စင်ကာပူသို့ အလုပ်လုပ်ရန် သွားမည့်မြန်မာလူငယ်များ အနေဖြင့် မိမိတို့ရရှိထားပြီးသော နေထိုင်ခွင့် ပါမစ်အမျိုးအစားကို သေချာစိစစ်ပြီးမှ သွားလာသင့်ပြီဖြစ်ကြောင်း စင်ကာပူ အလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူအချို့က သတိပေးပြောကြားခဲ့ပါသည်။
စင်ကာပူသို့ အလုပ်အကိုင်ဖြင့် သွားရောက်သူများ၌ နေထိုင်ခွင့်ပါမစ် ယေဘုယျအားဖြင့် သုံးမျိုးရှိကြရာ ယင်းတို့ထဲ၌ မြန်မာလူငယ်အများစု သွားရောက်သော ပါမစ်အမျိုးအစားမှာ Special Pass (S pass ) ဖြစ်ကြသည်ဟု သိရသည်။
ယခုအခါ S pass ဖြင့် စင်ကာပူသွားမည့်သူများအား အေးဂျင့်မှယင်းပါမစ်ဖြင့် သွားရမည်ဆိုသော်လည်း သေချာစိစစ်သည့်အခါ ပါမစ်လွဲချော်နေသည့် ကိစ္စများရှိနေခဲ့ကြောင်း မကြာသေးမီက စင်ကာပူ၌ဖြစ်ပျက် ခဲ့သည့်ဖြစ်စဉ်နှင့် နီးစပ်သူက ပြန်လည် ပြောပြခဲ့သည်။
"စင်ကာပူလာမယ့်သူကို မြန်မာဘက်က အေးဂျင့်က S pass ပါမစ်နဲ့ သွားရမယ်ဆိုပြီး လိမ်ပြီးပို့လိုက်တယ်။ ဒီရောက်တော့ ပါမစ်က S pass မဟုတ်တဲ့အပြင် Maid Permit နဲ့ အိမ်အကူလုပ်ဖို့ ဖြစ်နေတာ တွေ့ရတယ်။ စင်ကာပူဘက်က မြန်မာအေးဂျင့်ကပြောမှ အိမ်အကူပါမစ်နဲ့ ရောက်လာခဲ့ရမှန်း သိခဲ့ရတယ်။ မလုပ်ချင်ရင် အေးဂျင့်ခ စင်ကာပူ ဒေါ်လာ ၁၅၀၀ လျော်ရမယ်ဆိုပြီး ပြောခဲ့တယ်။ ဒါမှမဟုတ်ရင် အိမ်အကူပဲ ၀င်လုပ်ခိုင်းခဲ့တယ်" ဟု စင်ကာပူ၌ ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်အား စင်ကာပူရောက် မြန်မာအမျိုးသမီး တစ်ဦးက ပြန်လည်ပြောပြခဲ့သည်။
စင်စစ်အားဖြင့် မြန်မာအများစုသည် စင်ကာပူ၌ S pass ဖြင့်နေထိုင်ခွင့်ရပြီး အလုပ်ရရှိမည်ဆိုပါက စင်ကာပူဒေါ်လာတစ်လလျှင် ၁၈၀၀ အနည်းဆုံး ရရှိနိုင်ခြင်းကြောင့် အေးဂျင့်အများစုမှ S pass ဖြင့်အလုပ်ရမည်ဟု မက်လုံးပေး ဆွဲဆောင်ခဲ့ကြခြင်း ဖြစ်သည်ဟု စင်ကာပူအလုပ်အကိုင်ရေးရာ ကျွမ်းကျင်သူက ပြောကြားပါသည်။
ထို့ပြင် Work Permit မှာ အခြေခံအလုပ်သမား အများစုသွားရောက်သည့် ပါမစ်အမျိုးအစားဖြစ်သည့် အပြင် Employment Pass မှာမူ စင်ကာပူ၌ အရည်အချင်းရှိ အဆင့်မြင့် ရာထူးအဆင့်များဖြစ်ကြကာ ယင်းပါမစ်ဖြင့် နေထိုင်ခွင့်ရရှိပြီးသူ မြန်မာများမှာမူ တစ်လလျှင် စင်ကာပူဒေါ်လာ ၃၀၀၀နှင့် အထက် အနည်းဆုံးရရှိကြကြောင်းလည်း သိရှိရပါသည်။
"စင်ကာပူမှာ အလုပ်ရပြီး နေထိုင်ခွင့်ကျတဲ့သူတိုင်းမှာ ကိုယ်က ဟိုမှာ ဘယ်လိုပါမစ်နဲ့နေရမလဲ ဆိုတာပါပြီးသားပါ။ သေချာစိစစ်ပြီးမှ သွားလာသင့်တယ်။ အခုလောလောဆယ်မှာ ဟိုဘက်ကအလုပ်ရှင်က အလုပ်ခန့်ချင်တာတောင် S pass ကျဖို့မလွယ်တဲ့ ဖြစ်ရပ်တွေရှိနေပါ တယ်"ဟု Gallant ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ မအိမျိုးဆွေက ပြောကြားခဲ့ပါသည်။
ယခုအခါ S pass ပါမစ်ကျရန် အခက်အခဲအချို့ ရှိနေခြင်းကြောင့် အင်ဂျင်နီယာ ဘာသာရပ်ဖြင့် သွားမည့် အရည်အချင်းရှိသူများအား S pass အစား Employment Pass ဖြင့် အစားထိုးလျှောက်ထားမှုများ ပြု လုပ်ပေးနေရသည်ဟုလည်း Gallant ပညာရေးဝန်ဆောင်မှုလုပ်ငန်းမှ သိရှိရပါသည်။
ထို့ပြင် စင်ကာပူရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားရေးရာ တို့မှ မြန်မာအပါအ၀င် ၎င်းတို့နိုင်ငံ၏နေထိုင်ခွင့်ပါမစ် လျှောက်ထားခဲ့ ကြသောသူများအား၂၀၁၀ပြည့်နှစ်ပိုင်းမှ စတင်ကာနေထိုင်ခွင့် ပါမစ်များ ကန့်သတ်ခဲ့ခြင်းများကြောင့် ယခုအခါ S pass ရရှိရာတွင် နှောင့်နှေးခြင်းများ၊ ပယ်ချခံရသည့် ဖြစ်စဉ်များရှိလာခဲ့သည်ကိုလည်း သိရသည်။
