၂၅ ဇူလိုင်၊ နေပြည်တော်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ် အမှတ်(၆)၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်းတွင် Vintage Luxury Yacht Hotel အမည်ရှိ ရေပေါ်ဟိုတယ်သည် မြန်မာနိုင်ငံသားပိုင် လှလှပပ လီမိတက်က ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သော ဟိုတယ်ဖြစ်ပြီး ဟိုတယ်အိပ်ခန်းပေါင်း (၁၀၄)ခန်းပါရှိပါသည်။
အဆိုပါရေပေါ်ဟိုတယ်သည် ဟိုတယ်ဝန်ဆောင်မှုအနေနှင့် ဧည့်ကြိုကောင်တာတွင် ဧည့်သည်ကို ဟိုတယ်ဝန်ထမ်းများက ဒူးထောက်အရိုအသေပေး၍ ကြိုဆိုနေသည့်ပုံဖြင့် Online Travel Agent ကြော်ငြာမှု အဖြစ် www.agoda.com websiteတွင် လွှင့်တင်ထားရှိရာ ယင်းဓာတ်ပုံသည် အခြားလူမှုကွန်ယက် စာမျက်နှာ များတွင် ပျံ့နှံ့သွားပြီး သဘောထားမှတ်ချက် အမျိုးမျိုးပေးထားသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများပါဝင်သော အဖွဲ့သည် ၂၄-၇-၂၀၁၄ ရက်နေ့က အဆိုပါ Vintage Luxury Yacht ရေပေါ် ဟိုတယ်သို့ သွားရောက်ပြီးလှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင်ဦးမြင့်လွင်၊ Operation Directorဦးပြည့်ဖြိုးဦး၊ ကြီးကြပ်ရေးမှူးများနှင့် ၀န်ထမ်းများကိုတွေ့ဆုံ၍ စိစစ်မေးမြန်းခဲ့ပါသည်။ စိစစ်ချက်များအရ အဆိုပါဟိုတယ်၏ ယခင်က အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် အီတလီနိုင်ငံသား Mr. Aless မှ အခြားဟိုတယ် များထက် တမူထူးကဲသော ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့် မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)ကို ဟိုတယ်လာ ဧည့်သည်များအား ပေးရန် ရည်ရွယ်၍ ၀န်ထမ်းများကို သင်တန်းပေး လေ့ကျင့်ပေးခဲ့ကြောင်း၊ သင်္ဘောမှာလည်း လွန်ခဲ့သော နှစ်၁၀၀ခန့်က ခရီးသွားသင်္ဘောတစ်စင်း အပြင်အဆင်၊မွမ်းမံမှုနှင့် အသုံးအဆောင်များ ဖန်တီးထားကြောင်းနှင့် ယခုဓာတ်ပုံသည် လည်း ဧည့်သည်များစိတ်ဝင်စားအောင် Advertisement လုပ်ခြင်းဖြစ်ကြောင်း၊ အမှန်တကယ် လက်တွေ့၌ ဤသို့ဆောင်ရွက်မှုမပေးပဲ ဒူးကွေးညွတ်ရုံသာ အရိုအသေပေးကြောင်းတင်ပြပြီး ဤ၀န်ဆောင်မှုကိုပေးရန် သင်တန်းပေးအစပျိုးခဲ့သော အထွေထွေမန်နေဂျာ Mr. Aless မှာလည်း အလုပ်မှနှုတ်ထွက်သွားပြီဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။
