မဟာမုနိဘုရားကြီး၏ (၈၅) ကြိမ်မြောက် ၀ါဆိုခြင်းအလှခတ်ပွဲတော် ကျင်းပနေပါပြီ
မဟာမုနိဘုရားကြီး၏ (၈၅) ကြိမ်မြောက် ၀ါဆိုခြင်းအလှခတ်ပွဲတော်ကို ယခုနှစ် မေလ (၃၀) ရက်နေ့ (၈း၀၀) မှာ ဘုရားကြီးအနောက် (၄၅) တာ ခြင်းလုံးအားကစားရုံတွင် စတင်ဖွင့်လှစ် ကျင်းပခဲ့ပါ တယ်။ ဒီနှစ် စာရင်းပေးသွင်းထားတဲ့ အသင်းအရေအတွက်က (၄၀၀၀) လောက်ရှိပေမဲ့ ခြင်းဝါသနာရှင် အသင်းပေါင်း (၁၆၅၀) ခတ်ကစားမှာဖြစ်ပါတယ်။ ကဆုန်လပြည့်ကျော် (၆) ရက်မှ ၀ါဆိုလပြည့်ကျော် (၁) ရက်အထိ (၅၅) ရက်တိုင်တိုင် နေ့စဉ်နံနက် (၉း၀၀) နာရီမှ ည (၁၂း၀၀) နာရီထ၊ိ တစ်နေ့ကို ခြင်းအသင်း (၃၀) နှင့် အသင်း တစ်သင်းကို နာရီဝက်ကြာ ဧည့်ခံခတ်ကစားမှာ ဖြစ်ပါတယ်။ အမျိုးသမီးခြင်းလုံးအသင်းတွေလည်း ပါပါတယ်။ ခြင်းပွဲတော်ဝင်ကြေးမှာ တစ်ပွဲလျှင် (၂၅၀၀) ကျပ်ဖြစ်ပြီး၊ ခရီးစရိတ်၊ စားစရိတ်၊ နေစရိတ်တို့မှာ မိမိအစီအစဉ်ဖြင့်သာ အကုန်အကျခံရမည်ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ခြင်းခတ်ကစားပုံကို ဘရာဇီးရုပ်သံလိုင်းမှ (၂၀၁၄) ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် တင်ဆက်ပြသနိုင်ရန် လာရောက်ရိုက်ကူးမည်ဖြစ်ပါတယ်။ နှစ်စဉ် ဂျပန်၊ ထိုင်း၊ ကနေဒါနဲ့ အမေရိကန် နိုင်ငံတွေက နိုင်ငံခြားခြင်းအသင်းတွေလည်း ကစားလာခဲ့ကြ တာဖြစ်ပြီး ယခုနှစ်တွင် ဂျာမဏီနိုင်ငံမှ ခြင်းအ သင်းတစ်သင်းလည်း လာရောက်ခတ်ကစားမည်ဖြစ်ပါတယ်။
အောက်ပါဆောင်းပါကတော့ (၂၆.၆.၂၀၁၂) ရတနာပုံသတင်းစာ စာမျက်နှာ (၄) တွင် ဖေါ်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ လေ့လာမှတ်သားနိုင်ရန် မူရင်းအတိုင်း ထပ်မံဖေါ်ပြပေး လိုက်ပါတယ်။
မန္တလေး မဟာမုနိ ဝါဆိုခြင်းပွဲတော်
သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်
ဝါဆိုခြင်းပွဲတော်လို့ ကြားသိလိုက်သည်နှင့် စိတ်ကမနေနိုင်ဘဲ အပြေးသွားကြည့်မိသည်။ ကျနော်သည် နှစ်စဉ်လိုလို ဝါဆိုခြင်းပွဲတော်ကို သွား၍အားပေးကြည့်ရှုဖြစ်သည်။ ကျနော်ကဲ့သို့ပင် ဝါသနာကြီးသူများမှာ တစ်နေကုန် မထတမ်း ထိုင်ကြည့်နေကြသည်။ ထမင်းစားဖို့ပင် မေ့နေကြသည် ထင်သည်။ မြန်မာမှန်ရင် ခြင်းခတ်ဝါသနာရှိကြသည်။ အရပ်ထဲတွင် နေရာတော်တော်များများမှာ ခြင်းခတ်ဝိုင်းများတွေ့မြင်ရသည်။ ကျန်းမာရေးအရဖြစ်စေ၊ ဝါသနာအရဖြစ်စေ ၅.ယောက်ဝိုင်း ၆.ယောက်ဝိုင်း စသည် မြန်မာတို့၏ ရိုးရာစစ်စစ် ခြင်းခတ်ဝိုင်းများကို တွေ့မြင်ရတတ်ပေသည်။ အမျိုးသားများသာ မြေဝိုင်းတွင် ခတ်ကစားနေသော ခြင်းခတ်ပညာသည် ယနေ့ခေတ်တွင် အမျိုးသမီးငယ်များပါ စင်မြင့်ပေါ်တွင် အလှခတ်ခြင်းပညာများအထိ တိုးတက်မြင့်မားလာခဲ့ပေသည်။
