ရေအလှူအကျိုး

186 views
Skip to first unread message

သိဂီၤ

unread,
Jun 7, 2010, 8:10:23 AM6/7/10
to real-fa...@googlegroups.com
ရေအလှူအကျိုး

ရွှေသီ၏ ရေအလှူ

(၁)

အချိန်ကား ၁၉၅၉-ခုနှစ်၊ ဒီဇင်ဘာလ။
နေရာကား စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မိုးတားမြို့။

“သား … အမေဟာ ဒီအကြောင်းကို ပြောရင် နေမကောင်းချင်ဘူး၊ ဒါကြောင့်မို့ ဒီအကြောင်း ဘယ်သူ့ကိုမှ အမေ မပြောဘူး၊
ဒါပေမယ့် သားက ရန်ကုန်ပြောင်းမှာမို့ သားအကျိုးကိုငဲ့ပြီး အမေ ပြောရတာပေါ့၊ ကဲ
…သေသေ ချာချာ နားထောင်။

“ဟို … အရင်တုန်းက အမေတို့ မိုးတားမြို့ဦး အရှေ့စူးစူး တောင်ကုန် မြင့်ပေါ်က ဗောဓိကျောင်းဆိုတာ ရှိတယ်သားရဲ့၊ ကျောင်းခြေရင်း က
နေပြီး ဧရာဝတီမြစ်ထဲကို ဆင်းတဲ့ သစ်သားလှေကား တံတားကြီးကလဲ အရှည်ကြီးပဲ
ဆောက်လုပ်ထားကြတယ်၊ ဒီတံတားက အခုလဲ ရှိနေတာ သားအမြင်ပဲလေ၊ အမေပြောချင်တာက ဟို …
ရှေးရှေးတုန်းက အဲဒီတံတားထိပ်က အိမ်ကလေး တစ်အိမ်မှာ ရွှေသီဆိုတဲ့ မိန်း ကလေးတစ်ယောက်
ရှိခဲ့ဖူးတယ်၊ အဲဒီအချိန်က သူ့အသက် ၁၄ နှစ်လောက်ပဲ ရှိဦးမယ်”

ကျွန်ုပ်၏ မွေးသည့်မိခင် ကျေးဇူးရှင်ကြီးသည် ရန်ကုန်သို့ နှစ်ရှည် လများ ခွဲခွာသွားရမည့်
သားဖြစ်သူ ကျွန်ုပ်အား ကြည့်လိုက်၊ တစ်စုံ တစ်ရာ လေးလေးနက်နက် စဉ်းစားလိုက်နှင့်
ပြောဆိုနေ၏။ ကျွန်ုပ်မှာ တစ်စုံတစ်ရာ ဝင်ရောက် မေးမြန်းခြင်းမပြုဘဲ
မိခင်ကြီးစကားကို သာ နားစိုက်နေမိပါသည်။

သို့ရာတွင် 'ဒီအကြောင်းကို ပြောရင် အမေ နေမကောင်းချင်ဘူး' ဆိုသည်ကိုတော့ နားမရှင်းလှပါ။ မိခင်ကြီးက စကားကို
ဆက်ပြန်၏။

“အဲဒီ ရွှေသီတို့ မိသားစုဟု အလွန်ကို ဆင်းရဲရှာကြတယ်၊ လယ်လုပ် သူက လုပ်၊ ရက်ကန်းရက်သူက ရက်၊ မုန့်တီဟင်းချို လုပ်ရောင်းသူက ရောင်းတယ်၊ ဒီလို
ဆင်းဆင်းရဲရဲနှင့် မိဘကို လုပ်ကျွေးရတာ ရွှေသီက အားမရဘူး၊ ချမ်းသာချင်တယ်၊
သူများတကာတွေ ချမ်းချမ်း သာသာနှင့် နေထိုင်စားသောက်ကြရတာ မြင်လေ သူ့မှာ
စိတ်မချမ်းသာလေ ဖြစ်နေရှာတယ်။

တစ်နေ့တော့ ကံအားလျော်စွာ ဗောဓိကျောင်းဆရာတော်ထံ ရောက်သွားပြီး သူ့စိတ်ထဲရှိတဲ့အတိုင်း ရွှေသီလေးက ဆရာတော်ကို
ခုလို လျှောက်တယ်”

(၂)

ရွှေသီ။ ။ ဆရာတော်ဘုရား၊ တပည့်တော်မတို့ မိသားစုက ဆင်းရဲလိုက်တာ၊ ဘာဖြစ်လို့ ဆင်းရဲရတာလဲဘုရား။

ဆရာတော်။ ။ ရှေးရှေးဘဝတွေတုန်းက ကိုယ်ပြုခဲ့တဲ့ အလှူဒါန နည်းခဲ့လို့ပေါ့ တဲ့။

ရွှေသီ။ ။ ခုဘဝလှူရင် နောက်ဘဝမှာ ချမ်းသာမှာလားဘုရား။

ဆရာတော်။ ။ ချမ်းသာမှာပါ တဲ့။ နင် ချမ်းသာချင်ရင် တစ်ခုခု လှူပေါ့။

ရွှေသီ။ ။ တပည့်တော်မတို့မှာ သူများနည်းတူ လှူစရာပိုက်ဆံမှ မရှိတာ၊ ဘယ်ကလာ လှူနိုင်ပါ့မလဲ ဘုရား။ မရှိလို့ မလှူ မလှူလို့
မရှိဆိုတာ တပည့်တော်မတို့လို ဆင်းရဲသားတေါကို ပြောတာပဲ မဟုတ်လားဘုရား။
ချမ်းသာဖို့ရာ ကမ်းမမြင် လမ်းမမြင်မို့ တပည့်တော်မတို့မှာ စိတ် အားငယ်ပါတယ်။
တစ်ခါတလေများ ဝမ်းနည်းလွန်းလို့ အသံကုန် ဟစ်ပြီးတော့တောင်မှ အားရပါးရ
ငိုလိုက်ချင်တယ်ဘုရား။

ဆရာတော်။ ။ ဖြစ်မှဖြစ်ရလေ ရွှေသီရယ် (ဧရာဝတီမြစ်ကြီးကို လက်ညှိုး ထိုးလျက်) ဟိုမှာ ကြည့်စမ်း၊ အဲဒီ ဧရာဝတီမြစ်ရေတွေကို
ပိုက် ဆံပေး ဝယ်ရသလား။

ရွှေသီ။ ။ ပိုက်ဆံပေး မဝယ်ရပါဘုရား။

ဆရာတော်။ ။ ဒီလိုဆိုရင် နင် ဘုရား တရား သံဃာ ရတနာသုံးပါးကို ရေလှူဖို့ ပိုက်ဆံရှိစရာ
လိုသေးသလားတဲ့။