"စင်ကာပူမှာနေထိုင်ခွင့် ပါမစ်ကျဖို့ အခုနောက်ပိုင်းမလွယ်ဘူး။ လာမယ့်သူကို သေချာစိစစ်မှုတွေလုပ်တာ။ အဲဒီလူဟာ အရင်ကစင်ကာပူ မှာ နေထိုင်ခွင့်လျှောက်ခဲ့ဖူးသလား စိစစ်တယ်။ အလုပ်သမားရေးရာဌာန MOM မှာရှိတဲ့ကိုယ်ရေးမှတ်တမ်း အချက်အလက်တွေဟာ အမှန်တွေနဲ့ တိကျဖို့လိုပါတယ်" ဟု Gallant ပညာရေးဝန်ဆောင်မှု လုပ်ငန်းမှ မအိမျိုးဆွေက ပြောပြခဲ့ပါသည်။
| လူကုန်ကူးမှုဆိုင်ရာ အသိပညာများကို အထည်ချုပ်စက်ရုံ အလုပ်သမားများ သိရှိစေရန် တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်းသိရ |
|
လူကုန်ကူးမှုတားဆီး ကာကွယ်နိုင်ရေးအတွက် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ အထည်ချုပ်စက်ရုံများရှိ အလုပ်သမားများ သိရှိစေရန်အတွက်ပါ တိုးချဲ့ဆောင်ရွက်နေကြောင်း သိရသည်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် အသိပညာပေး ဟောပြောပွဲများ၊ သင်တန်းများကို ယခင်က အဝေးပြေးကားဝင်းများတွင်သာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာမှ ၂၀၁၀ ပြည့် နှစ်အတွင်းတွင် အထည်ချုပ်စက်ရုံများသို့ တိုးချဲ့ဆောင်ရွက်လာခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ "လူကုန်ကူးမှုတားဆီး ကာကွယ်ရေးလုပ်ငန်းတွေကို အောင်မင်္ဂလာ အဝေးပြေးကားဝင်းတို့၊ မန္တလေး၊ လားရှိုးနဲ့မူဆယ် ခရီးသည်တင် ယာဉ်လိုင်းတွေကဂိတ်မှူး၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စတာတွေနဲ့ယာဉ် လိုင်းတာဝန်ခံအသီးသီးကိုလူကုန်ကူး မှုနဲ့စပ်လျဉ်းပြီးတော့အသိပညာပေး လုပ်ငန်းတွေလုပ်ပါတယ်။အခုနောက် ပိုင်းမှာအထည်ချုပ်စက်ရုံအလုပ်သမား တွေဟာ လူကုန်ကူးခံရတာတွေရှိ လာလို့စက်ရုံလုပ်သားတွေကိုလူကုန် ကူးခြင်းနဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေကို အသားပေး ဆောင်ရွက်လာတာ ဖြစ်ပါတယ်"ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ၂၀၀၉ခုနှစ်အတွင်း အထည်ချုပ်စက်ရုံ အလုပ်သမားများအား လူကုန်ကူးခံရမှု သုံးမှုရှိခဲ့ကြောင်းလည်း သိရှိရသည်။ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး လူကုန်ကူးမှု အသိပညာပေး ဆွေးနွေးဟောပြောပွဲတစ်ခုကို၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ၂၀ရက်နေ့က လှိုင်သာယာ စက်မှုဇုန်ရှိ ကနောင်ခန်းမတွင် လည်းကောင်း၊ နိုဝင်ဘာလ ၂၇ရက် နေ့တွင် ရွှေပြည်သာစက်မှုဇုန်၊ စီမံခန့်ခွဲရေးကော်မတီရုံးတွင် လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။ |
ယာဉ် တိမ်းမှောက်မှု နှင့် ယာဉ် တိုက်မှု ဖြစ်ရာ တွင် တာယာ အတု သုံးမိခြင်း၊ တိုက် ဆွေးတာယာ သုံးမိ ခြင်း၊ အဆင့် မမီ ကွန်ပေါင်း တာယာ သုံးမိခြင်း တို့ကြောင့် ယာဉ် အန္တရာယ် ဖြစ်ကာ ခရီးသွား ပြည်သူ အများ ထိ ခိုက် ဒဏ်ရာ ရသေဆုံး ရခြင်းအ ကြောင်းများ ကို လေ့လာ တွေ့ရှိ ရ ကြောင်း၊ သို့ဖြစ်၍ ယာဉ်ပိုင်ရှင်များ အနေနှင့် စံချိန်မီ တာယာများကို အသုံးပြုရန် လိုအပ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး မော်တော်ယာဉ်လုပ် ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသဥက္ကဋ္ဌ) ဗိုလ်မှူးကြီး တင်ထွဋ် (ငြိမ်း)က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
မထသယာဉ်အများဆုံး
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲ နေသည့် ခရီးသည် ပို့ဆောင် ရေး ယာဉ်လိုင်း ၁၇ လိုင်းတွင် မထ သ ပြေးဆွဲ နေသည့် ယာဉ်စီး ရေမှာ အများဆုံး ဖြစ်ကြောင်း တွေ့ရသည်။
ယာဉ်ပိုင်ရှင် ၂,၀၀၀ ကျော်
ရန်ကုန်တိုင်း ဒေသကြီး မော်တော် ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) အောက်တွင် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ယာဉ်ပိုင်ရှင် စုစုပေါင်း ၂,၀၀၀ ကျော် ရှိကြောင်း၊ ယာဉ်စီးရေ စုစုပေါင်း ၂,၅၀၀ ကျော် ရှိကြောင်း သိရသည်။ စီးလုံးငှား ယာဉ်စုစုပေါင်း ၁၀,၀၀၀ ခန့် ရှိကြောင်း သိရသည်။
