သက်တမ်း (၁၅၄) နှစ်တိုင်ခဲ့ပြီဖြစ်သော မြန်မာတို့၏ ရွှေမန္တလေး
များမကြာမီ ကဆုန်လပြည့်နေ့ (၂၄.၅.၂၀၁၃) ရက်နေ့တွင် ဒုတိယကမ္ဘာစစ်အတွင်းက ပျက်ဆီးသွားခဲ့ရသော ပိဋကတ်တိုက်တော်နှင့် ရွှေသိမ်တော် တို့ကို ပြန်လည်တည်ဆောက်ရန် ပန္နက်တင်အခမ်းအနားကျင်းပတော့မည်ဖြစ်သည်။ ယနေ့ညမှစ၍ တရားပွဲများ စတင်ကျင်းပနေပါပြီ။ ၎င်းအပြင် ယခုလ မေလသည်လည်း မန္တလေးမြို့တော်သက်တမ်း နှစ် (၁၅၄) နှစ်တိတိပြည့်သောလမြတ်ဖြစ်သည်။ ထို့ကြောင့် ဧည့်လမ်းညွှန်များအပါအဝင် အခြားဗဟုသုတလိုက်စားလိုသူများ၊ ခုနှစ်သက္ကရာဇ်စသည် အရေအတွက်များ မမှတ်မိသူများ၊ မဖတ်ရှုလိုက်ရသေးသူများ၊ ဖတ်ရှုခဲ့မိသော်လည်း မမှတ်သားလိုက်မိသူများ၊ ဖတ်မှတ်ခဲ့ပါသော်လည်း မေ့လျှော့ပျောက်ဆုံးနေသူများအတွက် အောက်ပါဆောင်းပါးကို ထပ်မံတင်ပြလိုက် ရပါသည်။
၎င်းဆောင်းပါသည် ရတနာပုံသတင်းစာ (၃.၅.၂၀၀၉) ရက်နေ့ အမှတ်စဉ် (၄၄) တနင်္ဂနွေ အချပ်ပို ဆောင်းပါးအထူးကဏ္ဍ စာမျက်နှာ အချပ်ပို (ခ)နှင့်(ဃ)ပါ မူရင်းအတိုင်း ပြန်လည်ရေးသားဖေါ်ပြလိုက်ခြင်းဖြစ် ပါသည်။
မန္တလေးမြို့ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတော်
သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်
(၁၁) ရာစု ပုဂံမင်းဆက် အနော်ရထာမင်းကြီးက ပထမမြန်မာနိုင်ငံတော်ကိုလည်းကောင်း၊ (၁၆)ရာစု တောင်ငူမင်းဆက် ဘုရင့်နောင်မင်းတရားကြီးက ဒုတိယမြန်မာနိုင်ငံတော်ကိုလည်းကောင်း၊ (၁၉)ရာစု ကုန်း ဘောင်မင်းဆက် အလောင်းမင်းတရားကြီးက တတိယမြန်မာနိုင်ငံတော်ကိုလည်းကောင်း အစဉ်အဆက်တည် ထောင်ခဲ့သည်။
ကုန်းဘောင်မင်းဆက်တွင် အလောင်းမင်းတရားမှအစပြု၍ မင်း (၁၁)ပါး အစဉ်အဆက်အုပ်ချုပ်ခဲ့ပြီး နန်းစိုက်ရာမင်းနေပြည်တော်များသည်လည်း အသီးသီးပြောင်းရွေ့စိုးစံခဲ့ကြသည်။
ရွှေဘိုမြို့တွင် - ၁၂ နှစ်
(ဒုတိယအကြိမ်အဖြစ်) စစ်ကိုင်းမြို့တွင် - ၁ နှစ်
(တတိယအကြိမ်အဖြစ်) အင်းဝမြို့တွင် - ၁၈ နှစ်
(ပထမအကြိမ်အဖြစ်) အမရပူရမြို့တွင် - ၄၀ နှစ်
(စတုတ္ထအကြိမ်အဖြစ်) အင်းဝမြို့တွင် - ၁၅ နှစ်
(ဒုတိယအကြိမ်အဖြစ်) အမရပူရမြို့တွင် - ၁၉ နှစ်
(ရတနာပုံမြို့အဖြစ်) မန္တလေးမြို့တွင် - ၂၆ နှစ်
၎င်းမှ ဒုတိယအကြိမ်အဖြစ် အမရပူရမြို့တွင် ကုန်းဘောင်မင်းဆက်၏ (၁၀)ပါးမြောက်ဖြစ်သော မင်းတုန်းမင်းတရားကြီးသည် အထက်မြန်မာပြည်ကို စိုးစံနေတော်မူသည်။ (ထိုအချိန်တွင် အောက်မြန်မာပြည် သည် အင်္ဂလိပ်တို့၏ ကိုလိုနီနယ်မြေဖြစ်နေပြီ။) မင်းတုန်းမင်းသည် အမရပူရမြို့တော်တွင် (၆) နှစ်ကျော် စိုးစံပြီးနောက် မြန်မာသက္ကရာဇ် (၁၂၂၁)ခု၊ ကဆုန်လ (1859, May) တွင် အမရပူရမြို့တော်၏ မြောက်ဘက် (၁၁)ကီလိုမီတာအကွာတွင်ရှိသည့် ယခု မန္တလေးမြို့တည်ရှိရာသို့ မြို့တော်ပြောင်းရွေ့ခဲ့သည်။ မန္တလေးနန်း တော်နှင့်အတူ အောက်ပါဖွားဖက်တော် (၇)နေရာကိုလည်း တစ်ပြိုင်တည်းအုတ်မြစ်ချ တည်ဆောက်ခဲ့သည်။
