သမ္မတ အိုဘာမား တက်လာပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် လူပြောအများဆုံးနှင့် ပြဿနာအဖြစ်ဆုံး ကိစ္စတစ်ခုမှာ Obamacare ဟု ခေါ်သည့် စနစ်သစ်ကျန်းမာရေး အာမခံဖြစ်ပါသည်။
အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမား (အလယ်) ၂၀၁၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က ဝါရှင်တန် ဒီစီရှိ အိမ်ဖြူတော်တွင် အမေရိကအတွက် သက်သာသော ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို လက်မှတ် ရေးထိုး အတည်ပြုနေပုံ ဖြစ်ပါသည်။
အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသော မြန်မာတိုင်းရင်းသားများလည်း Obamacare အကြောင်း ခြုံငုံ သိထားသင့်ပါသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်ကျင့်သုံးမည့် ၎င်းအက်ဥပဒေအရ ကျန်းမာရေး အာမခံ မရှိသူများသည် ၂၀၁၅ ခုနှစ် ဧပြီလ အခွန်ဆောင်ချိန်တွင် ဒဏ်ငွေအတပ်ခံရပါမည်။
ထို့ကြောင့်၊ အရေးကြီးသော အချက်များကို အများနားလည်စေရန် လိုရင်းတိုရှင်း တင်ပြသွားပါမည်။
သမ္မတ အိုဘားမားက ၂၀၁၀ ခုနှစ်တွင် 'လူမမာ ကာကွယ်စောင့်ရှောက်ရေးနှင့် သက်သာသော ပြုစုကုသမှု အက်ဥပဒေ' (Patient Protection and Affordable Care Act.) ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါသည်။ သမ္မတအမည်ကို အစွဲပြု၍ Obamacare ဟုသာ လူသိများပါသည်။
ကျန်းမာရေး အာမခံ အစီအစဉ်သစ်များကို အချို့ ပြည်နယ်များတွင် ပြည်ထောင်စု ဗဟိုအစိုးရက လုပ်ဆောင်ပေးကာ အချို့ပြည်နယ်များတွင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ (အုပ်ချုပ်ရေးအဖွဲ့) က လုပ်ဆောင်မည် ဖြစ်သည်။
မြန်မာပြည်မှလာသူ အများဆုံးနေထိုင်သည့် ပြည်နယ်များအနက် ကယ်လီဖိုးနီးယား၊ နယူးယောက်၊ မေရီလင်း၊ နီဗားဒါး စသည်တို့တွင် ပြည်နယ်အစိုးရကလည်းကောင်း၊ အင်ဒီယာနာ၊ ဗာဂျီးနီးယား၊ ဖလော်ရီဒါ စသည်တို့တွင် ဗဟိုအစိုးရကလည်းကောင်း တာဝန်ယူ ဆောင်ရွက်မည် ဖြစ်သည်။
ထို့ကြောင့်၊ ပေးဆောင်ရမည့် အာမခံ လစဉ်ကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့သည် ပြည်နယ် တစ်ခုနှင့် တစ်ခု၊ လူတစ်ဦးနှင့်တစ်ဦး တူညီမည် မဟုတ်ပါ။
အာမခံအစီအစဉ်အားလုံးတွင် မပါမနေရ ပါဝင်သည့် ကုသစောင့်ရှောက်မှုများမှာ-
ယခင် ကျင့်သုံးနေသော ကျန်းမာရေးအာမခံစနစ်များကဲ့သို့ ရောဂါရှိပြီးသား လူများအတွက် နှုန်းထားပို၍ တောင်းခံခြင်း၊ ကျားမခွဲခြား၍ နှုန်းထား သတ်မှတ်ခြင်းမျိုးကို ခွင့်မပြုပါ။ ဥပမာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ရှိနေသူတစ်ဦးသည် Obamacare အစီအစဉ်တွင် ရောဂါမရှိ ကျန်းမာသူများနှင့် တန်းတူ သတ်မှတ်နှုန်းထားကိုသာ ပေးဆောင်ရမည် ဖြစ်သည်။
သို့သော်၊ ဆေးလိပ်သောက်သူများအား နှုန်းထားပိုမို ကောက်ခံခြင်းကို ခွင့်ပြုပါသည်။
