ရဲတံခွန်လုပ်ကွက်တွင် ရဟတ်ယာဉ်ပျက်ကျ၊ လူ ၃ ဦးသေဆုံး

2 views
Skip to first unread message

ThaKinSoe

unread,
Jul 11, 2011, 10:21:13 PM7/11/11
to သခင်စီုး, burm...@gmail.com
ရန်ပိုင် Monday, 11 July 2011 17:06

တနင်္သာရီ ကမ်းလွန် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွင် တူးဖော်နေသည့်
မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီမှ သယ်ယူပို့ဆောင်ရေး
ရဟတ်ယာဉ်တစီး ယနေ့ နံနက်ပိုင်းက ပင်လယ်ပြင် အတွင်း ပျက်ကျသွားရာ လူ ၃ ဦး
သေဆုံးသွားသည်။

ရဟတ်ယာဉ်မှာ မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ရေနံကုမ္ပဏီက
သယ်ယူပို့ဆောင်ရေးအတွက် ပြင်သစ်အခြေစိုက် ဟယ်လီ ယူနီယံ Heli Union
ကုမ္ပဏီမှ ငှားရမ်းသုံးစွဲထားသည့် ရဟတ်ယာဉ်ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင်
လူ ၁၄ ယောက် လိုက်ပါ လာကြောင်း ပက်ထရိုနပ်စ်နှင့် နီးစပ်သူတဦးက ပြောသည်။

“တွင်းတူးစင်ကို အသွား ၃ မိနစ်အတွင်းမှာ ပျက်ကျတာ၊ ရေထဲရောက်တော့
စောက်ထိုးဖြစ်နေတယ်၊ ဒါပေမယ့် ဗော့တွေပါတော့ နစ်မသွားဘူး ပေါ်နေသေးတယ်” ဟု
၎င်းကဆိုသည်။

တွင်းတူးစင်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် လူချင်းလဲလှယ်ရန် အသွားတွင်
ပျက်ကျသွားခြင်းဖြစ်ပြီး ၁၁ ဦးကို ကယ်ဆယ် နိုင်ပြီး ရဟတ်ယာဉ်မောင်းသူ
အပါအ၀င် မြန်မာ ၃ ဦးသေဆုံးသွားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Heli
Union ရဟတ်ယာဉ် ကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ပျက်ကျမှုမှာ
မှန်ကန်ကြောင်း၊ သေဆုံးသူများ၏ အမည်နှင့် အသေးစိတ် အချက်အလက်ကို
စုံစမ်းဆဲ ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Ms.Pasi က ဧရာဝတီသို့
ပြောသည်။

တနင်္သာရီ ကမ်းလွန်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွင်
မလေးရှားနိုင်ငံပိုင် ပက်ထရိုးနပ်စ် ကုမ္ပဏီအပြင် ထိုင်းနိုင်ငံပိုင် Ptt
စွမ်းအင်ကုမ္ပဏီ၊ ပြင်သစ်ပိုင် တိုတယ် ကုမ္ပဏီများ လုပ်ကိုင်နေသည်။

ပုဂံမြို့ဟောင်းကို ရှေးမူမပျက် ပြုပြင်ရန် လိုအပ်ဟု
ဒေါ်အောင်ဆန်းစုကြည်ပြော
ဧရာဝတီ Monday, 11 July 2011 16:04

ပုဂံမြို့ဟောင်းရှိ ရှေးဟောင်း အမွေအနှစ်များအား မူရင်းလက်ရာမပျက်
ထိန်းသိမ်းရေးနှင့် ပြုပြင်ရေးများ ပြုလုပ်ရန် လိုအပ်နေကြောင်း
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပုဂံဒေသရှိ ရှေးဟောင်း ဘုရားပုထိုးစေတီများအား ပြုပြင်ရာတွင် မူလအတိုင်း
မပျက်မစီးရှိစေရန် အချိန်ယူပြုပြင် သင့်ကြောင်း၊ လက်ရှိ
ပြုပြင်မှုများကြောင့် ရှေးဟောင်း အမွေအနှစ်များ ပျက်စီးနိုင်ကြောင်း သူက
ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းရှိ ၎င်း၏ နေအိမ်တွင် ယနေ့ကျင်းပသည့်
သတင်းစာရှင်းလင်းပွဲ၌ ဆိုသည်။

သူ့အနေဖြင့် ပုဂံသို့ ဘုရားဖူးခရီးစဉ် သွားရောက်ခဲ့စဉ် လိုအပ်ချက်များ၊
ဒေသခံများ၏ ဘ၀တိုးတက်ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်ရမည့် အချက်များကို
တွေ့ရှိခဲ့သောကြောင့် ပညာရှင်များ၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်
ယဉ်ကျေးမှုအဖွဲ့ (UNESCO) နှင့်တကွ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟု
ဒေါ်အောင်ဆန်း စုကြည်က ရှင်းပြသည်။

“နီပေါမှာဆိုရင် ရှေးဟောင်း အဆောက်အအုံတွေ ထိန်းသိမ်းတဲ့နေရာမှာ
အချိန်ယူပြီး လုပ်တယ်။ ဥပမာ- အဆောက် အအုံတွေမှာ အုတ်တွေဘာတွေ
အစားထိုးမယ်ဆိုရင် သေသေချာချာ ပညာရှင်တွေနဲ့ လေ့လာပြီးမှ အဲဒီ ရှေးဟောင်း
အုတ်အတိုင်း ဖုတ်ပြီးပြုပြင်တယ်။ အဲဒီလိုမျိုးလုပ်ရမယ်။
ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းတယ် ဆိုပြီး ထုံးသုတ်လိုက်လို့ မရဘူး။
မွမ်းမံတာက လွယ်တယ်၊ မွမ်းမံလိုက်တဲ့ဟာကို ပြုပြင်ဖို့ခက်ခဲတယ်” ဟု ၎င်းက
ပြောသည်။

ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်ဖြစ်သော ပုဂံမြို့ဟောင်းရှိ ရှေးဟောင်း
အမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ပုဂံဒေသခံများ၏ ဘ၀အခြေအနေများ
တိုးတက်ဖွံ့ဖြိုးရေးအတွက် ကုလသမဂ္ဂ အပါအ၀င် အစိုးရမဟုတ်သော INGO၊ NGO
အဖွဲ့အစည်းများ အားလုံးပါဝင်သည့် “Friends of Bagan” ဆိုသည့် အဖွဲ့တဖွဲ့
ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သူက ဆိုသည်။

“Friends of Bagan ဖွဲ့ဖို့က သက်ဆိုင်ရာ ပညာရှင်တွေ၊
UNအဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ရဦးမယ်။ တိုင်ပင်ရုံနဲ့လည်း
မပြီးသေးဘူး။ ရန်ပုံငွေ ရှိဖို့၊ ရဖို့လည်း လုပ်ရမယ်။ ဒီဒေသမှာ
ပြုပြင်ထိန်းသိမ်းရေး လုပ်ဖို့ လိုအပ်နေတာကို တွေ့ရတယ်။ တခုတော့ ကျမ
အားတက်တယ်။ ကျမတို့ လုပ်လို့ရှိရင် အစိုးရက နောက်က ၁၀ ဆ လိုက်လုပ်တတ်တယ်”
ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။

၁၉၉၆ ခုနှစ် (မြန်မာ့ခရီးသွားနှစ်) က အဓမ္မ လုပ်အားပေး
ခိုင်းစေမှုများရှိခဲ့ခြင်း၊ ရှေးဟောင်း အမွေအနှစ်များကို ပြုပြင်ရာတွင်
UNESCO ၏ ကန့်ကွက်မှုများ ရှိနေခြင်းအပါအ၀င် အကြောင်းအရာ များစွာကြောင့်
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်များ မလာရေးကိစ္စအား
တရားဝင်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ခရီးသွား
လုပ်ငန်းကြောင့် ဒေသခံများ အကျိုးဖြစ်ထွန်းနိုင်ကြောင်း၊ သို့သော်လည်း
သဘာဝပတ်ဝန်းကျင်နှင့် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးသည်
အလွန်အရေးကြီး ကြောင်း သူက ဆိုသည်။

“ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ ပြည်သူတွေလည်း အကျိုးဖြစ်နိုင်တယ်၊
တိုင်းပြည် အတွက်လည်း အကျိုးဖြစ်နိုင်တဲ့ အတွက် NLD ကနေ
ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သဘောထားကို တရားဝင် ထုတ်ပြန်ထားတယ်” ဟု
ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

အညာဒေသတွင် ဒေသခံများသည် ထန်းလျက်ချက်သည့် လုပ်ငန်းနှင့် အဓိက အသက်မွေး
ကြသည့်အတွက် ထင်း လောင်စာကို အသုံးပြုကြကြောင်း၊ ထင်းလောင်စာ
အသုံးပြုကြသည့်အတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးသဖြင့်
အစားထိုး လောင်စာသုံးစွဲနိုင်သော အစီအမံများ ရှိရန်လိုအပ်ကြောင်းလည်း သူက
ရှင်းပြသည်။

Friends of Bagan အဖွဲ့လုပ်ဆောင်ရာတွင် အစိုးရက ပူးပေါင်းဆောင်ရွက်မည်
ဆိုပါက ၎င်းတို့ဘက်ကလည်း ပြန်လည် ပူးပေါင်းဆောင် ရွက်သွားမည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပုဂံအာနန္ဒာဘုရားနှင့် မြစေတီကို
ဖူးမြော်ရခြင်းမှာ ကျန်စစ်သား၏ သစ္စာစောင့်သိမှု၊ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းမှုများကို လေးစား အားကျ၍ ဖြစ်ကြောင်း၊
အကျဉ်းစံဘုရင် တည်ထား သော မနူဟာ ဘုရားကိုလည်း သွားရောက်
ဖူးမြော်ခဲ့ခြင်းမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ၊
နိုင်ငံရေးအကျဉ်းသားများနှင့် NLD အဖွဲ့ဝင်များမှာ လွတ်မြောက်မှု
မရှိသေးဘဲ အကျဉ်းကျခံနေရသည်ကို အသိအမှတ် ပြုခြင်းဖြစ်ကြောင်း ၎င်း၏
ဘုရားဖူးခရီးစဉ်နှင့် ပတ်သက်၍ ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဂံဒေသသို့ ဇူလိုင် ၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး
၈ ရက်နေ့အထိ ဘုရားဖူး အလည်အပတ် သွားရောက်ခဲ့သည်။