ယာဉ်ပိုင်ရှင် များ၏ ယာဉ်ပိုင် ဆိုင်မှု အခြေအနေ မှာ ယာဉ်တစ်စီး ပိုင်ရှင် ရှိသလို ၁၀ စီးပိုင်ရှင်၊ အစီး ၂၀ ပိုင်ရှင် စသည်ဖြင့် ရှိကြောင်း သိရ သည်။
ယာဉ်မောင်း ၄,၀၀၀ ကျော်
မထသ အောက်တွင် ယာဉ် မောင်းသူ စုစုပေါင်း ၄,၀၀၀ ကျော် နှင့် ယာဉ် နောက်လိုက် ၅,၀၀၀ ခန့် ရှိကြောင်း သိရသည်။
ဇန်န၀ါရီတွင်စတင်မည်
ရန်ကုန်တိုင်း ဒေသကြီး မော် တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်း သိမ်းရေး ကော်မတီ သည် ယာဉ်အန္တ ရာယ် ကင်းရေး ဆောင်ရွက် လျက်ရှိ ရာတွင် အထောက် အကူပြု လုပ်ငန်း စဉ် တစ်ရပ် အဖြစ် ခရီးသည် ပို့ဆောင် ရေး ယာဉ်ပိုင်ရှင် များအား တာယာ၊ စက်ဆီ၊ ချောဆီ၊ အမဲဆီ၊ ဘရိတ်ဆီ ရောင်းချ ပေးမည့် အစီအစဉ် ကို၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ တွင် စတင် သွားမည် ဖြစ်ကြောင်း၊ သက် ဆိုင်ရာ ကုမ္ပဏီ များ နှင့် ဆက်သွယ် ပူး ပေါင်း ကာ မထသ ၏ စီစဉ်ကြီးကြပ်မှု၊ မထသ၏ ငွေကြေး စိုက်ထုတ်မှုဖြင့် အ မြတ် မယူဘဲ သက်သာသော နှုန်းထား ဖြင့်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ အရောင်း ဆိုင် ဖွင့်လှစ် ရာတွင် မထသ ရုံးချုပ် ၌ တစ်ဆိုင်၊ ကြည့်မြင်တိုင်မြို့ နယ်ဌာန ခွဲရုံး၌ တစ်ဆိုင်၊ မင်္ဂလာ တောင်ညွန့်မြို့နယ် သိမ်ဖြူ ဌာနခွဲ၌ တစ်ဆိုင် စီစဉ် ထားပြီး လိုအပ် သလို အရောင်းဆိုင် များကို တိုးချဲ့ ဖွင့်လှစ် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ရောင်းချစနစ်
တာယာ၊ စက်ဆီ၊ ချောဆီ၊ အမဲဆီ၊ဘရိတ်ဆီ စသည်တို့ကို ရောင်း ချ ရာတွင်လက်ငင်း ငွေချေ စနစ် အပြင် အရစ်ကျ ငွေချေခြင်း၊ လပေး ငွေချေ ခြင်း စနစ်ဖြင့်လည်း ရောင်းချ ပေး မည်ဖြစ်ကြောင်း၊ လက်ငင်း ၀ယ်လျှင် ဈေးအသက်သာ ဆုံးဖြစ်မည်ဖြစ် ကြောင်း သိရသည်။
ယင်းသို့ ရောင်းချ ရာတွင် တာ ယာ သက်တမ်း၊ မောင်းသည့် ခေါက် ရေ၊ မောင်းသည့် မိုင် စုစုပေါင်း စသည် တို့ကို စစ်ဆေးပြီး ရောင်းချ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဗိုလ် မှူးကြီးတင်ထွဋ် (ငြိမ်း) က ပြောကြား သည်။
မြန်မာပို့စ်

အမေရိကန်ပြည်ထောင်စု ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်းသည် မြန်မာနိုင်ငံ၌ လေးရက်ကြာ လည်ပတ်ပြီးနောက် ဒီဇင်ဘာလ ၁၀ ရက် နေ့က ပြန်လည်ထွက်ခွာခဲ့သည်။
အရှေ့အာရှနှင့် ပစိဖတ်ရေးရာဌာနမှ မစ္စတာယွန်းသည် ၎င်း၏ခရီးစဉ် အတွင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ ရဲချုပ်တို့ နှင့် တွေ့ဆုံသကဲ့သို့ နိုင်ငံရေးပါတီများ၊ အင်န်ဂျီအို များ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။
ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ အခရာကျသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်း များနှင့် ဆက်လက်ပြောဆိုဆွေးနွေးရန်၊ မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲလွန် လက်ရှိ အနေအထားနှင့်ပတ်သက်၍ သာမန် ပြည်သူများ၏ အမြင်များအား သိရှိရန်တို့ ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က သံရုံးက ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။
မစ္စတာဂျိုးဇက်ယွန်းသည် ၎င်း၏ ခရီးစဉ်နောက်ဆုံးနေ့တွင် ဒေါ်အောင် ဆန်းစုကြည်၊ ဖျက်သိမ်းထားပြီးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
မစ္စတာဂျိုးဇက်ယွန်းသည် ခရီးစဉ်အတွင်း သံရုံးလုပ်ငန်းဆောင်တာများ နှင့် အမေရိကန်နိုင်ငံ၏ အထောက်အပံ့ အစီအစဉ်များအားလည်း၊ ပြန်လည်သုံးသပ်ခဲ့ကြောင်း သံရုံးက သတင်းထုတ်ပြန်ထားသည်။
