တာရာမင်းဝေ ကဗျာများ

1,566 views
Skip to first unread message

➚ṧộệ Ḽậÿ❣

unread,
Jan 3, 2012, 10:32:51 AM1/3/12
to


တာရာမင်းဝေ ကဗျာများ


 

 

 

 

သစ်ခြောက်ပင်

 

လေပွေမလေးက

သူ့ရဲ့ ဆံနွယ်မျှင်တွေကို ဖြန့်ကျဲချလိုက်ပြီ ..

ခြေထောက်အပြာလေးရေ

ငါ့ရဲ့ အတောင်ပံတွေကို

နင်းချေလိုက်ပါတော့။ 

 

ဒေါက် .. ဒေါက်

ရေတစ်ပေါက်လောက် သောက်ခွင့်ပြုကြပါ။

 

ကျွန်တော်ဟာ အရက်မူးလာတဲ့ မီးတောက်ကလေးပါ

အင်္ဂတေတွေ ကွာထားတဲ့ ရင်ဘတ်မှာ

ဖတ်မရတဲ့ ကဗျာတစ်ပုဒ်နဲ့ကောင်ပါ။ 

 

ကျောက်စရစ် နက္ခတ်တွေက

ပက်လက်ကောင်းကင်မှာ အခါခါပွင့်

ယုံကြည်မျှော်လင့်ခဲ့ဖူးတဲ့

နွေရာသီပါးပါး နှင်းဆီဝါများ

ကြေမွစုတ်ပြဲသွားစဉ် ...

 

ငါ့ဆီလာနေတဲ့ မြားတစ်စင်းကို

ငါငေးကြည့်နေမိဆဲပေါ့ သခင်။                 ။

ကလျာ မဂ္ဂဇင်း

 

 

သတိရကြောင်း

 

မှော်ဆရာရေ

စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ

ဝိညာဉ်ကို ကော်နဲ့ကပ်ပြီး

လူဖြစ်အောင် ငါ အသက်သွင်းဖူးတယ်။

 

မီးခြစ်ကျောက်ကို

လက်သည်းနဲ့ ပွင့်ထွက်အောင်တောက်

မီးတောက်ကို ခါးကလိမ်ချိုး

စီးကရက်သောက်ရင်း ချောင်းလည်း ဆိုးဖူးတယ်

 

သူ့ခြေထောက်အတွက်

သူ့ဖိနပ်အတွက်

မြေပြင်သက်သက်ခင်းပေးစရာမလို

ကြယ်ကို ကြယ်နဲ့ ရံမတဲ့

သံအိပ်မက်ကြီးနဲ့

ပင်လယ်ရေပွက်ထဲကည

အားလုံးကို သူအပိုင်ရတယ် ..

 

ပထမတော့

လ ကိုခိုစီး

ကောင်းကင်ကြီးနဲ့တွဲက

စက္ကူ ဂစ်တာတစ်လက်ပိုက်ပြီး

ပျော်လိုက်ရတာ။

 

နောက်မှ

စကြဝဠာရဲ့

မဟာတွင်းနက်ထဲကို

လက်ကနဲခုန်ချ

သူ ဘယ်ဆီကျသွားသလဲ ။

 

ကဲ .. မှော်ဆရာ

အပိုင်းပိုင်း အထစ်ထစ်

သက္ကရာဇ်တို့ မပြိုခင်မှာ

သုညတစ်လုံးတည်းရှိတဲ့

သူ့ရဲ့ ဖုန်းနံပါတ်ဆီ ဆက်ပေးပါ

 

ဘာပဲဖြစ်ဖြစ်

ပဆစ်အိမ် ဝင်္ကဘာပျက်

နက္ခတ်ပျံရာည

ငါ သူ့ကို သတိရကြောင်း

ပြောပြပေးပါ ။                  ။

 

 

 

လယ်သမား

 

ဆောင်းဦးရာသီပါ

မြောက်လေပြာပြာတွေတည်ငြိမ်စီးမျော

ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။

 

သူ့အတွက် ..ကျောက်မြေကိုငါထွန်ယက်ခဲ့ရ

သူ့အတွက် .. မိုးစက်ကိုငါပေါက်ခွဲခဲ့ရ

အခုတော့..

ငါချစ်သော လယ်ခင်းကလေးမှာ အဝါရောင်တွေဝေပြီ။

 

မြတ်နိုးခွင့် ကို လိမ်ကျစ်ထုတ်ပိုးရင်း

ဘယ်သူမှမခိုးအောင် စောင့်ရှောက်ရတဲ့ညများမှာ

ငါဟာ..

တမျှော်တခေါ် အလင်းဝိုးဝါး။

 

ရေတွင်းကလေးလို

ကိုယ့်ရင်ထဲက ရေစင်တွေကို

အသံမထွက်အောင်တောင့်ရပ်ထားရတဲ့

၁၉၉၅..

ငါဟာ ရှက်တတ်တဲ့လယ်သမားကြီးပဲပေါ့။ ။

 

 

လယ်သူမ

 

ကျွန်တော့် တောင်ကုန်း ကလေးပါ

အလင်းတွေနဲ့

ခပ်မို့မို့ တည်ဆောက်ထားတယ်။

နေ့ရက်တွေကြာ

နွေအပြာတွေ ပွင့်ပွင့်သွား။

ဖြတ်သန်းပြီးသား တိမ်တွေ

တစ်အုပ်ပြီး တစ်အုပ် ပြန်ကွေ့လာကြ။

... ... ...

