သူငယ်ချင်း သို့ ပေးစာ

66 views
Skip to first unread message

ဗမာ့ သွေး

unread,
Sep 5, 2012, 12:02:24 AM9/5/12
to
သူငယ်ချင်း သို့ ပေးစာ

သူငယ်ချင်းရေ


မြန်မာပြည် ကို ခွဲခွါသွားပြီး နိုင်ငံခြားကို ရိုးသားစွာ အသက်မွေးဝမ်းကြောင်းဖို့ ထွက်ခွါစဉ် အခါက
တိုင်းတပါးကို အထင်ကြီးသူ ဆိုပြီး မင်းတို့ရဲ့ ဝေဖန် သုံးသပ်ချက်ကို ငါ အပြုံးမပျက် ခံယူခဲ့သူပါ...။

သမာအာဇီဝ ကျကျ  အသက်မွေးဝမ်းကြောင်းချင်တဲ့ ငါဟာ တိုင်းပြည်ဘဏ္ဍကို အလွဲသုံးစားလုပ်နေကြတဲ့
လူယုတ်မာများ ကြီးစိုးနေတဲ့ တိုင်းပြည်မှာ ရိုးသားစွာ ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူးလို့ မင်းတို့ကို
ငါ ကိုယ်တွေ့အချက်အလက်ပေါင်းများစွာနဲ့ ရှင်းပြခဲ့တာ မှတ်မိအုံးမှာပါ.......။

အဲဒီ အချိန်က ကြားနာမှတ်သားဖူးတဲ့ စာပေဗဟုသုတ အခြေခံလေးနဲ့ ရှင်းပြခဲ့လို့ မင်းတို့ သိပ်ဘ၀င်မကျခဲ့ဘူး ။နောက်တော့
မြန်မာပြည် အနေအထားကို ငါရောက်ခဲ့ဘူးတဲ့ တိုင်းပြည်များနဲ့ နှိုင်းယဉ်ပြီး လက်တွေ့ကျကျ ရှင်းလင်းပြခဲ့တော့လည်း
မင်းတို့က လက်မခံချင်ကြဘူး ။

ငါဟာ အမှန်တရား အတွက် မာနကြီးခဲ့တယ်....ငါ့ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားခဲ့တယ် ၊ ရိုးသားဖြူစင်စွာ
အသက်မွေးဝမ်းကြောင်းနိုင်တဲ့ ဘ၀ကို အားရနှစ်ခြိုက်ခဲ့ဘူးတယ်.....။ ဒါကြောင့် အခုချိန်မှာ ငါဟာ မင်းတို့လို
တိုက်ကြီးတွေ မပိုင်ဆိုင်ခဲ့ဘူး ၊ နောက်ဆုံးပေါ် ဇိမ်ခံကားတွေ စီးပြီး နံမည်ကြီး စားသောက်ဆိုင်တွေမှာ လှည့်လည်
မသုံးဆောင်နိုင်ပါဘူး ။ မင်းတို့ သုံးနေတဲ့ နောက်ဆုံးပေါ် ပစ္စည်း အသစ်အဆန်းတွေကိုလည်း မော်ဒယ် အသစ်ချိန်းတိုင်း
ပြောင်းလဲပြီး မသုံးနိုင်ပါဘူး သူငယ်ချင်း......။

ဒါပေမယ့်...ငါ့ဘ၀ အသက်ရှင် နေထိုင်ခဲ့သမျှ ငါတတ်ထားတဲ့ ပညာကို အသုံးချကာ ရိုးသားစွာ အသက်မွေးဝမ်းကြောင်း
ခဲ့ပါတယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ငါ မင်းတို့လို စည်းစိမ်မခံနိုင်ပေမယ့် အခုချိန်ထိလည်း အပြုံးမပျက်သေးပါဘူး ။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရပြီ.........ပြန်လာပြီး တိုင်းပြည် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ လုပ်ဆောင်ပါလားလို့ မင်းတို့ အကြံပြုချက်
ကို လေးနက်စွာ တွေးတောခဲ့ပါတယ်......။ စည်းစိမ်မခံရရင် နေပါစေ ငါ့တတ်ထားတဲ့ ပညာလေးကို လွတ်လပ်စွာ အသုံးချခွင့်
ရဖို့ အရေး ပထမဆုံး ငါ့တောင်းဆိုချက်လေး ဖြစ်နိုင်ပါ့မလား ဆိုတာကိုတောင် ခက်ခဲစွာ စဉ်းစားခဲ့ရတဲ့ မင်းတို့တွေရဲ့
တုန့်ပြန်ချက်က ရင်လေးစရာကြီးပါ ။