"အမေရိကန်အစိုးရက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေကတစ်ဆင့် မြန်မာပြည်သူတွေကို တိုက်ရိုက် ဆက်လက်ထောက်ပံ့သွားမှာပါ"ဟု ၎င်းကပြောသည်။
၎င်းသည် အထွေထွေရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံသို့ ပထမဆုံးလာ ရောက်သော အမေရိကန်အဆင့်မြင့် အရာရှိဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်၊ မေလကလည်း အမေရိကန်နိုင်ငံ အရှေ့အာရှ နှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ဘဲ မြန်မာ နိုင်ငံသို့ လာရောက်ခဲ့သည်။

ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတစ်ခုလုံးအား ယခုလ ၁၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး စက်တပ်ဆင်လျှပ်စစ်ဓာတ်အား ၇၉၀ မဂ္ဂါဝပ်ကို အပြည့်အ၀ ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်သည်။
အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းသည် မြန်မာနိုင်ငံတွင် တည်ဆောက် ပြီးစီးဖြစ်သော ရေအားလျှပ်စစ်စီမံကိန်း ၁၅ ခုအနက် ပထမဆုံး အာရ်စီစီ ကွန်ကရစ်တမံ အမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးနှင့် အာရ်စီစီ သွန်းလောင်းမှု အမြန်ဆုံး ကမ္ဘာ့ နံပါတ်(၉) စာရင်းဝင်ခဲ့သည်။
"မြန်မာနိုင်ငံရဲ့သဘာဝအနေအထားအရ ရေအရင်းအမြစ် သယံဇာတတွေ ပေါများပေမဲ့ ဘဏ္ဍာငွေ အမြောက်အမြား ရင်းနှီးမြှုပ်နှံ သုံးစွဲရပြီး ကာလ ရှည်ကြာ အချိန်ယူ တည်ဆောက်ရတဲ့အတွက် ၁၉၉၈ ခုနှစ်မတိုင်ခင်က တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်မှုပမာဏ ၅၂၉ ဒသမ ၁ မဂ္ဂါဝပ်သာ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်" ဟု ၀န်ကြီးချုပ်ဦးသိန်းစိန်က အဆိုပါဖွင့်ပွဲတွင် ပြောကြားသည်။
ရဲရွာရေအားလျှပ်စစ်စီမံကိန်းအပြင် မကြာမီ ၇၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွှေကျင်ရေအားလျှပ်စစ်စီမံကိန်း၊ ၆၀ မဂ္ဂါဝပ် ထုတ်လုပ် နိုင်မည့် ကွမ်းချောင်း ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဖွင့်လှစ်သွားမည်ဟု ဆိုသည်။
"ဒီစီမံကိန်းဟာ ထူးခြားချက်တွေ၊ နည်းပညာသစ်တွေနဲ့ ခက်ခက်ခဲခဲ ကြိုးစားဆောင်ရွက်ခဲ့ရတယ်။ စိန်ခေါ်မှုတွေ အလွန်များပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး စီမံကိန်းကြီးပါ"ဟု အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီး ဦးဇော်မင်းက ပြောသည်။
"ရဲရွာစီမံကိန်းကို ကျွန်တော်တို့ လျှပ်စစ်ဝန်ထမ်း ၁,၅၀၀ ခန့်နဲ့ ကုမ္ပဏီ ၀န်ထမ်း ၁၂,၀၀၀ ခန့် ပါဝင် ဆောင်ရွက်ခဲ့တာပါ"ဟု ၎င်းက ပြောသည်။
ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၀ ခုနှစ်ကစတင်ပြီး လျှပ်စစ်စက် တပ်ဆင်အား ၇၉၀ မဂ္ဂါဝပ် ရရှိနိုင်မည့် ရေအားလျှပ်စစ် စီမံကိန်း တစ်ခု တည်ဆောက်နိုင်မည်ဟု အတည်ပြုခဲ့ပြီး အသေးစိတ်ဒီဇိုင်းများ ရေးဆွဲခဲ့ကာ ၂၀၀၁-၀၂ ခုနှစ်တွင် စီမံကိန်း စတင် အကောင်ထည်ဖော်ခဲ့သည်။
ယင်းစီမံကိန်းတွင် အဓိကလုပ်ငန်းကြီး ရှစ်ခုဖြစ်သော ရေလွှဲဥမင်လုပ်ငန်း၊ ရေယူအဆောက်အအုံလုပ်ငန်း၊ အာရ်စီစီ ကွန်ကရစ် တမံလုပ်ငန်း၊ ဖိအားမြင့် သံမဏိပိုက်လိုင်းတပ်ဆင်ခြင်းလုပ်ငန်း၊ ရေအားလျှပ်စစ်စက်ရုံ၊ စက်ရုံ ရေထုတ်မြောင်း အစရှိသည့် လုပ်ငန်းများကိုလုပ်ကိုင်ခဲ့ကာ ၂၀၀၁ မှ ၂၀၁၀ ခုနှစ် အထိ ၁၀ နှစ်ကြာ တည်ဆောက်ခဲ့သည်။
ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ စက်အမှတ်(၁)ကို ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် လည်းကောင်း၊ စက်အမှတ်(၂)ကို ဇူလိုင်လ ၁၆ ရက်နေ့တွင်လည်းကောင်း၊ စက်အမှတ်(၃)ကို အောက်တိုဘာလ ၁၆ ရက်နေ့တို့တွင်လည်းကောင်း စတင် လည်ပတ် ခဲ့ပြီး စက်အမှတ်(၄)ကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စတင် လည်ပတ်ခဲ့ခြင်းဖြစ်သည်။
"၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ရေအား လျှပ်စစ်စီမံကိန်းတွေကို
ဝန်ကြီးဌာနက ၁၃ ခု တာဝန်ယူတည်ဆောက်မယ်။ အဲဒီ ၁၃ ခုက စက် တပ်ဆင်အား ၂,၅၄၇
မဂ္ဂါဝပ် ထွက်မယ်။ တိုင်းရင်းသား လုပ်ငန်းရှင်များပိုင် ကုမ္ပဏီတွေက
စီမံကိန်းကိုးခု တာဝန်ယူတည်ဆောက် မယ်။ သူတို့ဆီက ၅၆၈ မဂ္ဂါဝပ် ထွက်မှာပါ။
နောက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ဧရာဝတီ၊ ချင်းတွင်း၊
သံလွင်နဲ့ အခြားဒေသမြစ်ဝှမ်း တွေမှာ လျှပ်စစ် စီမံကိန်း ၃၉ ခု၊ ၃၇,၄၇၀
မဂ္ဂါဝပ်ကို အကောင်ထည်ဖော်တည်ဆောက်သွားမှာပါ"ဟု ဦးဇော်မင်းက ပြောသည်။

မန္တလေးမြို့ ဒုတိယအကြိမ် ဆိုင်ကယ် ပြပွဲတွင် အမျိုးအစားသုံးမျိုးကို ဝယ်သူများ ပိုမိုစိတ်ဝင်စားခဲ့ကြောင်း သိရသည်။
"ဒီပြပွဲမှာ Harley Davidson ဆိုင်ကယ်တွေကို လူကြိုက်များတယ်။ နောက်ပြီး Thai Motor Bike ဆိုင် ကယ်နဲ့ Classic Old Bike ဆိုင်ကယ် တွေကို ပိုစိတ်ဝင်စားကြတယ်။ Harley Davidson ကတော့ အစီး ၄ဝ လောက် မှန်းထားတာ။ ဒီပွဲမှာ အစီး ၃၀ လောက် ပြသနိုင်ခဲ့တယ်"ဟု ဆိုင်ကယ် ပြပွဲ ကျင်းပသော Oakley ကိုအောင်အောင်က ပြောသည်။
"ဒီလို စိတ်ဝင်တစားနဲ့ တစ်နေရာတည်းမှာ ကြည့်ဖို့ဆိုတာမလွယ်ပါဘူး။ ဒါကြောင့် ကျွန်တော့ သူငယ်ချင်းတွေ ကော၊ နယ်ကလူတွေပါ စုခေါ်ပြီး ကိုယ့် လူတွေပဲ စုပေါင်းပြီး ပြပွဲလုပ်လိုက်တာ ပါ။ နိုင်ငံခြားသားတွေပါ လာကြည့်ကြ တယ်။ တော်တော်လည်း စိတ်ဝင်စား ကြတယ်။ သူတို့က တော့ စစ်ကျန် ဆိုင်ကယ်တွေကို ပိုပြီး စိတ်ဝင်စားကြပါတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါ ဆိုင်ကယ်ပြပွဲတွင် Harley Davidson (Made in USA),Classic Old Bike 400cc and above, Japan Motor Bike 125CC Decoration, Japan & Thai Motor Bike Decoration, China Motor Bike Decoration ဆိုင်ကယ် များ၊ ဂျပန် ခေတ်နှင့် အင်္ဂလိပ် ခေတ် စစ်ကျန် စက်ဘီး ဆိုင်ကယ်များနှင့် ဆိုင်ကယ် များကို ပြသခဲ့သည်။
"ကျွန်တော် ငယ်ငယ်ကတည်း၊ ဒီ စက်ဘီးက ရှိနေတာပါ။ အဖေ့ လက် ထက် ကတည်းက စုဆောင်းထားတာ။ ကျွန်တော်တို့က ဒီလို စုဆောင်းရတာ ကို ၀ါသနာပါနေပြီ။ အခု စက်ဘီး ဆိုင်ကယ်ဆိုရင် ဟာကလီ ဆိုင်ကယ်ထုတ်လုပ်တဲ့ ကုမ္ပဏီထက် နှစ် ၂၀ လောက် စောတယ်။ ဈေးကွက် အနေအထားက အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ။ ၀ယ်လက်ရှိပေမယ့် ကျွန်တော်တို့ကမရောင်းပါဘူး။ ကိုယ် က ၀ါသနာပါလို့ စုဆောင်းထားတာဆိုတော့လေ။ ဈေးလည်းဘယ်လောက်ရှိမှန်းမသိပါဘူး"ဟု စစ်ကျန်ဆိုင်ကယ်များစုဆောင်းတတ် သူ ကိုအောင်မင်းသူက ပြောသည်။
စစ်ကျန်ဆိုင်ကယ်များမှာ ယင်းပြပွဲ တွင် အစီး ၂၀ ကျော်ပြသထားပြီး BSA အင်္ဂလန်ဆိုင်ကယ်၊ Triumph တံဆိပ် အင်္ဂလန်ဆိုင်ကယ်၊ ဂျာမနီ ထုတ် MZ နှင့် ပြင်သစ်ထုတ် Solex ဆိုင်ကယ်များ ပြသထားသည်။
"ဒီဘီးတွေက ၂၀၀၃ ခုနှစ်ဆိုရင်ထုတ်လုပ်တဲ့နှစ် ၁၂၀ ပြည့်ပြီ။ မြန်မာ နိုင်ငံမှာ အစီးများခဲ့တာ။ လွတ်လပ်ရေးနောက်ပိုင်းမှာ တွင်တွင် ကျယ်ကျယ် စီးခဲ့ကြပါတယ်"ဟု ၀ါသနာရှင် ဦးမြင့်သိန်းက ပြောသည်။
လက်ရှိ မန္တလေးဈေးကွက်တွင် Thai Motor Bike များ အရောင်းသွက်လျက် ရှိသည်။ ယင်းမော်တော် ဆိုင်ကယ် များမှာ အမျိုးအစား ခြောက်မျိုးရှိပြီး သုံးမျိုးမှာ လူကြိုက်များ၍ ဈေးကွက် နေရာရလျက်ရှိသည်။