ရွှေသီ။ ။ ဒါတော့ ပိုက်ဆံ့ရှိဖို့ ဘယ်လိုမှာလဲဘုရား။

ဆရာတော်။ ။ အေး…ပိုက်ဆံမရှိပေမယ့် ကုသိုလ်လိုချင်ရင် အဲဒီ ဧရာဝတီ မြစ်ထဲက ရေတွေဟာ လူတိုင်း လှူလို့ရပါတယ်။ ရေလှူတဲ့သူဟာ ဆုမတောင်ဘဲနဲ့ ရေအကျိုး
(၁၀)ပါး ရတယ်လို့ ရွှေသီ ကြားဖူးတယ်မဟုတ်လား။

ရွှေသီ။ ။ မှန်ပါ တပည့်တော်မ ကြားတော့ ကြားဖူးပါတယ်ဘုရား။ ဘာတွေ ဘာတွေဆိုတာသာ မသိတာ၊ ဆရာတော် အမိန့်ရှိ ပေးပါလား
ဘုရား။

ဆရာတော်။ ။ အေး … သိချင်ရင် ငါပြောပြမယ်၊ နင် သေသေချာချာ နား ထောင်၊ အလှူဒါနဆိုတာ ပိုက်ဆံ ရှိမှ မဟုတ်ဘူးဟဲ့၊ ရေလှူရင် လှူတဲ့သူမှာ -

(၁) ကျော်စောသတင်း ပျံ့လွင့်ခြင်း

ကျော်ကြားမယ်ပေါ့ဟယ်။ တချို့ လူတွေထဲမှာ ပညာလဲတတ်တယ်၊ ဥစ္စာလဲ ရှိတယ်။ ရာထူးဂုဏ်သိန်လဲ ရှိမယ်။ ဒါပေမယ့် ထိုက်ထိုက် တန်တန်
ကျော်စောချင်မှ ကျော်စောတယ်။

(၂) ကိုယ်ခန္ဓာ၌ စင်ကြယ်ခြင်း

တချို့မှာ မွေးကတည်းက ရေးဆေးငါးလို ဖွေးလို့၊ လှလို့ စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်း
ရှိတယ်။ တချို့မှာတော့ အမွေး အမှင်တွေ၊ အမာရွတ်တွေ ရှုပ်လို့ ထွေးလို့၊ ကြေးတွေ
ညှော်တွေနဲ့ ရေချိုးပေမယ့် မစင်ကြယ်ဘူး။ ဒါလဲ နင် သတိထားကြည့်ရင်
တွေ့ဖူးမယ်။

(၃) ခြွေရံပေါများခြင်း

အခြွေအရံဆိုတာ ခြွေမှရံတယ်လို့ ပြောတတ်ကြတယ် မဟုတ်လား။ ဒါပေမယ့် မဟုတ်သေးဘူး။ တချို့မှာ ကိုယ်က ခြွေပေမယ့်
ရံမယ့်လူ က သူ့ဆီမှာ ရံရတာ မပျော်ပိုက်ဘူး။ တချို့ရောက်တော့ ကိုယ်ကတောင်
မခြွေရဘဲနဲ့ သူ့စရိတ်နှင့်သူ လာပြီး အခိုင်းခံရတာကိုပဲ ပျော်နေ
တတ်ကြတယ်။

(၄) လျင်မြန် ဖျတ်လတ်မှုရှိခြင်း

ဘယ်အလုပ်မှာမဆို သူများထက် အတွေး လျင်မြန်တယ်၊ အပြော လျင်မြန်တယ်၊ အလုပ်လဲ လျင်မြန်တယ်။ ဒီတော့ သူများထက် အရာ
ရာမှာ လက်ဦးပြီး တစ်ပန်းသာတာပေါ့၊ တစ်ပန်းသာတော့ ကြီးပွားစရာရှိရင် ကိုယ်က
အရင်။

(၅) ဆာလောင်မွတ်သိပ်မှု မရှိခြင်း

ရေလှူတဲ့လူမှာ ဖြစ်လေရာဘဝတိုင်း ဆာလောင်မွတ်သိပ်မှု မရှိဘူးတဲ့။ ဆာလို့ တောင့်တလိုက်တာနှင့်
မကြာခင် ပြည့်စုံလာတတ်တယ်၊ ကိုယ့်စိတ်မှာ လဲ အလိုရမ္မက်မကြီးဘူး။

(၆) အသက်ရှည်ခြင်း

အသက်ရှည်တယ်ဆိုတာ ကျန်းမာလို့ အသက်ရှည်တာပဲ၊ လောကကြီးမှာ ရေသာမရှိလျှင် မြက် သစ်ပင်ကအစ၊ တိရစ္ဆာန်ကလေးတွေက အစ၊ ဘယ်သူမှ အသက်ရှင် မနေနိုင်ဘူး၊
ရေဟာ သက်ရှိသက်မဲ့ အားလုံးတို့ရဲ့ အသက်သခင်၊ ဒါထား၊ နောက်မှာ
ပြောဦးမယ်။

(၇) ချမ်းသာခြင်း

ဖြစ်လေရာဘဝမှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသားခြင်းနှင့်လဲ ပြည့်စုံမယ်၊ ချမ်းသာရင် ဘာလိုသေးလဲ။

(၈) အဆင်းလှခြင်း

လှပသန့်ရှင်းတဲ့ ရေအလှူကြောင့် ကြော့ရှင်းလှပတဲ့ ရူပါရုံပိုင်ရှင်ဖြစ်မယ်၊ ရေဟာ အပြင်က အညစ်အကြေးတွေကို
ဆေးလိုက်သလိုပေါ့။

(၉) ခွန်အားဗလရှိခြင်း

ဆာလောင်မွတ်သိပ်နေတဲ့သူဟာ ရေအေးအေးလေး တစ်ခွက်လောက် သောက်လိုက်ရတယ်ဆိုရင်ပဲ အားရှိသွားတယ်၊ လန်းဆန်းသွား
တယ်။