အစိုးရက တကယ်ပြောင်းလဲပြီလား ဆိုတော့လည်း မင်းတို့ ဖြေတဲ့ အဖြေစကားက မရေမရာပါဘဲ.......။ ဒါပေမယ့်
 မြန်မာပြည်မှာ ပြန်လည်နေထိုင်ဖို့ ငါဆုံးဖြတ်ချက်ချခဲ့ပါတယ်....။ စကာင်္ပူက ငါ့သူငယ်ချင်းတွေက လှောင်ပြောင် သရော်ကြတယ် ၊
မိုက်ရူးရဲ ဆန်တဲ့ အတွေးအခေါ်လို့ သူတို့က ယူဆထားကြတယ် ။ အနာဂတ် သိပ်ကောင်းတဲ့ ဒီနေရာကို စွန့်ခွာပြီး
ဒုက္ခဘုံကို ပြန်တော့မယ်ငါ့ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ငေးစိုက်ကြည့်တာ ခံခဲ့ရလည်း ငါ့ဆုံးဖြတ်ချက် ငါမပြင်ခဲ့ပါဘူး ။


မြန်မာပြည် လေယဉ်ကွင်းကို ရောက်တိုင်း မျက်ရည်ကျတတ်တဲ့ငါ ....ဒီတခေါက်လည်း မျက်ရည်တွေ ၀ဲလာခဲ့တာပါဘဲ ။
မြန်မာနိုင်ငံသားတွေရဲ့ လူနေထိုင်မှု ဘ၀ ၊ အခြေခံ အဆောက်အအုံတွေ ၊ခက်ခဲ ကြမ်းတမ်းစွာ အသက်မွေးဝမ်းကြောင်းပြုနေကြသူတွေ
ကို မြင်တိုင်း မျက်ရည်ကျတတ်တဲ့ ငါကို စိတ်မခိုင်ဘူးလို့တောင် ပြောကြတယ် ။

တကယ် ၀မ်းနည်းလို့ပါ သူငယ်ချင်းရယ်...... ဘာကြောင့်လည်း ဆိုတော့ ငါနေထိုင်ခဲ့ဘူးတဲ့ တိုင်းတပါးကမြင်ကွင်းတွေနဲ့
ဒို့ တိုင်းပြည်ကို မြင်ကွင်းရဲ့ ခြားနားချက်က ငါ့ကို မျက်ရည်ကျအောင် လုပ်ဆောင်သွားခဲ့ဘူးတယ်....။ ငါတို့ တိုင်းပြည်က
ခေါင်းဆောင်လို့ အမည်ခံထားသူတွေ ငါ့လို ခံစားချက်လေး ဖြစ်ပေါ်ဘူးလား ဆိုတာ ကြုံတဲ့အခါ မေးကြည့်ချင်သေးတယ်ကွာ။

သဘာဝ သယံဇာတ မျိုးစုံကို ပိုင်ဆိုင်ထားတဲ့ တိုင်းပြည်ပြီး ဘာကြောင့် အခုလို ပျက်စီးသွားရတာလည်း ငါတတ်နိုင်သလောက်
အဖြေရှာပေးဖို့ အချိန်ပေးကာ စဉ်းစားခဲ့ပါတယ် ။ ငါတွေ့ရှိခဲ့ရတဲ့ အဖြေတွေကို သူတို့ လက်မခံနိုင်ရင်တောင်
အကျိုးအကြောင်းနဲ့ ဆက်စပ်နေတဲ့ ဒီကမ္ဘာကြီးမှာ ပျက်စီးခြင်း အကြောင်းတရားကို သိရရင် ချမ်းသာခြင်း အကြောင်းတရားကိုလည်း
သိရှိနိုင်မှာ အမှန်ပါဘဲ ။ အမှားကြာ အမှန်ဖြစ်ဆိုတဲ့ ခပ်ညံ့ညံ့ လူသားတွေ သုံးစွဲနေတဲ့ စကားတွေကို နားရည်ဝပြီး  အမှန်တရားကို
လက်မခံနိုင်သေးတဲ့ လူတန်းစား တရပ်ဟာ တိုင်းပြည်ကို ဖျက်စီးနေကြသူများဆိုတာတော့ အားလုံးအသိပါ........။


