Google Groups no longer supports new Usenet posts or subscriptions. Historical content remains viewable.
Dismiss

ဝဠ်ဆိုတာ လည်တယ်

39 views
Skip to first unread message

Zomi for Federalization and Democratization of Bur

unread,
Mar 11, 2015, 5:02:02 PM3/11/15
to

======
The words of Thein Sein are not to be trusted. He is a deceiver, a liar. He is not a genuine Buddhist. He is a fake Buddhist. A genuine Buddhist does not tell lies. What he sows, he will reap.
======


ဖိုးထက် – ၀ဠ်ဆိုတာ လည်တယ်
March 11, 2015

==
Image:
Bloody Tuesday.jpg

Boody Tuesday
Myanmar: March 10, 2015
Graphic Design: AungHtet
==

ဖိုးထက် – ၀ဠ်ဆိုတာ လည်တယ်
(မိုးမခ) မတ် ၁၁၊ ၂၀၁၅

“၀ဠ်ဆိုတာ လည်တတ်ပါသည်။” “၀ဠ်ဆိုတာ လည်ပါသည်။” လို့ ထပ်ပြောချင်သည်။ ဖြစ်ချင်မှ ဖြစ်မည် မသေချာသည့် သဘော “တတ်” ကို ဖြုတ်ပြစ်ချင်သည်။ ကျွန်တော့် ဘ၀အတွေ့အကြုံအရသာဆိုလျှင် ၀ဠ်ဆိုတာ လည်ကို လည်တယ်လို့ ရဲရဲကြီး ပြောချင်သည်။

ဒီလို မှတ်ချက်ကြီး ခပ်တင်းတင်းချဖို့ ဘယ်ဘာသာရေး စာအုပ် စာတမ်း၊ ဘုရားရှင်များကို ကိုးကားဖို့ ကျွန်တော့်အတွက် မလိုအပ်ပါ။ ဘ၀မှာ ကြုံခဲ့ ဆုံခဲ့ရသော အဖြစ်အပျက်များကို သေသေချာချာ အားမနာတမ်း၊ ကိုယ့်ကိုယ် ကိုယ် မညှာစတမ်း၊ မရှက်စတမ်း၊ ကိုယ့်ကျောကိုယ် မသပ်စတမ်း တစ်ခါတစ်ရံ ပြန်တွေးမိသည်။ ကြက်သီးများ ထလောက်အောင် ၀ဠ်တွေ လည်တာ၊ လည်ခဲ့တာ၊ လည်နေတာ ကို တွေ့ရ၏။

ကိုယ့်ကို နှစ်နှစ်ကာကာ စိတ်ကောင်းစေတနာ မေတ္တာအပြည့်ထားသော သူများကို လိမ်ခဲ့သမျှ ကိုယ်က နင့်နေအောင် စိတ်နှစ်ထားသော သူများက အမျိုးမျိုး လိမ်တာ ကြုံရသည်။ ကိုယ့်ကောင်းကျိုးကိုသာ လိုလားသော သူများကို စိတ်ညစ် စိတ်ကွက်အောင် လုပ်ခဲ့သမျှ သူ့ကောင်းကျိုးကို လိုလားပါလျက်နှင့် ဘ၀ကို အသေသတ်ဖို့ ကြိုးစားတာ ကြုံရ၏။ ကိုယ့်အပေါ် ကျေးဇူး အလွန်ကြီးသော သူများကို လိုအပ်မှ ဆက်သွယ်မိသလောက် ကိုယ့်ဘက်က ကျေးဇူးသက်သက်သာ ရှိခဲ့ပါလျက် လမ်းတွေ့လျှင်တောင်မှ မသိကျိုးကျွံပြုတာ ခံရ၏။ ကိုယ့်ကို အလေးအနက်ထားသော သူများကို ပေါ့ပျက်ပျက်ဆက်ဆံခဲ့သလောက် ကိုယ်က သေမတတ် အရေးထားသော သူများက ပေါ့တိပေါ့ပျက် ကပေါက်တိ ကပေါက်ချာ ပါးစပ်ထဲတွေ့ကရာ လျှောက်ပြောတာ ခံရ၏။

