မနှစ်မျို့တဲ့ မှူးမတ်အချို့လည်း ရှိခဲ့ကြတယ်။ တစ်နေ့မှာ ဖခင်ဖြစ်တဲ့ ဗျတ္တဟာ မယ်ဝဏ္ဏနဲ့ ဆုံတွေ့ချိန်ကြာ သွားခဲ့လို့ ပန်းတော်ဆက်ချိန် နောက်ကျသွားခဲ့တယ်။ ဒီတော့ ဖခင်ဖြစ်သူဗျတ္တဟာ ပန်းတော်ဆက်နောက် ကျတဲ့အမှုနဲ့ပဲ သေဒဏ်ပေးခံလိုက်ရတယ်။
(၁၆.၁၂.၁၀၅၇) ရက်နေ့မှာ အနော်ရထာဘုရင်ဟာ သူရဲကောင်းလေးဦး၊ ရွှေဖျဉ်းညီနောင် တို့နှင့်အတူ စစ်သည်အလုံးအရင်းဖြင့် တရုတ်ပြည်၊ ယူနန်ပြည်နယ်(နန်ချိုပြည်နယ်)ကို ချီတက်ပြီး မြတ်စွာ ဘုရားရှင်ရဲ့ စွယ်တော်မြတ်ကိုရယူဖို့ ပုဂံမြို့တော်ကနေ ဖောင်တော်ဖြင့် ဧရာဝတီမြစ်အတိုင်း အထက် အညာသို့ ဆန်တက်ခဲ့ကာ၊ မန္တလေးမြို့ရဲ့မြောက်ဘက် တောင်ပြုံးရွာအနီးမှာ တပ်စခန်းချနေတယ်။ တရုတ်ပြည်ကိုစစ်ထိုးတဲ့အခါ ရွှေဖျဉ်းညီနောင်တို့က ဦးဆောင်ခဲ့ပြီး၊ (၁၀၅၈) ခုနှစ် စစ်ပြီး လို့ပြန်လာတဲ့အခါ အနော်ရထာဘုရင်ဟာ စစ်အောင်ပွဲအထိမ်းအမှတ်အနေနဲ့ တောင်ပြုံးအရပ်မှာ ဘုရားတည်ပါတယ်။ ယနေ့ “တောင်ပြုံးဘုရား”လို့ဘွဲ့အမည်တွင်ပါတယ်။
ကံမကောင်းစွာပါပဲ တစ်နေ့မှာ ဒီတောင်ပြုံးဘုရားပြီးမြောက်လို့ ဖူးမျှော်ဖို့ကြွလာတဲ့ အနော်ရထာ မင်းဟာ စေတီတော်ရဲ့တစ်နေရာမှာ အုတ်နှစ်ချပ်စာ လစ်လပ်နေတဲ့နေရာကို တွေ့မြင်လိုက်ရတယ်။ ဒီကိစ္စကို မေးမြန်းစုံစမ်းကြည့်တဲ့အခါ ယခင်ကတည်းက မလိုလားဖြစ်နေတဲ့ မှူးမတ်တွေက “ရွှေဖျဉ်းညီ နောင်ဟာ အရှင်မင်းကြီးကို အန်တုပုန်ကန်လိုတဲ့ဆန္ဒနဲ့ အုတ်နှစ်ချပ်လှပ်ထားတာဖြစ်ပါတယ်”လို့ ဂုန်းချော စကားပြောဆိုခဲ့တယ်။ ဒီစကားကို ကြားလိုက်ရတဲ့ အနော်ရထာဘုရင်ဟာ “ငါ့စကားကို နားမထောင်ရင် ဒီရွှေဖျဉ်းညီနောင်နှစ်ယောက်ကို ဆုံးမလိုက်ကြ” ဆိုတဲ့ အမိန့်သာလျှင် ပေးခဲ့ပေမဲ့ မလိုလားနေတဲ့ မှူးမတ် တွေက ကွပ်မျက်ပစ်လိုက်ကြတယ်။