အဆိုပါဆိုင်ကယ်များမှာ PCX အမျိုးအစား၊ Click အမျိုးအစား၊ Scoopy-i အမျိုးအစား၊ Airblade i အမျိုးအစား၊ Fino အမျိုးအစားနှင့် Nouvo အမျိုးအစား များ ဖြစ်သည်။ လက်ရှိ ဈေးကွက်တွင် Fino ဆိုင်ကယ် နှင့် Click ဆိုင်ကယ်များ အရောင်း သွက်လျက် ရှိကြောင်း သိရသည်။ ယင်း ဆိုင်ကယ်အပြင် Scoopy-i ဆိုင်ကယ် များ ဈေးကွက် ၀ယ်လိုအားလိုက်သည်။
"ဈေးကွက်မှာတော့ ဒီလို အနေ အထားတွေအထိတော့ မရှိပါဘူး။ ဒီလို မျိုးဒီဇိုင်းတွေက ကျွန်တော် ဒီပြပွဲ အတွက် လုပ်ထားတာပါ။ ဒီဇိုင်း လုပ်တာတင် ရှစ်သိန်းကျော် လောက် ရှိတယ်။ သူ့အတိုင်း ဆိုရင်တော့ အပြင် ကိုရောင်းရင် ၁၇ သိန်းလောက် ရှိပါ တယ်"ဟု ယိုးဒယားဆိုင်ကယ်အရောင်း ဆိုင်မှ ကိုအားဝေက ပြောသည်။
မန္တလေးဈေးကွက်တွင် Fino ဆိုင်ကယ်မှာ အလယ်အလတ် တန်းစား
ကျပ် ၁၆ သိန်း ရှိသည်။ှScoopyi မှာ ကျပ် ၁၇ သိန်းနှင့် Click ဆိုင်ကယ်မှာ
ကျပ် ၁၈ သိန်းအထိ ရှိသည်။

ကလေးများ ဖတ်စရာစာအုပ်များဟာ လတ်တလော စာပေလောကမှာ အရေအတွက်အားဖြင့် ထုတ်ဝေမှုနည်းနေသေးတဲ့အပြင်အရည်အသွေး အားဖြင့် လည်း ကျဆင်းနေခြင်း၊ စာဖတ်ခြင်း အပေါ် ကလေးတွေရဲ့ စိတ်ဝင်စားမှုလျော့နည်းနေခြင်းနဲ့ မိဘတွေရဲ့ပံ့ပိုးမှုမရရှိခြင်းတို့ကြောင့် ကလေး စာပေလောက ဟာ ဖွံ့ဖြိုးမှုနှေးကွေးလာနေတယ်လို့ စာရေး ဆရာတချို့က၊ သုံးသပ်ပါတယ်။
ယခုနှစ် မေလက စင်ကာပူနိုင်ငံမှာ ကျင်းပ ပြုလုပ်တဲ့ အာဆီယံဒေသ တွင်း ကလေးစာပေရေးသားသူ စာရေးဆရာ များနဲ့ သရုပ်ဖော်ရေးဆွဲ သူများညီလာခံကို တက်ရောက်ခဲ့တဲ့ ဘာသာပြန်စာရေးဆရာမ မြနှင်း ဆီက မြန်မာနိုင်ငံရဲ့ ကလေးဦးရေထက်စာရင် လက်ရှိထုတ်ဝေနေတဲ့ စာအုပ်အရေအတွက်က နည်းနေသေးတယ်လို့ ဆိုပါတယ်။
"နိုင်ငံခြားက စာအုပ်ဆိုင်တွေမှာဆို ရင် ကလေးစာအုပ်တွေအတွက် စင်
သပ်သပ်ထားပြီးရောင်းတယ်။ ကိုယ်တောင် လူကြီးဖြစ်ပေမယ့်တင်ထား တဲ့
စာအုပ်တွေကများလွန်းတော့ ဘာယူရမှန်းကို မသိဘူး။ဒီက ကလေး တွေမှာတော့ အဲဒီလို
ရွေးချယ်ခွင့်မျိုးမရှိဘူး။ ထုတ်ရင်လည်း အုပ်ရေ တစ်ထောင် လောက်ပဲ ဆိုတော့
မြန်မာနိုင်ငံမှာ ဒီလောက် ကလေးတွေ အများကြီးရှိတာကလေးတစ်ထောင်ပဲဖတ်ရမယ့်
သဘောဖြစ်နေတယ်" လို့ သူက ထောက်ပြပြောဆိုပါတယ်။
စာအုပ်ဆိုင်တချို့က နိုင်ငံခြားကနေ ကလေးတွေ ဖတ်နိုင်တဲ့ စာအုပ်တွေ တင်သွင်း ရောင်းချပေမယ့် ကလေးအနည်းစု စာအတွက်ပဲ အထောက်အပံ့ဖြစ်တယ်လို့လည်း ဆိုပါတယ်။
"အဲဒီဆိုင်တွေမှာ အပေါဆုံး စာအုပ် တောင် ကျပ် ၂,၅၀၀ လောက် ရှိတယ်။ တော်ရုံ တန်ရုံ အနေတော် စာအုပ်တွေ ဆို ကျပ် ၇,၀၀၀ လောက် ရှိတယ်ဆိုတော့ ကလေးတွေ ကျွန်မတို့ခေတ်တုန်းကလို ကိုယ့်မုန့်ဖိုးနဲ့ကိုယ် စာအုပ်ဝယ်ဖတ်ဖို့ကိုမ၀ယ်နိုင်ကြဘူး။ မုန့်ဖိုးများ များရလို့ ၀ယ်နိုင်တယ်ဆိုရင်တောင် ခုခေတ်မှာ ကလေးတွေက စာဖတ်တာကို သိပ်ဝါသနာမပါကြတော့ဘူး။ သူတို့အတွက် အားလပ် ချိန်ကို အသုံးချဖို့ တခြားရွေးချယ်စရာတွေက အပြိုင်အဆိုင်ရှိနေ တယ်။ ဥပမာ-တီဗီဂိမ်းလိုမျိုးပေါ့" လို့ ဆရာမ မြနှင်းဆီက ပြောပါ တယ်။
တဖြည်းဖြည်းနဲ့ စာဖတ်တဲ့အလေ့ အထက ကလေးတွေကြားထဲမှာ ကွယ် ပျောက်နေတာကို "ကလေးတော်တော် များများကို ကျွန်မ မေးဖူးတယ်။ စာအုပ် ကို ၀ယ်ဖတ်တာလား၊ ငှားဖတ်တာလား၊ မိဘတွေ ၀ယ်ထားတာကို ဖတ်တာလား လို့မေးရင် ၀ယ်ဖတ်တယ် ဆို တဲ့ ကလေးက မရှိသလောက်ပဲ။ တချို့ဆို အမေအဖေက ၀ယ်ထားတာတောင် မဖတ် တော့ဘူး။ စာအုပ်ဖတ်တာကို စိတ်ဝင်စားစရာ တစ်ခုအနေနဲ့တောင် မထင်ကြ တော့ဘူး" လို့ သူ့ရဲ့အတွေ့အကြုံတွေ ကတစ်ဆင့် မြင်တွေ့ရတာတွေကို ပြောပြပါတယ်။
ဒီလိုဖြစ်လာတာတွေရဲ့နောက်ကွယ် မှာရှိလာတဲ့ အကျိုးဆက်တွေက
စာအုပ် ကို ခုံခုံမင်မင် မဖတ်တာ၊ စာအုပ်ရဲ့ အနှစ်သာရတွေကို
မခံစားတတ်တော့တာလို့ သူက ပြောပါတယ်။ "ကျွန်မခံစားမိတာက စာမဖတ်ဘဲ
ကြီးပြင်းလာတဲ့ကလေးတစ်ယောက်က သူ့မှာအနှစ်