 

ကျွန်တော် ပွေ့ပိုက်ခဲ့ရတယ်။

နောက်ဆုံးတော့လည်း

ဘာမှ မဟုတ်ခဲ့ပါဘူး။

ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး

နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

 

သံယောဇဉ်ကိုမှ

ခုတ်ထွင်ရှင်းလင်းတတ်တဲ့ လယ်သူမရယ်

အခုတောင် လွမ်းတယ်။

 

 

 

 

 

 

ချစ်သူ..သို့ (၁)

 

သံချေးတစ်ထပ်ရွှံ့တစ်ထပ်မို့လို့

သူတို့ရဲ့စိတ်အတင်အချကို

မင်း..ဘယ်လိုမှဖတ်ရမှာမဟုတ်ဘူး။

 

အာငွေ့မှုတ်သံတွေကြားမှာပဲ

ရယ်ကာမောကာ တစ်နွေလုံးပိတ်

ကိုယ့်ယဉ်ကျေးမှု နဲ့ကိုယ်အိပ်လိုက်ပေါ့ကွယ်။

 

ချစ်သူရေ

လောကရဲ့မာယာဆိုတာ

အတီးခံရတဲ့ဗုံတွေရဲ့ဂီတပါပဲ။

 

စစ်တုရင်တစ်ပွဲလုံးကို

ဆွဲမှောက်ခံလိုက်ရပေမယ့်

.....ဘာဖြစ်လဲ

ဝမ်းမနည်းကြေး တို့တွေရွာသွန်းကြရုံပေါ့။

 

ယုံကြည်ထားစမ်း

ရေငွေ့ရေခိုးကလည်း

ပင်လယ်ကိုစိုက်ပျိုးနိုင်တယ်...

 

ဆိုတာ..။ ။

 

၂၈.၈.၉၆

 

 

ချစ်သူ...သို့ (၂)

 

နတ်ဒေဝတာတွေ

ပျံသန်းလာသံကို ကြားရတယ်

ရင်ခွင်မှာမီးတောက် တန်းလန်းနဲ့

မိုးတွေချုန်းအောင် သူတို့လွမ်းပြပလေ့စေ။

 

မျက်တောင်လေးရေ

မြေပြင်ပေါ်မှာကိုယ်နဲ့နေရစ်ခဲ့။

 

သူတို့ရဲ့ ယန္တရားသော့ချိတ် နဲ့

ကိုယ်တို့ရဲ့မြေသောက်ရေအိုးလေး

ကို

အဖုံး လှမ်းမပိတ်နိုင်ပါဘူး။

 

မြင်းသည်တော်တွေနဲ့

...ကျော်မတက်နိုင်တဲ့အရပ်မှာ

စပါးပင်ကို ပျိုးကျဲနေကျလက်နဲ့ပဲ

မှုန်းဖွဲ့လို့ကိုယ်ခေါ်ဝံ့ပါရဲ့.

.

လိုက်ခဲ့တော့ကွယ်။ ။

 

 

 

ချစ်သူ...သို့ (၃)

 

မြေကြီးဖြစ်မှတော့

မိုးလွတ်ပါ့မလား...လို့တွေးမေ

နနဲ့တေ့

ချစ်သူရေ...တို့တတွေပေခံလိုက်ကြစို့ရဲ့။

 

မသေချာတာတွေကတော့အများကြီးပဲ

ဒါပေမယ့်

သေချာတာလေးတွေလည်းရှိတတ်လို့

တို့...စောင့်...ရ ဦးမယ်။

 

(မကြာခင်မှာ

လင်းရနံ့တွေဝေလာမှာပါပဲ

ကိုယ်ယုံတယ်)

ဘယ်သူမဆို

မနက်ဖြန်ခါကိုတော့ နေထွက်ခွင့်ပေးရမယ်လေ။ ။

 

 

ချစ်သူ..သို့ (၄)

 

မုရောအပွင့်တွေ

ပြီးတော့..သက်တံ အငွေ့

လခြမ်းလို..ပြန်ကွေ့လာကြလိမ့်မယ်။

 

ငါဆောင်းချင်တဲ့ထီးကလေးရေ..

ငါဆောင်းချင်တဲ့ထီးကလေးရေ..

ငါဆောင်းချင်တဲ့ထီးကလေးရေ..

မိုးသွန်ရာသီအတွက်

မကြာမီမှာထွန်ရေးဝင်ရတော့မယ်နော်

 

ငြိမ်သက်စွာ

သစ်ပင်အိုအောက်ကနတ်ကွန်းမှာ

ဖယောင်းတိုင်မီးရှုးတစ်တိုင်ညှိ

ရင်း

(ဒီဆောင်းတွင်းထဲ..)

တို့တွေ..အလင်းခိုနေကြစို့ရဲ့..။ ။

 

 

 

ချစ်သူ...သို့ (၅)

 

သုံးဆယ်ကျော်တာတောင် မလိမ္မာ ဘူး

ဒီအရွယ်ကြီးရောက်မှ စာမေးပွဲ'ကျ'တယ်

ညီမလေးရယ်.. ငါ့ကိုရိုက်ပါ..

 

နီကိုရဲ ထွန်းဝေမြင့် ...စသဖြင့်ပြန်သွားကြပြီ

ဘယ်ဆီကိုသွားဖို့ ငါကကျန်ခဲ့တာလဲ.....

 

ကိုယ့်ကို ကိုယ်တစ်ခန်းလုံး မီးဖွင့်ပြီး

ကပိုကရို ဖွင့် လိုက်တယ်...