(၁) မြို့ရိုး
(၂) ကျုံး
(၃) သုဓမ္မာဇရပ်တန်း
(၄) ရွှေသိမ်တော်
(၅) ပိဋကတ်တိုက်တော်
(၆) ကုသိုလ်တော်ဘုရား (လောကမာရဇိန်စေတီ)
(၇) မဟာအတုဝေယံကျောင်းတော်
၎င်းနောက် နှစ်ပေါင်း (၁၉) နှစ်အကြာ မြန်မာသက္ကရာဇ် (၁၂၄၀) ခုနှစ် (1878) တွင် မင်းတုန်းမင်းကြီး နတ်ရွာစံပြီး သားတော်သီပေါမင်းက ထီးနန်းဆက်ခံခဲ့သည်။ ထို့နောက် (၇)နှစ်အကြာ မြန်မာသက္ကရာဇ် (၁၄၄၇) ခုနှစ် (1885) တွင် အင်္ဂလိပ်တို့နှင့်စစ်ဖြစ်၍ စစ်ရှုံးကာ ဘုရင်နှင့်မိဖုရားကို အိန္ဒိယပြည် အနောက်ဘက် ကမ်းရှိ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်နှင့် တစ်ပြိုင်တည်း မြန်မာတစ်နိုင်ငံလုံးသည် အင်္ဂလိပ်တို့ ၏ ကိုလိုနီနယ်မြေဖြစ်သွားတော့သည်။ တစ်ဖန် နှစ်ပေါင်း (၆၃) နှစ်ခန့်ကြာပြီးနောက် မြန်မာသက္ကရာဇ် ၁၃၀၉ခုနှစ်၊ (1948, JAN, 4th) တွင် လွတ်လပ်ရေးရခဲ့သည်။
ထိုကြောင့် မန္တလေးမြို့တော်သည်
ခမည်းတော်မင်းတုန်းမင်း - ၁၉ နှစ်
သားတော်သီပေါမင်း - ၇ နှစ်
ကိုလိုနီနယ်မြေအဖြစ် - ၆၃ နှစ်
ယနေ့လွတ်လပ်သောနိုင်ငံအဖြစ် - ၆၁ နှစ်
စုစုပေါင်းအားဖြင့် - ၁၅၀ နှစ်ပြည့်ပြီဖြစ်သည်။
မြန်မာသက္ကရာဇ် (၁၃၂၁)ခုနှစ်၊ ကဆုန်လပြည့်ကျော် (၆)ရက်အလွန် (၇)ရက် (1959, MAY, 27th) တွင် မန္တလေးမြို့သည် နှစ် (၁၀၀) ပြည့်ခဲ့ကာ၊ မန်းရာပြည့်ပွဲတော်ကို မန္တလေးတောင်ခြေရှိ မန်းရာပြည့်ကွင်း (ယခု ရတနာပုံတိရစ္ဆာန်ဥယျာဉ်)တွင် (1959, NOV, 7th မှ 13th )ရက်အထိ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်။
တစ်ဖန် ယခုနှစ်မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၆)ရက်အလွန် (၇)ရက်၊ (2009, MAY, 14th) အကူး၊ စက်နာရီ (၄)နာရီ (၃၁)မိနစ်၊ (၃၉) စက္ကန့်အချိန်တွင် မန္တလေးမြို့ နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲတော်ကို ယခုနှစ် မေလ (၁၄)ရက်မှ (၁၈)ရက်အထိ မန္တလေးမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