အဲဒီလို စိတ်ဓါတ် ယုတ်မာတဲ့ လူတွေက ဒို့ တိုင်းပြည်မှာ အထက်တန်းစား အမည်ခံထားတာတွေကို ငါ သိရှိခဲ့ရတယ် ။
ဒီလို လူတန်းစားတွေကို နေရာ အနှံ့အပြားမှာ တွေ့ရှိခဲ့ရတယ် ။


မင်းတို့ ကျင်းပတဲ့ တင်ဒါ အောင်ပွဲ အထိမ်းအမှတ် ညစာစားပွဲကို မင်းဖိတ်ခေါ်လို့ ငါရောက်လာခဲ့ပါတယ် ။
မင်းတို့တွေ အစိုးရတင်ဒါ အောင်မြင်မှု အတွက် ဒေါ်လာ သန်းနဲ့ချီပြီး အမြတ်ရတဲ့ ဒီညစာစားပွဲရဲ့ ခမ်းနားမှုကိုတော့
ငါ အသိအမှတ်ပြုပါတယ် ။ ဒါပေမယ့်  မင်းတို့တွေ အချင်းချင်း ပြောလိုက်တဲ့ စကားတွေက ငါ့ပါးစပ်ဖျားက
စားစရာလေး ပြုတ်ကျသွားစေခဲ့သလို ၊ ကိုင်ထားတဲ့ အရက်ခွက်လေး ဖိတ်စင်ကျသွားစေခဲ့တယ် ။

ဆုံးဖြတ်ချက် တခုကို သေချာစွာ ချပြီး ငါထပြန်ခဲ့တော့  ဘာအလိုမကျတာ ရှိလည်း သူငယ်ချင်းဆိုတဲ့ မင်းမေးခွန်းကို
ငါမဖြေချင်ခဲ့လို့ ဒီအတိုင်းဘဲ လှည့်ထွက်သွားခဲ့တာပါ ။


ဒေါ်လာ တစ်ရာတန် ပစ္စည်းတခုကို  ဒေါ်လာ တစ်သောင်းနဲ့ တင်ရောင်းလိုက်လို့ ရရှိလာတဲ့ ဒီအမြတ်အစွန်းကို
မင်းတို့ အချင်းချင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတဲ့ အသံကို ကြားတော့ ၊ မင်းတို့ ပြင်ဆင်ထားတဲ့ ဈေးအကြီးဆုံး စားကောင်း
သောက်ဖွယ်တွေ ငါကြည့်နေပေမယ့် ငါ့မျက်လုံးထဲမှာ စားစရာ မရှိလို့ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်လေးတွေ ၊
ပညာမသင်နိုင်လို့ အလုပ်ကြမ်းတွေ လုပ်နေကြတဲ့ ကလေးငယ်လေးတွေ ၊ ဘေးဒုက္ခအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသူတွေကို
ငါမြင်ယောင်မိတယ်..........။


ဒို့ တိုင်းသူပြည်သားတွေရဲ့ အသွေးအသားတွေကို ပွဲတော်တည်နေကြတဲ့ မင်းတို့ အသိုင်းအ၀ိုင်းက အောင်ပွဲခံတဲ့
အခမ်းအနားတွေမှာ ၀င်ရောက် ဆင်နွှဲဖို့ အသာထား ၊ သတင်းကြားရရင်တောင် စိတ်ပျက်စရာကောင်းလွန်းလို့
နောက်ဆို မဖိတ်ပါနဲ့လို့ တောင်းပန်ပါတယ် သူငယ်ချင်းရယ် ။


ငါ့အတွေးအခေါ် အတွက် မင်းတို့လို စိတ်ဓါတ်အောက်တန်းကျသူတွေ ကဲ့ရဲ့ ပြစ်တင်ကြလိမ့်မယ် ၊ အများမိုးခါးရေ သောက်သုံးနေကြ
တဲ့ အချိန်မှာ သောက်သုံးရမှာဘဲလို့ တွေးနေကြသူတွေကို ငါမေးချင်တာ တခုကတော့ အဲဒီလို မိုးရေ ခါးသွားအောင် လုပ်ဆောင်
သွားတာ ဘယ်သူတွေလည်း ။ စနစ်ကို လွဲချပြီး တိုင်းပြည်ကို နွံထဲက ရုန်းမထွက်နိုင်အောင် လုပ်ဆောင်နေတာ ဘယ်သူတွေလည်း ။