Obamacare အစီအစဉ်တွင် ပုံစံ ၅ မျိုး ခွဲခြားထားသည်။
ပေးဆောင်ရမည့် လစဉ်အာမခံကြေးနှင့် အိတ်စိုက်ကုန်ကျငွေတို့ပေါ်မူတည်၍ Bronze (ကြေး)၊ Silver (ငွေ)၊ Gold (ရွှေ)၊ Platinum (ပလက်တီနမ်) နှင့် Catastrophic (ဘေးဒုက္ခအဆင့်) ဟု ခွဲခြားထားသည်။
ယေဘုယျအားဖြင့် လစဉ်ကြေးနည်းလျှင် ဆရာဝန်ပြခ၊ ကုသစရိတ်၊ ဆေးဖိုးဝါးခတို့ များမည်၊ လစဉ်ကြေး များလျှင် အခြားစရိတ်စကများ နည်းမည် ဖြစ်သည်။ ထို့ကြောင့် မိမိ၏ မိသားစု ကျန်းမာရေး အခြေအနေပေါ် မူတည်ကာ မိမိ၏ ဝင်ငွေနှင့် သင့်လျော်ကိုက်ညီမည့် ပုံစံကို ရွေးချယ်ရမည် ဖြစ်ပါသည်။
အစီအစဉ်ပုံစံ ရွေးချယ်ရာတွင် အခမဲ့ အကြံဉာဏ်ပေး ကူညီမည့်ဝန်ထမ်းများ ရှိပါသည်။ မိမိ၏ ပြည်နယ်၊ နေထိုင်ရာဒေသအလိုက် ဆက်သွယ်တိုင်ပင်နိုင်ပါသည်။
အချို့သူများသည် မိမိ၏ အလုပ်လုပ်သော ကုမ္ပဏီ၊ ရုံးဌာနတို့မှ ကျန်းမာရေး အာမခံစနစ်တွင် ပါဝင်ထားသည်။ အချို့ကလည်း မိမိဖာသာ သင့်လျော်ရာ ကျန်းမာရေးအာမခံ တစ်ခုခုကို ဝယ်ယူ ပါဝင်ထားပြီး ဖြစ်နေပါမည်။ ထိုသူများအနေနှင့် Obamacare အစီအစဉ်အတွက် အထူးအထွေ ထပ်မံ လုပ်ဆောင်စရာ မလိုတော့ပါ။
ထို့အတူ၊ ဝင်ငွေနည်းသူများအတွက် အစိုးရ၏ ယခင် အစီအစဉ်များဖြစ်သော Medicare, Medicaid, Medi-Cal, CHIP စသည်တို့တွင် ပါဝင်နေသူများသည်လည်း ဘာမှ လုပ်ဆောင်ရမည် မဟုတ်ပါ။
သို့သော်၊ ကျန်းမာရေး အာမခံမရှိသော ယာယီအလုပ်၊ နာရီစား အလုပ် လုပ်ကိုင်နေသူများ၊ ဆူရှီးလုပ်ငန်းကဲ့သို့ အသေးစား ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် ကျန်းမာရေး အာမခံ အစီအစဉ် ပုံစံ ၅ မျိုး အနက်မှ တစ်ခုခုတွင် စာရင်းသွင်း ပါဝင်ရမည် ဖြစ်သည်။
၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်ကို နောက်ဆုံးထား၍ မည်သည့် ကျန်းမာရေး အာမခံစနစ်တွင်မှ ပါဝင်မထားသူများသည် ယခုအက်ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ရမည်ဖြစ်သည်။
၂၀၁၅ ခုနှစ် ဧပြီလ အခွန်အစီရင်ခံစာ တင်သွင်းရာတွင် လူကြီး တစ်ဦးလျှင် ၉၅ ဒေါ်လာ၊ ကလေးတစ်ဦးလျှင် ၄၇.၅၀ ဒေါ်လာ၊ အိမ်ထောင်စုတစ်ခုလျှင် အများဆုံး ၂၈၅ ဒေါ်လာအထိ ဖြစ်စေ၊ အိမ်ထောင်စု ဝင်ငွေ၏ ၁ ရာခိုင်နှုန်း ဖြစ်စေ များရာနှုန်းထားကို ပေးဆောင်ရမည်။ ဒဏ်ငွေ ပမာဏသည် ကုန်ကျစရိတ်အနည်းဆုံး ဖြစ်သော Bronze ၏ တစ်နှစ်စာ နှုန်းထားနှင့် အတူတူ ဖြစ်သည်။
ဒဏ်ငွေသည် တစ်နှစ်ပြီးတစ်နှစ် တိုးမည်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် အိမ်ထောင်စုဝင်ငွေ၏ ၂ ရာခိုင်နှုန်း သို့မဟုတ် လူကြီး တစ်ဦးလျှင် ၃၂၅ ဒေါ်လာ၊ ၂၀၁၆ ခုနှစ်တွင် အိမ်ထောင်စုဝင်ငွေ၏ ၂.၅ ရာခိုင်နှုန်း သို့မဟုတ် တစ်ဦးလျှင် ၆၉၅ ဒေါ်လာ ဆောင်ရမည် ဖြစ်သည်။