ညီမလေးရယ်.. စိတ်ထဲမှာ စာမေးပွဲကျတယ်..

 

တကယ်တော့လည်း

လောကဓံ ဆိုတာ ကိုယ်ခံစားမှ ဖြစ်တဲ့အရာပါ...

လမ်းထိပ်ကခွေးကြီးထက် နည်းနည်းပဲ ပိုပါတယ်။

 

ဟော...

ကိုရင်တစ်ပါးက တုန်းမောင်ခေါက်သံလက်ဆောင်ပါး

တယ်

မကြာခင်(၆)နာရီ နေဝန်းဆိုက်ရောက်တော့မှာပါတဲ့ ။

 

ညီမလေးရေ.....

မြင်းရထားတွေကို လက်ပြမတားတော့ဘူး

ကိုယ်ဖိနပ်လေးနဲ့ပဲ ကိုသွားကြမယ်။

အဝေးကြီးကို ရွေးလျားချင်မှတော့

လမ်းတို့ရဲ့ အလျားကိုလည်း..ရင်ဆိုင်ရဲရမှာေ

ပါ့။ ။

 

 

အရှေ့မြို့ရိုးပေါ်က နံနက်ခင်း ကဗျာပြပွဲ

(၂၀၀၉)

 

 

 

ကဗျာဆရာတစ်ယောက်ရဲ့ ၀ိညာဉ်တော်ဟာ ကဗျာတွေကို ဆာလောင်နေပါလိမ့်မယ် ...။ တိတ်ဆိတ် .. အရိပ်ထဲမှာသစ်ရွက်လေးတွေ လှုပ်ယိမ်းနေသလို ... ကဗျာကို ချစ်ခြင်းမှာ လှုပ်ယိမ်းတုန်ခါ လင်းလဲ့နေမယ့် ကဗျာဆရာရဲ့ ကဗျာ အပေါ်တွယ်တာခြင်းတွေ အတွက် ... ကဗျာရေးသူတွေရဲ့ ဒီကဗျာပြပွဲလေးဟာ ဖြေဆေးတစ်ခု ဖြစ်နိုင်ကောင်းပါရဲ့ ...။ မြင်းသည်တော်တို့ မမီနိုင်သော အရပ်သို့ ရောက်နှင့်သော ကဗျာဆရာ ... သင့်ထံသို့ ပို့သအပ်သော အမှတ်တရလက်ဆောင်များကို သင်ရလိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်စွာ ဖြင့် ....။

 

ပန်းချီထိန်လင်း၊အိန္ဒြာ၊အမရာ၊သစ်ကောင်းအိမ်၊Zephyr၊

ကမာပုလဲ။လင်းဆက်၊တင်မင်းထက်၊နေဆူးသစ်

လင်းဒီပ၊လူဇော်သစ်၊အိုင်လွယ်ပန်၊သျှင်နွေခ၊ Xanthos။

 

 

 

 

 

 

 

သင့်ကို နံနက်ခင်းထဲက ထွက်ခွင့်မပြုနိုင်ဘူး

 

ဟောဟို့က

ရွှေသားရွေရောင်နဲ့

ဘယ်တော့မှ တိမ်ဆိုင်မဖုံးတဲ့

လူဝင်စားကြယ်တစ်စင်းက.

မင်းဖေဖေပေါ့...ခေတ်နေ..

 

သူ့ကိုယ်သူ

ဘယ်တန်ကြေးတပ်ရမှန်းမသိတဲ့

ကျောက်မျက်လည်ရွဲလို..

သူ့ပရိတ်သတ်ရဲ့ လည်တိုင်မှာ..

တဖျတ်ဖျတ်လင်းပခဲ့တယ် ခေတ်နေ...

 

သူက စကားလုံးတွေကို..

သူ့ မှော်အတတ်နဲ့ ပြုစားကျုံးသွင်းပြီး..

အဲဒီ့စကားလုံးတွေနဲ့

လူတွေကို ညှို့ ပစ်ခဲ့တာ..ခေတ်နေ...

 

သူက ပန်းဝတ်မှုန်ချင်းထိမိခိုက်မိတာက အစ

အိုဇုန်းလွှာအပေါက်အပြဲကို.ဖာချင်ထေးချင်တာအဆုံး..

ရင်ဘတ်နဲ့တစ်လုံး..

ခံစားတတ်သူပေါ့..ခေတ်နေ..

 

သူက သူ့နှလုံးအိမ်ရဲ့ထောင့်စွန်းမှာ..

ဆိတ်ဖလူးပန်းရဲ့ရနံ့တွေကို...

တယုတယပျိုးထောင် ထိန်းကျောင်းခဲ့တယ် ခေတ်နေ

 

ခေတ်နေ..ရေ..

ပညာရှိတွေဟာ..သတိဖြစ်ခဲကြသတဲ့..

တစ်ခါတစ်ခါ မင်းဖေဖေဟာ..

ငါတို့တန်ဘိုးထားမိသလောက်..

သူ့ကိုယ်သူတိုက်ရိုက်အချိုးနဲ့ မေ့ခဲ့လျော့ခဲ့ထင်ပါရဲ့....

 

ငါတို့သူကို စိတ်ဆိုးနေကြတာ...

ဒီအသက်အရွယ်မှာ

သေခြင်းတရားက သူနဲ့ဘာဆိုင်သေးလဲကွာ...

 

ဟုတ်တယ်..

 

ငါတို့..