ရွှေဖျဉ်းညီနောင်တို့ဟာ အသတ်ခံရပြီးနောက် နတ်စိမ်းများဖြစ်သွားကြပြီး တောင်ပြုံးဒေသမှာ နေထိုင်ခွင့်ပြုပါရန် အနော်ရထာမင်းထံတောင်းခံခဲ့ကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဘုရင်ဟာ ရွှေဖျဉ်း ညီနောင်တို့ကို တောင်ပြုံးမှာနေထိုင်ခွင့်ပြုခဲ့ပြီး၊ ဒီဒေသတစ်ခွင်လုံးရဲ့ ပူဇော်ပသမှုတို့ကိုခံယူစေဖို့ အမိန့် ထုတ်ပြီးကာ ပုဂံမြို့တော်သို့ ပြန်သွားခဲ့တယ်။
“တောင်ပြုံးဘုရားပွဲတော်ရက်များ”
စစ်ထွက်ပွဲ နှစ်စဉ် နတ်တော်လဆန်း ၁၄၊ ၁၅ ရက် (ဒီဇင်ဘာ)
စစ်ပြန်ပွဲ နှစ်စဉ် တပေါင်းလဆန်း ၁၄၊ ၁၅ ရက် (မတ်လ)
ဘုရားပွဲ နှစ်စဉ် ၀ါခေါင်လဆန်း ၈ ရက် မှ ၁၅ ရက်ထိ (သြဂုတ်လ)
တောင်ပြုံးဘုရားဟာ မန္တလေးမြို့ရဲ့မြောက်ဘက်သို့ မန္တလေးမတ္တရာကားလမ်းအတိုင်း (၈) မိုင် သွားပြီး၊ တောင်ပြုံးလမ်းခွဲမှ (၂) မိုင် (၅) ဖာလုံ ထပ်သွားရမှာဖြစ်ပါတယ်။ မန္တလေးမှ စုစုပေါင်း (၁၀) မိုင် (၅) ဖာလုံ အကွာမှာ တည်ရှိပါတယ်။
မန္တလေးဘိုးဘိုးကြီး
အနော်ရထာမင်းဟာ ဖခင်ကွယ်လွန်သွားပြီဖြစ်တဲ့ ရွှေဖျဉ်းညီနောင်အား အထိန်းတော်ဖြစ်တဲ့ ပုဏ္ဏားသား အမတ်ကြီးတစ်ဦးကို ထိန်းသိမ်းစောင့်ရှောက်စေခဲ့တယ်လို့ဆိုပါတယ်။ ရွှေဖျဉ်းညီနောင်တို့ဟာ တိုက်ရည်ခိုက်ရည် အလွန်ကောင်းပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူများ ဖြစ်ကြပါတယ်။ အဲဒါကြောင့် ရှင်ဘုရင်ရဲ့ အရေးပေးမြှောက်စားခြင်းကို ကောင်းစွာခံရသူများ ဖြစ်ခဲ့တယ်။
တရုတ်ပြည်စွယ်တော်ပင့်ပြီးအပြန် တောင်ပြုံးအရပ်မှာ ဘုရားတည်နေချိန်မှာ အထိန်းတော် အမတ်ကြီးကို မန္တလေးတောင်အရပ်မှာ တပ်စခန်းချထားစေခဲ့ပါတယ်။ ဒါပေမဲ့ မနာလိုဝန်တိုသူများကြောင့် ရွှေဖျဉ်းညီနောင်ဟာ အုတ်နှစ်ချပ်လပ်နေတဲ့အမှုနဲ့ ကွပ်မျက်ခံရတဲ့အခါ၊ ဒီအရေးအခင်းမှာ အထိန်းတော် အမတ်ကြီးလည်း အခါတော်ပေးသည် (အားပေးအားမြှောက်ပြုသည်) လို့ ဂုန်းတိုက်ခံရပြီး ကွပ်မျက်ဖို့ စေလွှတ်ခဲ့တယ်။ မန္တလေးတောင်စခန်းမှာ တပ်စခန်းချနေတဲ့ အထိန်းတော်အမတ်ကြီးဟာ ကြီးမားလှတဲ့ ကျောက်တုံးကြီးကို “ဆင်”အသွင်သို့ ဖန်ဆင်းပြီး ထွက်ပြေးဖို့ကြံစည်ခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဖမ်းမိ သွားခဲ့ပြီး ကွပ်မျက်ခံလိုက်ရတယ်။
