“ပန်းတွေပွင့်စေသောအဖိုးအို”

3 views
Skip to first unread message

♥♣ ရှင်ဂွမ်းဂီ♥♣

unread,
Jan 24, 2012, 9:37:04 PM1/24/12
to စစ်မှန်သောမိသားစု
“ပန်းတွေပွင့်စေသောအဖိုးအို”

မောင်လေးတို့၊ညီမလေးတို့ရေ ဒီနေ့ည မမသော်တာပြောပြမယ့် ပုံပြင်လေးကတော့ ပန်းတွေပွင့်စေတဲ့
အဖိုးအိုတစ်ယောက်အကြောင်းပဲဖြစ်တယ်ကွယ့်။
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်ရွာတစ်ရွာမှာအလွန်ကြင်နာတတ်တဲ့အဖိုးအိုတစ်ဦးနှင့်သူ့ဇနီးတို့နေထိုင်ကြတယ်။
သူတို့ရဲ့ဘေးနားမှာတော့ အလွန်ယုတ်မာတဲ့ အဖိုးအိုတစ်ဦးနှင့်သူ့ဇနီးတို့ နေထိုင်ကြတယ်။ ကြင်နာတဲ့အဖိုးအိုစုံတွဲမှာ “ရှိရို”လို့ခေါ်တဲ့ ခွေးဖြူလေးတစ်ကောင်ရှိတယ်ကွယ့်။ (“ရှိရို”ဆိုတာ ဂျပန်လို“အဖြူ”
ကိုပြောတာ၊ပြောရရင်ခွေးလေးနာမည်က“ငဖြူ”ပေါ့ကွယ်။) သူတို့လင်မယားဟာ “ရှိရို”လေးကိုအရမ်းချစ်ပြီး
အမြဲတမ်း အစားကောင်းတွေပဲကျွေးမွေးတယ်။ ဒါပေမယ့်ယုတ်မာတဲ့ အဖိုးအိုကတော့ ခွေးတွေကိုမုန်းတဲ့
လူဖြစ်ပြီးတော့ “ရှိရို”လေးကိုတွေ့တိုင်း ခဲနှင့်ပေါက်တယ်။