ကိုယ်နေထိုင်တဲ့ တိုင်းပြည် အတွက်  အကျိုးရှိအောင် ဘာတခုမှ မလုပ်ပေးနိုင်ရင်တောင် တိုင်းပြည်ကို ၀ိုင်းပြီး
 ဖျက်စီးတဲ့ထဲမှာ ကိုယ်တိုင် ၀င်မပါမိအောင်တော့ ကြိုးစားနေထိုင်သင့်ပါတယ်ကွာ။

ငါတို့ မွေးဖွားကြီးပြင်းခဲ့ရာ ချစ်စရာ မြန်မာပြည်လေး အရုပ်ဆိုး အကျဉ်းတန်သွားအောင် ပုံဖော် ထုဆစ်နေကြတဲ့
လူယုတ်မာတွေထဲမှာ ကိုယ်တိုင် ပါဝင်လုပ်ဆောင်နေတယ် ဆိုတာကို မသိတဲ့ မင်းလို လူစားတွေ အများကြီး ရှိသေးတယ် ဆိုတာ
ငါသိခဲ့ရလို့  စဉ်းစားမိအောင် ဒီစာလေးကို ရေးပြီး အသိပေးတာပါ ။

အစိုးရဆိုတာ နဲ့ ပူးပေါင်းလုပ်ဆောင်ခွင့်ကို  ရိုက်ဂွင် လို့ ယူဆထားတဲ့ စီးပွားလုပ်ငန်းရှင်တွေဟာ မြန်မာပြည်မှာ ၉၉ ရာခိုင်းနှုန်းခန့်ရှိပါတယ် ။
အစိုးရ တင်ဒါ ဆိုတာ  တိုင်းပြည် အတွက် အမှန်တကယ် လိုအပ်နေသော ပစ္စည်းများကို  ပြည်သူ့ဘဏ္ဍာ အသုံးချပြီး ဈေးနှုန်း ချိုသာစွာ
ဝယ်ယူခွင့်ရနိုင်ဖို့  သုံးစွဲတဲ့ စနစ် တမျိုးပါ ဆိုတာ စီးပွားရေးလောက မှာ ကျင်လည်နေတဲ့ လူသားအားလုံး နည်းလည်ပြီးသားပါကွာ။

ဒါပေမယ့် ဒို့တိုင်းပြည်မှာတော့ တရားဝင် လဘ်စားနိုင်ရန်  ကုန်ပစ္စည်း ပေးသွင်းသူ စိတ်ကြိုက် ဈေးနှုန်းဖြင့် ၀ယ်ယူရန် အတွက်
လဘ်ငွေ အများဆုံးပေးနိုင်သူကို ရွေးချယ်သော စနစ်လို့တောင် အမည်ပြောင်းပေးရမလို ဖြစ်နေပြီ ။


အစိုးရ ဌာနတိုင်းဟာ  အသေးအဖွဲ ပစ္စည်းလေးက စလို့ တင်ဒါခေါ်နေကြတာကို  ပြုပြုင်ပြောင်းလဲရေး လုပ်ဆောင်နေပါတယ်
ဆိုတဲ့ အစိုးရက ခွင့်ပြုထားတာတွေ့ရတော့ ငါ တကယ် အံ့သြမိသလို တိုင်းပြည်ဘဏ္ဍာတွေ အမြောက်အများ ဆုံးရှုံးမှု အတွက်လည်း
ငါဝမ်းနည်းမိပါတယ် ။

ရေအားလျှပ်စစ် စီမံကိန်း အတွက် ဒေါ်လာ သန်းပေါင်း ၆၀၀၀ ကျော် သုံးစွဲခဲ့ပေမယ့် ထင်တိုင်း မပေါက်ဘဲ  ယခင် အတိုင်းလောက်ဘဲ
လျှပ်စစ် ဓါတ်အား ထုတ်လုပ်နိုင်ခဲ့တယ်လို့ သမ္မတကြီး နှုတ်ဖျားက ၀န်ခံသွားတဲ့ စကားကို ကြားရတော့ ငါဝမ်းနည်းပေမယ့် မအံ့သြတော့ပါဘူး ။