(၁၀) ဉာဏ်ပညာထက်မြက်ခြင်း

ကျန်းမားချမ်းသာပြီး အားရှိလာတယ်ဆိုရင် ဉာဏ်ပညာတွေလဲ ထက်မြက်လာတော့တာပေါ့။ ရေလှူတာနှင့် ဒီအကျိုး ၁၀
ပါးကို ဆုမတောင်းဘဲနှင့် ရနိုင်တယ် ရွှေသီရဲ့၊ ရမှာပေါ့၊ ရေကပြုတဲ့ ကျေးဇူးကလဲ
ကြီးမားပေတာကိုးကွဲ့။ ရေသာ မရှိရင် သက်ရှိသက်မဲ့ လောက ကြီးတစ်ခုလုံး
ဆိတ်သုဉ်းသွားနိုင်တယ်၊ မြက် သစ်ပင် တိရစ္ဆာန်ကလေးမှ အစ သက်ရှိသက်မဲ့တွေ အားလုံးဟာ
ရေကိုသာ မသောက်ကြ ရရင်၊ ရေမရှိရင် ရေငတ်ပြီး သေကုန်ကြမှာပဲ၊ အသက်ကို ရှင်စေတဲ့ ရေဟာ
အသက်သခင် ကျေးဇူးရှင်ကြီးပဲ၊ ဘယ်သူမဆို အသက်ထက် ဘာကိုမှ ပိုပြီး တန်ဖိုး
မထားထိုက်ဘူး၊ ရေဟာ အသက်သခင်ဆိုတာ သဲကန္တာရ ခရီးသည်များအဖို့ ပိုပြီးတော့
ထင်ရှားတယ်။

ခရီးသွားရလို့၊ ဒါမှမဟုတ်ရင် အလုပ်အကိုင် ပင်ပင်ပန်းပန်း လုပ်ရလို့ မောပန်း နွမ်းနယ်နေတဲ့အခါများ ရေအေးအေးကလေး တစ်ခွက်လောက် သောက်လိုက်ရရင်
ရင်ထဲမှာ အေးသွားတယ်၊ အမောလဲ ပြေတယ်၊ အဆာလဲ ပြေတယ်၊ အားလဲ ရှိသွားတယ်၊ နေ့တိုင်း
သောက်နေကျမို့ အထူးသတိမထားမိကြပေမယ့် သေသေချာချာ စဉ်းစားကြည့်ရင် ရေရဲ့
ကျေးဇူးတွေကို မြင်လာမယ်၊ ဒါတင် မကသေးဘူး၊ ချွေးတွေ သံတွေနဲ့ ညစ်ပေနေမယ်၊
ပူလောင်နေမယ်ဆိုရင် ရေကိုချိုးလိုက်ရ၊ သောက်လိုက်ရရင် တစ်ခါတည်း
သန့်ရှင်းစင်ကြယ်သွားတယ်၊ အပူတွေငြိမ်းပြီး အေးမြသွားတယ်၊ နောက်ပြီး
ရွှင်လန်းချမ်းသာမှုတွေ တောက်လျှောက် ဖြစ်လာတော့တာပဲ။

ဒီလောက်ဆိုရင် ရွှေသီဟာ ရေရဲ့ ကျေးဇူး ဘယ်လောက်ကြီးတယ်ဆိုတာ သိရော့ပေါ့၊ ဘယ်အရာမဆို 'တူသော
အကျိုးပေးတယ်'ဆိုတာ ဒါကို ပြောတာ၊ ရေအကျိုးကျေးဇူးက ပြောလို့မကုန်သလို ရေလှူတဲ့
အကျိုး ၁၀ ပါး ဆိုပေမယ့် ပြောလို့ မကုန်ဘူး ရွှေသီရဲ့။

ရွှေသီ။ ။ ဆရာတော်ဟောမှ တော်တော်တော့ သဘောပေါက်ချင်လာပြီ ဘုရား၊ အဲဒီတော့ တပည့်တော်မ
ဘာလုပ်ရမတုံး။

ဆရာတော်။ ။ အေး … နေရာကျပြီ၊ ဒါထက် နေဦး ငါဆက်ပြောဦးမယ်။ အဲသလို ရေအကျိုးကြီးတာကို သိကြလို့ ရှေးကလူတွေဟာ ခုခေတ် လူတွေလို ရေကို
ရောင်းမစားကြဘူးကွဲ့ ။ အတ္တဟိတ ပရဟိတ သူ့အကျိုး ကိုယ့်အကျိုး ဆောင်တဲ့အနေနဲ့
တစ်ချက်ခုတ်နှစ် ချက်ပြတ် ကိုယ်တတ်နိုင်သလောက် ရေတွင်း ရေကန်တွေ တူးပြီး
ထာဝရကုသိုလ် လုပ်ကြတယ်။ ရေတွင်း ရေကန်ထဲက ရေကို ငင်ပြီး နေရာတကာမှာ ခရီးသွားများ
သောက်သုံးရန် ရေချမ်းစင်ကလေးတွေ တည်ထားတာကိုလဲ ရွှေသီ မြင်ဖူးမှာပေါ့။ တချို့များ
နွား ကျွဲ တိရစ္ဆာန်တွေ သောက်ဖို့တောင် ရေအလှူ လုပ်လေ့ရှိကြတယ်။

ဒီတော့ တို့ ရှေးကလူတွေဟာ ယခုလူတွေထက် ရောဂါနည်းတယ်၊ အသက်တမ်း ပိုရှည်ကြာစွာ နေကြရတယ်။ ရေအလှူ
တစ်ခုတည်းကိုပဲ အကြောင်းအကျိုး ဆက်ပြီး ကြည့်တတ်ရင် မြင်တယ်။ မကြည့်တတ်ရင်တော့
မမြင်ဘူး။ မမြင်တော့လဲ မယုံဘူးပေါ့ကွယ်။

ရွှေသီ။ ။ တပည့်တော်မ ယုံပါပြီဘုရား၊ တပည့်တော်မတို့တော့ ရေတွင်း ရေကန်လဲ မတူးနိုင်ဘူး၊ ရေကို ဘယ်လိုလှူရမှာလဲ
ဘုရား။

ဆရာတော်။ ။ အေး … ရေတွင်းရေကန်လဲ တူးဖို့ မလိုပါဘူး။ ငါ ခုနက ပြောပြီကော၊ ဟို ဧရာဝတီမြစ်ထဲက ရေတွေ။

ရွှေသီ။ ။ မှန်ပါ၊ တပည့်တော်မ ဘယ်လိုလှူရမလဲ ဘုရား။

ဆရာတော်။ ။ အေး … ကောင်းပြီ။ လောကမှာ အမြတ်ဆုံးပုဂ္ဂိုလ်ကို ပြပါ ဆိုရင် သုံးလောကထွတ်ထား မြတ်စွာဘုရားရှင် ကိုယ်တော်
မြတ်ကြီးပဲ၊ ကိုယ့်အလှူကိုလဲ အမြတ်ဆုံးအလှူဖြစ်စေချင်ရင် အမြတ်ဆုံး
မြတ်စွာဘုရားရှင်ကို လှူရမယ်။ အမြတ်ဆုံး ကောင်းကျိုးမင်္ဂလာ တွေ ဖြစ်လာမယ်လို့လဲ
စိတ်ထဲက နှစ်နှစ်ကာကာ ယုံကြည်ရမယ်။ စေတနာကိုလဲ ထက်ထက်သန်သန် ရှိစေရမယ်။ ရေချမ်းတော်
ကပ်လှူ လိုတဲ့ ဆန္ဒဓာတ်တွေလဲ ပြင်းပြရမယ်။

အတုမရှိတဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို သက်တော် ထင်ရှားရှိနေသလို စိတ်ထဲက ရည်မှတ်ပြိး 'ငါ့ရှေ့မှာ
သောက်တော် ရော အလှူခံဖို့ ကြွရောက်တော်မူလာပြီ'လို့ အာရုံယူရမယ်။ အကောင်းဆုံး
ရေခွက်ထဲမှာ အသန့်အပြန့် ဆုံးဖြစ်အောင် ရေကို လုပ်ပြီးလှူ၊ အတုမရှိတဲ့ မြတ်စွာဘုရား
ကို လှူတဲ့နေရာမှာ စေတနာထားပုံ၊ သန့်ရှင်းစင်ကြယ်အောင် အလှူလုပ်ပုံကို ဘယ်လူ
ဘယ်နတ်နှင့်မှာ မတူ အောင် စေတနာ အကောင်းဆုံးထားပြီး ကပ်ရမယ်။ ဘယ်သူ့ စေတနာ
ထားပုံနှင့်မှ မတူစေနှင့်၊ အပြတ်အသတ်ကွာပေ့စေ၊ သာပေ့
စေ။ ရွှေသီ တစ်နေ့ ရေဘယ်နှစ်ခါ သောက်သလဲ။

ရွှေသီ။ ။ သုံးလေးခါလောက် သောက်ပါတယ်ဘုရား။

ဆရာတော်။ ။ အေး … ကိုယ် ရေငတ်ရင် ဘုရားကိုလဲ သောက်တော်ရေ ကပ်ဖို့ မမေ့နှင့်၊ မနက် အိပ်ရာက နိုးတယ်ဆိုရင်ပဲ မျက်နှာ သစ်မယ်၊ ဘုရားကိုလဲ
မျက်နှာသစ်တော်ရေ မကပ်သင့်ဘူးလား၊ နောက်ပြီး တစ်နေ့တစ်ခါလောက်မှ ရေမချိုးဘူးဆိုရင်
ကိုယ်မှာ သန့်ရှင်းပါ့မလား၊ ကျန်းကော ကျန်းမာပါ့မလား။ ဒီတော့
ဘာလုပ်သင့်သေးလဲ။

ရွှေသီ။ ။ ကိုယ် မျက်နှာသစ်တိုင်း၊ ကိုယ် ရေချိုးတိုင်း မျက်နှာသစ်တော် ရေ၊ ချိုးတော်ရေများ ကပ်လှူရမှာပါဘုရား။

ဆရာတော်။ ။ အေး … ဟုတ်တယ်၊ သတိထားရမှာက ကိုယ်ကပ်ထားတဲ့ ရေက ပူသွားရင် အေးတာနဲ့ လဲပြီးကပ်၊
တစ်နေ့တည်းမှာ အကြိမ်တစ်ရာ ကျော်ချင်ရင် ကျော်ပေ့စေ၊ ဝီရိယဇွဲကောင်းကောင်းနဲ့ ကပ်။
ပထမဆုံး တစ်ရက်လောက်၊ တစ်ပတ်လောက် စမ်းကပ်ကြည့်။ ပထမတော့ အလုပ်ပိုတယ်၊
တာဝန်လေးတယ်လို့ ထင်ချင် ထင်နေဦးမယ်။ လက်တွေ့လုပ်ကြည့်တော့ ရှေးကထက် စိတ်တွေ
ကြည်လင်ပြီး ချမ်းသာလာတာကို ပထမဆုံး ခံစားရလိမ့်မယ်။

ရွှေသီ။ ။ မှန်ပါ၊ တပည့်တော်မ ကနေ့ကစပြီး လုပ်ပါ့မယ်ဘုရား။

ဆရာတော်။ ။ အေး … သာဓု သာဓု ဗျာ။

(၃)

သား ရွှေသီဟာ ဗောဓိကျောင်းဆရာတော် အမိန့်ရှိတဲ့အတိုင်း ယုံယုံကြည်ကြည်နှင့် လုပ်ရှာတယ်။ ဒါပေမယ့် သူတို့မိသားစုမှာ ဆင်းရဲရှာ လေတော့
အိမ်မှာ ဘုရားစင်တို့၊ ဘုရားကျောင်းဆောင်တို့ဆိုတာ မရှိဘူးပေါ့။ ဒီတော့ ရွှေသီဟာ
ဘုရားကပ်လှူဖို့ ရေတော်အိုးကလေးကို ခေါင်းပေါ်မှာ ရွက်ပြီး
မြစ်ဆိပ်တံတားကြီးထိပ်ကနေပြီး ဟို … ဗောဓိကျောင်းရောက်အောင် မြင့်မောက်
ရှည်လျားတဲ့ တံတားကြီးအတိုင်း တက်လိုက် ဆင်းလိုက်နဲ့ ကျောင်းမှာရှိတဲ့ ဘုရားကို
ရေလှူသွားရရှာတယ်။

သား မြင်တဲ့အတိုင်း တံတားကြီးက ပေတစ်ရာကျော်မက မတ်စောက်ပြီး ရှည်လျားတယ်။ သူ့မှာ တစ်နေ့ ဘယ်နှစ်ခါ တက်ရ တက်ရ၊ ဆင်းရ ဆင်းရ
မမောနိုင် မပန်းနိုင်၊ ရေဝတ်မြဲရှာတယ်။ ဒီဆင်းရဲ့တဲ့ဘဝက လွတ်ချင်ရှာတာကိုး သားရဲ့။
ဒီလိုနဲ့ ရွှေသီကလေးဟာ အသက် ၂၀ လောက်မှာ သေဆုံးသွားရှာတယ်။

ဒါပေမယ့် ရွှေသီဟာ ဒီမိုးတားမြိ့မှာပဲ မိန်းကလေးအဖြစ် ပြန်ဝင်စားတယ်။ အဲဒီ ရွှေသီ ဝင်စားတဲ့ မိန်းကလေးက
သူ့ကိုယ်သူ 'လူဝင်စား' ဆိုတာ မသိရှာဘူး။ ဒီလိုနဲ့ နေလာခဲ့တာ ၉ နှစ်သမီး
အရွယ်ရောက်တော့ သူ့အမေနှင့်အတူ ဗောဓိကျောင်းကို
ဆွမ်းပို့လိုက်သွားတယ်။