သာရတစ်ခု လျော့နေသလိုပဲ" လို့ သူက ပြောပါတယ်။
ခုလို ကလေးစာပေဖွံ့ဖြိုးမှုနှေးကွေး လာဖို့ အဘက်ဘက်က အကြောင်း တရားတွေရှိတဲ့အနက် ၀ယ်လိုအား နည်းလာခြင်းကလည်း အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
"တကယ်ထုတ်ပါပြီတဲ့။ ရောင်းအားကလည်း ထင်သလောက် မရှိပြန်ဘူး။ ဒါကြောင့် ထုတ်ဝေသူတွေက ကလေး စာအုပ်ဆို ထုတ်ဖို့ လက်တွန့်တယ်။ ကာတွန်းတွေ၊ ဘာသာပြန်တွေ တွေ့တယ်။ ဒါတွေက အရေအတွက်အားဖြင့် အရင်ကထက် များလာတယ်။ ဒါပေ မယ့် ကိုယ်ပိုင်ဖန်တီးမှုတွေ အားနည်းလာတာတွေ့ရတယ်"လို့ သူကဆိုပါတယ်။
လုမ္ဗိနီဥယျာဉ်ကျောင်းရဲ့တည်ထောင် သူတစ်ယောက်ဖြစ်တဲ့ စာရေးဆရာ ကိုတာက ကလေးစာပေက အရင်က လောက် မဖွံ့ဖြိုးဘူး ဆိုတာကို သူတို့ ခေတ်နဲ့ နှိုင်းယှဉ်ပြပါတယ်။
"ကျွန်တော်တို့ငယ်ငယ်က ကလေး ဂျာနယ်တွေ ရှိတယ်။ အဲဒီမှာရေးတဲ့သူ တွေဆိုရင် မင်းသုဝဏ်၊ နုယဉ် အဲဒီလို နာမည်ကြီး စာရေး ဆရာကြီးတွေ ၀င် ရေးကြတယ်။ နောက်ပြီး ဟိုတုန်းက ရှုမ၀တို့၊ မြ၀တီတို့လို မဂ္ဂဇင်းတွေမှာ ကလေးဖတ်ဖို့ဆိုတဲ့ ကဏ္ဍလေးတွေပါ တယ်။ ကလေးကဗျာတွေဆိုလည်းဆိုလို့အလွန်ကောင်းတယ်။ နားစွဲလွယ်တယ်။ ကျွန်တော်ဆို ကလေးဘ၀ထဲ ကနေ ခုထိရတဲ့ကဗျာ တွေတောင် ရှိ တယ်။ ကလေးကဗျာဆိုတာ အသံသာ ရတယ်။ ခုခေတ်ရေးတာတွေက ရွတ်လို့ ဆိုလို့မကောင်းဘူး" လို့ဆိုပါတယ်။
ကလေးစာပေက အင်မတန်နူးညံ့ သိမ်မွေ့တဲ့ကလေးတွေ ဖတ်တာမို့ လူကြီးစာပေထက်အရေးကြီးတယ်လို့လည်းပြောသလို ကလေး တွေရဲ့ နေထိုင်မှုဘ၀ပုံစံပြောင်းလဲလာခြင်းကလည်း သူတို့ရဲ့ စာဖတ်တဲ့အလေ့အထကို အားနည်းစေတယ်လို့ ဆိုပါတယ်။
"အရင်က ခုခေတ်လို ကျူရှင်တွေမရှိ ဘူး။ ကျူရှင်မရှိတော့ စာဖတ်ဖို့ အချိန် ရတယ်။ အခုခေတ်ကတော့ ကျူရှင် တွေတက်ရတဲ့အပြင် တီဗီကြည့်တာ တွေ၊ ဂိမ်းကစားတာတွေလည်း ပိုလာတော့ ကလေးတွေက စာသိပ်မဖတ်တော့ဘူး" တဲ့။
ကလေးတွေ စာဖတ်ဖို့မှာ မိဘတွေရဲ့ အားပေးမှုကလည်း အများကြီးလိုအပ်နေပြီး အခုချိန်မှာ မိဘတွေရဲ့ အားပေးမှုက ကျဆင်းလာ တယ်လို့ စာသင် ကျောင်းဖွင့်ထားတဲ့ သူ့အတွေ့အကြုံအရ ကိုတာက ပြောပါတယ်။
"ကျွန်တော်တို့ငယ်ငယ်က မိဘတွေ က စာဖတ်ဖို့ကို အရမ်း အားပေးတယ်။
ကျွန်တော်တို့က ပိုက်ဆံ မရှိပါဘူး။ ဒါပေ မယ့် ကလေး ဂျာနယ်တော့ ပုံမှန်ဖတ်
ရတယ်။ ကျွန်တော်တို့ ငယ်ငယ် ကတည်းက သိခဲ့တဲ့စာအုပ်မျိုးတွေက
ဒီခေတ်မှာမရှိဘူး" လို့ပြောပါတယ်။
လုမ္ဗိနီကျောင်းအပြင် လုမ္ဗိနီကလေး စာစဉ်တွေကို ထုတ်ဝေခဲ့တာ ခုဆို ၁၅
အုပ်လောက်ရှိပြီဖြစ်ပြီး ကလေးစာစဉ် တွေ ထုတ်ဝေတဲ့ သူတစ်ယောက်အနေနဲ့
သူရဲ့အတွေ့အကြုံကိုလည်း စာရေးဆရာကိုတာက ဒီလိုပြောပြပါတယ်။
"နိုင်ငံတကာက စာအုပ်တွေနဲ့ ကျွန်တော်တို့ဆီက စာအုပ်တွေ နှိုင်းယှဉ်ရင် ကျွန်တော်တို့မှာ လိုအပ်နေတာတွေ အများကြီးပါ။ ကျွန်တော်တို့က ကျောင်းဖွင့်ထားတော့ သတိထားမိတာကကလေးတွေက မြန်မာစာအုပ်နဲ့ အင်္ဂလိပ်စာအုပ်တွေ့ရင် မြန်မာစာအုပ်ကို ကိုင်တောင်မကြည့်ဘူး။ အင်္ဂလိပ်စာအုပ် က စာရွက်သားကောင်းပြီး အရောင်စို တာကိုး။ နိုင်ငံခြားစာအုပ်တွေလို ထုတ် နိုင်ဖို့ ဆိုတာ ကလည်း စရိတ်စကကြီးတယ်။ မိဘတွေကလည်း ၀ယ်မပေးနိုင်တော့ ၀ယ်လိုအား နည်းတယ်။ စာအုပ်ကို ဈေးကြီးတယ်လို့ တွက်ကြ တာကိုး။ ကလေးတွေကလည်း မကောင်းရင် မကြိုက်ဘူး"လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကလေး စာပေဆွေးနွေးပွဲတွေကို ၁၉၆၅ ခုနှစ်မှာ ဒေါက်တာမောင်ဖြူး၊ မင်းသုဝဏ်နဲ့ လူထုဦးလှတို့က စာတမ်းတွေ တင်သွင်းဆွေးနွေးပြီး ၁၉၇၃ခုနှစ်မှာဒုတိယအကြိမ်ဆွေးနွေးပွဲကိုကျင်းပတော့ ဦးအုန်းကျော်၊ ဦးဘကြည်၊ ဒေါ်မြတ်မွန်၊ မင်းယုဝေနဲ့ စာရေးဆရာအချို့က စာတမ်းတွေ တင်သွင်း ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း နှစ်ပေါင်း ၃၇ နီးပါးကြာတဲ့တိုင် ကလေးစာပေ ဆွေးနွေးပွဲကို မကျင်းပဖြစ်တော့ တာမို့ ဒီလိုပွဲမျိုးတွေ ပြန်လည်ကျင်းပပြီး ကလေးစာပေဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သင့်တယ်လို့ လည်း ကိုတာက ပြောပါတယ်။