တစ်နေ့မှာခွေးလေးက ယာကွက်ထဲမှာအကျယ်ကြီးစဟောင်တော့တာပဲ။ ကြင်နာတဲ့အဖိုးအိုက “ရှိရို”ဘာဖြစ်
ပါလိမ့်ဆိုပြီး သွားကြည့်တာပေါ့။“ရှိရို”ဟာ ဟောင်ရင်းနှင့်ပဲ မြေကြီးကိုလက်နှင့်တူးယက်နေတယ်။“အလို၊ မင်း
ကငါ့ကို ကူတူးပေးစေချင်လို့လားကွ” ဆိုပြီးအဖိုးအိုကမေးလိုက်တယ်။ ဒါနဲ့ပဲအဖိုးအိုက တူရွှင်းကိုယူလာပြီး၊
စတင်တူးတယ်။ ရုတ်တရက်တူးရွှင်းကမာတဲ့အရာတခုခုကိုထိမိသွားတယ်။ အဖိုးအိုက တူးဖော်ကြည့်တဲ့အခါ
ရွှေဒင်္ဂါးတွေအပြည့်ပါတဲ့ အိုးကြီးတစ်လုံးကို တွေ့လိုက်ရတယ်။ ဒါနဲ့“ရှိရို”ကိုအရမ်းကျေးဇူးတင်သွားပြီး၊အိမ်ကို
လည်း ရွှေတွေငွေတွေ သယ်သွားတာပေါ့။
အဲဒါကို ယုတ်မာတဲ့အဖိုးအိုကချောင်းကြည့်ပြီးတော့ အလုံးစုံကိုသိသွားတာပေါ့ကွယ်။ သူလည်းပဲရွှေတွေငွေ
တွေလိုချင်လာတာပေါ့။ ဒါနဲ့ပဲ နောက်နေ့ကျတော့ ယုတ်မာတဲ့အဖိုးအိုက ကြင်နာတဲ့အဖိုးအိုကို ခဏလောက်
ရှိရိုကိုငှားပါလို့ပြောတာပေါ့။ “တကယ်လို့ခင်ဗျားမှာအကူအညီလိုတယ်ဆိုရင် ကျုပ်ကရှိရိုကို ဘာကြောင့်မငှား
နိုင်ရမှလဲ”လို့ကြင်နာတဲ့အဖိုးအိုက ပြောသတဲ့။
ယုတ်မာတဲ့အဖိုးအိုက ရှိရိုကို သူ့အိမ်ကိုခေါ်သွားပြီး၊ နောက်တော့ယာခင်းကိုထွက်လာခဲ့တယ်။
“အခုငါ့ကိုလည်း ရွှေတွေရှာပေး၊ အဲလိုမှမဟုတ်ရင် မင်းအရိုက်ခံရမယ်”လို့ ခွေးကိုအမိန့်ပေးလိုက်တယ်။ ဒါနဲ့
ရှိရိုက ယာခင်းရဲ့တနေရာမှာစပြီးတူးယက်ခဲ့တယ်။ ဒါနဲ့ယုတ်မာတဲ့အဖိုးအိုက ရှိရိုကိုကြိုးနဲ့ချည်လိုက်ပြီးတော့
သူကိုယ်တိုင်တူးတော့တယ်။ ကျင်းအကြီးကြီးတူးပြီးတဲ့နောက်မှာတော့ ရွှေတော့မတွေ့ပဲ၊ နံဆော်နေတဲ့
အမှိုက်ထုပ်ကြီးပေါ်ထွက်လာတယ်။ ယုတ်မာတဲ့အဖိုးအိုဟာ အရမ်းစိတ်ဆိုးသွားပြီးတော့ ရှိရိုရဲ့ဦးခေါင်းကို
တူရွှင်းနှင့်ထုပြီး သတ်ပစ်လိုက်တယ်တဲ့။
ကြင်နာတတ်တဲ့အဖိုးအိုနှင့်အဖွားအိုဟာ ရှိရိုရဲ့အကြောင်းကိုသိတဲ့အခါ အရမ်းကိုစိတ်မကောင်းဖြစ်သွားတာ
ပေါ့ကွယ်။ သူတို့ဟာရှိရိုကို သူတို့ရဲ့ယာကွက်ထဲမှာမြှုပ်နှံလိုက်ပြီးတော့ ခွေးလေးရဲ့မြေပုံပေါ်မှာ ထင်းရှူးပင်
လေးတစ်ပင်ကိုစိုက်လိုက်တယ်တဲ့။ ပြီးတော့နေ့တိုင်းနေ့တိုင်းသူတို့ဟာ ရှိရိုရဲ့မြေပုံရှိရာသွားပြီး၊ ထင်းရှူးပင်
ကိုဂရုတစိုက်နှင့်ရေလောင်းကြတယ်။ ထင်းရှူးပင်ဟာ အလျင်အမြန်ကြီးထွားလာပြီး၊နှစ်အနည်းငယ်အတွင်း
မှာ အပင်ကြီးတစ်ပင်ဖြစ်လာတာပေါ့ကွယ်။ “ရှိရိုလေးက ဆန်ကိတ်မုန့်တွေ အရမ်းကြိုက်တာနော်”လို့ကြင်နာ
တတ်တဲ့အဖွားအိုက သတိတရပြောလိုက်တယ်။ “ဒီထင်းရှူးပင်ကြီးကို ဆန်ထောင်းဖို့အတွက်မောင်းဆုံလုပ်ရ
ရင်မကောင်းဘူးလား အဖိုးကြီးရေ”ဆိုပြီး အပင်ကိုဖြတ်ကြသတဲ့။ မောင်းဆုံလုပ်ပြီး ရှိရိုအတွက်အမှတ်တရ
ဆန်ကိတ်လုပ်ကြမယ်ပေါ့။

