#ရခိုင်ပြည်သွေးချောင်းစီးတော့မည်လော
……………………………………………………………
ကိုဝင်းမြင့်ကတော့ လူသတ်သမားသမ္မတဖြစ်တော့မယ်။ ရခိုင်လူမျိုးတွေရဲ့ သမိုင်းရေးရန်သူ ဖြစ်တော့မယ်။ ရခိုင်ရာဇဝင်မှာ ကိုဝင်းမြင့်ဟာ သိုဟန်ဘွားနာမည်နဲ့ ထင်ရှားလာတော့မယ်။ စစ်တပ်မိုက်ရိုင်းသမျှ ကိုဝင်းမြင့် ခိုင်းလို့ ဖြစ်ရတော့မယ်။ ဗမာသမိုင်းမှာ နေဝင်းပြီးရင် အကျော်ကြားဆုံးစစ်ဘုရင် ဖြစ်မှာပါ။
ဇော်ဌေးက ရခိုင်လူမျိုးတွေကို ခြိမ်းခြောက်ထားတယ်။ ရခိုင် ရပ်မိရပ်ဖတွေကို နားရွက်တံတွေးဆွတ်ထားတယ်။ ရခိုင်လူငယ်တွေ CSO တွေကို စိန်ခေါ်ထားတယ်။ ဘင်္ဂလားဒေ့ရှ်ကိုပါ မဟုတ်တမ်းတရားစွပ်စွဲပြီး ရခိုင်ဘက်က ဝင်မကူဖို့ သတိပေးထားတယ်။ ပိုဆိုးတာက အာဆာနဲ့အေအေကို တသားတည်းဖြစ်အောင် ပေးစားထားတာပဲ။ စစ်ဘီလူးဟာ အစွယ်တငေါငေါနဲ့ သွေးဆာနေပါပြီ။
ကျွန်တော်ကတော့ ၁၉၇၂ ခုနှစ်က သန်းတင်ရဲ့ထော်ပိုင်စစ်ဆင်ရေးနဲ့ ၁၉၉၁ ခုနှစ်က S2 တင်ဦးရဲ့ မြစ်ဝကျွန်းပေါ်ဒေသမုန်တိုင်းစစ်ဆင်ရေးတွေကို သတိရမိပါတယ်။ ကမ္ဘာမှာ လူမဆန်ဆုံး စစ်ဆင်ရေးတွေပါ။ ကြည်းရေလေတပ်ဖွဲ့အင်အားတွေ မတန်တဆသုံး လူနေရပ်ကွက်တွေထဲကို ဗုံးကြဲ ကျေးရွာတွေကို အမြှောက်နဲ့ထု။ လေယာဉ်ပေါ်က စက်သေနတ်နဲ့ပစ်ထားလို့ ခါးတပိုင်းပြတ်နေတဲ့ အုန်းပင်တွေက ဘိုကလေးကျေးလက်တခွင်မှာ မမြင်ချင်မှအဆုံး။ ပြည်တွင်းစစ်ရဲ့ဒဏ်ရာက ကရင်ဗမာ သွေးကွဲအောင် မျိးစေ့ချပေးခဲ့တယ်။
ပြောက်ကျားစစ်ပွဲဆိုတာ အင်အား မတန်တဆကြီးတဲ့ရန်သူကို လူထုအခြေခံပြီး တန်ပြန်တိုက်စစ်ဆင်တဲ့နည်းပါ။ ပြောက်ကျားစစ်ကို ဘယ်လိုရန်သူမျိုးကမှ မချေမှုန်းနိုင်ဘူးလို့ ပြောရမလောက်ပါပဲ။ ဒါပေမယ့်လည်း ဘယ်ကိစ္စမဆို ခြွင်းချက်ရှိတယ်။ ပြောက်ကျားစစ်မှာလည်း သူ့အားနည်းချက်နဲ့သူရှိပါတယ်။ ပြောက်ကျားစစ်ရဲ့ အားနည်းချက်ကတော့ တခြားမဟုတ်ပါဘူး။ လူထုကို မှီခိုနေရတာပါ။