ကျွန်တော်လို အကုသိုလ် အတစ်လိုက် အကောင်မျိုး မဆိုထားဘိ ဗုဒ္ဓရှင်တော်မြတ်ကြီးသော်မှ နွားကျောင်းသား ဘ၀က ရေသောက်ချင်သည့် နွားတွေကို မသောက်စေရဘဲ ဇွတ်မောင်းမိသည့် အပြစ်ကြောင့် သွေးဝမ်းသွားသည့် အချိန်မှာ သောက်သုံးရေ သန့်သန့် ရှာခပ်လို့ မရတာ ကြုံရသည်လို့ မှတ်သားဘူးသည်။ ရှင်မဟာ မောဂ္ဂလန် ကိုယ်တော်မြတ်ကြီးမှာ ရှေးရှေးဘ၀က မယား စကားနားထောင်ပြီး မိဘကို ရိုက်နှက်ခဲ့သောကြောင့် ဘုရှားရှင်၏ လက်ဝဲတော်ရံ ဘ၀မှာသော်မှ ခိုးသား ဓားပြတွေ ရိုက်တာခံရပြီး ပရိနိဗ္ဗာန် ပြုရသည်လို့လဲ ကျွန်တော် ဖတ်ဘူးသည်။

ကျွန်တော့်ဘ၀မှာလဲ ရမယ်ရှာပြီး ၀ဠ်လည်တာ ကြုံဘူး၏။ ဖြစ်ပုံက…

အမအငယ်ဆုံးနှင့် ကျွန်တော်က အိမ်မှာ ပြိုင်ဖက်။ သူက သူတစ်ဖက်သားကို မဟုတ်တာ မလုပ်။ မမှန်တာ မပြော။ သူ့ကို လာလုပ်ရင်လဲ နည်းနည်းမှ သီးမခံဘဲ ကက်ကက်လန်အောင် စွာသော သူဖြစ်သည်။ ကျွန်တော်က ပေါ့တိပေါ့ပျက်။ ဘယ်အရာမှ ခေါင်းထဲ သိပ်ထည့်တာမဟုတ်။ ဒီကွေ့ကို ဒီတက်။ ဟိုကွေ့ကို ဟိုတက် လုပ်ချင်သော အကောင်။ ဒီတော့ ငယ်ငယ်ကတည်းက သိပ်အစေးကပ်တာ မဟုတ်။ တစ်နေ့ မောင်နှမနှစ်ယောက် ထမင်း အတူစားကြရင်း ဘာအတွက်ကြောင့် နှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် ကြည့်မရ ဖြစ်နေခဲ့ကြသလဲ မသိ။ အသားဆိုလျှင် လုံးဝမစားသော သူ့ဟင်းပန်ကန်ထဲသို့ သောက်ကျင့် အလွန်ယုတ်သော ကျွန်တော်က အသားဟင်း ခပ်သော ဇွန်းဖြင့် တမင်သက်သက် ယောင်ချင်ယောင်ဆောင်ပြီး ဇွန်းစပ်လိုက်သည်။ အမကလဲ ခေသူမဟုတ်။ ဟင်းခွက်ဖြင့် မျက်နှာကို သင်္ကြန် ရေပက်သလို ပက်လိုက်ရာ ကျွန်တော့်မှာ ကိုယ်က စပြီး ကိုယ်ခံရတော့ သီးခံချင်စိတ် လုံးဝမရှိသော လူယုတ်တို့ ထုံးစံအတိုင်း လက်သီးဖြင့် အားကုန် စွပ်ထိုးချလိုက်မိသည်။ အမ၏ ညာမျက်ကွင်းကြီး ညိုမဲသွားသည်မှာ သုံးလခန့် အကွင်းလိုက်ကြီး ဖြစ်လျက်ကျန်ခဲ့သည်။