ဒါနဲ့အဖိုးအိုက အပင်ကိုဖြတ်၊ပင်စည်ကိုထွင်းပြီး မောင်းဆုံတစ်ခုလုပ်သတဲ့။
အဲဒီနောက် ပေါင်းထားတဲ့ဆန်တွေကိုအပြည့်ထည့်ပြီး ဆန်ကိတ်လုပ်ဖို့အတွက် ထောင်းသတဲ့။ (ဂျပန်ဆန်က
ကောက်ညင်းလိုပဲ စေးပါတယ်)။ ထောင်းပြီးမကြာခင်မှာပဲ ဆန်တွေဟာရွှေတွေဖြစ်ကုန်သတဲ့။ အဲဒါကြောင့်
ကြင်နာတတ်တဲ့ အဖိုးအိုနှင့်အဖွားအိုဟာ ချမ်းသာသထက်ချမ်းသာလာတာပေါ့ကွယ်။
ယုတ်မာတဲ့အဖိုးအိုဟာ ပြူတင်းပေါက်ကနေချောင်းကြည့်နေတော့ ဆန်တွေကနေရွှေတွေဖြစ်ကုန်တာကိုတွေ့
တာပေါ့။ သူလည်းအရမ်းအရမ်းကို ရွှေတွေလိုချင်ပြန်ရောတဲ့။ ဒါနဲ့နောက်နေ့ကျတော့ ကြင်နာတဲ့အဖိုးအိုဆီ
သွားပြီး မောင်းဆုံငှားဖို့ပြောပြန်တာပေါ့။ “ရပါတယ်ဗျာ။ငှားနိုင်ပါတယ်”လို့ကြင်နာတဲ့အဖိုးအိုကပြောတယ်။
ယုတ်မာတဲ့အဖိုးအိုကမောင်းဆုံကို သူ့အိမ်ကိုသယ်သွားပြီး၊ ပေါင်းထားတဲ့ဆန်တွေထည့်သတဲ့။ “အခုစောင့်
ကြည့်လိုက်၊ အဖွားကြီးရေ၊ငါစထောင်းလိုက်တာနဲ့ ဒီဆန်တွေကနေ ရွှေတွေဖြစ်သွားလိမ့်မယ်”လို့ သူ့မိန်းမ
ကိုပြောသတဲ့။ ဒါပေမယ့်ကွယ်၊သူထောင်းလိုက်တဲ့အခါ ဆန်တွေကနေ နံစော်နေတဲ့အမှိုက်တွေဖြစ်ကုန်သတဲ့
။ ဘာရွှေမှ မဖြစ်လာဘူးတဲ့။ ဒါနဲ့အရမ်းစိတ်ဆိုးပြီး ဆုံကိုပုဆိန်နှင့်ခုတ်ထစ်ပြီး မီးဖိုထဲ ထည့်ပစ်လိုက်သတဲ့။
နောက်နေ့ ကြင်နာတတ်တဲ့အဖိုးအိုက မောင်းဆုံကိုပြန်ယူဖို့လာတဲ့အခါ၊ အားလုံးပြာဖြစ်နေတာပေါ့ကွယ်။
ဒီမောင်းဆုံက ခွေးလေးရှိရိုအတွက် အမှတ်တရလုပ်ထားတာဆိုတော့ အရမ်းစိတ်မကောင်းဖြစ်သွားတာပေါ့။
ဒါနဲ့ကြင်နာတတ်တဲ့အဖိုးအိုက ပြာတွေသယ်သွားပါရစေလို့ပြောပြီး ။သူ့အိမ်ကိုပြာတချို့သယ်ပြီးပြန်ခဲ့သတဲ့။
ဒီလိုနဲ့ဆောင်းလယ်လောက်ရောက်လာတော့ အပင်အကုန်လုံးအရွက်တွေမရှိအရိုးတွေမရှိဖြစ်ကုန်တာပေါ့။
(ဂျပန်မှာက နွေဦးနှင့်ဆောင်းဦးက နေရတာလည်းအရမ်းကောင်းပြီး ပတ်ဝန်းကျင်လည်းတော်တော်လှတယ်။
အခုနွေရာသီလည်း အပင်တွေကစိမ်းလန်းနေပေမယ့် ပူတော့အတော်ပူတယ်။)အဖိုးအိုကသူ့ဥယျာဉ်ထဲမှာ
ပြာတွေနဲ့ဖျန်းကြည့်လိုက်မယ်လို့ တွေးလိုက်မိတယ်။ အဲလိုဖျန်းလိုက်တဲ့အခါ ဥယျာဉ်ထဲမှာရှိတဲ့ ဆာကူရတွေ
အားလုံးဟာ ဆောင်းအလယ်ကြီးမှာ ရုတ်တရက်စပြီးပွင့်ကုန်ကြတယ်တဲ့။ အံ့သြစရာကောင်းတဲ့ဒီမြင်ကွင်းကို
လူတိုင်းလာကြည့်ကြတယ်။ အနီးအနားကရဲတိုက်မှာစံမြန်းနေတဲ့ မင်းသားကတောင် ဒီသတင်းကြားပြီး
လာကြည့်သတဲ့ကွယ်။