သူ့တို့သားအမိ ဗောဓိကျောင်းရောက်ခါနီးမှာ ဆင်းဆင်းရဲရဲ အမယ်အိုကြီး တစ်ယောက်က လမ်းဖြတ်ပြီး ကူးလာတယ်။ သူတို့သားအမိက အရောက်၊
အဲဒီနေရာကို အမယ်ကြီးက လမ်းဖြတ်အကူး၊ အမယ်အိုကြီးက သူ့ပခုံးပေါ်မှာ
လျော့ရဲရဲတင်လာတဲ့ ရက်စောင်ကလေးကို ပခုံးပေါ် ယမ်းပြီး တင်လိုက်တယ်။

အဲသလို ရက်စောင်တဘက်ကလေး ယမ်းပြီး အတင်လိုက်မှာ ကလေး မကလေးရဲ့ မျက်စိကို တဘက်မြိတ်နှင့်
ဖြတ်ခနဲ့ ရိုက်မိသွားတယ်။ ကလေးမကလေးလဲ 'အမယ်လေး'လို့ အော်လိုက်ရင် တဘက်မြိတ်ကို
ရုတ်တရက် ယောင်ရမ်းပြီး လက်နှင့် ဆွဲကိုင်လျက်သား ဖြစ်သွား လို့ ကြည့်လိုက်တော့
သူ့စိတ်ထဲမှာ 'အသိထူး တစ်ခု' ဝင်လာပြီး မျက်စိနာတာကိုတောင် သတိမရတော့ဘဲ တဘက်
ကလေးကိုင်ရင်းနဲ့ ငိုင်ပြီး အံ့အားသင့်သွားတယ်။

“သြော် … ဒီတဘက်ကလေးက ငါကိုယ်တိုင် ငါ့လက်နှင့် ရက်တဲ့ တဘက်ကလေးပါလား” လမ်းဖြတ်ကူးတဲ့ အမယ်အိုကြီးခမျာလဲ
အားတုံ့အားနာဖြစ်ပြီး …

“မတော်လို့ ခိုက်မိတာပါ သမီးရယ်၊ တော်တော် နာသွားသလား” လို့ မေးတယ်။ ကလေးမကလေးက တဘက်ကို ကိုင်ပြီး ကြည့်ရာကနေ အမယ် အိုကြီး
မျက်နှာကို မော့လဲကြည့်လိုက်ရော -

'ဟင် … ဒါ ငါ့အမေပါလား'လို့ အသိဝင်သွားတယ်၊ ကလေးမကလေးဟာ နောက်ဘဝက အမေနှင့် ယုခုဘဝ အမေ နှစ်ယောက်ကြားမှာ
အံ့အားသင့်နေတုန်း (ခုဘဝ) အမေက -

“ကဲ … ကဲ … သွားကြဦးစို့ သမီး၊ ဘုန်းကြီးဆွမ်း နောက်ကျနေဦးမယ်” ဆိုပြီး လက်ဆွဲ ခေါ်သွားတယ်။
ကျောင်းရောက်ပြန်တော့လဲ ဗောဓိကျောင်း ဆရာတော်မျက်နှာကို ဖူးတွေရလျှင် ဖူးတွေ့ရချင်း
-

“ဟယ် … ဒီဆရာတော်ကြီးကလဲ ငါ့ကို ရေအလှူခိုင်းတ့ဲ ဆရာတော်ကြီးပါပဲလား”လို့ အသိပေါ်လာပြန်တယ်။ ဒါနဲ့ ကလေးမကလေးဟာ ရုတ်တရက် မမျှော်လင့်ဘဲ သိသွားတဲ့
သူ့ဇာတ်ကြောင်းကို ဆရာတော်ကို လျှောက်ချင်တာနဲ့ ဆရာတော်ကို ဦးသုံးကြိမ်ချပြီး
-

“ဆရာတော်ဘုရား၊ တပည့်တော်မ တစ်ခုလျှောက်ချင်ပါတယ်”လို့ ခွင့်တောင်းလိုက်တယ်၊ ဆရာတော်က -

“ဟဲ့ ကလေးမ၊ ဘာများ လျှောက်ချင်လို့တုံး၊ လျှောက်ချင်တာရှိ လျှောက်ပါလေ”လို့ ခွင့်ပေးတယ်၊ အမေလုပ်သူမှာ ဘုမသိ ဘမသိ သမီးကို
ကြည့်နေတုန်း -

“ဆရာတော်ဘုရား၊ ဒီကျောင်းနားမှာ နေသွားတဲ့ ရွှေသီဆိုတဲ့ ကလေးမတစ်ယောက်ကို မှတ်မိသေးလားဘုရား”

“ဟေ … မှတ်မိသေးတာပေါ့  တဲ့၊ ကလေးမက ဘာဖြစ်လို့ ရွှေသီကို မေးရတာလဲ”

“အဲဒီ ရွှေသီဆိုတာ အခု တပည့်တော်မပဲ ဘုရာ့”

“ဟယ် … နင် ဘယ်လိုလုပ်ပြီး သိတုံး၊ ငါ့ကို လျှောက်စမ်းပါဦး” လို့ဆိုတော့ ကလေးမကလေးက လမ်းလာရင်း (ဇာတိဿရဉာဏ်အသိ နှင်) သူသိတာတွေကို အစအဆုံး
လျှောက်လိုက်တယ်။ အားလုံး မှန်နေလို့ ဆရာတော်ရော သူ့အမေပါ အံ့သြကြရပါတယ်။
ဒီတော့
ဆရာတော်က ဆက်ပြီး အမိန့်ရှိလိုက်သေးတယ်။

“ဟဲ့ … ကလေးမ၊ နင် လျှောက်တာတွေ အားလုံး အမှန်ချည်းတဲ့ပ၊ဲ အဒဲီတော့  ရွှေသီဘဝတုန်းက လှူတဲ့ကုသိုလ်နှင့်
ဒီဘဝကုသိုလ် ဆက်မိသွားအောင် ရေကိုသာ ထပ်ပြီး ဝတ်မပျက်အောင် လှူဟဲ့၊ မုချ နင်
ချမ်းသာလိမ့်မယ်” လို့ အမိန့်ရှိလိုက်သေးတယ်။

(၄)

”ဒါဖြင့် အမေ ကျွန်တော်တို့ မိုးတားမြို့မှာ အခု ရွှေသီဝင်စားတဲ့ ကလေးမကလေး ရှိဦးမှာပေါ့နော်၊
သူ့နာမည်က ဘယ်သူတဲ့လဲ၊ ခု သူ ဘယ်မှာလဲ”