ရန်ပွဲကို ၀င်ဆွဲသူ အမေက သူ့သမီး မျက်လုံးကြီး ရောင်ကိုင်းတာကို ကြည့်ပြီး ငိုကြီး ချက်မဖြင့် “မင်းကို အမေပြောမယ်။ ဘယ်သူမှန်တယ်၊ မှားတယ် ပြောချင်တာ မဟုတ်ဘူး။ အေး ဒါပေမယ့် အားကြီးတဲ့ သူက အားနည်းတဲ့ သူကို လက်မပါရဘူး။ ကိုယ့်ထက် အားနည်းသူကို လက်ပါချင်တာ အတော် ယုတ်တဲ့ အကျင့်။ နောက်ပြီး ၀ဠ်ဆိုတာ လည်တတ်တယ် ငါ့သား” လို့ ၀င်ဆုံးမရှာတယ်။ ကျွန်တော်က လူတစ်ယောက်ဆိုတော့ လူသဘာဝ၊ လူ့အကျင့်ဘဲပေါ့။ ကိုယ်အပြစ်ကျတော့ ဆီးစေ့လောက်။ သူအသားဟင်း မစားတာကို ဇွန်းစပ်အောင် လုပ်တဲ့ အပြစ်ကျတော့ ခပ်သေးသေး။ သူက ဟင်းခွက်နဲ့ ပက်တဲ့ အပြစ်ကိုကျတော့ မြင်းမိုရ်တောင်လောက် မြင်သည်။ အို…ငါမှန်တယ်။ ငါက စလုပ်တာ မဟုတ်။ သူက ဟင်းခွက်နဲ့ ပေါက်လို့ ငါက ထိုးတယ်။ ဒါဘဲ။ ဘာ ၀ဠ်လည်စရာရှိသလဲလို့ နောင်တ မရနိုင်လောက်အောင် အလွန် မိုက်ခဲ့ပါသည်။

အဲဒီ အဖြစ်အပျက်ဖြစ်ပြီး နောင် ငါးနှစ်ခန့် ကြာသောအခါမှာ လမ်းပေါ်မှာ ဘာရန်ငြိုးရန်စမှ မရှိပါဘဲ သုံးယောက်တစ်ယောက် ရန်ဖြစ်ရသည်။ ကျွန်တော်က ဂျက်လီလဲ မဟုတ်။ ဂျက်ကီချန်းလဲ မဟုတ်။ တွေ့ကရာ ဆွဲ၊ ကုပ်၊ ထု၊ ထိုး၊ ကိုက် လုပ်သည်တောင်မှ ရန်ပွဲပြီးတော့ မျက်လုံးကြီး နှစ်ခုက မျက်မှန် အမည်းကြီး တပ်ထားသလို ဖြစ်လို့ ကျန်ခဲ့သည်။ အဲဒီ ဒဏ်ရာကြီးနဲ့ အိမ်ကို ပြန်တော့ အမေက အင်း….ဆိုသည့် အသံရှည်ကြီးနှင့် ပြုစုပေးရှာသည်။ အမေ့ရဲ့ အာလုပ်သံ “အင်း….” ကို ကျွန်တော် နားလည်ပါသည်။ ၀ဠ်ဆိုတာ လည်တယ် သားရယ်လို့ ပြောချင်ဟန်တူသည်။
ဒါက ထင်သာ မြင်သာ ရှိသော ကျွန်တော် ကြုံခဲ့ရသည့် ၀ဠ်လည်ခြင်းမျှသာ။ စိတ်ခံစားမှုနှင့် ဆိုင်သော၊ စိတ်လက်ချမ်းသာ ရှိခြင်း မရှိခြင်းနှင့် ဆိုင်သော သံသရာ ၀ဠ်ဆင်းရဲတွေကရော။ အများကြီး ရှိပါသည်။

