ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ကြီးကြပ်မှု၊ ဘယ်လ်ဂျီယမ်နိုင်ငံ ၊ Brussels မြို့မှ Destination Unlimited Travel and Tours Co.Ltd နှင့် မြန်မာနိုင်ငံမှ Essence of Myanmar(Inspiration Myanmar) Travels and Tours Co.Ltd တို့၏ ပူးပေါင်းစီစဉ်မှုတို့ဖြင့် မြန်မာနိုင်ငံသို့ ဥရောပတိုက်မှ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည့်သည်(၁၈)ဦးတို့သည် ခေတ်ဟောင်းမော်တော်ယာဉ်(၉)စီး၊ အထောက်အကူပြု Flatbed Truck (၁)စီး၊ Ambulance ယာဉ်(၁)စီး၊ Organizer ယာဉ်(၁)စီးတို့ဖြင့် တောင်ငူ- နေပြည်တော်ခရီးစဉ်အတိုင်း နေပြည်တော်သို့ ယနေ့ မွန်းလွဲ(၁၂း၃၀) နာရီအချိန်တွင် ရောက်ရှိလာခဲ့သည်။ အဆိုပါ နိုင်ငံခြားသား ဧည့်သည်များတွင် British နှင့် Belgian လူမျိုးအများစု၊ ပြင်သစ်နှင့်ဆွဒ်လူမျိုးအနည်းငယ်ပါဝင်ကာ ဘယ်လ်ဂျီယမ်လူမျိုး ဆရာဝန်(၁)ဦးနှင့်လက်ထောက် (၁)ဦး၊ မော်တော်ယာဉ်စက်ပြင်(၂)ဦး၊ Destination Unlimited Travels and Tours Co.Ltd မှ နိုင်ငံခြားသား MD (၁)ဦးအပါအ၀င် စုစုပေါင်း(၂၃)ဦးတို့လိုက်ပါခဲ့ကြောင်း သိရှိရသည်။ ဧည့်သည်များ၏ ယခုရောက်ရှိလာသည့် ခေတ်ဟောင်းကားများနှင့် မြန်မာပြည်တွင်းသို့ မောင်းနှင်လည်ပတ် မည့်သူများ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ့အလှ ရှုခင်းတောတောင်သဘာဝများနှင့် ရှုမငြီးနိုင်သည့် အလှအပများကိုကိုယ်တိုင်လေ့လာနိုင်ရန်နှင့် မြန်မာ လူမျိုးများ၏ပျူငှာဖော်ရွေသည့် ချစ်စရာဓလေ့နှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာ၊ မြန်မာ့အံမခန်းလက်မှုပညာများကို လေ့လာကြည့်ရှုခြင်း၊ မြန်မာနိုင်ငံ၏အရှိန်အဟုန်နှင့် ပြောင်းလဲနေသည့် မြန်မာ့စီးပွားရေးကဏ္ဍများအား ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားနိုင်ရန်အတွက် မြန်မာနိုင်ငံ အားရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ နိုင်ငံခြားသားဧည့်သည်များအနက်မှ ဧည့်သည်(၄)ဦးသည် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာနနှင့် နှစ်နိုင်ငံခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာ (၂၃) ရက်နေ့မှ (၂၅) နေ့အထိ ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ-ဘိုကလေး-ကျိုက်လတ်သို့အထူးမော်တော်ယာဉ်(၂)စီးဖြင့် သွားရောက်လေ့လာ လည်ပတ်ခဲ့ကြသည်။