ဒါကြောင့် မြစ်ဝကျွန်းပေါ်တိုက်ပွဲတွေမှာ သန်းတင်တို့ တင်ဦးတို့ဟာ ကရင်သူပုန်ကို မတိုက်ပါဘူး။ ကရင်လူထုကိုပဲ ဖမ်းတယ် သတ်တယ် မုဒိမ်းကျင့်တယ်။ သူပုန်ကို လက်မခံရဲအောင် မတန်တဆအင်အားနဲ့ အကြမ်းဖက်ဖိနှိပ်တယ်။ အခုလည်း ရခိုင်ကို ကြည်းရေလေအင်အားကုန်သုံးပြီး တိုက်မှာပါ။ ဒီလိုတိုက်ချင်လို့လည်း ကျန်တဲ့ စစ်မျက်နှာတွေကို မျက်နှာချိုသွေး ဖင်ပေးပေါင်းနေတာပါ။ အခု ရခိုင် ထိုးစစ် စပါတော့မယ်။ ပြောက်ကျားစစ်သက်နုချိန်မှာ အင်အားအဆ ရာထောင်ပိုကြီးတဲ့တပ်နဲ့ ဖိနှိပ်ရင် ပြိုကွဲခဲ့ဖူးတဲ့ အစဉ်အလာလည်း ရှိပါတယ်။ စစ်တပ်က ဒီသေနင်္ဂဗျူဟာကိုပဲ သုံးမှာပါ။ ရခိုင်ရဲ့ထွက်ပေါက်က ဘင်္ဂလားဒေ့ရှ်ပဲ။ ဒါကြောင့် ဇော်ဌေးက ဘင်္ဂလားဒေ့ရှ်ကို ကြိုဟောင်ထားတာပါ။
ရခိုင်မှာ သွေးချောင်းစီးတဲ့ စစ်ပွဲကြီးဖြစ်တော့မယ်။ စစ်ပွဲလို့ ပြောရတာတောင် မကောင်းပါဘူး။ သူတို့က ရခိုင်တပ်မတော်ကို တိုက်မှာ မဟုတ်ဘူး။ ရခိုင်လူထုကိုပဲ ချေမှုန်းမှာပါ။ ဒါကြောင့် ရခိုင်လူငယ် CSO တွေကို ကြိုပြီးဆဲထားတာပါ။ ရခိုင်ရပ်မိရပ်ဖတွေကို သရော်မော်ကား လုပ်ထားတာပါ။ လွှတ်တော်တွင်း လွှတ်တော်ပ ရခိုင်နိုင်ငံရေးသမားတွေကို ကြိုဟန့်ထားတာပါ။ ရခိုင်တပ်နဲ့ မလွှဲမရှောင်သာတဲ့ တိုက်ပွဲတွေဖြစ်ပါလိမ့်မယ်။ ဒါကလည်း ရခိုင်ပြည်သူတွေကို ရခိုင်တပ်က ကာကွယ်လာမှ ဖြစ်မှာပါ။ အဓိကကတော့ ရခိုင်လူထု ချေမှုန်းရေးပဲ။ ရခိုင်လူထုကို မျိုးတုန်းအောင် လုပ်ပစ်လိုက်ရင် အေအေ ဘာခံနိုင်မလဲလို့ သူတို့တွေးနေတာပါ။
စစ်သားဟောင်းဇော်ဌေးက ဗီယက်နမ်စစ်ပွဲကို မေ့နေပုံရပါတယ်။ ဗီယက်နမ်စစ်ပွဲကို အမေရိကန်တွေကလည်း ဆန့်ကျင်ခဲ့တယ်။ ရခိုင်တွေကို လုယက်သတ်ဖြတ် မုဒိမ်းကျင့်နေရင် ဗမာတွေက လက်ပိုက်ကြည့်နေလိမ့်မယ်လို့ ဇော်ဌေး ထင်နေပုံရတယ်။ ဇော်ဌေးရော မင်းအောင်လှိုင်ရော ဝင်းမြင့်ရော မှတ်ထားပါ။ ရခိုင်တွေကို ထိုးစစ်ဆင်ရင် ဗမာလူထုရဲ့ ဆန့်ကျင်မှုကို မုချခံရမယ်။
တတိုင်းတပြည်လုံး လူမျိုးပေါင်းစုံပြည်သူတရပ်လုံးက ရခိုင်စစ်ပွဲကို ဆန့်ကျင်ကြမှာ မုချပဲ။ ဗိုလ်ချုပ်သမီးအားကိုးနဲ့ ရခိုင်မှာ ဂျီနိုဆိုက်လုပ်မယ်စိတ်မကူးပါနဲ့။ ဆိုးဝါးပက်စက်တဲ့အကြံအစည်တွေကို အခုချက်ချင်း လက်လျှော့လိုက်ပါ။ ဗမာအပါအဝင် တတိုင်းတပြည်လုံးလူထုက ရခိုင်ဘက်က ရပ်မှာပါ။
