လောကကြီးမှာ-
အဖြူနဲ့ အမဲ
အကောင်းနဲ့ အဆိုး အမြဲဒွန်တွဲနေတယ်
လျင်မြန်သူနဲ့ နှေးကွေးသူ
ဥာဏ်ကောင်းသူနဲ့ ထုံထိုင်းသူ
ရုပ်ချောသူနဲ့ ရုပ်ဆိုးသူ
ကောက်ကျစ်သူနဲ့ မနောဖြောင့်သူ
ငိုအားသန်သူနဲ့ ရယ်အားသန်သူ
ပွင့်လင်းသူ နဲ့ လှို့ဝှက်သူ
ကြင်နာတတ်သူနဲ့ ရက်စက်တတ်သူ
သတ္တိရှိသူ နဲ့ ကြောက်တတ်သူ
မိုက်ရိုင်းသူ နဲ့ ယဉ်ကျေးသူ
အာဏာရှိသူ နဲ့ အာဏာမဲ့သူ
အတွေးအခေါ်ရှိသူနဲ့ အတွေးအခေါ်မဲ့သူ
အတ္တကြီးသူနဲ့ အများအကျိုးကြည့်သူ
လူအမျိုးမျိုး စိတ်အထွေထွေ
ဘတပြန် ကျားတပြန် သွားနေကြတယ်
အဖြူကသာရင် အမဲကိုလွှမ်းတယ်
အမဲကသာရင် အဖြူကိုလွှမ်းတယ်
နောက်ပြီး အမှန်တရားဆိုတာ ဘက်လိုက်မှုရှိတယ်
ကျားပေါက်လေးတွေက သူတို့မိခင်အမဲလိုက်လို့ရလာတဲ့သားကောင်ကိုစားရင်း
ငါ့အမေကျားမကြီးလုပ်တာမှန်တယ်လို့ တွေးကြတယ်
အစားခံရတဲ့သားကောင်ရဲ့သားသမီးတွေ၊ မအေတွေ၊ မိဘတွေက
ငါ့အမေကို သတ်တယ်၊ ငါ့သားသမီးကိုသတ်တယ် မတရားဘူးလို့ ပြောကြတယ်
သူ့ဖက်နဲ့သူတော့ မှန်နေတာဘဲ၊ စားဖို့သတ်သူနဲ့ အစားခံရလို့သေသူ
ဒီနှစ်မျိုးပဲ ရှိတယ်။
လူဆိုတာ တိရစ္ဆာန်ကမ္ဘာမှာ ဥာဏ်အများဆုံး
သဘာဝကိုတောင် အံအတုနိုင်ဆုံး
တိရစ္ဆာန်တွေရဲ့အရှင်သခင်ပဲ မဟုတ်လား
အကြင်နာတတ်ဆုံးကလည်း လူတွေပဲ
အရက်စက်တတ်ဆုံးကလည်း လူတွေပဲ
အပက်စက်ဆုံးကလည်း လူတွေပဲ
တိရစ္ဆာန်ရက်စက်တယ်ဆိုတာ သူ့အသက်ဆက်ဖို့ တစ်နေ့စာစားဖို့ပါ
လူရက်စက်တာက သူ့စားဖို့ရှိလည်း သူများစားဖို့ ဖျက်စီးတာပဲ
သူနေဖို့ရှိလည်း သူများနေဖို့ ဖျက်စီးတာပဲ
နေထိုင်စားသောက်ဖို့ အပြည့်အဝရှိလည်း
ကြင်နာမှုမဲ့ ဖျက်စီးတာပဲ၊
ပြည်သူရဲ့ငိုကြွေးသံ သူတို့အတွက် ဂီတသံစဉ်လို့များ ယူဆနေရော့သလား
တချို့က မွေးလာကတည်းက မျက်စိမမြင်ဘူး
တချို့က နားမကြားဘူး၊ တချို့က ကိုယ်အင်္ဂါမစုံဘူး
အများစုကတော့ ကိုယ်အင်္ဂါစုံကြတယ်
ဒါပေမဲ့ ကိုယ်အင်္ဂါစုံသော်လည်း တချို့က စိတ်ချို့ယွင်းနေတတ်တယ်
တချို့က မွေးကတည်းက ကြင်နာတရားဆိုတာ ပါမလာဘူး
တချို့က ကိုယ်ချင်းစာတရားဆိုတာ နားမလည်ဘူး
အဲဒီလို လူအမျိုးမျိုးစိတ်အထွေထွေရှိတဲ့အထဲ
မင်းကလူစိတ်ရှိတဲ့လူလား
တိရစ္ဆာန်စိတ်ရှိတဲ့လူလား၊ စိတ်ချို့ယွင်းနေတဲ့လူလား
ကဲပြောစမ်း။
ထွန်းအောင်ကျော် (၇၄မျိုးဆက်)