အမေ့ကို မျက်ရည်ပေါက် ကြီးငယ် ကျအောင် လုပ်ခဲ့သည့် ကျွန်တော့်ကို အမေက “ မိဘကို ပြန်ပြောတဲ့ သား၊ သမီး။ မိဘကို မသိတတ်တဲ့ သား၊ သမီး ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီးဘူး ကြပ်ကြပ် မှတ်ထား” ဟု ငိုတတ်သည်။ တကယ်တော့ အမေက သူ့သားကို ကျိန်ဆဲသည် မဟုတ်။ မကောင်းတာ ဖြစ်ပါစေတော့ဆိုတဲ့ စိတ်စေတနာ ရှိလို့ ပြောတာ မဟုတ်။ သို့သော် စိတ်ဆိုးစဉ်ခဏဘဲ ပြောပြော၊ မိဘကို ၀မ်းနည်း ပူဆွေးရအောင် လုပ်မိသည့် အပြစ်က အခုအချိန် ကျွန်တော့်ဘ၀ကို ပြန်လှည့်ကြည့်မိတော့ ကျောချမ်းလောက်အောင် မှန်နေခဲ့တာ တွေ့ရသည်။ ဘ၀ကို ပူဆွေး ၀မ်းနည်းအောင် အမျိုးမျိုး လုပ်ကြမည့် လူတွေ အနီးအနားမှာ အဆင်သင့် အချိန်တိုင်း စောင့်နေတာတွေ တွေ့ရသည်။ ဒီလို ဆိုတော့ အမေက ပြောလို့ ကျွန်တော် ဖြစ်ရတယ်လို့ မဆိုလို။ မိဘကို မျက်ရည်ကျအောင်လုပ်မိသည့် သူများသည် လူချမ်းသာပေမယ့် စိတ်ချမ်းသာမှု ဝေးသည်ဆိုတာ ကျွန်တော်ယုံကြည်ပါသည်။

အခု မိဘပြည်သူများဟု ခေါ်နေသော သူများက မိဘပြည်သူများ၏ အသည်းနှလုံးများကို ထုရိုက်ပုတ်မောင်း လုပ်တာ တွေ့ရတော့ အမေ့စကားကို ကျွန်တော် သတိရသည်။ “ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီး” ဆိုတာပေါ့။ အမေ့ကို ကျွန်တော် စောဒက တက်ချင်သည်။ “စော်လဲ စော်ကားတယ်။ မိုက်လဲ မိုက်ရိုင်းတယ်။ သီလလဲ မလုံဘူး။ ခိုးက လဲ ခိုးတယ်။ ၀ှက်ကလဲ ၀ှက်တယ်။ လိမ်ကလဲ လိမ်တယ်။ လက်နက်ကလဲ အားကိုးသေးတယ်။ လူမိုက်အားလဲ ပေးတယ်။ ဒီလူတွေက အခု ဘုန်းကြီးနေပါလား အမေရဲ့” လို့ ကျွန်တော် ပြောချင်သည်။

ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ကျွန်တော်မဆိုလို။ ကောင်းတယ် ရိုက်သာရိုက်၊ ချသာချဟု အလွန်လူစိတ်ကင်းမဲ့သော လူ့တိရစ္ဆာန်များနှင့်လဲ စကားမများလို။ အားကြီးသော သူက အားငယ်သော သူကို သဘောထား ကြီးရပေမည်။ အရာရာကို အလျှော့ပေးရမယ်လို့ မဆိုလို။ တစ်ခုလပ် အမေ ကျွန်တော့်ကို ဆုံးမသည့် ကိုယ့်ထက် အားငယ်သူကို လက်မပါရဘူး ဆိုသည့် ဆိုဆုံးမမှုလေးတွေသော်မှ သူတို့ မိဘဆွေမျိုးများက သင်ကြားပေးလိုက်ဟန် မတူ။ မိမဆုံးမ ဖမဆုံးဟု ဒေါ်စု မကွေးမှာ ပြောခဲ့တာ မှန်ပုံရသည်။ အခုတော့ ငယ်တဲ့ အမှုကို ကြီးစေ။ ကြီးတဲ အမှုကို ထိန်းမရဖြစ်စေ။ ဒီလိုဖြစ်မှ ဟိုလိုဖြစ်မှာ။ ဒီယုန်မြင်လို့ ဒီချုံထွင်တာလားတော့ မသိ။ တိုင်းပြည်ကြီးကို ချောက်နဲ့ လက်နှစ်လုံးလောက်မှာ အမြဲရှိစေချင်ကြသည်လား မသိ။ မာန်မန ယှဉ်ပြိုင်ထားရလောက်အောင် တောင်းဆိုနေကြတာလဲ မဟုတ်။ အခုတော့ မမြင်ရက်စရာ။ မကြားရက်စရာ။ ၀မ်းအနည်းကြီး နည်းစရာ။ ကိုယ့် သမိုင်း ကိုယ်ရေး။ ကိုယ့် အထုပ် ကိုယ်ဖြည်ပြခဲ့ကြပြီးပြီဘဲ။