မွေးသည့်မိခင် ကျေးဇူးရှင်ကြီး စိတ်ပါဝင်စားစွာ အာရုံယူပြီး ပြောဆိုနေသဖြင့် စောစောက ကျွန်ုပ် ဘာမေးခွန်းတစ်ခုမျှ
ဝင်မမေးဘဲ စိတ်ပါဝင်စားလျက် နားထောင်နေမိရာက ဤနေရာသို့ ဇာတ်လမ်း ရောက်လာသောအခါ
မအောင့်နိုင်တော့ဘဲ မေးလိုက်မိ၏။

“အေး … သိရမှာပေါ့ သားရယ်၊ ဒါထက် ခုနက စကားကျန်သွားတယ်၊ ဗောဓိကျောင်း ဆရာတော်ကြီးက ပြောလိုက်သေးတယ်။

“ကလေးမ နင် ခုပြောတဲ့အကြောင်းတွေကို ဘယ်သူ့မှ မပြောနှင့်၊ နေမကောင်း
ဖြစ်တတ်တယ်”တဲ့။

ထိုအခါ ကျွန်ုပ်က -

“ဟင် … ဒါဖြင့် ဟိုတုန်းက ရွှေသီဟာ ခုဘဝ အမေပဲပေါ့”

“အေး … ပြောရသေးတာပေါ့ သား၊ ဟိုဘဝက 'ရွှေသီ'ဟာ သား မေးသလို ခုဘဝမှာ 'ရွှေဥ' ဖြစ်လာတယ်၊ သားတို့အမေ ဒီက ဒေါ်ရွှေဥ ပေါ့၊ ဆရာတော်ကြီး
အမိန့်ရှိတိုင်း ဒီအကြောင်းကို ပြောရင် အမေ့မှာ နေမကောင်း ထိုင်မသာ ဖြစ်တတ်တယ်။
ဒါပေမယ့် သားက အခု အမေတို့နှင့် ခွဲခွာပြီး ဟို … ရန်ကုန်ကို ပြောင်းမှာဆိုလို့သာ
ပြောပြရတာ။ အမေ့မှာ ဒီလိုပြောလို့ နေထိုင်မကောင်း ဖြစ်ဦးတော့ သားတို့ အတွက်
အကျိုးရှိမှာမို့ အခု ဖွင့်ပြီး ပြောရတာပဲ။

“ခုဘဝမှာ သားတို့ မြင်တဲ့အတိုင်း အမေ့မှာ စီးပွားဥစ္စာဆိုလဲ ဘာမှ လိုလေသေးမရှိပါဘူး။ ရွှေသီ ဘဝက ရေလှူခဲ့တဲ့
အကျိုးတွေပေါ့၊ သားတို့သာ မဟုတ်ပါဘူး၊ ဒီမိုးတားမြို့ ရပ်ဝေးရပ်နီး အမေတို့
ဘယ်လောက် ချမ်းသာတယ်ဆိုတာ သိနေကြတာပဲ၊ နောက်ပြီး အမေ့မှာ ဖျားတာနာတာ၊ ထိခိုက်ရှနာတာ
ဆိုလို့ ဘယ်လိုဟာမှန်းတောင် မသိဖူးဘူး၊ ကျန်းမာရေးနှင့် ပတ်သက်လို့လဲ ဆေးဆိုလို့
အမေ့အနေနှင့် နှာတို့ လျက်ဆားတို့တောင် မသုံးဖူးဘူး၊ သားတို့ အသိပဲ၊ အခု
အသက်ကြီးလာလို့ ဆံပင်နည်းနည်းဖြူပေမယ့် သွားမကျိုးဘူး၊ မျက်စိမမွဲ
ဘူး။

“ခုလောက်ဆို အမေပြောချင်တာ ငါ့သား သိလောက်ပါပြီ”

“သား သိပါပြီ အမေ၊ အမေ နောက်ဘဝကရော၊ ဒီဘဝမှာရော ဝတ်ထားပြီး အမြဲလုပ်နေကျ မျက်နှာသစ်တော်ရေ၊
သောက်တော်ရေ၊ ချိုးတော်ရေ လှူတဲ့ဝတ်ကို သားတို့လဲ ဘယ်မှာနေနေ ဝတ်မပျက်ရအောင်
လုပ်ပါ့မယ်။ ရေလှူတဲ့ အကျိုးကိုလဲ သားတို့ မျက်မြင် ဖြစ်နေမှ ပဲ။ သား
ယုံလဲယုံကြည်ပါတယ်”

“သာဓုတော် သာဓု သာဓု၊ ငါ့သားကြီး ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ ချမ်းသာပါစေ၊ သွားလေရာရာ အန္တရာယ်မရှိ
ဘေးမငြိပါစေနှင့်”

(၅)

ကျွန်ုပ်မိခင်ကြီး ပြောပြသော ရေလှူအကျိုးမှာ ကျွန်ုပ်တို့အတွက် မျက်မြင်ကိုယ်တွေ့ ဖြစ်နေသဖြင့် ပိုပြီး လေးလေးနက်နက် သက်ဝင်ယုံ
ကြည်မိပါသည်။ ကျွန်ုပ်လည်း မွေးသည့်မိခင် ကျေးဇူးရှင်ကြီး၏ ဘဝပေး အမွေကောင်းကြီးကို
ရောက်လေရာရာမှာ စွမ်းအားရှိသမျှ မပျက်မကွက်ရအောင် ဆောင်ရွက်လျက်
ရှိပါသည်။

ကျွန်ုပ်၏ စာဖတ်သူများကိုလည်း ပိုမိုထင်ရှားစေရန် ကျွန်ုပ်မိခင်ကြီး၏ ရေဒါနကြောင့် ကျွန်ုပ်တို့ နေထိုင်ခဲ့ရပုံ အကြောင်းကို အနည်းငယ်
ပြောပြချင်ပါသေးသည်။ ဂုဏ်ယူဝင့်ဝါခြင်း မဟုတ်။ စာဖတ်သူများ သဒ္ဓါတရား ပို၍
ဖြစ်ပွားစေလိုသောကြောင့် ဖြစ်ပါသည်။

ယခု ကျွန်ုပ်မိခင်ကြီး အသက် ၈၆-နှစ် ရှိပါပြီ။ အပ်နှဖား ထိုးနိုင်လောက်အောင် မျက်စိအား ကောင်းပါသည်။ ဖျားနာဖူးခြင်း
အလျင်းမရှိပါ။ စီးပွားဥစ္စာနှင့် စပ်၍လည်း ရတနာ စိန်ရွှေငွေ၊ ဆင်မြင်းကျွဲနွား
အသုံးအဆောင် အားလုံး ပြည့်စုံပါသည်။ အကောင်းဆုံးအိမ်၊ အကောင်းဆုံး အသုံးအဆောင်နှင့်
အကောင်းဆုံး အဝတ်အစားများ ရရှိပါသည်။ ဘာမျှ
လိုလေသေးမရှိပါ။