ရခိုင်ပြည်နယ် အမြဲထာဝရ ငြိမ်းချမ်းပါစေ။
ရခိုင်ပြည်သူ့ အရေးတော်ပုံ အောင်ပါစေ။
ရခိုင်လူထုတရပ်လုံး စစ်မက်ဘေးကင်းဝေးပါစေ။

ဘူးသီးတောင် က ရဲကင်းတွေ အတိုက်ခံရ လက်နက်တွေ အသိမ်းခံရတော့ လက်ရှိတပ်မတော်ဟာ အတော်လေး အရှက်ရ ခံပြင်းသွားပုံရတယ်။ တပ်မ ၆၆ နဲ့ ၉၉ တွေ ကို ချက်ခြင်းစေလွှတ်လို့ အမြစ်ဖြုတ်ဖို့ ကြိုးစားမယ် ဟန်ပြင်နေပါတယ်။
တကယ်တော့ အေအေ ပေါ်ပေါက်လာရတာ ဗမာအစိုးရ အဆက်ဆက် အသုံးမကျခဲ့ လို့ ပဲလို့ မြင်တယ်။ရခိုင်တွေ ဟာ နှစ် အကြာကြီး စောင့်ခဲ့ကြပါတယ်။ ကချင်တွေ ကရင်တွေ ကယားတွေ မွန်တွေ ရှမ်းတွေ အသီးသီး ပုန်ကန်နေကြခဲ့ချိန်မှာတောင် ရခိုင်တွေဟာ လက်နက်မကိုင်ပဲ အေးအေး ဆေးဆေး နေခဲ့ကြတယ်။
အများသိကြတဲ့ အတိုင်း ၄-၁-၄၈ လွတ်လပ်ရေးကြေညာချက်မှာ ရခိုင်လူမျိုး ကို အသိအမှတ်မပြုခဲ့ မဖော်ပြခဲ့ဘူး ၄၇ ခြေဥမှာလည်း ပြည်နယ်မရခဲ့။ ၄၇ ပင်လုံမှာလည်း ရခိုင်ဟာ လူမျိုးစုတစ်ခု အနေနဲ့ ပါဝင်လက်မှတ်မထိုးခဲ့ရဘူး။ ရခိုင်ဟာ ဗမာ ရဲ့ အစိတ်အပိုင်းတစ်ခု လက်အောက်ခံတစ်ခု အနေနဲ့ ပဲ သတ်မှတ်ခဲ့တာ။ ဦးနေဝင်း လက်ထက် ၇၄ ခြေဥကျမှ ရခိုင်ပြည်နယ် ရယ်လို့ ရှိလာခဲ့တာ။ ခေတ်အဆက်ဆက်ရဲ့ ဇာတ်လမ်းတွေပေါ့ဗျာ။
အေအေ ဘာလို့ ပေါ်ပေါက်လာရသလဲဆိုရင် ဒီမေးခွန်းလေးတွေ စဉ်းစားကြည့်ပါ။
(၁) အစိုးရအဆက်ဆက်ဟာ ရခိုင်တွေ ရဲ့ ခံစားချက်နဲ့ နာကျည်းချက်တွေ ကို တကယ်နားလည်ဖို့ ကြိုးစားခဲ့ကြသလား။ မတော်တရော် စီမံခန့်ခွဲမှုတွေကြောင့် လူမျိုးရေးပြဿနာ နိုင်ငံရေးပြဿနာ နယ်စပ်ပြဿနာတွေနဲ့ ရခိုင်တွေ နေရပ်က စွန့်ခွာလို့ နေရာပျောက်ရမဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတယ်ဆိုတာ နားလည်ကြပါသလား။
(၂) အစိုးရအဆက်ဆက်ဟာ ရခိုင်တွေ ကို ဘယ်လောက်အသိအမှတ်ပြုခဲ့သလဲ။ ၁၇၈၄ အထိ ကိုယ့်ထီးကိုယ့်နန်းနေခဲ့တဲ့ ရခိုင်တွေ ကို တန်းတူ အသိအမှတ်ပြုဖို့ စဉ်းစားခဲ့ပါသလား။