သူ့ကို

နံနက်ခင်းထဲက ထွက်ခွင့်မပေးနိုင်ဘူး......။ ။

 

အိန္ဒြာ (၁၂.၇.၂၀၀၉)

 

 

 

 

 

ခုတလော ငါစဉ်းစားနေတာ

ဖက်ဆစ်ဝါဒနဲ့ ခုံရုံးတင်ခံရသူ ကဗျာဆရာအယ်ဇရာပေါင်း

 

ဒီနေ့တော့

လူသန်းပေါင်းခြောက်ဆယ်ထဲမှာမှ

ကိုယ့်ကိုယ်ကို ရွေးပြီး

အားနာတယ်

 

ထွက်ပြေးခဲ့တယ်

ငါ့ခြေထောက်ကို ထမ်းထားရတဲ့

ငါပြေးလမ်းတွေတော်တော် မောပမ်းနေမှာပဲ

အားနာတယ်

 

ကိုယ်ဖော့ခဲ့တယ်

ငါ့ကျောကို ထမ်းထားရတဲ့ရေပြင်ကြီး

သူ့ပုခုံး လေးလံနေမှာပဲ

အားနာတယ်

 

အာဏာရှင်စနစ်မှာ

ဝရမ်းပြေးဖြစ်ပြီး

အရင်းရှင်စနစ်ထဲမှာ

ငယ်သံပါအောင်အလန်းမြည်နေရတဲ့

နာရီတလုံးကို

အားနာတယ်

 

အလို..

ခေတ်ကြီးကိုယ်နှိုက်ကိုက

မိန်းမတယောက်ရဲ့ထမိန်နား

ခိုစားလို့ပါလား

 

ဘ၀ဆိုတာကတော့

အမေရိကားကနေ

သခင်ကိုယ်တော်မှိုင်းဖြစ်ချင်လို့မရသလို

ပရိုပိုဆယ်တောအုပ်ထဲမှာလည်း

ချေဂွေဗားရားလုပ်လို့တော့မရဘူးပေါ့ကွာ

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို

ဝိုင်းရံဖို့မပြောနဲ့

အုတ်လမ်းမှတ်တိုင်တောင်

ဘယ်နေရာရှိမှန်းမသိတဲ့ကောင်ပါ

 

ဒီနေ့တော့

လူသန်းပေါင်းခြောက်ဆယ်ထဲမှာမှ

ကိုယ့်ကိုယ်ကိုရွေးပြီး

အားနာတယ်။ ။

 

သစ်ကောင်းအိမ် (၁၂၊ ဇူလိုင်၊ ၀၉)

 

 

ရှင်သန်နေဆဲ ..

 

 

-အဲဒီ အချိန်တုန်းက

ငါလည်း လက်နက်ကိုင်သူပုန် မဖြစ်သေးဘူး

မင်းလည်း တာရာမင်းဝေ မဖြစ်သေးဘူးပေါ့ …။

 

-ကြံသကာပြားကလေးတွေပေါ်မှာ

မင်းကိုယ်တိုင်

အပ်ဖျားကလေးနဲ့ တိုက်ပွဲဝင်ကဗျာတွေရေးခြစ်

၇- ဇူလိုင်

ဂျွန်- ၂၁

ရှစ်လေးလုံး

…………….

လျှို့ဝှက် အရေးတော်ပုံ အခမ်းအနားတွေ

အင်းစိန်အကျဉ်းထောင်ထဲမှာ… ဖြစ်ခဲ့တယ်။

 

-အိပ်ဆောင်ရှေ့က တောင်ယာထဲမှာ

အဆောင်ရေကန်ရှေ့က သစ်ပင်ရိပ်မှာ

မင်းက

တိုင်းပြုပြည်ပြု သတင်းစာတစောင် ထုတ်ချင်တယ်၊

ကိုထက်မိုးက

အမျိုးသားစာကြည့်တိုက်စစ်စစ်တခု ထုဆစ်ချင်တယ်၊

ငါ

မြစ်ဝကျွန်းပေါ်က တောသားခမျာမှာတော့

မင်းတို့ပြောသမျှ

ပါးစပ် အဟောင်းသားနဲ့ သဘောတွေကျလို့ပေါ့ကွာ။

 

မင်း အဲဒီတုန်းက

ခပ်တိုးတိုးလေး ဆိုဆိုနေကျ

“ရှံတဘက်ကလေး ပခုံးထက်တင်ကာ … အိုဝိသာခါ”

ငါ … ကြားကြားနေမိတယ်ကွာ။

 

-တစ်ခါ … တစ်ခါ

မင်းရဲ့ ကျောင်းအမ

ဝိသာခါရဲ့ ဘ၀စာမျက်နှာ

အလည်ရောက်ရောက်သွားပါတယ်

သူ တလောကလေးတင်က ရေးလိုက်တဲ့ ဝေဒနာ

အလွမ်း ဆိုတဲ့ ကဗျာဟာ

မင်းကို ထာဝရ

သစ္စာရှိရှိ … တမ်းတနေသလိုပဲ။ ။

 

ကမာပုလဲ ဇူလိုင်- ၂၀၀၉။

 

 

 

 

စကားလုံးများဖြင့်ရက်သောတောင်ပံ

 

ဆိတ်ညံမှုအသံသီးသီးသန့်သန့်

သင်နှင့် သင်၏ဟာမိုနီ

သင့်ဟာမိုနီနှင့် သင့် အလင်းရိပ်။

စိတ်နဲ့တိုင်း၍ရက်ထားသောပက္ကလာ ..

