ငပလီကမ်းခြေဒေသကို ငပလီမြို့အဖြစ် သတ်မှတ်မည်

19 views
Skip to first unread message

Thomas Latt

unread,
Nov 11, 2013, 1:10:41 AM11/11/13
to travelmyanmar
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေဒေသရှိ ကျေးရွာအုပ်စုလေးခုကို ပေါင်း၍ ငပလီမြို့အဖြစ် ပြောင်းလဲ သတ်မှတ်မည်ဖြစ်ကြောင်း သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက နိုဝင်ဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းသို့ သတ်မှတ်ရခြင်းမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဖြစ်ကာ ယင်းကမ်းခြေဒေသကို ငပလီမြို့အဖြစ် ပြောင်းလဲသတ်မှတ်ရန် ပြီးခဲ့သည့် အောက်တိုဘာလဆန်းက သမ္မတ၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ညွှန်ကြားထားခြင်းဖြစ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်များက စတင် အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဦးထွန်းဝေက “ခရိုင်မှာ လိုအပ်တဲ့ အထောက်အထားတွေလုပ်ပြီး ပြည်နယ်ကို တင်ရမယ်။ အစိုးရအဖွဲ့က စစ်ဆေးပြီးရင် လွှတ်တော်ကို တင်မယ်ထင်ပါတယ်။ ပြီးရင် အတည်ပြုမှာပေါ့”ဟု ပြောသည်။ ငပလီကမ်း  ခြေဒေသတွင်းရှိ ဂေါ့ကျေးရွာ၊ မဇင်ကျေးရွာ၊ လင်းသာကျေးရွာနှင့် မြပြင်ကျေးရွာအုပ်စု လေးခုကို ငပလီ မြို့အဖြစ် သတ်မှတ်လိုက်ရန် စီစဉ်လျှက်ရှိပြီး လူဦးရေစစ်ဆေးခြင်း၊ မြေပုံရေးဆွဲခြင်း စသော ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဦးထွန်းဝေက ပြောသည်။

အောက်တိုဘာလအတွင်းက သမ္မတဦးသိန်းစိန် ရခိုင်ပြည်နယ်သို့ ရောက်ရှိပြီးနောက်ပိုင်း ငပလီဟိုတယ်ဇုန်ကိုလည်း ထပ်မံတိုးချဲ့လိုက်ပြီးဖြစ်ရာ ယင်းသို့ တိုးချဲ့ရာတွင် ကျေးရွာ ၁၂ ရွာကို ဟိုတယ်ဇုန်အတွင်း ထည့်သွင်းထားသည်။ ယင်းနောက် ငပလီကမ်းခြေဒေသကို ငပလီမြို့အဖြစ် ပြောင်းလဲရန် ထပ်မံ ဆောင် ရွက်ခြင်းဖြစ်သည်။

ငပလီမြို့အဖြစ် သတ်မှတ်မည့်ကိစ္စနှင့်ပတ်သက်၍ ငပလီဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးကျော်စွာမောင်မောင်က “ငပလီကမ်းခြေက ပြည်တွင်းခရီးသွားလုပ်ငန်းကို အားမထားဘူး ပြည်ပနိုင်ငံတွေကို အားထားတယ်။ ငပ လီမှာလာတည်းတဲ့ ခရီးသွားတွေက နိုင်ငံခြားသားတွေ များတယ်။ သံတွဲမြို့နယ်ထဲမှာရှိနေရင် တစ်ခုခု ဖြစ်တိုင်း ငပလီကမ်းခြေကိုပါ နိုင်ငံတကာက လာရမှာကြောက်သွားတယ်။ ဒါကြောင့် ငပလီကို မထိခိုက် ရအောင် ခွဲထွက်တဲ့သဘော ထင်ပါတယ်”ဟု မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော သံတွဲမြို့ပဋိပက္ခများကြောင့် ငပလီကမ်းခြေ ဟိုတယ်များတွင် ကြိုတင်ဘွတ်ကင်လုပ်ထားသူများက ဘွတ်ကင်များ ပြန်ဖျက်ခဲ့ခြင်းရှိခဲ့သည်ဟုလည်း ဦးကျော်စွာမောင်မောင်က ဆိုသည်။

ငပလီကမ်းခြေဒေသတွင် အောက်တိုဘာလအတွင်းက ပုဒ်မ ၁၄၄ ရုပ်သိမ်းပြီးနောက်ပိုင်း ခရီးသွား ဧည့်သည် အ၀င်အထွက် ပုံမှန်ရှိသည်ဟု ဦးကျော်စွာမောင်မောင်က ဆိုသည်။ ယင်းအပြင် ငပလီဟိုတယ်ဇုန် တွင်ပါဝင်လာသော ကမ်းခြေကျေးရွာများ၏ ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် ငပလီကမ်းခြေတွင် လက်ရှိလည်ပတ်လျက်ရှိသော ဟိုတယ်အရေအတွက် ၁၆ လုံးခန့် ရှိသည်။ ထို့ပြင် ငပလီကမ်းခြေတစ်လျှောက် ဟိုတယ်သစ်များ ထပ်မံ ဆောက်လုပ်လျက်ရှိသည်။

Written by  ကေဇင်ဦး

Mizzima - News in Burmese
Reply all
Reply to author
Forward
0 new messages