နိုင်ငံကူးလက်မှတ် သုံးပတ်နှင့် ရမည်
မိုးယံ Monday, 11 July 2011 16:52

နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ပိုမို မြန်ဆန်စွာ ဆောင်ရွက်ပေးရန်
စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ လက်မှတ် ထုတ်ပေးရေး အဖွဲ့ ထံမှ သိရသည်။

“သုံးပတ်နဲ့ ထုတ်ပေးဖို့ ကျနော်တို့မှာ အစီအစဉ် ရှိပါတယ်၊ အကောင်အထည်
ဖော်နိုင်အောင်လည်း ကြိုးစားနေတယ်” ဟု နိုင်ငံကူး လက်မှတ်
ထုတ်ပေးရေးအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

ထိုအစီအစဉ် မည်သည့် အချိန်တွင် စတင်မည်ကို အတိအကျ မသိရသော်လည်း မကြာမီ
ဖြစ်ပေါ်လာမည်ဟု ဆိုသည်။

စာအုပ် ဟု အများက ခေါ်ကြသည့် နိုင်ငံကူးလက်မှတ် ရရှိရေးအတွက် ပုံမှန်
စောင့်ဆိုင်းရသည့် ကာလမှာ တလ ဖြစ်သည်။

“တလ ကြာတယ် ဆိုတာကလဲ လျှောက်ထားသူရဲ့ နောက်ကြောင်း ပြစ်မှု ရှိမရှိ
စစ်တာတွေ လုပ်ရတယ်၊ ပြစ်မှုကင်းတဲ့လူဆို တလ ဆိုတာနဲ့ စာအုပ် ထွက်ပါတယ်” ဟု
နိုင်ငံကူးလက်မှတ် လျှောက်လွှာများ စိစစ်ရေး ဌာနမှ တာဝန်ရှိသူတဦးက
ပြောသည်။

စာအုပ်ရရှိရေး ခက်ခဲနေသူများထဲတွင် အမှု ရင်ဆိုင်နေရသူများ၊
အမည်ပျက်စာရင်း ၀င်နေသူများ ပါဝင်သည်ဟု သိရသည်။

ဇူလိုင် ၁ ရက်နေ့က ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းရှိ
နိုင်ငံကူးလက်မှတ်ရုံးကို ရန်ကင်းမြို့နယ်သို့ ပြောင်းရွှေ့သွားပြီး
ရက်ပိုင်းအတွင်း လုပ်ငန်းများ ပိုမို မြန်ဆန်စွာ ဆောင်ရွက်မည် ဟူသော
သတင်း ထွက်လာခြင်း ဖြစ်သည်။

ရုံးသစ်တွင် လုံခြုံရေး ပိုမို တင်းကျပ်ထားသည်ကို တွေ့ရကြောင်း
နိုင်ငံကူးလက်မှတ် လျှောက်ထားသူတဦးက ပြောသည်။

“ရုံး အ၀မှာ မှတ်ပုံတင် နဲ့ လူကို ကွန်ပျူတာစနစ်နဲ့ စစ်ပြီး မှတ်တမ်း
တင်တယ်၊ ဓာတ်ပုံ ရိုက်ယူတယ်၊ ပြီးမှ အထဲကို ပေးဝင်တော့တယ်” ဟု သူက
ရှင်းပြသည်။

ရန်ကုန် တမြို့တည်းတွင်သာ နိုင်ငံကူးလက်မှတ်ရုံးရှိပြီး လက်မှတ်ရလိုသူ
ကိုယ်တိုင် ရုံးသို့ ကိုယ်တိုင် သွားရောက် လျှောက်လွှာတင်ရမည်ဖြစ်သည်။


ကော့ကရိတ်တွင် ရွှေဆိုင် ဓားပြတိုက် လူသတ်မှုဖြစ်
ကွန်းချမ်း | တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၆ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်
ကမ်းနီရွာရှိ ရွှေဆိုင် ၂ ဆိုင်အား သေနတ်သမား
၃ ဦးက စနေနေ့တွင် ဓားပြတိုက်ပြီး၊ ရွှေထည်များ ယူဆောင်သွားကာ
ဆိုင်ရှင်တဦး ပစ်အသတ်ခံရကြောင်း
ဒေသခံများ အဆိုအရ သိရသည်။

စနေနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဆိုင်ကယ်ဦးထုပ်များ ဆောင်းလာသည့်
လက်နက်ကိုင်များမှာ ရွှေဆိုင်သို့ ဝင်ရောက်လာပြီး လက်နက်ပြ ခြိမ်းခြောက်ကာ
မနန်းမြ ရွှေဆိုင်မှ ရွှေ ၃ ပိဿာ (၃ဝဝ ကျပ်သား) ခန့်နှင့် မိဘမေတ္တာ
ရွှေဆိုင်မှ ရွှေ ၅ဝ ကျပ်သားခန့် ရွှေထည်များကို လုယူထွက်ပြေးသွားခဲ့သည်။
ထို့အပြင် မနန်းမြကို သေနတ်နှင့် ပစ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားသည်။

“မနန်းမြက သူ့ဆိုင်ကို ဓားပြတွေ တိုက်ပြီး ပြန်ထွက်တဲ့အချိန်မှာ
အော်မိလို့ အပစ်ခံရတယ်။ ခေါင်းမှာ ထိလို့
ပွဲချင်းပြီး ဆုံးသွားတယ်” ဟု မနန်းမြ ရွှေဆိုင်အနီးမှ မိချိုက ပြောသည်။

ကာလတန်ဖိုးအားဖြင့် ကျပ်သိန်း ၂၀၀၀ ကျော် ရှိမည်ဟု ဆိုင်ရှင်များနှင့်
နီးစပ်သူများက ခန့်မှန်းကြသည်။

ဓားပြတိုက်သူ ၃ ဦးအနက် ၁ ဦးကို တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်တွင်
ကမ်းနီရွာ ရဲစခန်းက ဖမ်းဆီးရမိ
သော်လည်း ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်နေသည်ဟု ရဲစခန်းနှင့်
နီးစပ်သူတဦး ပြောသည်။

အသက် ၃၉ နှစ်ခန့်ရှိ မနန်းမြ၏ ရုပ်အလောင်းကို တနင်္လာနေ့
မွန်းလွဲပိုင်းတွင် ကမ်းနီရွာ သုသာန်သို့ ပို့ဆောင်ကာ
မီးသင်္ဂြိုဟ်ခဲ့ကြောင်း မိချိုက ပြောသည်။


မီဒီယာ လွတ်လပ်ခွင့်အတွက် ဦးသိန်းညွန့် ရှေ့နေလိုက်
မျိုးသန့် | တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၉ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် သတင်းမီဒီယာ
လွတ်လပ်ခွင့်ရရှိရေးအတွက် Hot News ဂျာနယ် ရင်ဆိုင်ရန်ရှိသည့် အမှုများကို
ရှေ့နေလိုက်ပေးမည်ဖြစ်ကြောင်း ရှေ့နေနှင့် လွတ်တော်အမတ်တဦးဖြစ်သူ
ဦးသိန်းညွန့်က ပြောသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကို သွားနေသော်လည်း
အခွင့်ထူးခံ ပုဂ္ဂိုလ်အချို့မှ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တားဆီးမှုများ
ရှိနေခြင်းကြောင့် ယခုကဲ့သို့ သတင်းမီဒီယာများဘက်မှ ရပ်တည်ပေးခြင်းဟုလည်း
သူက ဆိုသည်။

“အခု ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလကို ပြောင်းပေမယ့် ဒို့ကို
မရေးနဲ့ ဒို့ကို မထိနဲ့ ဒို့ကိုထိရင် မီးပွင့်သွားမယ်ဆိုတဲ့ ကိုယ့်ရဲ့
ဩဇာအာဏာနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တားဆီးနေတဲ့လူတွေက
အခုအချိန်ထိ ရှိနေတယ် တကယ့်အရင်းခံကတော့ နိုင်ငံမှာ ချမ်းသာနေတဲ့
သူဋ္ဌေးကြီးတချို့နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို
တည်ထောင်သူတွေရဲ့တိုက်ပွဲပဲလေ အဲဒီတိုက်ပွဲမှာ ကျနော်တို့က
သတင်းမီယာလွတ်လပ်ခွင့်ကို လိုချင်တော့ သတင်းမီဒီယာသမားဘက်က
ရပ်တည်ပေးတာပါ" ဟုဦးသိန်းညွန့်က ပြောသည်။

Hot News ဂျာနယ်တွင် ရွှေဂုံတိုင် SSC ပုဂ္ဂလိက ဆေးရုံ၏
ဝန်ဆောင်မှုနှင့်ပတ်သက်၍ ဇွန်လ ပထမပတ်အတွင်း
ဆောင်းပါးတပုဒ်ဖေါ်ပြပါရှိခဲ့သည်။ ထိုဆောင်းပါးသည် ဆေးရုံ၏ ဂုဏ်သိက္ခာကို
ညှိုးနွမ်းစေသည့် ရေးသားမှုများဖြစ်သည်ဟု ဆိုကာ SSC ဘက်မှ Hot News
ဂျာနယ်ကို ဗဟန်းတရားရုံးတွင် ဇွန်လ ၆ ရက်နေ့က တရားစွဲထားသည်ဟု ဇူလိုင်လ ၈
ရက်နေ့တွင် ပြုလုပ်သည့် Hot News ဂျာနယ် ၏ သတင်းစာ ရှင်းလင်းပွဲတွင်
အယ်ဒီတာချုပ် ဒေါ်ဟေမာက
ပြောခဲ့သည်။