အဆိုပါအထိမ်းအမှတ်ပွဲတော်တွင် စာပေပြိုင်ပွဲ (အခြေခံပညာအဆင့်၊ အဆင်မြင့်ပညာအဆင့်နှင့် အလွတ်တန်းအဆင့်) ကို မန္တလေးတက္ကသိုလ်နှင့် အထက (၁၄) ၌လည်းကောင်း၊ စာအုပ်ပြပွဲနှင့်စာအုပ်ဈေး ရောင်းပွဲတော်တို့ကို ရတနာပူရခန်းမ၌်လည်းကောင်း၊ ပန်းချီ၊ ပန်းပု၊ ရွှေချည်ထိုးနှင့် မြန်မာမှုအနုပညာပြပွဲနှင့် ဓါတ်ပုံပြိုင်ပွဲတို့ကို မန္တလေးမြို့တော်ခန်းမ၌လည်းကောင်း၊ မြန်မာ့ရိုးရာခြင်းလုံးအလှခတ်ပြပွဲ၊ ခြင်းလုံး ခတ်ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဗထူးအားကစားခန်းမ၌်လည်းကောင်း၊ ကာယဗလမောင်ပြိုင် ပွဲနှင့် မြန် မာ့ရိုးရာဝတ်စားဆင်ယင်မှု ပြိုင်ပွဲတို့ကို အမျိုးသားဇာတ်ရုံတွင်ကျင်းပမည် ဖြစ်သည်။
ပွဲတော်အကြိုအဖြစ် မန္တလေး စာပေ၊ ဂီတ၊ အနုပညာရှင်များ ပူးပေါင်း၍ အနုပညာပုံရိပ် ပွဲတော်နှင့် အနုပညာဦးစီးဌာန မန္တလေးကဇာတ်ဌာနခွဲမှ ယိမ်းအကနှင့်ယဉ်ကျေးမှု အစီအစဉ်များကို ဧပြီ (၃၀)ရက်မှ မေ (၃)ရက်အထိ အမျိုးသားဇာတ်ရုံတွင် ဖျော်ဖြေတင်ဆက်ကပြသွားမည်။
ပွဲတော်ရက် မေ (၁၄)ရက်မှ (၁၈) ရက်အထိ ဖျော်ဖြေမှုအစီအစဉ်အဖြစ် ရုပ်ရှင်၊ ဂီတ အဆိုတော် အနုပညာပညာရှင်များနှင့်တွဲဖက်၍ ခေတ်ပေါ်တေးဂီတ တီးဝိုင်းငါးဖွဲ့တို့က အလှည့်ကျဖျော်ဖြေတင်ဆက် ကြမည်ဖြစ်ပြီး မော်ကွန်းရုပ်ရှင်၊ ဇာတ်သဘင် ငါးဖွဲ့၊ အငြိမ့် ငါးဖွဲ့တို့ဖြင့်လည်း ညစဉ်ဖျော်ဖြေတင်ဆက်၍ မြို့တည်နန်းတည် နှစ် (၁၅၀) ပြည့် အထိမ်းအမှတ် မင်းတုန်းမင်းတရားကြီး၏ ပုံတူကြေးသွန်းရုပ်တုနှင့် ကမ္ပည်းမော်ကွန်းကျောက်စာတို့ကိုလည်း စိုက်ထူသွားမည်ဖြစ်သည်။
ကမ္ဘာ့ရှေးအကျဆုံး ဗုဒ္ဓဘာသာအမွေအနှစ်တို့ ကျန်ရှိရာ (၃)နေရာ (ဂျာဗားနိုင်ငံရှိ ဗောဓေါဗုဒ္ဓေ၊ ကမ္ဘောဒီးယားနိုင်ငံရှိ အန်ကောလ်ဝပ်ဘုရားကျောင်း) တို့အနက် တစ်ခုအပါအ၀င်ဖြစ်သော ပုဂံရှေးဟောင်း မြို့တော်ပြီးနောက်ဖြစ်သည့် မန္တလေးမြို့သည် (ယခုမြန်မာနိုင်ငံ၏ ဒုတိယမြို့တော်) မှာတော့ မြန်မာတို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု ရိုးရာအနုပညာနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အမွေအနှစ်တို့များစွာ ကျန်ရှိနေသေးသည်။ လွမ်းမောဖွယ်ရာ ရှေးဟောင်းမြို့တော်ကို လှည့်လည်ကြည့်ရှုရင်း နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်ပွဲတော်မှာ ပျော်ရွှင်စွာအတူဆင်နွှဲနိုင်ဖို့ ကမ္ဘာ့နိုင်ငံအရပ်ရပ်နှင့် မြန်မာ့ဒေသအသီးသီးမှ ရွှေဧည့်သည်တော်အပေါင်းကို ဖိတ်ခေါ်အပ်ပါသည်။
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CAF_m_njqjFyUpawKSh1-wFYqaibQU8QKsG4GM98Zd4y1VowbNw%40mail.gmail.com?hl=en.
For more options, visit https://groups.google.com/groups/opt_out.
သက်တမ်း (၁၅၄) နှစ်တိုင်ခဲ့ပြီဖြစ်သော မြန်မာတို့၏ ရွှေမန္တလေး
--