အောက်တိုဘာ(၂၈)နေ့တွင် နိုင်ငံခြားသားဧည့်သည်များသည် ၁၉၂၀ခုနှစ်မှ ၁၉၇၁ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် Rolls Royce, Buick, Mercedes, Land Rover, Porsche, Bentley နှင့် Toyota စသည့် အမျိုးအစားစုံ ခေတ်ဟောင်းမော်တော်ယာဉ် (၉)စီးနှင့်အတူ အထောက်အကူပြုယာဉ်များအပါအ၀င် မော်တော်ယာဉ်တန်းသည် ရန်ကုန်-ပဲခူး-တောင်ငူ ခရီးစဉ်အတိုင်း ထွက်ခွာ လာခဲ့ကြပြီး တောင်ငူမြို့တွင် ညအိပ်ရပ်နားကာ အောက်တိုဘာ(၂၉)ရက်နေ့တွင် တောင်ငူ-နေပြည်တော်ခရီးစဉ်(လမ်းဟောင်း) အတိုင်း နေပြည်တော်သို့အလည်အပတ်ရောက်ရှိ လာခြင်း ဖြစ်သည်။ နိုင်ငံခြားသားဧည့်သည်များ သည် မော်တော်ယာဉ် တန်းများဖြင့် ညနေပိုင်းတွင် ပြည်သူ့လွှတ်တော်ပြင်ပတစ်ဝိုက်နှင့် ဌာန ဆိုင်ရာရုံးလမ်းကြောင်းတစ်လျှောက်နေရာများ သွားရောက်လေ့လာလည်ပတ်ခဲ့ကြပြီး ရွှေနန်းတော်ဟိုတယ်၌ ညအိပ်ရပ်နား ကြသည်။
ညနေ(၁၈း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်သည် ရွှေနန်းတော်ဟိုတယ်ရောက်ရှိ၍ နိုင်ငံခြားသားဧည့်သည်များအား သွားရောက်နှုတ်ဆက်ပြီး နှစ်နိုင်ငံခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ခရီးစဉ်လုံခြုံချောမွေ့စေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများ မှာကြားခဲ့ပါသည်။ ညပိုင်း (၁၉း၀၀)နာရီအချိန်တွင် ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်း သည် ရွှေနန်းတော်ဟိုတယ်သို့ရောက်ရှိ၍ နိုင်ငံခြားသား ဧည့်သည်များ၊ နှစ်နိုင်ငံခရီးသွား ကုမ္ပဏီမှ တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့သည်။
အောက်တိုဘာ(၃၀)ရက်နေ့ နံနက်(၀၆း၄၅)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်၊ ညွှန်ကြားရေးမှူးချုပ်၊ ခေတ္တဦးဆောင်ညွှန်ကြားရေးမှူးနှင့်ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ရွှေနန်းတော်ဟိုတယ်သို့ရောက် ရှိ၍ နိုင်ငံခြားဧည့်သည်များအား ရင်းရင်းနှီးနှီးလိုက်လံအားပေးနှုတ်ဆက်ပြီး နံနက်(၀၇း၁၀)နာရီချိန်၌ ပြည်ထောင်စုဝန်ကြီးမှ တာထွက်အလံဝှေ့ရမ်းဖွင့်လှစ်မှုဖြင့် မော်တော်ယာဉ်တန်းများစတင်ထွက်ခွာရာ ၀န်ကြီး ဌာနနှင့်မော်တော်ယာဉ်တန်းပါ နိုင်ငံခြားသား ဧည့်သည်များ အပြန်အလှန်လက်ပြနှုတ်ဆက်ကြသည်။
ဧည့်သည်များ၏မော်တော်ယာဉ်များသည် ယနေ့ နေပြည်တော်-ပင်းတယခရီးစဉ်အတိုင်း သွားရောက်ကြမည်ဖြစ်ကြောင်း၊ ထို့နောက် နိုဝင်ဘာ(၂) ရက် နေ့မှ နိုဝင်ဘာ(၁၇)ရက်နေ့အထိ အင်းလေး-ကလောခရီးစဉ်၊ ပုပ္ပါး၊ ပုဂံ၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ ပုဂံ၊ မကွေး၊ ပြည်၊ ရန်ကုန်မြို့ စသည့်ခရီးစဉ်များအတိုင်း မော်တော်ယာဉ်တန်းဖြင့် ဆက်လက်သွားရောက်လေ့လာ လည်ပတ်ကြမည် ဖြစ်ကြောင်းနှင့် နိုဝင်ဘာ(၁၈)ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ဥရောပနိုင်ငံများသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရသည်။