သင်ဖြိုခဲ့သော ပန်းပွင့်သက္ကရာဇ်များ

နာကျင်စိမ်းမြလဲပြိုစွာ ...။

 

မာယာ၏ဒုတိယအမည်နာမကင်းပစွာ

တတိယတန်းစားလူတစ်ယောက်

အဆင့်အတန်းမရှိစွာ ရှုံးနိမ့်ခြင်းသည်သာ

ပရောဖတ်တစ်ရာ၏ ကျဆုံးခန်းဖြစ်လိမ့်မည်။

 

စိန်စီထားသော မနက်ဖြန်များကို

မြေမှုန်လိုခါချလိုက်သည် ...

မနက်ဖြန်၏တန်ရာတန်ကြေးအစစ်ကို

(အချစ်အလွမ်းကံတရားဘုရားသခင်မှော်ပညာစိတ်ခံစားချက်နှင့်

ကဗျာအတတ်ပညာ စသဖြင့်ဖြားယောင်းမှုမစိုဆွတ်သော )

ကဗျာများဖြင့်သာပေးချေစေလိုသည် ...။

 

 

စိတ်ထားကောင်းဖြင့်လာခဲ့၍ မြေမျိုခြင်းမဟုတ်ကြောင်း

အရှင်ဒေ၀ဒတ်သိပါလိမ့်မည် ...

အ၀ါရောင်စာမျက်နှာများမှတဆင့်

ကျွန်ုပ်၏ အမှန်တရားကို ပြန်တူးယူမလိုတော့ပါ။

မိုးရာသီသစ်တောနှစ်တောစာ

စိုက်ပျိုးခဲ့သောကဗျာ ...

သင်ဆာလောင်သည့်အခါ

ခွင့်မတောင်းဘဲခူးဆွတ်စားသောက်နိုင်စိမ့်ငှာသာ ...။

 

ဤအရာများသည်

နှလုံးသွင်းမမှန်ကန်သော

စိတ္တာနုပဿနာမျှသာ။ ။

 

Zephyr

 

 

ကြယ် တစ်စင်းသို့ … ကဗျာ

 

လင်းလက်နေတဲ့ ကြယ်တွေ

ကမ္ဘာရဲ့ မြင်ကွင်းက ဖဲ့ထွက်

ငြိမ်းချမ်းရာဆီ ထွက်ထွက်သွားတာ

များ…ပြီ …။

 

အဲဒီအထဲကမှ

ကြယ်တစ်စင်း (ဝါ ) လူငယ်တစ်ယောက်ဟာ

ကောင်းကင်အကြွေကောက်တဲ့လက်နဲ့

ကျောက်ထွင်းရာဇဝင်ကိုထွင်းခဲ့

သေးငယ်တဲ့ အယူအဆ အစက်အပြောက်သဘောတွေနဲ့

ကမ္ဘာမြေ ကို မြေဆိုင်မြေခဲတွေလို တူးဖော်ခဲ့

မီးအိမ်တစ်လုံးနဲ့ သစ္စာတရား ရှာခဲ့

ယုံကြည်ချက်နရီတွေ ပြိုင်မြင်းတို့ရဲ့ ခွာသံလို ညံခဲ့

နဂါးငွေ့ တန်းလို ဖမ်းရခက်တဲ့ ကြယ်မြင်လမြင်လောကဓံကို

မိမိရရ ဖမ်းဆုပ်ခဲ့

ပြီးတော့ကာ

အနုပညာ လွတ်လပ်ခွင့်မှာ

အသစ်တည်ရှိမှု ယဉ်ကျေးမှုတစ်ရပ်ကို

ကြေးသွန်း သွားခဲ့တယ် ။

 

“သေသူတွေရဲ့အရိုးက

ရှင်သူတွေ ဘာလုပ်ရမယ်ဆိုပြီး

အံ့ချီးဖွဖွ ဖော်ကျူးပြနေတာကို

သမိုင်းလို့ခေါ်တယ် ”…

ကြယ်က ဆိုရဲ့ …

ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့

ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့

ရင်ဘတ်ထဲ မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီးနဲ့

အဲဒီကြယ်ပေါ့

သူ့ ဝိဥာဉ်ထဲက မီးခိုးပျော့ပျော့သံတွေဟာ

အခုထိ …

အနုပညာ ဝန်းကျင်တစ်ခုလုံးမှာ

နက္ခတ်ဦးလို ပျံ နေ တုန်း ။

 

လင်းလက်နေတဲ့ ကြယ်တွေ

ကမ္ဘာရဲ့ မြင်ကွင်းက ဖဲ့ထွက်

ငြိမ်းချမ်းရာဆီ ထွက်ထွက်သွားတာ

များ…ပြီ …

ဝင်သက်နှင့်ယူခဲ့သမျှ

ထွက်သက်နှင့်ပြန်ပေးရမည်

ဒါ ကမ္ဘာအစရဲ့

ပထမ သီအိုရီပဲဖြစ်သည် တဲ့

လင်းလက်နေတဲ့ ကြယ်ပေါင်းများစွာထဲက ကြယ်တစ်စင်း

အနုပညာဟင်းလင်းပြင်မှာ

တာဝန်ကြေ သွား...နှင့်...ခဲ့...ပေါ့ ။။

 

အိုင်လွယ်ပန်

(ဆရာတာရာမင်းဝေရဲ့ ကျွန်တော်အနှစ်သက်ဆုံး စကားလုံးများဖြင့် အမှတ်တရရေးဖွဲ့ ပါသည် )

်

 

 