အဲဒီ သန်းပေါင်း ၆၀၀၀ ကျော်မှာ သန်းပေါင်း တစ်ထောင်လောက်က လုပ်ပိုင်ခွင့် အာဏာရရှိသူများက ကိုယ်ပိုင်ဘဏ္ဍအဖြစ် သိမ်းယူသွားကြပြီး
သန်းပေါင်း နှစ်ထောင်ကျော်လောက်က စီးပွားရေး လုပ်ငန်းရှင်များက သိမ်းပိုက်သွားကာ ကျန်ငွေများကို သက်ဆိုင်သူများက ၀ိုင်းဝန်းလဘ်စား
သွားခဲ့ကြတာကို ငါတွေ့ရှိခဲ့ရတယ် ။

ဒါဟာ ငါ လေ့လာတွေ့ရှိခဲ့ရတဲ့ အချက်တွေအပေါ်ကို အခြေခံပြီး  ခန့်မှန်းပြတာပါ ..တကယ့်လက်တွေ့မှာ ဒီထက်တောင် ပိုဆိုးသွား
နိုင်တယ်လို့ ငါ ယူဆမိတယ်.။

အဲဒီလို ဘက်ပေါင်းစုံက ၀ိုင်းဝန်းသုံးဆောင်ပြီး ကျန်ရစ်တဲ့ ငွေပမာဏနဲ့ တည်ဆောက်ခဲ့လို့ ဒို့တိုင်းပြည်မှာ အခုချိန်ထိလည်း လျှပ်စစ်
ဓါတ်အား မလောက်ငသေးပါဘူး ။ ဒီလိုဖြစ်အောင် လုပ်ဆောင်သွားတဲ့ လူတွေ ကိုယ်တိုင်ကဘဲ လျှပ်စစ်ဓါတ်အား အပြည့်အဝ
မရရှိခြင်းကို ပြည်သူအားလုံးနှင့် အတူ ခံစားရတဲ့ အခါ အစိုးရကို ပြန်ပြီး လက်ညိုးထိုး စွပ်စွဲနေကြတာ တွေ့ရပြန်သေးတယ် ။

ထိပ်ဆုံးက သူဌေးနဲ့ သက်ဆိုင်ရာ အရာရှိကြီးများကတော့ မီးမလာတာကို အစားထိုးဖို့ မီးစက်မောင်းနိုင်ပေမယ့် မင်းတို့ ၊ ငါတို့လို
လူတန်းစားကြတော့ ပြည်သူတွေနဲ့ ထပ်တူထပ်မျှ ခံစားရတာပါဘဲ မဟုတ်ဘူးလား ။

တကယ်တော့ မြန်မာနိုင်ငံကြီး အခုလို အဘက်ဘက်က ပြိုကျ ပျက်စီးသွားအောင် အဓိက ဖျက်စီးသူများဟာ စစ်အစိုးရ ဆိုတာ
မှန်ပေမယ့် ၊ အဲဒီလို ဖျက်စီးချင်တိုင်း ဖျက်စီးခွင့်ရတာ ကတော့ သူတို့ လုပ်သမျှကို အားပေးအားမြှောက် ပြုလုပ်နေကြတဲ့
စစ်အာဏာရှင်များနှင့် မခြား  အမြတ်ကြီးစား စီးပွားရေး လုပ်ငန်းရှင်တွေ ၊ အဲဒီလို စီးပွားရေး လုပ်ငန်းရှင်များရဲ့ လုပ်ငန်းများကို
အဓိက ကူညီပံ့ပို့ပေးနေတဲ့ မင်းတို့လို တနပ်စား အလုပ်သမားတွေကြောင့်ပါကွာ ။


သူငယ်ချင်းရေ.....