ဒေါ်ဟေမာ ခေါ် မမ သည် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏
သမီးဖြစ်ပြီး Hot News ဂျာနယ်၊
ပေဖူးလွှာ မဂ္ဂဇင်းတို့တွင် အမှုဆောင် အယ်ဒီတာချုပ်လည်းဖြစ်သည်။

ထို့အပြင် Hot News ဂျာနယ်သည် ဆောင်းပါးရှင် မောင်လင်းသူ(စိန်ဂျွန်း) ၏
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့နှင့် ပတ်သက်သည့် “တိုးတက်အောင်
လုပ်ဖို့လား အမြတ်ထုတ်ဖို့လား” ဆောင်းပါးကို ဖေါ်ပြခဲ့ရာ
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ နစ်နာကြေး သိန်းနှစ်သောင်း
ရလိုကြောင်း တိုင်းတရားရုံးတွင် ဇွန်လ ၁၄ ရက်နေ့က တရားစွဲဆိုထားသည်ဟု Hot
News ဂျာနယ် ရုံးအုပ်ချုပ်ရေးမှူး ဦးအာရုဏ က မဇ္ဈိမကိုပြောသည်။

အမှု နှစ်ခုလုံးနှင့် ပတ်သက်၍ Hot News ဂျာနယ်ဘက်မှ ဇူလိုင်လ ၈ ရက်နေ့
ရန်ကုန်မြို့ Park Royal တွင်
သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်၍ ရှင်းလင်းခဲ့ပြီး အမှုများကို
ရင်ဆိုင်သွားမည်ဟုလည်း ဒေါ်ဟေမာ က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

သို့သော် အမှုများအတွက် သက်ဆိုင်ရာတရားရုံးများမှ သမ္မာန်စာများ Hot News
ဂျာနယ် တာဝန်ရှိသူများထံ
ပေးပို့မှု မရှိသေးကြောင်း ဦးအာရုဏ ကဆိုသည်။ Hot News ဂျာနယ်မှ
ရင်ဆိုင်ရန်ရှိသည့် ထိုအမှုနှစ်ခုလုံးအတွက် ဦးသိန်းညွန့်မှ
ရှေ့နေလိုက်ပေးရန် ပြင်ဆင်နေခြင်းလည်း ဖြစ်သည်။

ဦးသိန်းညွန့်သည် ၂ဝဝ၇ ခုနှစ်အတွင်း ရှေ့နေလိုင်စင်
ပိတ်သိမ်းခံရသူဖြစ်ကာ၊ လွှတ်တော်အမတ် ဖြစ်လာအပြီး ယခုနှစ် ဇန်နဝါရီလ ၂၉
ရက်နေ့တွင် ရှေ့နေလုပ်ခွင့် လိုင်စင် ပြန်လည် ရရှိခဲ့ခြင်း ဖြစ်သည်။

ရှေ့နေလိုင်စင် ပိတ်သိမ်းခံရခြင်းမှာ တရားသူကြီးချုပ် ဦးသိန်းမောင်၏ “
တရားကို မတရားလုပ်ရင် တိုင်းပြည်ပျက်မယ်” ဆိုသည့်စကားကို အမှုတခုအတွင်း
ကိုးကား သုံးစွဲမိခြင်းကြောင့် တရားရုံးကို မထေမဲ့မြင် ပြုသည်ဟုသည့်
စွပ်စွဲချက်ဖြင့် ရှေ့နေလိုင်စင် ပိတ်သိမ်းခံရခြင်းဖြစ်သည်ဟုလည်း
ဦးသိန်းညွန့်က မဇ္ဈိမကိုပြောသည်။

သင်္ကန်းကျွန်းလွတ်တော်အမတ် ဦးသိန်းညွန့် လိုက်ပေးမည့်အမှုသည်
ရှေ့နေလိုင်စင်ပြန်ရအပြီး ပထမဆုံး လိုက်မည့် အမှုများလည်းဖြစ်ကာ
ဦးသိန်းညွန့်အနေဖြင့် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်သည့် အမှုများနှင့်
လူ့အခွင့်အရေးနှင့် တရားမျှတမှုများအတွက် ရှေ့နေလိုက်မည်ဖြစ်ပြီး
အခြားအမှုများကိုမူ လိုက်ပါဆောင်ရွက်မည်မဟုတ်ကြောင်း မဇ္ဈိမကို ပြောခဲ့သည်။


ABSDF ကို ကချင်နယ်ထဲ ပြန်ဖွဲ့ရန် ကြိုးပမ်းနေ
ကိုဝိုင်း | တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၂ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရတပ်များနှင့်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲသံများ ပြန်ကြားလာရချိန်တွင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF
ကလည်း ကချင်ပြည်နယ်တွင်း တပ်ပြန်ဖွဲ့ရန် ကြိုးပမ်းနေသည်။

ကချင်နှင့်အတူတွဲပြီး တိုက်မည့် အစီအစဉ်အရ တပ်ပြန်ဖွဲ့မှုတွင် မြန်မာ-
တရုတ် နယ်စပ်တွင် နေထိုင်နေသော ABSDF အဖွဲ့ဝင်ဟောင်းများကို အဓိကထားကာ
ဖွဲ့စည်းမှာဖြစ်သည်ဟု ကျောင်းသားတပ်သတင်းရပ်ကွက်များအရ သိရသည်။

“တိုက်ပွဲတွေ ပြန်ဝင်နိုင်ဖို့အတွက် ရဲဘော်တွေကို ပြန်စည်းရုံးတယ်။
တရားဝင် သဘောတူညီချက် ရနိုင်တဲ့ အခြေအနေရှိအောင်တော့ ဝိုင်းလုပ်နေကြတယ်”
ဟု အဆိုပါသတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

ယခင်က KIO ထိန်းချုပ်ထားရာ နယ်မြေအတွင်းရှိ ABSDF မြောက်ပိုင်းဒေသ
ကော်မတီအောက်တွင် တပ်ရင်း ၄ ရင်း ထားရှိသော်လည်း ယခုတကြိမ်တွင်
မည်သည့်ပုံစံဖြင့် ဖွဲ့မည်ကို အတိအကျ မဆုံးဖြတ်ရသေးကြောင်း သိရသည်။

လက်ရှိ အင်အားနှင့် ပတ်သက်၍ မသိရသော်လည်း ဖွဲ့စည်းပုံမှာ တပ်ရင်း ၈
ရင်းဟု ခွဲထားပြီး၊ ကရင်အမျိုးသား အစည်းအရုံး KNU ၏ တပ်ဖွဲ့
ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA နယ်မြေထဲတွင် ၆ ရင်း၊ ကရင်နီ
အမျိုးသား တိုးတက်ရေးပါတီ KNPP နယ်မြေတွင် ၁ ရင်းနှင့်
ချင်းအမျိုးသားတပ်ဦး CNF နှင့်တွဲ၍ ရခိုင်ပြည်နယ်ထဲတွင် တပ်ရင်းတရင်းဟူ၍
ရှိသည်။

၁၉၈၈ ခု ဒီမိုကရေစီအုံကြွမှု ဖြိုခွင်းခံရပြီးနောက် KIO နယ်မြေအတွင်း၌
ABSDF (မြောက်ပိုင်း) ဒေသကို ဖွဲ့စည်းခဲ့သည်။ ၁၉၉၄ ခု KIO အပစ်ရပ်ပြီး
နောက်တနှစ်ခန့်အကြာတွင် နယ်မြေအတွင်းမှ ထွက်ခွာခဲ့ရသည်။

ABSDF ရဲဘော်ဟောင်းများနှင့် KIO ကချင်အမျိုးသမီးရေးရာအဖွဲ့တို့က KIO
ဌာနချုပ် လိုင်ဇာတွင် ပူးတွဲကျင်းပခဲ့သည့် ဇွန် ၁၉ ရက်နေ့
ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲကို KIO ဗဟိုကော်မတီဝင်များ
တက်ရောက်ခဲ့သည်။

ABSDF ကို ပြန်လည်စုစည်းမှုနှင့် ပတ်သက်၍ KIO ခေါင်းဆောင်များက
အတည်ပြုပြောကြားခြင်း မပြုသော်လည်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများတွင်
ပါဝင်မည်ဆိုပါက ကန့်ကွက်မည်မဟုတ်ဟု ဆိုသည်။

“ကျနော်တို့ဘက်က သူတို့လုပ်လည်း ကန့်ကွက်ဖို့ဘာမှ မရှိဘူး။
မဟာမိတ်တွေပဲလေ။ အရင်ကလည်း ABSDF
မြောက်ပိုင်းက ဒီမှာပဲ စလုပ်ဖြစ်တာကိုး” ဟု KIO တွဲဖက်
အထွေထွေအတွင်းရေးမှူး ဦးလနန်က မဇ္ဈိမကို ပြောသည်။

ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း အခြားသော လက်နက်ကိုင်အဖွဲ့များလည်း
ကချင်နယ်မြေအတွင်း
ပြန်လည်စုစည်းမှုများ ရှိနေသည်ဟု အကဲခတ်များက ပြောသည်။

“ရခိုင်တပ်ဖွဲ့တွေ ရှိနေတာတော့ မှန်တယ်။ ရာဂဏန်းအောက်လောက်ဗျ။ KIA က
သူတို့ကို အစုလိုက်ပေါ့၊ ဟိုမှာနည်းနည်း ဒီမှာနည်းနည်း ဖြန့်ထားတဲ့
သဘောရှိတယ်။ သင်တန်းပေးပြီး လက်နက်တပ်ဆင်ပြီး ထားထားတာ။
ရခိုင်တပ်ဖွဲ့ဆိုပြီး သီးသန့်ထားတာ မဟုတ်ဘူး” ဟု ရခိုင်ပြည်
လွတ်မြောက်ရေးပါတီ ALP တွဲဘက် အထွေထွေ အတွင်းရေးမှူး ခိုင်သုခက မဇ္ဈိမကို
ပြောသည်။

“ALP နဲ့ အခုထိတော့ စကားပြောတာဆိုတာလောက်ကလွဲပြီးလို့ရှိရင် တရားဝင်
ပူးပေါင်းစစ်ဆင်ဖို့တော့ မရှိသေးဘူး” ဟု သူက ဆိုသည်။