လူဆန်တဲ့သီချင်း

 

ကံရှိသလို ဖြစ်ထွန်းတဲ့ ဘဝမြေဆီလွှာပါ…

ရွေးချယ်မှုပေါ်တည်ပြီး သီးပုံ ပွင့်ပုံ ကွာတယ်။

 

ကိုယ့်ကိုကိုယ် ဖြူတယ်လို့တော့ မဆိုလိုပါဘူး

ရှင်သန်ခြင်းမှာ တို့တွေဟာ ကိုယ်ပိုင်အရောင်တွေနဲ့ကွဲလွဲလို့။

 

နံပါတ်တစ် မဖြစ်ချင်ခဲ့ဘူး

ဒါပေမယ့် ကိုယ့်ဖြတ်သန်းမှုထဲမှာ ဘယ်လိုဂုဏ်သတ္တိတွေ ပါမလဲ…

ထည့်သွင်းစဉ်းစားရင်း

ဖြည့်စွက်ပြင်ဆင်ရင်း

ကိုယ့်ကိလေသာယန္တရားကြီးက သူများတွေထက် သွားနှုန်း နှေးနေတာ ။

 

ချင်ခြင်းတွေကို “ချဉ်”လို့ မရသေးတဲ့ မြေခွေး

ဆေးရောင်စုံ စပျစ်သီးလေးတွေ တွေ့တိုင်း

ထထ ခုန်တတ်တဲ့အကျင့် ပြင်မရသေးဘူး။

 

တခါတလေ အလွမ်းတွေ လမ်းကူးမှားတဲ့အခါ

ကိုယ့်လမ်းဟာ အဆွေးရောင်သန်းချင်လည်း သန်းမှာပေါ့။

 

ဘဝကို အနှေးပြကွက်နဲ့ ပြန်ကြည့်ရင်

အရင်က ကိုယ်ပါဝင်တဲ့ အလွမ်းဇာတ်

မျက်ရည်ရွှဲအောင် ငိုခဲ့ဖူးတာတွေ

အခုတော့ မျက်ရည်ထွက်အောင် ရယ်နေရ…။

 

အလွဲကြီးလွဲခဲ့တဲ့ ကိုယ့်အိပ်မက်တွေကို ခေါင်းအုံးအိပ်

နောင်တတန်းလန်းနဲ့ လက်ကျန်ဘဝကြီးကို ဆုတ်ကိုင်ထားရင်း

အနေအထိုင်မတတ်တဲ့ စိတ်ကလေး ရှိနေသေးတာကိုပဲ

ကိုယ့်ကိလေသာယန္တရားကြီး လူဆန်နေတုန်းလို့

ရိုးရိုးလေး တွေးမိပါတယ် ။

လင်းဒီပ ၂၆.၇.၀၉

 

 

 

 

ကမ်းခြေ

 

ရေပန်းဆိုတာကို စမြင်ဖူးတော့

မှင်သက်ငေးမောနေမိ

ရေမှုန်စိန်စ လင်းလက်တဲ့

ငယ်ဘဝရဲ့ ပွဲတော်ညတခုမှာ။

 

ပင်လယ်ကို ရောက်ခဲ့တာလား

နယ်မြေသစ် မတွေ့ခဲ့ပေမယ့်

ငါးမန်းတွေဘာတွေနဲ့ တွေ့ခဲ့

ကမ်းဝေးတဲ့နေ့တွေ။

 

လက်ယက်သဲတွင်းလေးဘေးမှာ

ရေကြည်အေးမြ

အနည်ကျအောင်စောင့်ပြီး

သူ့ကို တိုက်ချင်ပါသေးတယ်။

 

တင်မင်းထက် (၂၂.ဝ၇.ဝ၉)

 

 

 

ထို့ကြောင့် ရွှေဘသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ဘူးသလား

 

မသိခဲ့ပါ။

သောင်ပြင်လွှတ်သော ခွေးများ၊ အနံ့မရှိသော ပန်းများ၊ လေဟုန်စီးသော စွန်များ။

ဖျက်၍ ပြင်၍ရသော ကင်မရာများ၊ ဥတုသုံးပါးညီစွာ နှုတ်ခွန်းဆက်နိုင်သော တယ်လီဖုန်းများ၊

မှန်သားပြင်ကို ကြည့်၍ အခြားသူမျက်နှာနှင့် စကားပြောရသော

အင်တာနက် ချက်တင်များ။

အမေရိကန် ပထမဆုံးလူမည်းသမ္မတ အိုဘားမား၏ ခေတ်မှီကားသစ်ကြီး၊

သုံးဘက်၊ လေးဘက်မြင် အမှောင်ဓါတ်ခန်းမှ ရောင်စုံရုပ်ရှင်ဇာတ်ကားများ၊

ဂြိုလ်ဟောင်း တစ်လုံးလျှော့ပြီး၊ ဂြိုလ်သစ် တစ်လုံးတိုးသည့်

ဂြိုလ်ကမ္ဘာအကြောင်း။

လေးဖြူ၏ အလင်းရောင်နှင့် စိုင်းစိုင်း၏ တောဂေါ်လီ၊ နန်းတွင်းအရှုပ်တော်ပုံ

ကိုရီးယား ဇာတ်လမ်းတွဲများ၊ Counter Strike ကွန်ပြူတာဂိမ်း။

ဟာသမပြောနိုင်သည့် လူတွေ၊ ချန်ပီယံအမြဲဖြစ်နေသော အသင်း၊

စီးပွားပျက်ကပ်နှင့် အကြွေးဝယ်ခွင့် ကဒ်ပြား။

မုန်တိုင်း၊ ငလျင်၊ တောမီး၊ မီးတောင်ပေါက်ကွဲမှု၊ သူတော်ကောင်းအဖြစ်

အသေခံ ဗုံးခွဲခြင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကမ္ဘာမြေစိမ်းလန်းခြင်း၊ ကြက်ငှက်တုပ်ကွေး၊ H1N1၊