ဌာနအနေနှင့် ဤကဲ့သို့သော ၀န်ဆောင်မှုများပေးခြင်းသည် သာမန်ထက်လွန်ကဲသော အပြုအမူမျိုးဖြစ် ခြင်း၊ ၁၉၂၀ခုနှစ် ၀န်းကျင်ခန့်က ဥရောပတိုင်းပြည်များ၌ ဘုရင်နှင့်မိဖုရားကို ဒူးထောက် အရိုအသေပေးခဲ့သော ၀န်ဆောင်မှု (King and Queen Service)သည် ဟိုတယ်လုပ်ငန်းမှ ဧည့်သည်များကို ပေးဆောင်ရမည့် ၀န်ဆောင်မှုမျိုး၌ မပါရှိခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ အနန္တောအနန္တဂိုဏ်းဝင်များကိုသာ အရိုအသေ၊အလေးအမြတ်ပေးသော အမူအယာမျိုးဖြစ်၍ ထုံးတမ်းအစဉ်အလာ၊ ယဉ်ကျေးမှုထက် ပိုမိုလွန်ကဲပြီးတစ်ပါးသူများမှအထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာခြင်းနှင့် ၀န်ထမ်းများအနေဖြင့်လည်း ဤသို့ပုံမှန် ၀န်ဆောင်မှုထက် ခက်ခဲစွာဝန်ဆောင်မှုပေးရ၍ အဆင်မပြေဖြစ်ခြင်းတို့ကြောင့် ဤသို့သောဝန်ဆောင် မှုပေးခြင်း ကိုရပ်ဆိုင်းရန် သတိပေးခဲ့ပြီး၊ ၄င်းဝန်ဆောင်မှုမျိုး ထပ်မံဆောင်ရွက်ကြောင်း စိစစ်တွေ့ရှိရပါက လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့ပါသည်။
၎င်းအပြင် ၂၅-၇-၂၀၁၄ ရက်နေ့က လှလှပပလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် ဦးမြင့်လွင်နှင့် Operation Director ဦးပြည့်ဖြိုးဦးတို့ကို နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနသို့ ခေါ်ယူ၍ ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းနှင့် ညွှန်ကြားရေးမှူးချုပ်များက တွေ့ဆုံ၍ ဤကဲ့သို့ ပုံမှန် ဟိုတယ် ၀န်ဆောင်မှုများထက် လွန်ကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများကို လုံးဝရပ်တန့်ရန် နှင့် ယခုလွှင့်တင်ထားသော ဓာတ်ပုံကိုလည်း ချက်ချင်းဖျက်သိမ်းရန် ပြင်းထန်စွာသတိပေးခဲ့ပါသည်။
Vintage Luxury Yacht Hotel ဒါရိုက်တာအဖွဲ့ဝင်များက လွှင့်တင်ထားသောဓာတ်ပုံကို ဖျက်သိမ်းပြီးဖြစ် ပါကြောင်းနှင့် ဤသို့သောဝန်ဆောင်မှုများကို ပြုလုပ်ခြင်း မပြုပါကြောင်း ၀န်ခံကတိပြုပါသည်။
မြန်မာနိုင်ငံတွင် ယနေ့အထိ ဟိုတယ်ပေါင်း (၁၀၃၆)လုံးနှင့် အခန်းပေါင်း (၃၉၉၈၄)ခန်း ရှိကာ ရေပေါ် ဟိုတယ်အနေနှင့် ဤဟိုတယ်တစ်လုံးသာရှိပါသည်။ ၀န်ကြီးဌာနသည် ဟိုတယ်များအနေနှင့် သာမန်ထက် ပိုမိုထူးကဲပြီး မိရိုးဖလာ ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်သော၊ အများက ထင်ယောင်ထင်မှား၊ သံသယဖြစ်ဖွယ် အပြုအမူမျိုးကို ပြုလုပ်ခြင်းမပြုရန် သတိပေးထားရှိသည့်နည်းတူ ဟိုတယ်လုပ်ငန်းအပြင် ခရီးသွားလာရေး လုပ်ငန်းများကိုလည်း ဤကဲ့သို့ ဧည့်သည်ကို ထူးကဲစွာကြိုဆိုမှုများ မပြုလုပ်ရန်လည်း သတိပေးထားရှိပါသည်။
သာဓု သာဓု သာဓု
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/16aa4ba4-b0f0-42f5-807f-e2d38c045e07%40googlegroups.com.
For more options, visit https://groups.google.com/d/optout.