KIO အပစ်မရပ်မီအထိ ALP ၏ ဆက်သွယ်ရေးရုံးကို KIA နယ်မြေတွင်
ဖွင့်ခဲ့ဖူးသည်။

အပစ်ခတ်ရပ်စဲမှု ရမလိုလိုနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး၊
တနင်္ဂနွေနေ့နှင့် တနင်္လာမနက်ပိုင်းကလည်း တာပိန်ရေအားလျှပ်စစ်စီမံကိန်း
လုံခြုံရေးယူထားသော အစိုးရစစ်တပ်က လက်နက်ကြီးများဖြင့် KIO စခန်းများကို
ပစ်ခတ်မှုများ ရှိနေခဲ့ကြောင်းနှင့် KIO မှ ဦးလနန်က ပြောသည်။

KIO ဘက်က အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲကို ဗဟိုအစိုးရနှင့် လုပ်လိုသော်လည်း
နေပြည်တော်ကတော့
ပြည်နယ်အစိုးရဖြင့်သာ လက်လွှဲထားလိုသည်။ ပြည်နယ်ဝန်ကြီးချုပ်
ဦးလဂျွန်ငံဆိုင်း ဖွဲ့စည်းထားသော ကြားအဖွဲ့မှတဆင့်သာ အပစ်ရပ်ဖို့သာ
ကမ်းလှမ်းထားသည်။

ဒေါ်စု အာဇာနည်ဗိမာန် သွားမည်
ကိုပေါက် | တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၁၉ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် သားငယ် ကိုထိန်လင်းနှင့် အတူ အင်္ဂါနေ့မနက်တွင်
အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရဝပြုမည်ဟု ပါတီတွင်း သတင်းရပ်ကွက်များက
ပြောသည်။

မနက် ၇ နာရီတွင် ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမျှော်ပြီးနောက်
ရွှေတိဂုံဘုရား ခြေတော်ရင်း တောင်ဘက်မုခ်
အနီးရှိ ကွယ်လွန်သူ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်၏ အုတ်ဂူသို့ သွားရောက်
ဂါရဝပြုမည်။ ထို့နောက် ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့်
အာဇာနည်ခေါင်းဆောင်ကြီးများ ဂူသွင်းမြှုပ်နှံရာ အာဇာနည်ဗိမာန်သို့
သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။ ဇွန်လ ၁၉ ရက်နေ့က အလည်အပတ်
ရောက်ရှိလာသည့် သားဖြစ်သူ ကိုထိန်လင်းမှာ မနက်ဖြန် ညပိုင်းတွင် နေရပ်ရင်း
ဗြိတိန်နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

ထို့အပြင် အာဏာပိုင်များက ဖိတ်ကြားလျှင် ဇူလိုင် ၁၉

ရက် အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုမည်ဟု တနင်္လာနေ့
မနက်ပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ပြုလုပ်သည့်
သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို
ပြောကြားခဲ့သေးသည်။

“မနက်က သတင်းထောက်က မေးတော့ ဖိတ်ရင်သွားမှာပေါ့တဲ့။ အခုထက်ထိ ဖိတ်သေးပုံ
မပေါ်ဘူးခင်ဗျ။ NLD ကတော့ ကျနော်တို့ အစီအစဉ်နဲ့ ကျနော်တို့ ရှိပါတယ်။
အခမ်းအနားလုပ်မယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သို့သော် မနက်ဖြန် အာဇာနည်ဗိမာန် သွားရောက်မည့် အစီအစဉ်ကိုမူ သေချာစွာ
မသိရသေးဟုဆိုကာ သူက “ကျနော်ကြားတာက နက်ဖြန် ခရီးစဉ်တခု ရှိတယ်လို့ပဲ
ကြားပါတယ်။ ဘယ်ရယ်ဘာညာ မသိပါဘူး” ဟု ဆိုသည်။

၁၉၈၈ ခုနှစ်မှစ၍ မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည်
အာဇာနည်ဗိမာန်သို့
သွားရောက် ဂါရဝပြုခွင့်မှာ ၈ ကြိမ်သာ ရရှိခဲ့သည်။ ၂ဝဝ၂ ခုနှစ်တွင်
နောက်ဆုံးအကြိမ် သွားရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ကျန်နှစ်များတွင်
နေအိမ်အကျယ်ချုပ်ဘဝဖြင့် နေထိုင်ခဲ့ရသဖြင့် သွားရောက် ဂါရဝပြုခွင့်
မရခဲ့ပေ။

တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ၄ ရက်ကြာ ပုဂံဘုရားဖူး
ခရီးစဉ်အကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ရှင်းလင်း ပြောကြားခဲ့ရာ၊ ခရီးစဉ်တလျှောက် လိုက်ပါခဲ့သည့် သတင်းထောက် ၁၇
ဦး တက်ရောက်ခဲ့သည်။

“မနူဟာဘုရင်ကလည်း သိပ်လေးစားဖို့ ကောင်းတယ်၊ အကျဉ်းစံဘဝမှာတောင်မှ
အနော်ရထာတို့က ကြောက်ရတယ်၊ အကျဉ်းစံဘဝကို နားလည်လို့ သူသွားတယ်၊ NLD
အဖွဲ့ဝင်တွေလည်း အဲလိုပဲ အကျဉ်းကျခံနေရတာတွေ များတယ်၊ အဲဒါကြောင့် အဓိက
သွားတာပါလို့ ရှင်းပြတယ်” ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ သတင်းထောက်တဦးက
မဇ္ဈိမကို ပြောပြသည်။

ထို့အပြင် အာနန္ဒာဘုရား ဖူးရခြင်းနှင့် ပတ်သက်၍ “အာနန္ဒာဘုရားဆိုရင်
ကျန်စစ်သားမင်းကို ပုဂံမင်းတွေထဲမှာ
လေးစားတယ်။ သူဟာ မင်းအဖြစ် ထီးနန်းမရပေမယ့်လည်း နေနိုင်တယ်။
မြင့်မြတ်တဲ့ စိတ်ထားရှိတယ်။ သူ
မင်းဖြစ်တဲ့ အချိန်မှာလည်း တိုင်းပြည်ကို စီမံခန့်ခွဲပေးသွားတယ်။
အဓိကကတော့ မွန်-မြန်မာ ချစ်ကြည်ရေးအတွက် တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကို ဘယ်လို စီမံဖော်ဆောင်သွားတယ်ဆိုတာ ပြောပြပါတယ်” ဟု
သူက ဆိုသည်။

ပုဂံဒေသ စိမ်းလန်းစိုပြေရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်
ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ပူပန်ပြီး၊ ပုဂံဘုရားများ ပြန်လည်
ပြုပြင်ရေးများ
ကြောင့် ရှေးဟောင်း လက်ရာအချို့ ပျက်စီးသွားမည်ကို စိုးရိမ်ကြောင်း
ပြောဆိုခဲ့သည်။

မကြာခင် ရန်ကုန်ပြင်ပ စည်းရုံးရေး ခရီးစဉ်များနှင့် ပတ်သက်၍
သတင်းထောက်များက မေးမြန်းခဲ့ကြ
သေးသည်။

သတင်းထောက်တဦးက “ နိုင်ငံရေး ခရီးစဉ် ထွက်တဲ့အခါ သွားမယ့်ခရီးစဉ်ကို
အတိအကျ ပြောမှာပါတဲ့။ စည်းရုံးရေး လုပ်ပါတယ်ဆိုမှ တိုးတိုးတိတ်တိတ်
သွားလို့ ဘယ်ဖြစ်မလဲ
လို့ ပြောပါတယ်” ဟု မဇ္ဈိမကို ပြန်ပြောပြသည်။

၂ဝဝ၃ နယ်လှည့် ခရီးစဉ်များတွင် မီဒီယာသမားများ လိုက်ပါလာနိုင်ခဲ့ပါက မေ
၃၀ ဒီပဲယင်း လုပ်ကြံမှုမျိုး
ဖြစ်မလာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယူဆသည်။

“သူ့မိတ်ဆွေတယောက်က ပြောတယ်တဲ့။ ၂ဝဝ၃ ခုနှစ်တုန်းက (ဒီပဲယင်း) ခရီးစဉ်မှာ
မီဒီယာတွေ လိုက်နိုင်ရင်
ဒီလိုမျိုး မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ သူကလည်း ဟုတ်ပါတယ်လို့
ပြောပါတယ်တဲ့။ အဲဒါကြောင့် ကျနော်တို့ကို ဖိတ်ပြီး ရေနွေးကြမ်း
ခေါ်တိုက်တာပါတဲ့။ အဲဒီတုန်းက မီဒီယာတွေ မပါခဲ့လို့
အဲလိုဖြစ်သွားတာပါဆိုတဲ့ စကားဟာ မှန်ပါတယ်တဲ့” ဟု သတင်းထောက်က
ဆက်ပြောပြသည်။

စည်းရုံးရေး ခရီးစဉ်ကို ၆၄ နှစ်မြောက် အာဇာနည်နေ့ ကျရောက်မည့် ဇူလိုင် ၁၉
ရက် နောက်ပိုင်းမှသာ စတင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က
သတင်းထောက်များကို ပြောကြားခဲ့သည်။

တနင်္လာနေ့မှာပင် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်မည့်
သမ္မတအကြံပေး စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်၏ ဆွေးနွေးပွဲ အစီအစဉ်မှာ
အချိန်ကပ်၍ ပျက်ပြားသွားကြောင်း ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး အဆိုအရ သိရသည်။

“မနက်က ၈ နာရီလောက်မှာ သိပါတယ်။ စီစဉ်ပေးတဲ့ ဦးစိုးဝင်းကို ဦးမြင့်က
ပြောလို့။ သူ အဆင်မပြေလို့
ဖြစ်မှာပေါ့ဗျာ။ တခုခု အဆင်မပြေ ဖြစ်သွားလို့ ဖြစ်မှာပါ။ စီစဉ်သူတွေက
ဒီနေ့တော့ မလုပ်ဖြစ်ပါဘူးဗျာ
ပြောတော့ ကျနော်တို့လည်း ကောင်းပြီလို့ ပြောလိုက်တာပါပဲ” ဟု သူက
မဇ္ဈိမကို ပြောသည်။