တိုင်းပြည်ကို ကိုယ်တိုင် ဖျက်စီးနေမှန်း မသိ ဖျက်စီးနေကြတဲ့ မင်းလို လူမျိုးတွေ ဒို့တိုင်းပြည်မှာ အများကြီးပါ ဆိုတာကို
ငါ့လေ့လာတွေ့ရှိခဲ့ရလို့ အမှားကို သိကာ အမှန်ပြင်ပါစေ ဆိုတဲ့ စေတနာနဲ့ ရေးပြီး လေးလေးနက်နက် အသိပေးလိုက်တာကို
မင်း သေချာ စဉ်းစားစေချင်ပါတယ် ကွာ ။

ငါတို့ မင်းတို့ သိပ်ကို မြတ်နိုး တန်ဖိုးထားကာ လေးစားလွန်းလို့ မြန်မာနိုင်ငံရဲ့ ကျေးဇုးရှင်လို့ တင်စားခေါ်ဝေါ်ကြတဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ( "အမှန်တရားရဲ့ လိပ်ပြာ ခုံရုံးမှာ အချိန်မရွေး ကိုယ့်ကိုကိုယ် မှတ်ကျောက်အတင်ခံရဲဖို့ လိုအပ်တယ် " )ဆိုတဲ့
လက်သုံးစကားလေး မင်းအမှတ်ရအုံးမလား မသိဘူး ။

အကယ်၍များ ငါတို့ တိုင်းပြည်က လူတွေ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ဒို့ဗိုလ်ချုပ် ပြောတဲ့ စကားလေးကို
မကောင်းတာ လုပ်ခါနီးတိုင်း ပြန်စဉ်းစားပေးကြရင် သိပ်ကို ကောင်းမှာလို့ ငါတွေးမိတယ် ။

တကယ်ပါ ......ငါတို့ တိုင်းပြည်ကို အခြားသော တိုင်းပြည်တွေလို အမြန်ဆုံး ဖွံ့ဖြိုး တိုးတက်စေချင်တယ် ဆိုရင်
ဒို့အားလုံး ရိုးသားကြဖို့ လိုအပ်သလို ၊ အစိုးရကလည်း တရားမျှတသော စနစ်ကို မှန်ကန်စွာ ကျင့်သုံးဖို့ လိုအပ်ပါတယ် ။

လက်ရှိ အစိုးရဟာ လဘ်ပေးလဘ်ယူမှုတွေကို ပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ် ကြွေးကြော်နေကြပေမယ့်
အခုချိန်ထိတော့ ဒို့တိုင်းပြည်မှာ အဲဒီ စနစ်ကြီးက အရှိန်အဟုန် ပြင်းစွာနဲ့ လည်ပတ်နေဆဲပါဘဲ ။

အဲဒါ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီ စနစ်ကြီးနဲ့ ရှင်သန်ကြီးပြင်းခဲ့တဲ့ လူတန်းစားတစုက အုပ်ချုပ်သူနေရာကို ရယူထားသလို
အဲဒီစနစ်ကို အားပေးခဲ့သူများက တိုင်းပြည်ရဲ့ အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်နေကြလို့ပါဘဲ သူငယ်ချင်းရေ ။


တိုင်းပြည်ကို  တိုးတက် ကောင်းမွန်အောင် မလုပ်နိုင်ကြရင် နေပါစေ.....။တိုင်းပြည်ကို ၀ိုင်းဝန်း ဖျက်စီးကြတဲ့ လူတွေထဲမှာ
မင်းတို့ မပါအာင် ကြိုးစားစေချင်တာ  ငါတို့ တိုင်းပြည်လေးကို ငါတကယ်ချစ်လို့ပါဆိုတာ တနေ့ မင်းနားလည်လာမှာပါကွာ...။


ဒီစာစုလေးကို ဖတ်ပြီးသွားလို့ မိတ်ဆွေတို့ ရင်ထဲက ပြောချင်တာလေးများရှိရင် ဒီလင့်လေးကို နှိပ်ကာ ၀င်ရောက် ပြောကြားဖို့
ဖိတ်ခေါ်ပါတယ် ခင်ဗျာ ။

https://www.facebook.com/#!/notes/burma-thwe/%E1%80%9E%E1%80%B0%E1%80%84%E1%80%9A%E1%80%B9%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%AF%E1%80%AD%E1%82%95-%E1%80%B1%E1%80%95%E1%80%B8%E1%80%85%E1%80%AC/485668461450806



ခင်မင်လေးစားလျှက်
ဗမာ့သွေး


217529_253439721333033_2542583_n.jpg
Reply all
Reply to author
Forward
0 new messages