ပုဏ္ဏားသားအထိန်းတော်ကြီးလည်း ကွပ်မျက်ခံရပြီးတဲ့နောက် နတ်စိမ်းဖြစ်သွားကာ မန္တလေး တောင်အရပ်မှာပဲ နေထိုင်ပြီး၊ “မန္တလေးတောင်ဘိုးဘိုးကြီး”(သို့) “မန္တလေးဘိုးဘိုးကြီး”လို့ အမည်တွင် ပါတယ်။ မန္တလေးတောင်ခြေ အရှေ့တောင်ဒေါင့်မှာ “ဘိုးတော်နတ်ဂူ”ဆိုပြီး “ဘိုးဘိုးကြီးနတ်နန်း”တည်ရှိပါတယ်။ ၄င်းဂူရဲ့အနီးမှာ အမတ်ကြီးဖန်ဆင်းခဲ့တဲ့ ဆင်ရုပ်သဏ္ဍာန်ကျောင်တုံးကြီးပေါ်မှာ စေတီ တည်ထားပါတယ်။ ယခင်က မန္တလေးတောင်ဘိုးဘိုးကြီးပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် ပွဲတော်မကျင်းပနိုင်တာ ကြာခဲ့ပါပြီ။
မယ်တော်မယ်ဝဏ္ဏ
ပုပ္ပါးမှာနေထိုင်တဲ့ ရွှေဖျဉ်းညီနောင်တို့ရဲ့ မယ်တော်ဖြစ်တဲ့ မယ်ဝဏ္ဏဟာ သားတော်နှစ်ပါး အသတ်ခံရတဲ့သတင်းကြားပြီး၊ ပူဆွေးဝမ်းနည်းကာ တောင်ပြုံးဘုရားထိ လိုက်လာခဲ့တယ်။ အပြန်လမ်းမှာ တော့ ယခုအမရပူရမြို့တော်ရဲ့ “ရတနာ့ဂူဘုရား”မှာ မယ်တော် မယ်ဝဏ္ဏဟာ သားတော်နှစ်ပါးကိုလွမ်း ဆွတ်တဲ့စိတ်နဲ့ပဲ ရင်ကွဲနာကျပြီး သေပွဲဝင်ခဲ့ရတယ်လို့ဆိုပါတယ်။ မယ်တော်မယ်ဝဏ္ဏလည်းပဲ နတ်စိမ်းဖြစ် ကာ “ရတနာ့ဂူဘုရား” မှာနေထိုင်တယ်လို့ ဆိုပါတယ်။
“ရတနာ့ဂူဘုရားပွဲတော်ရက်”
ရတနာ့ဂူဘုရားပွဲတော် (မယ်တော်မယ်ဝဏ္ဏပွဲ) ဟာ “တောင်ပြုံးပွဲ”အပြီး တစ်ပတ်ခန့်အကြာမှာ ကျင်းပပါတယ်။ ရတနာ့ဂူဘုရားဟာ မန္တလေးမှတောင်ဘက် (၁၁) ကီလိုမီတာအကွာ၊ အမရပူရမြို့ စစ်ကိုင်းလမ်းခွဲတွင် တည်ရှိပါတယ်။
သခင်မစောမွန်လှ