နောက်ထပ်တိုးလာသော လူဦးရေ၊ အကောင်း၊ အဆိုးဖြင့် နာမည်ကြီးသူများ။

အစရှိသဖြင့်……….။

သေသွားပြီးသူများ အကြောင်းတွေးရင်း၊ မသေသင့်သေးသူများ အကြောင်းတွေးရင်း၊

သေနေ့စေ့သင့် သူများ အကြောင်းတွေးရင်း၊ နေတတ်ဖို့ အကြောင်းတွေးရင်း၊

သေတတ်ဖို့ အကြောင်းတွေးရင်း။

မသိခြင်းများကို မသိသည့် အတိုင်းထား၍၊ သိခြင်းများကို သိသလိုနေခဲ့ပြီးသည့်နောက်၊

မသိသလို သိသလို သိသွားသောအခါ။

နေဆူးသစ်

 

 

 

နေကြတ်ခြင်း

 

မျက်လှည့်ဆရာ ပါးစပ်ထဲ မြိုချလိုက်သလိုမျိုး

မီးတောက်ဟာ ရုတ်တရက် ကွယ်ပျောက်သွား

ဖူးပွင့်တော့မယ့် ပန်းကလေးတစ်ပွင့်တောင်

ထိတ်ခနဲ လန့်ဖြန့်ပြီး ပြန်ငုံသွားရရှာတယ်

နေကြတ်ပြီမေမေ

စကြဝဠာတောအုပ်တွေထဲက

တောရဲတိရစ္ဆာန်တွေအားလုံး

ဝေါခနဲ တိတ်ဆိတ်သွားကြ

အားလုံးရဲ့ အကြည့်ဟာ ပျောက်ဆုံးသွားသောအရာ

တစ်သက်လုံး လင်းခဲ့သမျှ ခဏလေး အမှောင်ကျသွားခဲ့တာပါ

ကျွန်တော်တို့ မခံနိုင်ခဲ့ကြဘူး

လှုပ်ရှားနေတဲ့ အရာတွေ တစ်ချိန်မှာ ရပ်တန့်သွားမယ်

ငြိမ်သက်နေတဲ့ အရာတွေလည်း တစ်ချိန်မှာ လူးလွန့်လာမယ်

ရနေတာတွေအားလုံး တစ်ချိန်မှာ ပျောက်ဆုံးပြီး

မရခဲ့သေးတာတွေအားလုံး တစ်ချိန်မှာ ပေါ်လာမယ်

နေကြတ်ပြီ

နဂါးငွေ့တန်းရဲ့ အခန်းထဲမှာ

ကမ္ဘာရဲ့ ဂြိုဟ်ရံလကို ခြုံလွှာလိုအကာအကွယ်ယူပြီး

နေဟာ မြွေတစ်ကောင်လို အရေခွံလဲခဲ့ပြီ။

 

လင်းဆက်

July 27, 2009 Special Memoir to Ko Taryar Min Wai

 

 

 

အဝေးကအငေး

 

လေကောင်းလေသန့်ရှူရှိုက်ဖို့

ပြတင်းတံခါးကိုအသာဖွင့်

အာရုံတွေကိုလမ်းတွေပေါ်ပစ်ချထားလိုက်တယ်

အကြိုအကြား

မမေ့နိုင်စရာပုံရိပ်များ

လမ်းသွားလမ်းလာကိုအဖော်ပြုလို့

အစွဲအလန်းများတဲ့လိမ္မော်ရောင်တွေ

ချိန်ဆနေရတဲ့ကြုံးဝါးသံတွေ

လူတွေလည်းလူတွေအလျောက်

ခွေးတွေလည်းခွေးတွေအလျောက်

ဆာလောင်မှုဟာ ညကြီးသန်းခေါင် ထထ အူရတယ်

မြင်ကွင်းထဲ

အနာဂါတ်ဟာ

ခင်ဗျားတို့ကျပျောက်သွားတဲ့ ကစားကွင်းတစ်ခု။။

ရှိနေခဲ့ပါတယ်

မှုန်ဝါးသွားခဲ့ပါတယ်။

အသံများနဲ့လမ်းတွေဟာ အမှန်တကယ်တည်ရှိခဲ့ပါတယ်။

အခုအရွေ့ပေါ်

သစ်ပင်တွေနောက်တစ်ဖန် အရွက်ပြန်ဝေနိုင်ဥိးမလား

အခု

နားသောတဆင်စရာ

ဒိထက်ပိုမကြားနိုင်တော့ဘူးလား။

 

လူဇော်သစ်

 

 

 

ရင်ထဲက အကြောင်း

 