ဒေါက်တာဦးမြင့်က ကိုယ်တိုင်ပြုစုထားသည့် ဆင်းရဲမွဲတေမှု ပပျောက်ရေး
စာတမ်းနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ခဲ့ရာမှ ပျက်ပြားသွားခြင်း
ဖြစ်သည်။ NLD ဗဟိုခေါင်းဆောင်များအပြင် ရန်ကုန်တိုင်း အဖွဲ့ဝင်များ၊
စီးပွားရေးနှင့် ပတ်သက်၍ အခြား စိတ်ဝင်စားသူများပါ တက်ရောက် နားထောင်ရန်
ဖြစ်သည်။

အစီအစဉ် ဖြစ်မြောက်ပါက အမှာစကားပြောကာ ဆွေးနွေးပွဲ ဖွင့်လှစ်ပေးမည့်
ဦးတင်ဦးက ယခုအစီအစဉ် ပျက်သွားရသည်ကို နားမလည်နိုင်ကြောင်း ပြောသည်။

“သူတို့ကိစ္စနဲ့ သူတို့ဖြစ်တာ၊ မပြောတတ်ဘူးဗျ။ သူတို့ကို
ဘယ်လိုစည်းမျဉ်းတွေ သတ်မှတ်ထားလဲဆိုတာ နားမလည်နိုင်ဘူး။ သူကလည်း
သူ့နည်းသူ့ဟန်နဲ့ တက်တက်ကြွကြွ လိုက်လုပ်ပေးနေတာ။ သူ့ကိုတော့ ဟိုက
ဘာပြောလဲ မသိဘူး။ ကျနော်တို့သိတာက ဦးမြင့် ဒီနေ့လာဖို့ရာ အဆင်မပြေပါဘူး။
အစီအစဉ်ကို
ရွှေ့ဆိုင်းပါတယ်လို့ပဲ သိရပါတယ်” ဟု သူက ဆိုသည်။

ဒေါက်တာဦးမြင့်အနေဖြင့် သူ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးစာတမ်းနှင့်
ပတ်သက်၍ လိုက်လံ၍ ရှင်းလင်းပွဲများ၊ ဆွေးနွေးပွဲများ ပြုလုပ်နေသည့်
နည်းတူ NLD ရုံးချုပ်တွင်လည်း ရှင်းလင်း ဆွေးနွေးလိုကြောင်း
ကမ်းလှမ်းလာခဲ့ရာ NLD သုတေသနနှင့် စီးပွားရေး ကျွမ်းကျင်သူ ဦးစိုးဝင်း
ထံမှတဆင့် စီစဉ်ခဲ့ကြောင်း ဦးတင်ဦးက ပြောပြသည်။


အငြိမ့် ပြက်လုံးများ စင်မတင်ခင် အစစ်ခံရမည်
ဖနိဒါ | တနင်္လာနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၀၉ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ မည်သည့် ပြဇာတ်နှင့် အငြိမ့်မဆို
စင်တင်ကပြဖျော်ဖြေရက် မတိုင်ခင် ၃ ရက်အလို၌
ပြက်လုံးများနှင့် ဝတ်စားဆင်ယဉ်မှုများအား ဝတ်စုံပြည့် အစစ်ဆေးခံရမည်ဟု
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး
ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောသည်။

အစိုးရဝန်ကြီးဌာနနှင့် အသင်းအဖွဲ့ အထိမ်းအမှတ် ဖျော်ဖြေပွဲများ သာမက
ပြဇာတ်၊ အငြိမ့်နှင့် ပဒေသာကပွဲများ အားလုံးပါဝင်ပြီး၊ ကပွဲများကို
ဗီဒီယိုပြန်ထုတ်ပါက ဆင်ဆာအဖွဲ့ လက်မခံနိုင်သော ပြက်လုံးများ မပါနိုင်ရန်
ကြိုတင်စိစစ်ခြင်း ဖြစ်သည်။

“ကျနော်တို့က ၃ ရက်၊ ၄ ရက် ကြိုကြည့်မယ်။ ပြင်သင့်တာတွေ ကျနော်တို့
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ်တာပါပဲ။ ဆိုင်းငံ့တာ မရှိဘူး။
အစမ်းကပြတဲ့အခါ အဝတ်အစားတွေ ကြည့်တယ်၊ သူတို့ ပြောတဲ့ ပြက်လုံးတွေပါ
ကြည့်တယ်။ အောက်လုံးတွေ ပါရင် လက်မခံနိုင်ဘူးလေ။ ဒီကြားထဲ
ဆင်ဆာတင်လာတော့မှ ပိတ်လိုက်တယ်ဆိုရင် နစ်နာသွားမှာစိုးလို့ ထုတ်တာပါ” ဟု
ဦးမြင့်သိန်းဖေက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “တချို့ မောင်နဲ့ နှမ၊ သားနဲ့ အမိ နားထောင်လို့ မရတဲ့
ပြက်လုံးတွေ ပါလာတယ်။ အငြိမ့်တို့က
လေထဲမှာတင် ပျောက်သွားတယ်လေ။ ဗီဒီယိုဆိုရင် အရုပ်တွေ၊ အသံတွေ
တောက်လျှောက် ရှိနေမှာလေ။
မြန်မာ့ယဉ်ကျေးမှုအတွက်ပါပဲ” ဟု ပြောသည်။ ယခင်က သက်ဆိုင်ရာ
ဆင်ဆာအဖွဲ့ရှေ့တွင် ကပြသည့်အခါ မည်သည့် ငြိစွန်းသည့် စကားလုံး
အသုံးအနှုန်းမှ မပါသော်လည်း လက်တွေ့ကပြသည့်အခါ အဝတ်အစားကအစ လွဲမှားကာ၊
ပြက်လုံးများလည်း ကြမ်းတမ်းလာသဖြင့် ကန့်သတ်ရသည်ဟု ဆိုသည်။

ညွှန်ကြားချက်အတိုင်း မလိုက်နာသောကြောင့် ယခင်က ဆင်ဆာထိခဲ့သဖြင့်
မြောက်မြားစွာ နစ်နာခဲ့မှုများ ရှိသည်ဟုလည်း သူက ပြောသည်။

မြန်မာ့ဇာတ်သဘင်နှင့် ပတ်သက်၍ စိစစ်မှုတွင် အဓိကအားဖြင့်
ရုပ်ရှင်အစည်းအရုံးသာမက သဘင်၊ ဂီတ၊ စာပေ စသည့် အစည်းအရုံးမှ သက်ဆိုင်ရာ
လူကြီးများ ပါဝင်စိစစ်လေ့ရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ
ဒုဥက္ကဋ္ဌ စာရေးဆရာ ချစ်ဦးညို အဆိုအရ သိရသည်။

စစ်ဆေးခံယူမှု မရှိဘဲ ဗီဒီယိုအဖြစ် ရိုက်ကူးထုတ်လုပ်ပြီးနောက် ဆင်ဆာသို့
တင်ပြလာသည့်အခါ ညစ်ညမ်းသော အဓိပ္ပာယ် နှစ်ခွဖြစ်သော စကားလုံးများနှင့်
ဌာနဆိုင်ရာများကို ဝေဖန်ပုတ်ခတ်ခြင်းများအပြင် မြန်မာ့ယဉ်ကျေးမှုနှင့်
မကိုက်ညီသော အမြင်မသင့်တော်သည့် ဝတ်စားဆင်ယင် ရိုက်ကူးမှုများ
တွေ့ရှိရသည်ကို ရုပ်ရှင်အစည်းအရုံး ထုတ်ပြန်ချက်အရ သိရကြောင်း ဇူလိုင်လ
၁၁ ရက်မှ ၁၇ ရက်နေ့အတွက် ထုတ်ဝေသော The Voice ဂျာနယ်တွင်
ဖော်ပြပါရှိသည်။

ပြဇာတ်များတွင် ပါဝင်သော သရုပ်ဆောင်များမှာ ကြိုတင်စစ်ဆေးရာ၌ ဝတ်စုံပြည့်
မဝတ်ခြင်း၊ အမျိုးသားဝတ်စုံ
အချို့မှာ အမျိုးသမီးသဏ္ဍာန်ကဲ့သို့ ဝတ်ဆင်ရာ အမြင်မသင့်တော်သဖြင့်
ဝတ်စုံများ၊ အမူအရာနှင့် အောက်ပိုင်း
ပြက်လုံးများ ပြောဆိုခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု
ထိုဂျာနယ်တွင် ဖော်ပြထားသည်။

ယခင်က ဇာတ်သဘင်သမားများသည် ခေါင်းပေါင်းအဖြူ၊ အင်္ကျီအဖြူ၊
ပုဆိုးအဖြူရောင်များသာ ဝတ်ဆင်ခဲ့
သော်လည်း ယခုခေတ် မင်းသားများ ဝတ်ဆင်နေသော ခေါင်းပေါင်း၊ အင်္ကျီ၊
ပုဆိုးတို့မှာ ပန်းရောင် ဝတ်ဆင်နေမှုများကို အာဏာပိုင်များက မပြုပြင်ဘဲ
သူတို့ရှေ့မှောက်၌ ပွဲမကမီ ကပြရမည်ဆိုခြင်းအပေါ် လက်မခံနိုင်ကြောင်း
မန္တလေးမြို့ရှိ လူရွှင်တော် ဦးပါပါလေးက ပြောသည်။