ဝါဆိုခြင်းပွဲတော်ဖြစ်မြောက်ရေးကော်မတီ အတွင်းရေမှူး ဦးကျော်သိန်းသည် ယခင်ကတည်း က ခင်မင်ရင်းနှီးသော မိတ်ဆွေဖြစ်သဖြင့် သိလိုသည်များကို မေးမြန်းရာ စိတ်ရှည်လက်ရှည်ပင် ရှင်းပြပေးသည်။ တကယ်တော့ ဒီခြင်းပွဲတော်ဖြစ်မြောက်ဖို့ရန် အခက်အခဲများစွာရှိကြောင်း၊ ရက်ရှည်ဖြစ်သဖြင့် အလွန်တာဝန်ကြီးကြောင်း၊ မိမိကိုယ်တိုင်က ခြင်းဝါသနာရှင်ဖြစ်နေ၍သာ အစစအရာရာ စိတ်ပင်ပန်း ကိုယ်ပင်ပန်းခံပြီး လုပ်နိုင်ကြောင်း၊ သူ့အနေဖြင့် ခြင်းခတ်ဝါသနာရှင်နှင့် ခြင်းခတ်ပညာရှင်များ ဖေါ်ထုတ်ရေး၊ ခြင်းခတ်မျိုးဆက်သစ်များစွာ ပေါ်ထွန်းလာရေး စသည်တို့ကိုရည် ရွယ်၍ အစွမ်းကုန်ကြိုးပမ်းနေပါကြောင်း ပြောပြသည်။
မန္တလေး မဟာမုနိ ဝါဆိုခြင်းပွဲတော်ကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ပါနှင့်ဆိုလျင် (၈၄) ကြိမ်မြောက် ရှိပြီဖြစ်သည်။ ယခုနှစ် ခြင်းပွဲတော်ကို (၁၅.၆.၂၀၁၂) ရက်နေ့က စတင်ခဲ့ပြီး၊ (၃.၈.၂၀၁၂) ရက်၊ ဒုတိယဝါဆိုလပြည့်ကျော် (၁) ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ တစ်လ ကျော်ကြာကျင်းပမည့် အဆိုပါ ခြင်းပွဲတော်တွင် ယခင်နှစ်က ခြင်းအဖွဲ့ပေါင်း (၁၄၄၀) ဖွဲ့ရှိခဲ့ပြီး၊ ယခုနှစ်မှာတော့ ခြင်းအဖွဲ့ပေါင်း (၁၅၀၀) ပါဝင်ခတ်ကစားမည်ဖြစ်သည်။ တစ်နေ့လျှင် အဖွဲ့ပေါင်း (၃၀) ကို တစ်ဖွဲ့လျှင် မိနစ် (၃၀) ကြာဖြင့် နံနက် (၉း၀၀) နာရီမှ ည (၁၂း၀၀) နာရီအထိ နေ့စဉ် နာရီပေါင်း (၁၅) နာရီကြာ နားချိန်မရှိ ခတ်ကစားနေသည်။
အမျိုးသမီး ခြင်းခတ်ပညာရှင်အဖွဲ့ပေါင်း (၃၀) ဖွဲ့အပါအဝင်၊ မြန်မာနိုင်ငံခြင်းဝါသနာရှင် များသာမက နိုင်ငံခြားမှ ခြင်းဝါသနာရှင် ဝိုင်း (၂၀) ခန့်ပါ ပါဝင်ခတ်ကစားကြမည်ဖြစ်ပြီး၊ ထိုင်နိုင်ငံမှ (၁၅) ဦး၊ အမေရိကန်နိုင်ငံမှ (၂) ဦး၊ ဂျပန်နိုင်ငံမှ (၂) ဦး၊ ကနေဒါနိုင်ငံမှ (၁) ဦး တို့ စာရင်းပေး သွင်းပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသားခြင်းဝါသနာရှင်များသည် ဧည့်လမ်းညွှန် (သို့) ခရီးသွား ကုမ္ပဏီများမှ တစ်ဆင့် ဆက်သွယ်ကြသည်ဟု ဆိုသည်။