ပြင်သစ်နိုင်ငံသားဖြစ်သူ Mr. Frederic Loveleff က "မြန်မာပြည်သူတွေဆီမှာ ဖော်ရွှေတဲ့အပြုံးများကို တွေ့ရှိရ ကြောင်း၊ သူ့အနေဖြင့် အခြားနိုင်ငံအတော်များများကို သွားရောက်လည်ပတ်ခဲ့သော်လည်း ၄င်းနိုင်ငံများတွင်တွေ့ရှိ ရသည့် အပြုံးမျိုးသည် ၄င်းတို့ထံမှ ပစ္စည်းဝယ်ရန်(သို့)တစ်စုံတစ်ခုအတွက် မျှော်လင့်ချက်အပြုံးမျိုးဖြစ်ကြောင်း၊ လမ်းတစ်လျှောက် ကျေးရွာများမှ ပကတိပြုံးရွင်ဖော်ရွှေမှု၊ နှုတ်ဆက်မှုများကို တွေ့ရှိခဲ့ရ၍ အလွန်ဝမ်းသာကြည်နူး မိပါကြောင်း၊ နေပြည်တော် လွှတ်တော်ကြီးဝန်းကျင်တစ်လျှောက်လိုက်လံလေ့လာရာတွင် လွှတ်တော်ရှေ့လမ်းမကြီး မှာ မော်တော်ယာဉ် အစီး(၁၀)စီး ခန့်ချောင်ချိစွာပင်ယှဉ်မောင်းနိုင်လောက်အောက် အလွန်ကျယ်ဝန်းကြောင်း၊ ဤကဲ့သို့သောလမ်းမကြီးမျိုး မတွေ့ဘူးသေး ကြောင်း" ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ Essence of Myanmar(Inspiration Myanmar)Travels and Tours Co.Ltd ၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ ဒေါ်ခိုင်ဇာနည်မှ ပြောကြားရာတွင် "၄င်းတို့ကုမ္ပဏီအနေဖြင့် ယခုမော်တော်ယာဉ်တန်း ခရီးစဉ်အတွက် ဆောင်ရွက်မှုသည် အမြတ်အစွန်းမရှိ၊ အိတ်စိုက်ဆောင်ရွက်ရကြောင်း၊ သွားလာမှုနှင့်တည်းခိုနေထိုင်ရေးမှ အစ လမ်းကြောင်းတစ်လျှောက် အုပ်ချုပ်မှုကိစ္စ အ၀၀အဆင်ပြေစေရေး အားသွန်ခွန်စိုက်လုပ်ရပါကြောင်း၊ အဆိုပါ ခရီးစဉ်တစ်လျှောက် အချိန်(၂)လခန့်အချိန်ယူပြီး ကြိုတင်လမ်းကြောင်းမှတ်သား၍ ROAD Book တွင် အသေးစိတ် မှတ်တမ်းထည့်သွင်းရကြောင်း၊ အကွာအဝေး၊ တံတားနှင့်လမ်းအခြေအနေအသေးစိတ်၊ တစ်ထောက် ရပ်နားရန်နှင့် ညအိပ်မည့်နေရာ၊ ဖြတ်သန်းရမည့် ရွာစဉ်၊ အရှိန်လျှော့မောင်းရန်အမှတ်အသား ကအစ မြေပုံအပါအ၀င် အသေးစိတ်ထည့်သွင်းရကြောင်း၊ ဧည့်သည်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် နိုင်ငံခြားသားဆရာဝန်၊ ခေတ်ဟောင်းယာဉ်များ ကြံ့ခိုင်ရေးအတွက် နိုင်ငံခြားသား အထူးခေတ်ဟောင်းယာဉ်ပြင်နှင့်အပိုပစ္စည်း၊ လူနာတင်ယာဉ်မှအစ ဆွဲယာဉ်၊ တင်ယာဉ်များအထိ ပြည့်စုံစွာ စီမံ ဆောင်ရွက်ရကြောင်း၊ မြန်မာပြည်တွင်းခရီးသွားကုမ္ပဏီများ မော်တော်ယာဉ်တန်းခရီးစဉ်ကို ဖြစ်သလို လုပ်သည်ဟု အထင်အမြင် ခံရနိုင်သည့်အပြင် နိုင်ငံ၏ခရီးသွားပုံရိပ်ကိုပါ ထိခိုက်စေနိုင်မည်ဖြစ်သောကြောင့် မိမိအနေဖြင့် ရေရှည် မျှော်လင့်ချက်ဖြင့် နာမည်ကောင်းရရှိရေး အရှုံးခံလုပ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ဆက်လက်၍လည်း မော်တော်ယာဉ်တန်းခရီးစဉ်များကို ဆက်လက်စီစဉ် ဆောင်ရွက်သွားရန် ရှိကြောင်း" ပြောကြားခဲ့ပါသည်။
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/2f4ad1ed-1351-4fde-819b-ffc252eba9ee%40googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.