“လက်မခံဘူး။ ကလေးပုခက်တင်တဲ့ ပွဲလုပ်မယ်။ ဒီကလေး ကင်ပွန်းတပ်တာကို သူတို့
ပွဲမရောက်သေးဘဲနဲ့ ကပြရမယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး။ တခြားဆီပဲ။ ကဲ …
လက်ထက်တဲ့ မင်္ဂလာပွဲ လက်မထပ်ခင်ကို တဘက်ခါမှ လုပ်မယ့် ပွဲကို ယနေ့လို
လက်ထပ်တဲ့အကြောင်းကို ကပြရမှာလား။ ဒါတွေကို ဆင်ဆာဖြတ်မယ်ဆိုတော့ ကမယ့်
ဇာတ်လမ်းက ဘာကို ပြရမှန်းလည်း မသိဘဲနဲ့၊ သူတို့ရှေ့ ကပြရမယ်ဆိုတော့
လက်မခံဘူး” ဟု သူက ဆိုသည်။

အနည်းဆုံး ၃ ရက်ကြိုကာ ဆက်တင်၊ မီး၊ ဝတ်စုံ အပြည့်ဖြင့်
အစမ်းကပြပြီးနောက် ပွဲမိန့်ပြန်စောင့်ဆိုင်းနေရသဖြင့်
ပွဲတပွဲဖြစ်မြောက်ရန်အတွက် ၂ ကြိမ် ကျင်းပရသလို ဖြစ်နေသဖြင့် အနည်းဆုံး
အချိန်ကြံ့ကြာသည့် အခက်အခဲ ကြုံတွေ့ရသည်ဟု ဒါရိုက်တာ မောင်သီက ပြောသည်။

“အစမ်း ကရက်နဲ့ ကမယ့်ရက်က တအားကွာသွားတဲ့ အခါကျတော့ သရုပ်ဆောင်တွေနဲ့
ပြဇာတ်မှာပါတဲ့ လူတွေကို အစမ်းလုပ်ရတာက နှစ်ခါ တိုက်နေရတာပေါ့။
သရုပ်ဆောင်တွေက သူ့အလုပ်နဲ့ သူရှိနေတော့ ဆင်ဆာ ပြပြီးတာနဲ့ ကခါနီးကျမှ
ပြန်ကရတော့ မေ့ကုန်ကြတယ်လေ။ ၂ ခါကပြနေရ သလိုဖြစ်နေတယ်၊ အရင်ကလို
မယုံကြည်ရဘူးဆိုရင် ပါမစ်မချပေးနဲ့ ဒီလိုဆိုရှင်းသွားပြီလေ။ အလုပ်တွေ
ပိုရှုပ်သွားတာပဲ အဖတ်တင်တယ်။ တကယ်လုပ်တဲ့ လူတွေကျတော့ ထိခိုက်သွားတာပေါ့။
ဒုက္ခရောက်တာပေါ့”ဟု သူက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေး ထိခိုက်သည့် စကားလုံးများ၊ အောက်လုံး ညစ်ညမ်းသည့်
စကားလုံးများကို ပုံမှန်အားဖြင့် ဖြုတ်ပေး လိုက်ရပြီး အလုပ်များလာခြင်း၊
အချိန်၊ ငွေကြေးနှင့် လုပ်အားများ ပိုမိုများလာခြင်း စသည့်
အခက်အခဲများနှင့် ရင်ဆိုင်ရသည်ဟု ပြောသည်။

ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးခဲ့သော သရုပ်ဆောင် နေတိုး၊ ရဲလေး၊
ထွန်းထွန်းတို့ ပါဝင် သရုပ်ဆောင်ခဲ့သော “နှင်းဆီသခင်” ဆိုသည့်
ပြဇတ်ကပြီးနောက်ပိုင်း ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်ဟု
သူကဆိုသည်။


မြန်မာ ငါးဖမ်းသမား ၃၂ ဦးကို အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့မှ ဖမ်းဆီး
ထွန်းထွန်း News Date:7/9/2011 နိရဉ္ဖရာ သတင်းဌာန


မြန်မာ ငါးဖမ်း ၃၂ ဦးကို အိန္ဒိယနိုင်ငံ ကမ်းခြေ စောင့်တပ်ဖွဲ့မှ ယခုလ ၈
ရက်နေ့က အန္တမန် (Andaman Sea ) ပင်လယ်ပြင်တွင် ဖမ်းဆီးလိုက်ကြောင်း သတင်း
ရရှိသည်။

အဆိုပါ မြန်မာနိုင်ငံသား ၃၂ ဦးကို အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ
ပုံမှန် ပြုလုပ်နေသော ကျူးကျော် ငါးဖမ်းသမားများ ဖမ်းဆီးရေး စစ်ဆင်ရေး
တစ်ခုတွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း အိန္ဒိယ အရာရှိများက ပြောသည်။

အိန္ဒိယ လေယာဉ်တင် သင်္ဘော Dornier က ဇူလိုင်လ ၇ ရက်နေ့ ညဥ့်အချိန်တွင်
ပုံမှန်ကင်းလှည့်နေစဉ် အန္တမန် ပင်လယ်ပြင် အင်တာဗျူးကျွန်း ( Interview
Island) အနောက်ဘက်တွင် မသင်္ကာဖွယ်ရာ အချက်ပြ ဆက်သွယ်မူတစ်ခုကို
တွေ့ရှိရာမှ ကမ်းခြေစောင့် သဘောင်္ Sagar သို့ အကြောင်းကြားခဲ့ကြောင်း၊
အဆိုပါ သင်္ဘောမှ ရဟတ်ယာဉ်များဖြင့် ရှာဖွေခဲ့ကြောင်း၊ ရှာဖွေမူကို
တိုးမြင့် လုပ်ဆောင်စဉ် နောက်တစ်နေ့ ဇူလိုင်လ ၈ ရက်နေ့တွင် မြန်မာ
ငါးဖမ်းစက်လှေသုံးစီးနှင့် လူပေါင်း ၃၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း
အိန္ဒိယ New Kelara က ဖေါ်ပြသည်။

ယခုအခါ သူတို့အား အန္တမန် အနောက်ဘက် ကမ်းခြေတွင်တည်ရှိသော Diglipur
ကျွန်းသို့ ယူဆောင်သွားပြီး အိန္ဒိယ ဥပဒေနှင့် အညီ အရေးယူနိုင်ရန်
ရဲအဖွဲ့သို့ လွဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၆ လအတွင်းက အိန္ဒိယကမ်းခြေစောင့် တပ်ဖွဲ့မှ မြန်မာဘက်မှ
ကျူးကျော် ၀င်ရောက်လာသော ငါးဖမ်းဘုတ် ၁၅ စင်းနှင့် အတူ လူ ၁၇၁ ဦးကို
နီကိုဘာကျွန်းနှင့် အန္တမကျွန်းတွင် အနီးတွင် ဖမ်းဆီးခဲ့သည်ဟု အဆိုပါ
သတင်းတွင် ဖေါ်ပြထားသည်။

တံတားကျိုး၍ မြန်မာ အနောက်ဘက် နယ်စပ် ကုန်စည် စီးဆင်းမူ ရပ်ဆိုင်း
News Date:7/11/2011 နိရဉ္ဖရာ သတင်းဌာန


မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်ရှိ
တံတား တစ်ခု ကျိုးကျသွားသဖြင့် ကားအသွားအလာ ရပ်ဆိုင်းကာ နယ်စပ် ကုန်စည်
စီးဆင်းမူ လုံးဝ ရပ်တန့်သွားပြီ ဖြစ်ကြောင်း သိရသည်။

" ဟုတ်ပါတယ်။ မနေ့က တောင်ခေါင်းကြီးနဲ့ တောင်ခေါင်းချေ (ငယ်) အကြား
မှာတည်ရှိတဲ့ သံဘောင်တပ် တံတားတစ်ခု ကားတစီး ဖြတ်သွားစဉ် ကျိုးကျသွားတဲ့
အတွက် အခု ကားအသွားအလာ လုံးဝ ရပ်ဆိုင်းသွားပါပြီ။ ကုန်စည်တွေလည်း ဟိုဘက်
ဒီဘက် ပို့လို့ မရတော့ပါဘူး" ဟု မောင်တောမှ ကုန်သည် တစ်ဦးက ပြောသည်။


ယမန်နေ့က တံတား ကျိုးကျစဉ် တံတားနှင့် အတူ ကျောက်တင်ကား တစ်စီး
အတူပါသွားသော်လည်း လျှိုထဲ ကျမသွားဘဲ တံတားပေါ်တွင် တွဲကျ
တင်ကျန်ရစ်သဖြင့် နောက်ပိုင်းတွင် တခြား ကားတစီးဖြင့် ဆွဲယူ
ကယ်တင်ခဲ့ရသည်ဟု သူက ပြောသည်။

" တံတားက ဟောင်းနေပြီ ဖြစ်ပါတယ်။ မပြုပြင်ဘဲ ပစ်ထားတော့
မိုးတွင်းရောက်တာနဲ့ ကျိုးကျသွားတာပါ။ ကျိုးတဲ့ တံတားကလည်း တောင်ခေါင်း
နှစ်ခုကြားမှာဆိုတော့ သွားလာလို့ လုံးဝ မရ ဖြစ်သွားပါတယ်" ဟု သူက
ဆက်ပြောသည်။

ယခုကဲ့သို့ ကားလမ်းရှိ တံတား တစ်ခုကျိုးကျသွားသဖြင့် ဘူးသီးတောင်နှင့်
မောင်တော အကြား ပုံမှန် ပို့ဆောင်နေသော ကုန်ပစ္စည်းများမှာ
ဘူးသီးတောင်နှင့် မောင်တောတွင် စုပုံ နေသည်ဟု သိရသည်။ တခြား ကားပိုင်ရှင်
တစ်ဦးကလည်း ကားလမ်းပိတ်သွားသဖြင့် စီးပွားရေးအရ ဒေသခံများ
နစ်နေကြရပုံကို ယခုကဲ့သို့ ပြောသည်။