အနော်ရထာဘုရင်ဟာ တရုတ်ပြည်သို့ ဗုဒ္ဓမြတ်စွယ်တော် ပင့်ရန်သွားခဲ့စဉ် ဗန်းမော်လမ်း ကြောင်းမှသွားခဲ့ပြီး၊ ထိုမှ မိုင်းမောဝ်ပြည်နယ်သို့အရောက်မှာ ဆယ်လန့်ဒေသမှ မိုင်းမောဝ်စော်ဘွားကြီး စဝ်လုံဟုံ၏သမီးတော် မိုင်းမောဧကရီ စောမွန်လှ(စဝ်မွမ်းလ)နှင့် တွေ့ဆုံခဲ့တယ်။ တရုတ်ပြည်ကအပြန်မှာ တော့ စောမွန်လှအား လက်ဆက်ဆောင်နှင်း၍လာခဲ့ရာ၊ မင်းခံ(ယခုမင်းဂံ)အရပ်၌ စခန်းချပြီး ဆင်ဝပ်သော နေရာတွင် ဘုရားစေတီတစ်ဆူတည်ထားရန် ဆောင်ရွက်ခဲ့ကြတယ်။ သို့ဖြင့် ဆင်ဝပ်သောတောင်ပြုံး အရပ်၌ “တောင်ပြုံးဘုရား”တည်ရာတွင် သခင်မစောမွန်လှသည်လည်း ကုသိုလ်များစွာ ပါဝင်ဆောင်ရွက် ခဲ့တယ်။
သရဖီသစ္စာရှင် သခင်မမရွှေဥ
အလွန်ချောမောလှပတဲ့ အင်ကျယ်ရွာ (ယခုကြာနီကန်ရွာအရှေ့ဘက်)သူ မရွှေဥဟာ ကိုရင်မောင်နှင့် လူကြီးများသဘောတူစေ့စပ်ပြီး၍၊ တစ်အိုးတစ်အိမ်တည်ဆောက်ရန်၊ ကိုရင်မောင်အား အထက်အညာသို့ သစ်ဖောင်ချရန် စေလွှတ်ခဲ့သည်ဟုဆိုပါတယ်။ ထိုစဉ် တောင်ပြုံးအရပ်၌ ဘုရားတည် နေချိန်၊ ရွှေဖျဉ်းညီနောင်တို့ဟာ ယခု အိမ်ရှေ့မင်းထန်းတော (အင်ကျယ်ရွာ၏ အရှေ့မြောက်ဘက် သခင်မတောင်၏ အရှေ့ဘက်) သို့ နေ့စဉ် ထန်းရေသောက်လာရင်း မရွှေဥကိုမြင်တွေ့ကာ၊ ရွှေဖျဉ်းငယ်က ချစ်ကြိုက်သွားသည်ဟု ဆိုပါတယ်။ (မရွှေဥက စေ့စပ်ထားသူဖြစ်ကြောင်းဆိုသဖြင့် သစ်ဖောင်ချသွား နေသော ကိုရင်မောင်ကို လေမုန်တိုင်းဆင်၍ အနိစ္စရောက်စေသည်ဟုလည်းဆိုသည်။)
တစ်နေ့မှာ တောင်ပြုံးဘုရားပြီးမြောက်၍ ဘုရားပွဲတော်ကျင်းပနေဆဲမှာ၊ မရွှေဥဟာ ဘုရားပွဲလာ ရင်း သစ်ဖောင်ချပြန်လာမည့် ကိုရင်မောင်ကို စောင့်ကြိုရန် မြစ်ဆိပ်သို့ဆင်းလာစဉ် ရွှေဖျဉ်းညီနောင်တို့နှင့် ဆုံကြတယ်။ ချစ်ရေးဆိုသည်ကို လက်မခံသဖြင့် နတ်ကျားကိုခေါ်ပြီး ခြောက်လှမ့်ရာ နတ်ကျားက မရွှေဥ ကို ကိုက်ချီပြီးထွက်ပြေးသွားတော့တယ်လို့ ဆိုပါတယ်။ မရွှေဥကို ကျားချီသွားရာလမ်းတစ်လျှောက်မှာ ခါးစည်းကြိုးကျကျန်ခဲ့သောနေရာကို ယခုအခါ ဘုရားတည်ထားပါတယ်။ ကျားကိုက်သဖြင့် အသားတစ် များထွက်ကျတဲ့နေရာကိုလည်း ယခုအခါ နတ်စင်တစ်ခု တည်ထားပါတယ်။ နတ်ကျားဟာ တောင်ကျော တစ်နေရာ (ယခုအခါ သခင်မတောင်) အရောက်တွင် ပစ်ချထားခဲ့သည့်အချိန်မှာတော့ မရွှေဥဟာ အသက်ငွေ့ငွေပဲ ကျန်ပါတော့တယ်။ မရွှေဥဟာ နောက်ဆုံး ရှိသမျှအားကိုယူလျှက် လက်အုပ်ချီမိုးကာ မြတ်စွာဘုရားရှင်အားရှိခိုး၍ “ဘုရားတပည့်တော်သည် ကိုရင်မောင်ကလွဲ၍ အခြားမည်သူ့ကိုမျှ မချစ်ခဲ့ပါဘုရား။ ကိုရင်မောင်ကလွဲလျှင် အခြားသောယောင်္ကျားများသည် ဖွဲဆန်ကွဲဟုထင်ပါသည်ဘုရား။ ဤသစ္စာမှန်ကန်ပါက တပည့်တော်၏ ဦးထိပ်မှာ ပန်ဆင်ထားသော သရဖီပန်းတို့မှ သရဖီပင်များ ပေါက်ပါစေသား”ဟု သစ္စာဆိုပြီး အနိစ္စရောက်သွားပါတော့တယ်။ မရွှေဥရဲ့ ဆံထိပ်ဦးမှာ ပန်ဆင်ထားတဲ့ သရဖီပန်းတွေဟာ မြေမှာပြန့်ကျဲကုန်ပြီး ကြီးမားလှသောသရဖီပင်များစွာပေါက်နေတာဟာ သစ္စာအရှင် သခင် မရွှေဥဝိဥာဉ်သရဖီပင် လို့ဆိုရမလားပါပဲ။ မရွှေဥဟာ နတ်စိမ်းဖြစ်ပြီး ထိုတောင်မှာပင်နေထိုင်လို့ တင်စားခေါ်သောအားဖြင့် “သခင်မတောင်”(သခင်မ မရွှေဥတောင်) လို့ခေါ်လာခဲ့ကြပါတယ်။ မရွှေဥ အနိစ္စရောက်သွားတဲ့နေရာကို “ကျားတွင်း”လို့ ခေါ်ပြီး၊ နတ်နန်းလည်း တည်ရှိပါတယ်။ နှစ်စဉ် “ပန်း ကောက်ပွဲ” (သရဖီပန်းကောက်ပွဲ) (သို့မဟုတ်) “သခင်မတောင်ပွဲတော်”ကိုကျင်းပပြီး၊ ပွဲတော်ရက်က တော့ နှစ်သစ်ကူးသင်္ကြန်မတိုင်မီ တန်ခူးလဆန်း(၄)ရက်မှ(၈)ရက်ထိ ဖြစ်ပါတယ်။ ပွဲတော်ရက်မတိုင်မီ အတွင်း သရဖီပန်းကောက်ယူခွင့်မရှိဘူးလို့လည်း ဆိုကြပါတယ်။
မရွှေဥဟာ လူ့ဘဝကနေထိုင်သွားတဲ့ အင်ကျယ်ရွာကအိမ်တည်ရှိရာနေရာကို မှတ်သားသော အားဖြင့် တောင်ပေါ်ကနေ အလွန်ကြီးမားလှတဲ့ ကျောက်တုံးကြီးကို လှိမ့်ချပြီးမှတ်သားထားခဲ့လို့ ယနေ့ထိ တိုင် မရွှေဥရဲ့ အိမ်ပေါက်ဝမှာ ကျောက်တုံးကြီးတည်ရှိနေပါတယ်။ ဒေါ်သီးသနပ်ခါးက မရွှေဥ အိမ်တော်နတ်နန်းကိုလည်းကောင်း၊ ယက်ကန်းစင်ကိုလည်းကောင်း ဆောက်လုပ်လှုဒါန်းထားပါတယ်။ ယခုအခါ အုတ်တံတိုင်းခတ်လျှက်တည်ရှိပြီး အဓိဌာန်အောင်မြင်လို့ လာရောက်ပူဇော်ပသသူများဖြင့် စည်ကားလျှက်ရှိသည်ဟုဆိုပါတယ်။