မြန်မာနိုင်ငံ၏
ရွေးကောက်ပွဲ အပြီး ပေါ်ထွန်းလာမည့် အစိုးရ သစ်နှင့် စီးပွားရေးအရ ဆက်ဆံမှု
များ ပိုမိုကျယ်ပြန့်စွာ ကြိုးပမ်းလို သည့် သဘောထားရှိကြောင်း မြန်
မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် ကြီးက ပြောသည်။၂ဝဝ၉ ခုနှစ်မှစ၍
ရင်းနှီးမြှုပ်နှံ မှု အလုံးအရင်းဖြင့် ဝင်ရောက်လာ သည့် ဗီယက်နမ် သည်
မြန်မာနိုင်ငံ ၏ ရွေး ကောက်ပွဲပြီးကာလ အစိုးရ သစ် ပေါ်ထွန်းလာမည့်အခြေအနေ
တစ်ရပ်တွင် လည်း ရင်းနှီးမြှုပ်နှံမှုများ ကို
ဆောင်ရွက်လျက်ရှိနေခြင်းနှင့် ပတ်သက်၍ သံ အမတ် ကြီး က ၄င်း ၏
သဘောထားအမြင်ကို ပြော ကြားခဲ့ခြင်းဖြစ်သည်။ဗီယက်နမ်သည် မြန်မာနိုင်ငံ၌
ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း၊ လယ် ယာစိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်
တော၊ သတ္တုတူးဖော်ရေး၊ ဘဏ် လုပ်ငန်း၊ ဆောက် လုပ်ရေး စသည့် ကဏ္ဍများတွင်
ရင်းနှီးမြှုပ်နှံလိုသည်။ ထို့အပြင် ဗီယက်နမ်သည် မြန်မာ သို့ ကုန်ပစ္စည်း
များ တင် သွင်းရောင်း ချနိုင်ရန်နှင့် မြန်မာမှ ထွက်ကုန် များကို ဗီယက်နမ်၌
ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည် ဟု
သိရသည်။”နိုင်ငံစီးပွားရေးအရ တိုးတက် ဖွံ့ဖြိုးမယ့် အကျိုး ရလဒ်ဖြင့်တွေး
ရင် အမေရိကန်နိုင်ငံသာမက အခြား နိုင်ငံများနဲ့လည်း ဆက်ဆံရင်းနှီးမှု
ရယူရလိမ့်မယ်” ဟု သံအမတ် ကြီးက ၄င်း၏အမြင်ကို ဖော် ပြသည်။လက်ရှိတွင်
ဗီယက်နမ်သည် မြန်မာနိုင်ငံတွင် အခြားနိုင်ငံများ ထက် ဦးစွာ
အစပျိုးဝင်ရောက်ထား လို၍လည်းကောင်း၊ အပြိုင်အဆိုင် ဝင်ရောက်ကြိုး ပမ်း
လိုသူများကြား နောက်ကျမည်ကို မဖြစ်စေလို၍ လည်းကောင်း၊ အလုံးအရင်း ရင်းနှီး
မြှုပ်နှံလိုသည့်ဆန္ဒရှိ၍ ရင်းနှီးမြှုပ်နှံ နေခြင်းဖြစ်ကြောင်း ၄င်းက
သုံးသပ် သည်။ ”အချိန်အတိုင်းအတာ နည်း နည်းနဲ့ အကျိုးအမြတ်များများရှိနိုင်
မယ့် ရင်း နှီး မြှုပ်နှံမှုဆိုရင် ပိုကောင်း တယ်” ဟု
သူ၏ရင်းနှီးမြှုပ်နှံမှုအမြင် ကို ပြောသည်။မြန်မာ နိုင် ငံအနေဖြင့် ဗီယက်
နမ်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် ခြင်းဖြင့် နည်းပညာ နှင့် လုပ်ငန်းစဉ်
များ လေ့လာပေါင်းစပ်နိုင်မည့် အကျိုးကျေးဇူးများရှိနိုင်မည်ဟု မြင်
ကြောင်း၊ လယ်ယာမြေကဏ္ဍ တွင် နည်းပညာပိုမိုတိုးတက်မြင့်မား လာစေ ရေး အတွက်
ဗီယက်နမ်နိုင်ငံ ၏ စိုက်ပျိုးရေးနည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်ရန်
သင့် လျော် သည့် လယ်ယာကဏ္ဍ၌ ရင်းနှီးမြှုပ်နှံ ရန် ခွင့်ပြုသင့်သည်ဟု အထက်ပါ
ပုဂ္ဂိုလ်က ပြောကြားသည်။ဗီယက်နမ်သည် ၂ဝဝ၄ ခုနှစ် နှစ်နိုင်ငံကုန်စည်ပြပွဲ
ကျင်းပပြီး နောက်ငါးနှစ်အကြာ ၂ဝဝ၉ တွင် MCC ခန်းမ၌ နှစ်နိုင်ငံကုန်သွယ်ရေး
ပြပွဲ ကြီးကို လာရောက်ပြသခဲ့သည်။ ထို့နောက် ဗီယက်နမ်ဝန်ကြီးချုပ်
ကိုယ်တိုင် လာရောက်၍ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်း များ အကျိုးတူ
ပူးပေါင်းဆောင်ရွက်ရန် နား လည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုး
ခဲ့ကြသည်။ ဗီယက်နမ်သည် မြန်မာ နိုင်ငံ၌ ရင်း နှီးမြှုပ်နှံမှုတွင် ယခုနှစ်
ဆန်းထိ အဆင့် ၂၂ ရှိပြီး ရင်းနှီး မြှုပ်နှံမှုအဆင့် ကန်ဒေါ်လာ ၂၃ သန်းကျော်
ရှိခဲ့သည်။
တင်ဇာဇော်