အမေရိကန်နိုင်ငံတွင် အချို့လူများသည် အစိုးရ၏ Medicaid အစီအစဉ်အတွက် သတ်မှတ်ဝင်ငွေထက် များနေသော်လည်း အနည်းဆုံး ကျန်းမာရေး အာမခံကြေး မတတ်နိုင်သူများ ရှိပါသည်။ စနစ်သစ် Obamacare ကျန်းမာရေးအာမခံတွင် မပါဝင်နိုင်သော်လည်း ဒဏ်ငွေ ကင်းလွတ်ခွင့် ရရှိနိုင်ပါသည်။
ဒဏ်ငွေ ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည့် အချက်အလက်အချို့မှာ-
-ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။
အထက်တွင် ဖော်ပြထားသည်မှာ အပြည့်အစုံမဟုတ်ပဲ အချို့ကိုသာ ကောက်နုတ်ထားခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသားများအနေဖြင့်၊ မိမိ၏ အလုပ်မှ ကျန်းမာရေး အာမခံထားရှိလျှင် ဖြစ်စေ၊ အစိုးရ၏ Medicare, Medicaid, Medi-Cal, CHIP အစီအစဉ်တစ်ခုခုတွင် ပါဝင်နေလျှင် ဖြစ်စေ ဘာမျှ လုပ်ဆောင်ရန်မလိုပါ။
သို့သော်၊ ကျန်းမာရေးအာမခံ၊ benefit မရှိသည့် နာရီစား၊ ယာယီအလုပ်၊ ကိုယ်ပိုင် အသေးစား လုပ်ငန်းမျိုး လုပ်ကိုင်နေလျှင် Obamacare အစီအစဉ် တစ်ခုခုကို ၂၀၁၄ ခုနှစ် မတ်လ ၃၁ ရက်နေ့ မတိုင်မီ စာရင်းသွင်း ပါဝင်ရန် အရေးကြီးပါသည်။
Obamacare အစီအစဉ်တွင် ပါဝင်ရန် အစိုးရ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.healthcare.gov တွင် သွားရောက် လေ့လာ ကြည့်သင့်ပါသည်။
မြန်မာဘာသာဖြင့် ရှင်းလင်းချက်ရနိုင်
အစိုးရ၏တရားဝင် ဝက်ဘ်ဆိုက်တွင် မြန်မာဘာသာဖြင့် ရှင်းလင်းချက်ကို ရယူနိုင်ပါသည်။
သတိပြုရန်- မြန်မာများ နားလည်အောင် ရှင်းပြထားသော နမူနာပုံစံသာ ဖြစ်၍ ၎င်းအပေါ်တွင် ဖြည့်စွက်ရမည် မဟုတ်ပါ။ နမူနာကြည့်ကာ အင်္ဂလိပ်ဘာသာ ပုံစံကိုသာ ဖြည့်စွက် တင်သွင်းရပါမည်။
စာရင်းပေးနိုင်သော နည်း ၄ မျိုးမှာ-
၁။ အင်တာနက် ဝက်ဘ်ဆိုက်မှ အွန်လိုင်း
၂။ တယ်လီဖုန်း (1-800-318-2596 / TTY: 1-855-889-4325)
၃။ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေး စာရင်းပေးခြင်း၊
၎။ လျှောက်လွှာပုံစံ ဖြည့်စွက်၍ စာတိုက်မှ ပေးပို့ခြင်း- တို့ ဖြစ်ကြသည်။
Obamacare နှင့်ပတ်သက်၍ သေသေချာချာ ရှင်းလင်းစွာ သဘောမပေါက်သူများသည် နံပတ် ၃ ဖြစ်သည့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး အသင့်တော်ဆုံးကို ရွေးချယ်လုပ်ဆောင်ခြင်းသည် အကောင်းဆုံး ဖြစ်မည်ဟု အကြံပေးလိုပါသည်။
www.healthcare.gov တွင် မိမိ၏မြို့နှင့် ပြည်နယ် သို့မဟုတ် ဇစ် စာပို့သင်္ကေတတို့ဖြင့် အနီးဆုံး ဆွေးနွေးတိုင်ပင်နိုင်သော ဌာနကို လမ်းညွှန်ပေးပါမည်။
မြန်မာဘာသာဖြင့် ဆက်သွယ်စုံစမ်းနိုင်သော အခမဲ့ဖုန်းနံပါတ်မှာ- 1-800-318-2596
Kham Khan Suan(Artist Kyaw Kyaw Oo)
| Reply via web post | Reply to sender | Reply to group | Start a New Topic | Messages in this topic (1) |