" ဒီလမ်းက ရခိုင်ပြည်နယ် ကုန်သွယ်ရေးမှာ အဓိက အရေးပါဆုံးလမ်း ဖြစ်ပါတယ်။
ဒီလမ်းကို မှီပြီး လုပ်ကိုင် စားသောက်နေရတဲ့ ဒေသခံ လူထုက
သိန်းဂဏန်းရှိပါတယ်။ ဒီလမ်းကတဆင့် ဘင်္ဂလာဒေခ်ျ့ကို ကုန်သွယ်ရတာပါ။ အခုတော့
အလုပ် အကိုင်ပျက်ပြီး လူတိုင်း ဒုက္ခ ရောက်နေကြရပါပြီ။ ကျွန်တော်
အနေနဲ့လည်း ကားမဆွဲနိုင်တော့ တစ်နေ့ တစ်နေ့ကို ကျပ်သိန်းချီပြီး နစ်နာ
ဆုံးရှုံးပါတယ်" ဟု ပြောသည်။ ကုန်ဈေးနုန်းများ အဆမတန်
မြင့်တက်နေချိန်တွင် ယခုကဲ့သို့ ပြည်သူများ အလုပ်အကိုင် ပျက်သွားသဖြင့်
အများစု လက်လုပ် လက်စားများမှာ ဒုက္ခ ဖြစ်နေကြသည်ဟု ဆိုသည်။

ဘူးသီးတောင်-မောင်တောလမ်းမှာ ဘင်္ဂလာဒေခ်ျ့နှင့် ဆက်သွယ်ထားသော တစ်ခုတည်း
လမ်းပေါက် ဖြစ်သဖြင့် ရခိုင်ပြည်နယ် အတွက် အဓိက ကုန်သွယ်ရေးအရ အရေးပါသော
လမ်းဖြစ်သော်လည်း အစိုးရမှ စနစ် တကျ ပြုပြင် ပေးခြင်း မရှိသဖြင့် နှစ်စဉ်
မိုးတွင်း အချိန်တွင် အနည်းဆုံး ၁၀ ကြိမ်ခန့် ပြိုပျက်ပြီး အဆက်အသွယ်များ
ပြတ်တောက်သွားလေ့ရှိကြောင်း သိရသည်။

အစိုးရမှ နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်နေပါသည်ဟု
လူသိရှင်ကြား တရားဝင် ကျေညာသော်လည်း ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင်
ပြည်သူများ အဓိက အားကိုးမှီခို လုပ်ကိုင် စားသောက်နေရသော ကားလမ်း
တစ်ခုကို ဆယ်စုနှစ်နှင့်ချီပြိး မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် အစိုးရ၏
လုပ်ရပ် အပေါ် ပြည်သူများက နားမလည်ဘဲ ဖြစ်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ယခု ကျိုးသွားသော တံတားကို အနည်းဆုံး ၁၀ ရက်ခန့် အချိန်ယူ ပြင်ဆင်ရမည်
ဖြစ်ပြီး ထိုရက်များအတွင်း ပြည်သူများ အလုပ်အကိုင်ပျက်ကာ များစွာ
ထိခိုက်နစ်နာကြရအုံးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရက လူမျိုးတူချင်းရန်တိုက် စနစ်ဖြင့် ကချင်ကို တိုက်
တနင်္လာနေ့၊ ဂျူလိုင်လ 11 ရက် 2011 ခုနှစ် ကချင်သတင်းဌာန သတင်း -
ကချင်သတင်းဌာန

မြန်မာအစိုးရက ယခုကချင်တိုင်းရင်းသားတွေနှင့် ဖြစ်သောပြည်တွင်းစစ်တွင်
“လူမျိုးတူချင်းရန် တိုက်ပေးခြင်းစနစ်” ကို စနစ်တကျကျင့်သုံးနေ ကြောင်း
ကချင်နိုင်ငံရေးလေ့လာသူ များပြောပါ သည်။

မြန်မာစစ်တပ်လက်အောက်ခံ ကချင်ပြည်သူ့စစ်များနှင့်
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအားကချင်လွတ် မြောက်ရေးအဖွဲ့ (KIA)နှင့်
ဖြစ်ပွားသည့်တိုက်ပွဲတွင် ရှေ့တန်းတင်အသုံးချနေခြင်းသည် ကချင်အမျိုး
သားများကြား စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ရန်တိုက်ပေးခြင်းဖြစ်သည်ဟု
ကချင်ခေါင်းဆောင်များ ရှုမြင်ထားသည်။

ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အခြေစိုက် တန်ဂူးတန်(ခ)အဒန် (Tanggu
Dang a.k.a Ah Dang) ဦးဆောင်သည့် သောင်းကျန်သူဆန့်ကျင်ရေးတပ်ဖွဲ့
(Rebellion Resistance Force, RRF)မှပြည်သူ့စစ် အင်အား အနည်းဆုံး ၆၀ ကို
ဇွန် လ ကတည်းက တရုတ်နယ်စပ် KIA ခြေကုပ်စခန်းများအနီးသို့ပို့ဆောင်ထား
သည်ဟု ပြည်သူစစ်တပ်နှင့် နီးစပ်သူများပြောသည်။

၎င်း RRF ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဇွန်လတွင် ပူတာအိုမှ မြစ်ကြီးနားသို့
အစိုးရပိုင် မြန်မာ့လေကြောင်းဖြင့် ၂ ကြိမ်သယ်ယူပို့ဆောင်ခဲ့သည်ဟု
ပူတာအိုမှ မျက်မြင်သက်သေများပြောသည်။

မြန်မာအစိုးရ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန အမိန့်အရ KIA
အားတိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် RRF ပြည်သူ့စစ်များကို
မြစ်ကြီးနားသို့ သယ်ပို့ခြင်းဖြစ်သည်ဟု ၎င်းနှင့် နီးစပ်သူများ ပြောသည်။

ရ၀မ် အမျိုးသားများဖြင့် သီးသန့်ဖွဲ့စည်းထားသော
သောင်းကျန်းသူဆန့်ကျင်ရေးတပ်ဖွဲ့ဝင်များကို ၂၀၀၇
ရွှေဝါရောင်တော်လှန်ရေးကာလတွင်လည်း ဆန္ဒပြ သံဃာတော်များအား
အင်အားသုံးဖြိုခွင်းရာတွင် အသုံးပြုခဲ့သည်။ ယင်းဆန္ဒပြမှု မတိုင်ခင်
ပြည်သူ့စစ် ၂၀၀ ကျော်အား ပူတာအိုမှ နေပြည်တော်သို့ စစ်လေယာဉ်ဖြင့်
ပို့ဆောင်ခဲ့သည်။

ဆက်လက်ပြီး KIA မှခွဲထွက်ခဲ့သည့် ကချင်ပြည်နယ်အရှေ့ပိုင်း
ပန်ဝါအခြေစိုက် ယခု နယ်ခြားစောင့်တပ် ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော်
(New Democratic Army-Kachin)၊ ရှမ်းပြည်မြောက်ပိုင်းကောင်းခါး
အခြေစိုက် ယခု ပြည်သူ့စစ်တပ်ဖွဲ့ ယခင် ကချင်ကာကွယ်ရေးတပ်မတော် (Kachin
Defence Army) နှင့် ဧရာဝတီမြစ်ဆုံအနီး လ၀ါယန်အခြေစိုက် ဗိုလ်မှူးကြီး
လဆန်အောင်ဝါ ငြိမ်းချမ်းရေးအဖွဲ့ များအား KIA
နှင့်ဖြစ်ပွားသည့်စစ်ပွဲများသို့ နေပြည်တော်အမိန့်ဖြင့်
စေလွှတ်ထားသည်ဟု၎င်းတို့နှင့်နီးစပ်သူများ ပြောသည်။

မြန်မာစစ်တပ်လက်အောက်ခံ ယင်း ကချင်တပ်ဖွဲ့များမှ တစ်ဖွဲ့လျှင်
အနည်းဆုံးစစ်သား ၆၀ စီအားကချင်ပြည် နယ်အရှေ့ဘက် KIA ဌာနချုပ် လိုင်ဇာအနီး
ရှေ့တန်းသို့ ဇွန်လအစောပိုင်းကတည်းက စေလွှတ်ထားကြောင်း
၎င်းတို့နှင့်နီးစပ်သူများပြောသည်။

စစ်ဗိုလ်ဟောင်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသစ်၏ KIAအား
ထိုးစစ်ဆင်ရာတွင် ယခုလို လူမျိုးတူ ကချင်တပ်များအားအသုံးပြုခြင်းသည်
ကချင်အမျိုးသားများကြား စည်းလုံးညီညွတ်မှုပျက်ပြားပြီး
ရန်လိုတိုက်ခိုက်ကြရန် မီးမွေးပေးခြင်းဖြစ်သည်ဟု
ကချင်ခေါင်းဆောင်များခံယူထားသည်။

၁၇ နှစ် ကြာ မြန်မာအစိုးရနှင့် KIA ကြား အပစ်အခတ်ရပ်ဆိုင်းရေးသည်
အစိုးရသစ်တက်လာပြီး ဇွန် ၉ ရက်နေ့ ကချင်ပြည်နယ် မန်မော်
(ဗန်းမော်)ခရိုင်၊ အင်မောက်မြို့နယ်ရှိ KIA ဆန်ဂန်တပ်စခန်းအား
အစိုးရဖက်မှ စတင် တိုက်ခိုက်ရာမှ ပျက်ပြယ်ခဲ့သည်။

KIA နှင့် အစိုးရတပ် လက်နက်ကိုင်ပဋိပက္ခ အကြား အရပ်သားများ ဓါးစာခံဖြစ်
Monday, 11 July 2011 18:28 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် KIA နှင့် မြန်မာအစိုးရစစ်တပ်တို့
လက်နက်ကိုင်ပဋိပက္ခများ အတွင်း နှစ်ဘက် စလုံး၏ ပစ်ခတ်မှုကြောင့် အရပ်သား
သေဆုံးမှုများ ရှိကြောင်း သိရသည်။ယခုလ ၉ ရက်နေ့ ည ၉ နာရီခန့်က
မိုးမောက်မြို့နယ် လောဒန်ကျေးရွာရှိ လမ်းဘေးထမင်းဆိုင်ပိုင်ရှင်
မောင်စိုးဆိုသူ သေ နတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက
သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လောဒန်ရွာပေါ့ မိုးမောက်နဲ့ လွယ်ဂျယ် ကားလမ်းဘေးမှာရှိတယ်။ အဲဒီရွာမှာ ၉
ရက်နေ့ ည ၉ နာရီလောက် က လမ်း ဘေး ထမင်းရောင်းတဲ့ မောင်စိုး အသက်က ၃၈
နှစ် သေနတ်နဲ့ပစ်သတ်ခံရတယ်။လမ်းဘေးထမင်းဆိုင် ဆိုတော့ စားကြ သောက်ကြနဲ့
လူစုံတော့ ဘယ်သူ ပစ်သတ်သွားမှန်း မသိဘူး ” ဟု သူက ဆိုသည်။