(၃) အစိုးရ အဆက်ဆက်ဟာ ရခိုင်တွေ အပေါ် တာဝန်ကျေခဲ့ပြီလား။ ရခိုင်ပြည်နယ် က သယံဇာတတွေ ရယူသလောက် ရခိုင် လူထုအတွက် ပြန်ပေးနိုင်ခဲ့ပြီလား။ ဒီနေ့ ရခိုင်ဒေသရဲ့ စီးပွားရေးပြောင်းလဲတိုးတက်မှုတွေမှာ ရခိုင်ကို ၀င်ရောက်လာတဲ့ နိုင်ငံတကာ အလှုငွေတွေ နဲ့ တရားမဝင်စီးပွားရေးတွေ ရဲ့ ထောက်ကူမှု က ဘာလို့ အဓိက ဖြစ်နေရပါသလဲ။
(၄) မကြာခင်ကမှ ပေါ်ပေါက်လာတဲ့ အေအေဟာ ဘာကြောင့် အားကောင်းလာရတာလဲ ရခိုင်မှာ ဘာလို့ ခြေကုပ်ယူလာနိုင်ရတာလဲ။ ရခိုင်ပြည်သူတွေ ရဲ့ ထောက်ခံအားပေးမှု မရှိပဲ ရခိုင်မှာ အေအေ မရပ်တည်နိုင်ပါ။
(၅) နိုင်ငံရေးဒိုင်ယာလော့ အစစ် မဖြစ်တဲ့ အခါ လက်နက်ကိုင်လမ်းစဉ်ကပဲ တစ်ခုတည်းသော ထွက်ပေါက်လား။ ၀ ကို ခန့်ညားနေရတာကိုပဲ ကြည့်ပါ။ လက်နက်အင်အားရှိမှ စစ်တပ်နဲ့ ပုခုံးချင်းယှဉ်လို့ လက်ရည်တူစကားပြောနိုင်မယ်ဆိုတဲ့ သေနတ်သရဏံ ဂစ္ဆာမိ လမ်းစဉ်ဟာ မြန်မာ့နိုင်ငံရေးမှာ ဘာလို့ ခေတ်ကောင်းနေရသလဲ။
(၆) အခု အေအေ ကို အင်အားသုံးဖြိုခွင်းဖို့ကြိုးစားရင်း ရခိုင်ပြည်သူလူထု အပေါ်ကို ပါ ထိခိုက်စေနိုင်တာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာနိုင်တာတွေ ကရော တရားနည်းလမ်းကျ ပါသလား။
ပြီးခဲ့တဲ့ နှစ်ကာလတွေက နှစ်ပေါင်းများစွာ ဟန်ချက်ညီနေလာခဲ့တဲ့ ရခိုင်နဲ့ရိုတွေ ရဲ့ ဟန်ချက်ကို ပျက်စေခဲ့တာလဲ သူတို့ပဲ။ ရိုတွေကို ပိတ်ဆို့ပြီး ရခိုင်တွေနဲ့ ပဋိပက္ခဖြစ်စေခဲ့တာလဲ သူတို့ပဲ။
ဒီတော့ ရခိုင်တွေဟာ ကိုယ့်ပြည်နယ်ကိုယ်ကိုင်တွယ်နိုင်မှ ဖြစ်မယ်လို့ တွေးလာကြတာ မဆန်းဘူးပဲ။ ရခိုင်ပါတီတွေ ကို ရခိုင်လူထုက မဲ ပုံအောပေးခဲ့တာတောင် FPTP စနစ်အရ ရခိုင်ခေါင်းဆောင်တွေဟာ အစိုးရမဖွဲ့နိုင်ခဲ့ဘူး။ ဗမာလွှမ်းမိုးတဲ့ အာဏာရပါတီ ရဲ့ လက်ဝေခံ ရခိုင်တွေပဲ နေရာ ရခဲ့ကြတာ မဟုတ်ဘူးလား။
လက်နက်ကို လက်နက် နဲ့
ဓားဓားချင်း လှံလှံချင်း ဖြေရှင်းဖို့ ကြိုးစားကြရင် ရခိုင်ပြည်ကြီး
မီးဟုန်းဟုန်းတောက်ပြီပေါ့ ရခိုင်ပြည်သူတွေ
လူ့အခွင့်အရေးတွေချိုးဖောက်ခံရတော့မှာပေါ့။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ က
ကရင်တွေ ရှမ်းတွေ ကချင်တွေ ကို ဦးချိုးခဲ့သလိုမျိုး
ရက်ရက်စက်စက်လုပ်ဦးမှာပေါ့။ အိုင်စီစီ တစ်ခု နဲ့တောင် အပတ်မလည်နိုင်တဲ့