သို့သော်…

ကျွန်တော်နှင့် အမြဲ ရန်ဖြစ်နေကြ အမအငယ်က ဒေါသထွက်ပြီဆိုလျှင် “ငါတို့များဆို သိပ်နိုင်တယ်။ အပြင်လူတွေဆိုရင် ဖင်ခံ ပေါင်းတယ်” ဟု သူ့ကို လက်ပါချင်သည့် ကျွန်တော့်ကို အမြဲ ပြောတတ်သည်။ (ကန်တော့ပါ စာဖတ်ပရိတ်သတ်။ ဒီနေရာမှာ ဒီစာလုံး သုံးကို သုံးရမှာမို့လို့ပါ) အခုလဲ ကျွန်တော့် အမငယ်စကားကို ပြန်ငှားသုံးရလျှင်ဖြင့် “ ငါတို့များဆိုရင် သိပ်နိုင်တယ်။ သိပ်အာဏာပြတယ်။ သိပ်တင်းတယ်။ သူများနဲ့ များဆိုရင် ဖင်ပေးပေါင်းတယ်။” လို့ ကျွန်တော် ဒေါသတွေ အလိပ်လိုက် ထွက်နေမိတယ်။

ကျွန်တော် ပြောရင် ယုံပါ။ ဘုရားရှင်တောင် ရှောင်မလွတ်တဲ့ ၀ဠ်။ ၀ဠ်ဆိုတာ လည်ပါတယ်။

ဘယ်တော့ လည်မလဲ မမေးပါနဲ့။ ဘယ်လို လည်မလဲ မသိချင်ပါနဲ့။

ကျောင်းသားတွေကို အရိုက်ခိုင်းတဲ့ လူတွေ စိတ်လက်ကြည်သာစွာ အိပ်နိုင်ရဲ့လား အရင် မေးလိုက်ပါ။

ကျောင်းသားတွေကို ခွေးဆွဲသလို ၀င်ဆွဲတဲ့ လူတွေ စိတ်လက်ကြည်သာစွာ အစားတစ်လုပ် စားနိုင်ရဲ့လား အရင်မေးပါ။

မိဘပြည်သူများခင်ဗျားဆိုပြီး ပါးစပ်က ခေါ် လက်ကဆော် စော်ကားတဲ့ သူများ ကျွန်တော့် အမေ ပြောသလို ပြောချင်ပါရဲ့။

“ဘုန်းကြီး ကြပါစေ။ သက်ရှည်ကြပါစေ။ ပြည်သူတွေ ပို့သတဲ့ မေတ္တာနဲ့ ဒီထိုင်ခုံ။ ဒီစည်းစိမ်တွေနဲ့ စိတ်လက်ကြည်သာ ချမ်းမြ ရှိကြပါစေ” လို့
ကျွန်တော် ဆုတောင်းပေးရင် ၀မ်းမသာပါနဲ့လေ။ ထပ်ပြောချင်ပါတယ်။ ၀ဠ်ဆိုတာ လည်ပါတယ်။ ဟိုဟာ ဟိုလူတွေကို ပေးပေါင်းချင်ပေါင်းပေါ့။
မိဘပြည်သူများကို မစော်ကားရင်ကိုဘဲ တကယ် ဆုတောင်းပေးပါ့မယ်။ “ဘုန်းကြီးပါစေ….အသက်ရှည်စေ”

http://gita.cc/archives/42732

======

0 new messages