ခြင်းပွဲတော်သို့ဝင်ကြေးမှာ တစ်ဖွဲ့လျှင် (၂၅၀၀) ကျပ်ဖြစ်ပြီး ခရီးစရိတ်၊ စားစရိတ်၊ နေစရိတ် စသည်တို့မှာ မိမိအစီအစဉ်ဖြင့်သာ ကုန်ကျခံရမည်ဖြစ်ပြီး၊ မိမိတို့ခတ်ကစားရမည့် ရက်၊ အချိန်စသည်တို့ကို မဲနှိုက်၍ စီစဉ်ကြောင်းသိရသည်။ ခြင်းပွဲတော်ကို မဟာမုနိဂေါပကအဖွဲ့ဝင်များမှ ခြင်းပွဲတော်ဖြစ်မြောက်ရေးကော်မတီ (၂၅) ဦးဖြင့်ဖွဲ့စည်းကာ ဥက္ကဌ ဦးတင်အေး၊ အတွင်းရေးမှူး ဦးကျော်သိန်းတို့က ဦးဆောင်ကာ၊ ခြင်းအဖွဲ့များလက်ခံရေးဌာနအဖြစ် ပီကင်းပြန် ဦးသန်းကြီး၊ ပီကင်းပြန်ဦးဘသိန်း၏သမီး ဒေါ်ခင်အေးမူ၊ ဦးတင်ဆောင်၊ ဦးကျော်သိန်း (အတွင်းရေးမှူး)၊ အားသစ်ကဖေး ဟူ၍ (၅) ဌာန စီမံထားသည်။ ပွဲတော်မစတင်မီ လက်ကမ်းကြော်ငြာများဖြင့်လည်း ကောင်း၊ သတင်းစာဂျာနယ်များဖြင့်လည်းကောင်း အသိပေးအကြောင်းကြားသည်ဟု ဆိုပါသည်။
ဒုတိယဝါဆိုလပြည့်နေ့ အာရုံတက် (၅း၀၀) ခန့်၊ ခြင်းကွင်းထဲတွင် ဆွမ်းကပ်ပွဲပြုလုပ် မည်ဖြစ်ပြီး၊ ထိုနေ့နံနက် (၈း၃၀) တွင် သက်ကြီးပူဇော်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်သည်။ လပြည့် ကျော် (၁) ရက်နေ့မှာတော့ မဟာမုနိဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ နဝကမ္မငွေလှူဒါန်းခြင်း တို့ကို နံနက် (၁၀း၀၀) နာရီတွင် ဆက်လက်ပြုလုပ်မည်ဖြစ်သည်။ ၄င်းအလှူငွေများမှာလည်း ခြင်းဝါ သနာရှင်နှင့် ခြင်းပညာရှင်များက လှူဒါန်းသော ကျပ်ငွေ၊ ဒေါ်လာငွေများဖြင့်သာ ကပ်လှူသည်ဟု သိရသည်။ ထို့ကြောင့် ၄င်းခြင်းပွဲတော်ကို (မဟာမုနိဘုရားကြီးအား ဝါဆိုရွှေသင်္ကန်းကပ်လှူသည့် ဝါဆိုခြင်းပွဲတော်) ဟုခေါ်ဆိုကြောင်း ဆိုပါသည်။
ဝါဆိုခြင်းပွဲတော်ကို ကျင်းပခြင်းအားဖြင့် ခြင်းဝါသနာရှင်များသည် ကုသိုလ်လည်းရ ဝမ်းလည်းဝ ဖြစ်သည့်အပြင်၊ မိမိတို့၏ အရည်အချင်းကို ပြသရာရောက်ရောက်သည်။ ဒီခြင်းပွဲမှာ မခတ်ဖူးလျှင် ခြင်းသမားအစစ်မဟုတ်ဟုဆိုကြသည်။ ဒီပွဲမှာ ခတ်ကစားဖူးပြီးပါက ကြောက်ရွံ့မှုတို့ ကင်းပျောက်စေပြီး၊ အတွေ့အကြုံများလည်း ရင့်ကျက်စေသည်ဟု ဆိုသည်။ ထို့ကြောင့် ၄င်းခြင်းပွဲတော်သည် ခြင်းခတ်သမားတစ်ယောက်၏ အောင်မြေဟုပင် အားလုံးက မှတ်ချက်ပြုကြ သည်။ မြန်နိုင်ငံအနယ်နယ်အရပ်ရပ်မှ ခြင်းခတ်ဝါသနာရှင်များ၊ ကမ္ဘာအရပ်ရပ်မှ ကမ္ဘလှည့်ဧည့်သည် တော်များ မန္တလေးမဟာမုနိဝါဆိုခြင်းပွဲတော်ကို ကြည့်ဖြစ်အောင်သွားကြည့်ဖို့ တိုက်တွန်းလိုက်ရ ပါသည်။