
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက်က ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော ၆/၈၈ ဥပဒေဟု လူသိများသည့် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေကို လက်ရှိတွင် ဆိုင်းငံ့ထားရန် အရပ်ဘက်လူ့အဖွဲ့အစည်းများက လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် တောင်းဆိုကြသည်။
ပြည်သူ့လွှတ်တော်က ရေးဆွဲထားသော အဖွဲ့အစည်းဆိုင်ရာ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းကို အတည်ပြုမပြဋ္ဌာန်းနိုင်သေးမီ ၆/၈၈ ဥပဒေကို ဆိုင်းငံ့ထားပေးရန် အလေးအနက်ပြောကြားလိုပါကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက သြဂုတ် ၁၅ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော အထက်ပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအထက်ပိုင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်ဖြစ်သူ လားရှိုးမြို့ HIV အမျိုးသမီးနှင့်ကလေးများကို ကျန်းမာရေး၊ ပညာရေးနှင့် အခြားထောက်ပံ့ရေးရိပ်သာမှ မနော်ဘွေမူက ““နိုင်ငံတော်ရဲ့ အရပ်ဘက်အဖွဲ့အစည်းများကို အဟန့်အတားဖြစ်စေတဲ့ ၆/၈၈ ဥပဒေကိုလည်း လုံးဝဖျက်သိမ်းသင့်ချိန်ရောက်နေပါပြီ”” ဟူ၍ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦးကလည်း မူကြမ်းအဖြစ် ရေးဆွဲထားသော သင်းဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေကြမ်းသည် ၆/၈၈ ဥပဒေကို အခြေခံပြီးရေးဆွဲကာ ပြည်သူကို ချပြခြင်းဖြစ်သော်လည်း ၎င်း၏ ပုဂ္ဂိုလ်ရေးအမြင်နှင့်ပြောရလျှင် မူ၆/၈၈ ဥပဒေကို မကြိုက်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ၆/၈၈ ဥပဒေသည် လက်ရှိအခြေအနေတွင် မရှိသင့်တော့သော ဥပဒေဖြစ်၍ ပယ်ဖျက်ပေးရန် လွှတ်တော်တွင် အဆိုတင်ပြဆွေးနွေးခဲ့ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါက်တာ ဇော်မြင့်အောင်က ပြောကြားသည်။ ““ဒါပေမဲ့လည်း ပြည်ထဲရေးက လိုသေးတယ်ဆိုလို့ ဆက်ထားရတယ်”” ဟု ၎င်းက ပြောကြားသည်။
၆/၈၈ ဥပဒေသည် အရပ်ဘက်အဖွဲ့အစည်းများအတွက် အကြောင်းမညီညွတ်လျှင် ထောင်ဒဏ်ငါးနှစ်ကျခံရစေနိုင်သော ဖိနှိပ်သည့် ဥပဒေအဖြစ် လူပြောများသည့် ဥပဒေဖြစ်သည်။
--
You received this message because you are subscribed to the Google Groups "ShareMercy_English_Learning_Club" group.
To unsubscribe from this group and stop receiving emails from it, send an email to sharemercy_english_lea...@googlegroups.com.