လိုက်လိုက်ကောက်နေရတဲ့အိမ်မက်အပိုင်းအစတချို့

လွင့်လွင့်သွားတဲ့မျှော်လင့်ခြင်းတချို့

အသက်ရှုကြပ်စေမယ့်ကဗျာအတိုတထွာတချို့

ဝင်သက်ထွက်သက်မမှန်ရှာတဲ့စကားလုံးကြမ်းတချို့

တောင်တစမြောက်တစအတွေးတချို့

မနေ့ကမြင်ခဲ့တဲ့ရက်စက်တတ်တဲ့အပြူံးတချို့

ပြောဖြစ်ခဲ့တဲ့အရာမဝင်တဲ့စကားတချို့

မမျှတတဲ့အရော်အစားတချို့

မတန်လို့ပယ်ဖျက်ခံရတဲ့အရင်းအနှီးတချို့

တဘဝစာလုံးနီးပါးရမယ့်ကျိန်စာတချို့

အချိန်အတန်လွန်လွန်းနေတဲ့ရင့်ရော်မှုတချို့

ခပ်ပါးပါးလွမ်းမိတဲ့ပါးပြင်ပေါ်ကမိုးစက်တချို့

ကိုယ့်အတွက်ကိုယ်ပြန်လှောင်ရီဝံ့တဲ့လှောင်ရီသံတချို့

မာနပျောက်ရှခဲ့တဲ့သက္ကရာဇ်တချို့

အိပ်မပျော်သူများရဲ့အခြောက်ခြားဆုံးညတချို့

 

ဒီလိုတချို့တချို့ပေါင်းများစွာတွေရဲ့ဆွဲဆောင်မှုနောက်ကို

ပြေးပြေးလိုက်နေတဲ့တချို့တချို့သောလူတချို့

ငါကိုယ်တိုင်ဟာလည်းတချိုတချို့လူဖြစ်လို့။

 

အမရာ

 

 

 

သက္ကရာဇ်တွေထုဆစ်ခဲ့သူ

 

သတိရခြင်းကိုပြောဖို့

အလွမ်းဆိုတာကို

သက္ကရာဇ်တော်တော်များများ

သူတည်ဆောက်ဖူးတယ်။

 

သူဟာမှော်ဆရာလေ

ဒီလောက်တော့ တတ်နိုင်ရမှာပေါ့၊၊၊၊၊၊၊

 

သူကပြောတယ်

ပိုင်ဆိုင်ခြင်းများစွာကို ပြပါဆိုရင်

’ သတိရခြင်းတွေက’ တန်ဖိုးအရှိဆုံး.....

 

လက်တဖက်ဟာ ကောင်းကင်ကြွေ ကောက်ကြေှးဆို

သတိရခြင်းတွေက ကျန်လက်တဖက်က ပြုတ်ကျလို့။

 

တေလေမှတ်တိုင် ဘ၀နဲ့

မှော်ဆရာ

သင်ခြေကောခိုင်ခဲ့ရဲ့လား......

 

(ကျနော်နက်နံခင်းနဲ့ ကျနော်ဝင်လာပါရစေ)

ပြိုင်မြင်းတကောင်လို ကျနော်တို့ဆက်ပြေးကြတာပေါ့

ယုံကြည်ထားပါတယ်

( သင်ပြောသလို ရေခိုးရေငွေ့က

ပင်လယ်ကို ထွန်ယက်တော့မယ်ဆိုတာ)

 

ရယ်ရယ်မောမော ၀တ္တုတွေနဲ့

ခမ်းခမ်းနားနား စကားလုံးတွေကြားမှာ

ပစ္စုပ္ပန်ဆန်ဆန် မှော်ဆရာရေ

တခါမှာတော့ ဒဏ်ရာဆိုတာ

ဆေးကုရတယ်

 

ဘုံဘယ်နှစ်ဆင့်မှာ

အမှန် သင်လွင့်နေခဲ့လဲ

မှော်ဆရာရေ

သိုးကျောင်းတိုင်းတော့ ကျနော်

ဂစ်တာ တလက်ပါတယ်။။

 

အချိန်လေးနည်းနည်းရ

အဆင်လေးနည်းနည်းပြေရင်

မေးချင်တာက

သူ့ အိုးပုတ်လေး မှော်ဆရာ ပြန်ပေးခဲ့ လားလို့ပါ......

 

ကျနော်

အရှေ့မြိုးရိုးမှာ လည်း မိုးတွေရွာနေပြီ ။။

 

(သျှင်နွေခ)

 

 

 

နှုတ်ဆက်ချိန်

 

နာရီသံများထွက်ခွာချိန် ...

ဝိညာဉ်၏ ရှိုက်သံတိုးတိတ်စွာ ...

မီးပျိုးထားသောစိတ်တို့ဖြင့်သာ ....

ပျိုးကြဲရန်လာခဲ့သူ .....

 

ဖွာရရာပြန့်ကြဲနေသောဆေးစက်သည်သာ

သင့်၌ဆောက်တည်ခွင့်မရခဲ့သောမာယာ ..

 

အနုလုံပဋိလုံနာကျင်ဆွတ်ပျံ့မွေးမြစွာ

သင်နှင့်သင်ချစ်သောကမ္ဘာ ...

နှင်းစက်လက်ချောင်းများဖြင့်တိုးဖွစွာ ...

နာကျင်ငုံ့ကိုင်းမှုန်မှိုင်းစွာ ...

သင့်နှလုံးသားသို့ ကျွန်ုပ်နှလုံးသားမှ လွမ်းဆွတ်သည့်ဒဏ်ရာ ....။ ။

 

Xanthos




--
with love ,
../(,")\♥ ♥(".)
.../♥\. = ./█\.
.._| |_ .._| |_

soǝ lɐʎ
emoj...@gmail.com
soe...@hotmail.com

➳♥ ➳♥ ➳♥ ➳♥ ➳♥ ➳♥

Reply all
Reply to author
Forward
0 new messages