အဲမင်းသားရဲ့ဥယျာဉ်ထဲမှာလည်း သူအရမ်းနှစ်သက်တဲ့ ဆာကူရပင်တစ်ပင်ရှိသတဲ့။ အဲဒီအပင်ကနေလှပတဲ့
ဆာကူရပန်းတွေကိုမြင်ရဖို့ နွေဦးပေါက်တဲ့တိုင်အောင်မျှော်လင့်တကြီးစောင့်ခဲ့ရတာပေါ့။ ဒါပေမယ့်နွေဦး
ရောက်လာတော့ အပင်ကသေနေတာကိုတွေ့လိုက်တဲ့အခါ အရမ်းစိတ်မကောင်းဖြစ်သွားတယ်တဲ့။ ဒါနဲ့သူက
ကြင်နာတတ်တဲ့အဖိုးအိုကို သူ့အပင်ပြန်ရှင်လာအောင်လုပ်ပေးဖို့ပြောသတဲ့။ အဖိုးအိုလည်း ပြာတချို့ကိုယူ
ပြီး အပင်ပေါ်တတ်ခဲ့တာပေါ့။ ပြီးတော့ သေနေတဲ့သစ်ကိုင်းတွေကို ပြာနဲ့ဖျန်းလိုက်သတဲ့၊ အဲဒီနောက်မကြာ
ခင်မှာပဲ အပင်မှာ အလှပဆုံး ဆာကူရတွေနှင့်ပွင့်လန်းရှင်သန်လာပါရော။
မြင်းစီးရင်းလာစောင့်ကြည့်နေတဲ့ မင်းသားဟာအဲဒါကိုလည်းတွေ့ရော အရမ်းကိုပျော်သွားတာပေါ့ကွယ်။
မင်းသားကအဖိုးအိုကို ရွှေတွေနှင့်လက်ဆောင်ပစ္စည်းတွေ အမြောက်အများဆုချတာပေါ့။ အားလုံးတွေထဲက
အကောင်းဆုံးကတော့ အဖိုးအိုကို သူရဲကောင်းတစ်ယောက်လိုမျိုး “ပန်းတွေပွင့်စေသောအဖိုးအို”ဆိုပြီး
ဘွဲ့အမည်ပေးအပ်သတဲ့။
“ပန်းတွေပွင့်စေသောအဖိုးအို”နှင့်သူ့ဇနီးသည်ဟာ ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်နှင့် နေထိုင်သွားကြ
သတဲ့ကွယ်။       ။


ချစ်ခင်လျက်
သော်တာ
                                                                                                  
http://www.thawtar.com
--
12345.gif
12345.gif
Reply all
Reply to author
Forward
0 new messages