KIA တပ်ဖွဲ့ဝင်များ အဆိုပါ လောဒန်ရွာသို့ အဝင်အထွက်ရှိသဖြင့်
ယခုပစ်ခတ်မှုသည် KIA လက်ချက်ဖြစ်ဖွယ် ရှိကြောင်း ဒေသခံများက ထင်ကြေးပေး
ပြောဆိုသည်။အလားတူ ယခုလ ၉ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဋ္ဌဌာနချုပ်
လက်အောက်ခံ ခလရ ရ၄ မှ ဝင်းစင့်ရွာအနီးသို့ လက်နက် ကြီးဖြင့်
ပစ်ခတ်တိုက်ခိုက်ရာ လယ်ကွင်းအနီး ကျည်ကျပေါက်ကွဲသဖြင့် ဝင်းစင့်
ရွာသူတစ်ဦး သေဆုံးခဲ့ရပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နှစ်ဘက်လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားပြည်သူများအပေါ်
မှားယွင်းပစ်ခတ်မှု ၊ သံသယဖြင့်ပစ်သတ်မှု နှင့် မုဒိန်းကျင့်သတ်ဖြတ်မှုများ
ကျူးလွန်နေခြင်း ဖြစ်သည်။လွန်ခဲ့သည့်လအတွင်း ကချင်ပြည်နယ် မံစီမြို့နယ်
ဟန်ထက်ကျေးရွာအနီးတွင် မုဒိန်းကျင့် သတ်ဖြတ်ခံရမှု ၁ ခု အပါအဝင်
ပစ်သတ်ခံရ၍ သေဆုံးသူ အမျိုးသမီး ၂ ဦးရှိခဲ့ကြောင်း သိရသည် ။

အကျဉ်းသား(ပြောင်း) လုံခြုံရေးရဲတပ်ဖွဲ့နှင့် SSA တိုက်ခိုက်မှုဖြစ် ၆
ယောက်ထက်မနည်းသေ
Monday, 11 July 2011 18:25 မွေခေါဝ်


သျှမ်းပြည်တောင်ပိုင်း လွိုင်လင်-တောင်ကြီးကားလမ်း ပေါ် SSA
လွယ်တိုင်းလျဲန်းနှင့် ပင်လုံရဲတပ်ဖွဲ့တို့အ ကြား တိုက်ခိုက်မှုကြောင့်
စခန်းမှူး အပါအဝင် ၆ ဦး သေဆုံးကြောင်း သိရှိရပါသည်။

ဂျွန်လ ၉ ရက် နံနက် ၇:ဝဝ နာရီကျော် လွိုင်လင်အနောက်ဘက် ၇ မိုင်ခန့်အကွာ
တောင်နောဝ်ရွာအလွန်၌ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက
ပြောပါသည်။


“မူးယစ်မှုနဲ့ တရားခံကို တောင်လေးလုံးဘက် သွားပို့တဲ့ ပင်လုံရဲစခန်းမှူး
အောင်မင်း နဲ့ သူ့ရဲ့တပည့် ၂ ယောက် သေတယ်။ တရားခံ ၂ ယောက်နဲ့
ချောဆွဲလာတဲ့ ဗင်ကားဆရာ ဦးသိန်းနိုင်လဲ သေတယ်။ သျှမ်းသူပုန်ဖက်က ၂
ယောက်သေတယ်”


ဒေသခံများ ပြောကြားချက်အရ SSA က ယာဉ်များကို ဆက်ကြေးကောက်ခံနေစဉ်
စခန်းမှူး လိုက်ပါလာ သည့် ဗင်ကားရောက်လာပြီး ဆက်ကြေးကောက်နေသော
သျှမ်းတပ်သား ၂ ဦးအား ရဲတပ်ဖွဲ့က စတင် ပစ်ခတ်သဖြင့် တိုက်ခိုက်မှု
ဖြစ်ပွားရခြင်းဖြစ်သည်ဟုဆို၏။


အတည်မပြုနိုင်သေးသည့် သတင်းများအရ သျှမ်းပြည်တပ်မတော် SSA ၏
ဆက်ကြေးကောက်သူ ၂ ဦးကို တောင်ကြီးဘက်သို့ လွဲပြောင်းစဉ် သတင်းကြိုရသဖြင့်
SSA ဖက်မှ ချုံခိုတိုက်ခိုက်ပြီး ဌင်းတို့လူနှစ်ဦးအား
ပြန်လည်ကယ်ယူသွားကြောင်း၊ ထိုသို့လမ်းဝက်၌ ဖြတ်တိုက်ကယ်ထုတ်မှုတွင်
ရဲစခန်းမှူးနှင့်အဖွဲ့ ၃ ဦး သေဆုံးပြီး ဌင်းတို့လက်နက်အားလုံး
သိမ်းဆည်းသွားကြောင်း ဆိုသည်။


သျှမ်းပြည်တပ်မတော် SSA လွယ်တိုင်းလျဲန်းဖက်မှ အဆိုပါ တိုက်ခိုက်မှုနှင့်
ပတ်သက်၍ အတည်ပြု ပြော ကြားခြင်း မရှိသေးပေ။

ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ကြိတ်ရွာသားများ အလုပ်အကိုင်ပျက်နေ
ဇူလိုင်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ကျေးရွာတွင်
အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ မကြာ ခဏ
ဖြစ်ပွားသောကြောင့် ယခုအချိန်တွင် ရွာသားများသည်
ထိတ်လန့်ကြောက်ရွံ့ကြပြီး အလုပ်အကိုင်လည်း ပျက်ရသည်ဟု ရွာ သားများက
ပြောသည်။

ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များသည်
ပြီးခဲ့သည့် လအနည်းငယ်က ကြိတ်ရွာအတွင်း ၀င်ရောက် စခန်းထိုင်နေသည့်
အစိုးရစစ်တပ် တပ်မ(၂၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များအား
လက်နက်ကြီးငယ်များဖြင့် မကြာခဏ လာ ရောက်ပစ်ခတ်ရာမှ ယခုလို
ရွာသူရွာသားများ ထိတ်လန့်ကြောက်ရွံ့ကြခြင်းဖြစ်သည်ဟု ကြိတ်ရွာသားတဦးက
ပြောသည်။

၎င်းက “တလကို ၂ကြိမ်၊ ၃ကြိမ်လောက် တောကလူတွေ လာပစ်တော့ စစ်တပ်စခန်းနဲ့
အိမ်နီးတဲ့ ကျနော်တို့တွေဆို စိုးရိမ်စိတ်တွေ များလွန်းပြီးတော့
အိပ်လို့တောင် မပျော်ဘူး။ တိုက်ပွဲဖြစ်မှာ ကြောက်နေရတာကတစ်ဖက်ဆိုတော့
အလုပ်တောင် ကောင်းကောင်း မလုပ်ရဘူး။ အခု အခြေအနေက အရင်ကလို အေးအေးဆေးဆေး
အလုပ်သွားလို့ မရတော့ဘူး။ ဘာပဲလုပ်လုပ် လောနေရတာ ချည်းပဲ။”ဟု ပြောသည်။

မြန်မာစစ်တပ်သည် ယခင်က ကျေးရွာအပြင်ဖက်တွင်သာ စခန်းချ တပ်စွဲ၊
လှုပ်ရှားသော်လည်း ယခုနောက်ပိုင်းတွင် ရွာအတွင်း အလယ်ဗဟိုကျသည့်
နေရာတွင်သာ စခန်းချလာခဲ့သည့်အတွက် ကရင်တပ်ဖွဲ့များက ရွာအတွင်း
ပြောက်ကျားဝင်ရောက် ပစ်ခတ် နေခြင်း ဖြစ်သည်။

၎င်းအပြင် တိုက်ပွဲဖြစ်နိုင်ပြီး အခြေအနေ မကောင်းသည့်ရက်များတွင်
စစ်တပ်စခန်းနှင့် အလွန်နီးသည့် နေအိမ်တချို့မှ အမျိုးသမီး နှင့်
ကလေးငယ်များမှာ စစ်တပ်နှင့်ဝေးရာ ဆွေမျိုး၊ အသိမိတ်ဆွေအိမ်များထံသို့
တိမ်းရှောင်အိပ်စက်ကြရကြောင်း သိရသည်။

ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှ ဗိုလ်မှူးစောဆန်းအောင်က “ရွာသားတွေကတော့
အကြောက်လွန်နေတာပေါ့။ ကျနော်တို့က လည်း စစ်တပ်ကိုပဲ အဓိကထား ပစ်ခတ်တာပါ။
နောက်ပြီး စစ်တပ် အလစ်အငိုက်ကို ရွာသားမသိအောင် လုပ်တာပဲ။ အပြန်အလှန်
အကြီးအကျယ် ပစ်ခတ်မှုတော့ ကျနော်တို့ မလုပ်ပါဘူး။ အဲလိုလုပ်ရင်
လူထုကိုထိမှာပေါ့။”ဟု ကေအိုင်စီကို ပြောသည်။

ယခုအချိန်ထိ ကြိတ်ကျေးရွာတွင် ပစ်ခတ်မှုကြောင့် ရွာသားများ
ထိခိုက်မှုမရှိသေးသလို ကြိတ်ရွာအနီးတ၀ိုက်ရှိ ကျေးရွာများနှင့်
စစ်တပ်စခန်းချသည်။

Reply all
Reply to author
Forward
0 new messages