ကုသိုလ်ကောင်းမှုနှင့် စပ်၍လည်း မိခင်ကြီး မလှူဖူးတဲ့အလှူ မရှိသလောက်ဟုပင် ဆိုရပါမည်။ အသက် ၉၀ ကျော် နေထိုင်သွားကြရတဲ့ မိအို ဖအိုများကို
ကောင်းစွာ ပြုစု ကျွေးမွေးနိုင်သည့်အပြင် ကွယ်လွန်ကြသောအခါတွင်လည်း
ထိုက်ထိုက်တန်တန် သင်္ဂြိုဟ်ပြီး ကျေးဇူး တုံ့ဆပ်နိုင်ခဲ့ပါသည်။ ဘုရား၊ ကျောင်း၊ ဇရပ်၊
ပိဋကတ်၊ ရေတွင်း ရေကန် မြန်မာပြည်အနှံ့ လှူပြီးပြီ။ မိခင်ကြီးမှာ ထမင်းရေချောင်းစီး
အလှူကြီး လှူလိုတဲ့ဆန္ဒ သားမြေးများ ရှင်ပြု စဉ်က ပြည့်ဝသွားပါသည်။

အလှူလှူရာမှာ မဏ္ဍပ်ကနား၊ ကျွေးရုံ၊ အလှူရုံ၊ ဇာတ်ရုံဆောက်ရာမှ အစ အဘက်ဘက်က ပြည့်စုံ၍
စိတ်ချမ်းသာရပါသည်။ မိုးတား တစ်မြို့လုံး နီးစပ်ရာ ရွာများအားလုံးဝိုင်းပြီး
လုပ်အားပေးကြသဖြင့် တစ်လကျော်ကျော် တောရော မြို့ပါ ဟီးနေအောင် လုပ်သော မိခင်ကြီး
အလှူတငွ် လုပ်အားပေးကြတဲ့ တစ်မြို့လုံးက ပေါ်ခင်မယ်ခင် အပျိုလူပျို အစ်ကို ကာလသား
ကာလသမီးများ အားလုံးကို နေ့တိုင်း နံနက်စာ ညစာ အကျွေးအမွေဖြင့်
ဧည့်ခံပါသည်။

ထိုခေတ်က မန္တလေး နေပြည်တော်မှာ နာမည်ကျော်တဲ့ မြခြေကျင်း မငွေမြိုင်ကြီးဇာတ်ပွဲ ၇-ချီနှင့် အောင်ပွဲခံခဲ့ပါသည်။ သားတွေ မြေးတွေ ရှင်ပြု
ပွဲမှာ ရှင်လောင်းအပါး ၄၀ ကျော်တို့ကို ကိုယ်ပိုင်ဆင် ၁၆ ကောင်ပေါ်မှာ ရွှေထီး
တဝင်းဝင်း ဆောင်းမိုးလျက် မြင်းအကောင် ၂၀ ခြံရံပြီး မြိုင်မြိုင်ဆိုင်ဆိုင်ကြီး
ရှင်လောင်းလှည့်ပွဲ ကျင်းပပါသည်။ ဓာတ်ပုံတွေ မြင်တိုင်း အပရ စေတနာ
တိုးပွားကြရပါသည်။ တစ်လကျော်ကျော် အလှူကြီးပင် ဖြစ်ပါသည်။

ထိုမှတစ်ပါး မိုးတားမြို့နယ်မှာ အစဉ်အလာ ကျင်းပပြုလုပ်လေ့ရှိသော ဝါဆိုသင်္ကန်း ကထိန်သင်္ကန်း
ကပ်လှူသည့် ပွဲများတွင်လည်း မိခင်ကြီးသည် အလှူငွေ အများဆုံး ထည့်ဝင်လေ့ရှိပါသည်။
သံဃဒါန ဆွမ်းလောင်းခြင်း၊ ဆွမ်းကပ်ခြင်းများလည်း ပြတ်လှသည်မရှိပါ။ တပို့တွဲလ
ထမနဲပွဲ ကျရောက် လာပြန်သောအခါတွင်လည်း ထမနဲများကို မိုးဗြဲဒယ်ကြီး ၉၀-၁၀၀ တစ်နေကုန်
ထိုးပြီး တစ်မြို့လုံး တစ်နယ်လုံးလိုလို ပျော်ပျော်ပါးပါး စားသောက်ရအောင်
လှူလေ့ရှိပါသည်။

သြဇာကိတ္တိ ရှိသည့်နေရာတွင်လည်း တစ်မြို့လုံး လေးစားရသော ဖခင်ကြီး ကိုယ်တိုင်က မိခင်ကြီး အလိုကို လိုက်လျောခဲ့ရပါသည်။ အခြွေအရံနှင့်
စပ်၍လည်း သား ၃-ယောက်၊ သမီး ၄-ယောက်၊ မြေး ၄၅-ယောက်နှင့် မြစ် ၅၂-ယေက် ရှိပါသည်။
တစ်မြို့တည်းနေ တူ-တူမများကလည်း မိခင်ကြီးထံ မပြတ်ဝန်းရံ နေလိုကြရုံမျှမက
ဆမိတ်ခုံကဲ့သို့ တစ်ရပ်တစ်ကျေးက လာနေတဲ့ ဆွေမတော် မျိုးမတော် ဘကြီး ဦးဘသင်လို
ပုဂ္ဂိုလ်များလည်း မရှားပါ။ ဦးဘသင်သည် အသက် ၄၀-ကျော်လောက်က အိမ်မှာ လာပြီး
နေခဲ့သည်မှာ အသက် ၈၀-ကျော် မပြန်တော့ပါ။