မြန်မာပြည်ဟာ အိုင်စီစီ ပေါင်းများစွာ နဲ့ ခွေးကတက်က တက်ရဖို့
လမ်းမမြင်ဘူး။
သာမန်ကျည်ဆံတစ်တောင့်တန်ဖိုးဟာ ၃၀၀၀ ကျပ် လောက်ရှိတယ်။ ကလေးတွေ အတွက် ဗလာစာအုပ်တွေ ခဲတံတွေ အများကြီး ၀ယ်နိုင်တယ်။ လူနာတွေ အတွက် ဆေးရုံတွေ ဆောက်နိုင်တယ်။ အဆင့်မြင့်လက်နက်ကြီးတွေဆိုရင်တော့ သိန်းသန်းချီတန်တယ် တံတားတွေ စက်ရုံအလုပ်ရုံတွေ အများကြီး ဖြစ်စေနိုင်တဲ့ ငွေကြေးတွေ ပါ။ တူးဖော်ရရှိတဲ့ သယံဇာတတွေ က ရတဲ့ ငွေကြေးတွေ ကို စစ်လက်နက်တွေဝယ်ယူပြီး ရခိုင်-ဗမာ ညီအကိုတွေ အချင်းချင်း သတ်နေကြရတာ တိုင်းပြည်ရဲ့ ဓနတွေ အလဟဿပြုန်းတီး သလို ကမ္ဘာ့ရပ်ကွက်ထဲမှာလည်း ရှက်စရာ ကောင်းလှပါတယ်။
ဒီလို အချင်းချင်းသတ်ဖြတ်နေတဲ့ စနစ်ကြီး ချုပ်ငြိမ်းအောင် ၀ိုင်းလုပ်ဖို့က အားလုံးမှာတာဝန်ရှိတယ်။ စစ်တပ်ကို ပြောချင်တာက= နှစ်ပေါင်း ၇၀ ကြာအောင် ပြည်တွင်းစစ်ကြီးကိုတိုက်ခဲ့လဲ အဖြေမထွက်ပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုးပွားလာတာပဲ ရှိတယ်။
အခုဆို အေအေ ဟာ ရခိုင်ပြည်နယ် တစ်ခုလုံးပြန့်နေသလို အေအေ ကို ရခိုင်ပြည်သူတွေ က ထောက်ခံအားပေးနေပြီဆိုရင် ဒီ ကိစ္စ ကို လက်နက်အားကိုး မဖြေရှင်းပဲ နိုင်ငံရေးအရပဲ ဖြေရှင်းသင့်တယ် စစ်အင်အားမသုံးသင့်ဘူးလို့ ကိုယ်ကတော့ မြင်တယ်။ စားပွဲဝိုင်းမှာတွေ့ဆုံပြီး စကားပြောကြရမယ်။ တကယ့် ငြိမ်းချမ်းရေး ကို ဦးတည်ပြီး သူ့ဘက် ကိုယ့်ဘက်တွေ လျော့ကြရမယ် ညှိကြရမယ်။
အေအေရဲ့ နောက်မှာ မြောက်ပိုင်းအဖွဲ့ရှိသလို မြောက်ပိုင်းအဖွဲ့ရဲ့နောက်မှာ တရုတ်ကြီး ရှိနေပါတယ်။ ကိုယ့် ညီအကို အချင်းချင်း ရန်ဖြစ်လေလေ တရုတ်ပေါက်ဖော်ကြီးက ကြိုက်လေလေပါပဲ။ ဗမာအစိုးရကို ၀က်အူကျပ်ဖို့ နောက်ထပ် ဆူးတစ်ချောင်းဖြစ်လာလိမ့်မယ်။ (ရို) ကိစ္စလိုပဲ ကိုယ့်ပြည်တွင်းရေး ကို ကိုယ့်ဘာသာကို မီးသေအောင် မဖြေရှင်းတတ်ရင် တိုင်းပြည်ဟာ သူများလက်ဝေခံ Proxy State ဖြစ်ချင်ဖြစ် မဟုတ်ရင် Balkanization ဘေးအန္တရာယ်ဆိုးကြီး ကျရောက်သွားနိုင်တယ်ဆိုတာ ကို သတိပေးချင် ပါရဲ့ဗျာ။