“ငါ့သား၊ မေမေတို့မှာ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် နေမှုစားမှု လှူမှုတန်းမှု ဘယ်လောက်အထိ ပြည့်စုံတယ်ဆိုတာ
ငါ့သား အသိအမြင် ပဲ၊ ဒါတွေ အားကျစမ်းပါ ငါ့သား၊ နောက်ဆုံး အမေ မှာလိုက်ချင်တာက
ငါ့သား ရန်ကုန်မြို့ကြီး ရောက်တာနဲ့ ရွှေတိဂုံစေတီတော်ကြီးက အစ ရေလှူဖြစ်အောင်
လှူစမ်းပါ၊ အိမ်မှာလဲ အမေ့လို နေ့စဉ် 'ရေတော်ဝတ်' လုပ်ထားပါ၊ ပန်း ရေချမ်း ကပ်တာ
မိန်းမတွေ အလုပ်၊ သေး သေးနုပ်နုပ်လို့များ မမှတ်ထင်လေနှင့် သား၊ ဥစ္စာရင်လို
ဥစ္စာရင်ခဲရတယ်၊ ကိုယ်လှူမှ ကိုယ်ရမှာ၊ ငါ့သား နေ့တိုင်းလှူ၊ အကြိမ်ကြိမ် လှူပါလေ၊ ဒါ
ဒီဘဝအတွက်တင် မဟုတ်ဘူး၊ သံသရာအတွက်ပါ ငါ့သားကို ချမ်းသာအောင် အမေးပေးလိုက်တဲ့
အမွေပဲ”

ကျွန်ုပ်၏ မွေးသည့်မိခင် ကျေးဇူးရှင်ကြီးသည် ကျွန်ုပ်အား အထက်ပါ စကားများကို ပြောဆို မှာကြားပြီး နောက် ၃-ရက်လောက် နေမကောင်း ဖြစ်ရရှာပါသည်။
အမှန်ပင် မိမိ အနစ်နာခံ၍ သား၏အကျိုးကို မျှော်ကိုးပြောပြခြင်း
ဖြစ်ပါသည်။

အို … စာရှုသူအပေါင်းတို့၊ ကျွန်ုပ်တို့၏ မွေးမိခင် ကျေးဇူးရှင် ဒေါ်ရွှေဥ၏ အမှာစကားကို အရင်းအတိုင်း ဖောက်သည်ချလိုက်ပါသည်။ ကျွန်ုပ်ကလည်း ထပ်မံ
တိုက်တွန်းလိုပါသည်။ ကျားမကြီးငယ်မဟူ၊ ဆင်းရဲသူ ချမ်းသာသူ မရွေး လူတိုင်း ရေ … ရေ …
ရေအလှူ ပေးကြစမ်းပါ၊ ရေကို လှူဖြစ်အောင် လှူကြစမ်းပါ - ဟူ၍။

[၁၉၈၀-ခုနှစ်၊ ဇွန်လထုတ် ဒဂုန်မဂ္ဂဇင်းမှ ဆရာကြီး မိုးတားဦးထွန်းရှိန်၏ 'မအို မနာ သက်ရှည်ကြာ'
ဆောင်းပါးကို ကူးယူ ဖော်ပြပါသည်။]

(ဓမ္မာစရိယ ဦးဌေးလှိုင်၏ ဓမ္မဒူတ(တတိယတွဲ)တွင် ထပ်မံ ဖော်ပြချက်ကို ကူးယူး ဖော်ပြပါသည်။)

ရေအကျိုး ၁၀ ပါး

ရေလှူသော ပုဂ္ဂိုလ်များ ဆုမတောင်းဘဲ ၎င်းအကျိုးဆယ်ပါးကို ရသည်ဟူ၏။

(က) ကိတ္တိ, သုဒ္ဓေါ၊ ခြေရံပေါ၊ လျင်ဆော, မွတ်သိပ်ကွာ။
(ခ) သက်ရှည်, ဆင်းလှ၊ ချမ်းသာရ၊ ဗလ, ဉာဏ်ပညာ။
(ဂ) ရေကိုလှူကြ၊ ကျိုးဆယ်ဝ၊ မုချရမည်သာ။
(သုတေသန သရုပ်ပြ အဘိဓာန်)

၁။ ကျော်စောခြင်း၊
၂။ ခန္ဓာကိုယ်၌ သန့်ရှင်းစင်ကြယ်ခြင်း၊
၃။ အခြံအရံ များခြင်း၊
၎။ လျင်မြန်ခြင်း၊
၅။ ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
၆။ အသက်ရှည်ခြင်း၊
၇။ အဆင်းလှခြင်း၊
၈။ ချမ်းသာခြင်း၊
၉။ ခွန်အားဗလကြီးမားခြင်း၊
၁၀။ ဉာဏ်ပညာကြီးမားခြင်း။

၂၀၁၀-ခုနှစ်၊ မြန်မာနိုင်ငံ၌ ရေရှားပါးမှု ပြဿနာများနှင့် ရင်ဆိုင်နေရစဉ် ပြည်တွင်းပြည်ပမှ
ရေအလှူရှင်များအတွက် ဂုဏ်ပြု အမှတ် တရအနေအားဖြင့် ဖော်ပြခြင်း
ဖြစ်ပါသည်။

fwd mail မှ ကူးယူဝေမျှပါသည်။

mr pizza

unread,
Jun 7, 2010, 10:49:26 AM6/7/10
ဒီလို ဆောင်းပါလို့ခေါ်မလား ဘာလို့ခေါ်မလဲတော့ နာမယ်မတတ် တက်ဖူး
ဒါပေမယ့် ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ဒီလိုမျိုးစာများကို ကိုယ်ကိုတိုင်ရေးသားဖော်ပြတာ
ဖြစ်ဖြစ် သူများဆီက နေ တစ်ဆင်ကူးယူဖော်ပြတာဖြစ်ဖြစ် နှစ်သက်ပါတယ်
နောက်လဲ ဖော်ပြမယ်ဆို ရင် အတိုင်းထက်အလွန် ၀မ်းသာအုံးမှာ ပါ။
your regard,
Doctor Pizza

2010/6/7 သိဂီၤ <ms.the...@gmail.com>

--
"Real Family" group မွၾကိဳဆိုပါတယ္ခင္ဗ်ား။
Post ကိုမေးကနေ တင်ချင်ရင်တော့ real-fa...@googlegroups.com ကိုမေးပို့လိုက်ပါ။ Post များကို တစ်နေရာထဲတွင် အကုန်ဖတ်နိုင်ရန်၊ reply လုပ်လျှင် ပိုမိုလွယ်ကူစေရန်၊ member များကို သိရှိနိုင်ရန်၊ သူငယ်ချင်း မိတ်ဆွေများအား အလွယ်တကူ ဖိတ်ကြားနိုင်ရန် http://groups.google.com/group/real-family-mm?hl=en ကနေ၀င်ပေးကြပါခင်ဗျား။ အကြောင်းအရာတူပါက ခေါင်းစဉ်များ မဖောင်းပွစေရန် လက်ရှိခေါင်းစဉ်အောက်မှာသာ ဆက်ရေးရန်။(Reply ပြန်ရန်) တောင်းဆိုပါတယ်ခင်ဗျား.။

Reply all
Reply to author
Forward
0 new messages