ဒေါက်တာ ပေါကော်လီယာ၏ အကြံပေးချက်များ
ကျွန်တော်ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေကိုပြန်လည်ထူထောင်တဲ့ နေရာမှာ ပိုကောင်းအောင်ဘယ်လိုလုပ်ကြမလဲ ဆိုတာပဲဖြစ်ပါတယ်။ ပဋိပက္ခကိုဖြတ်သန်းခဲ့ရတဲ့ နေရာတွေကို သုံးသပ်ကြည့်ရင် အားရစရာသိပ်မရှိလှတာကိုတွေ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သမိုင်းတလျှောက်မှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ ၁၀ နှစ် အတွင်းမှာ ပဋိပက္ခမီးထဲကို နောက်ကြောင်းပြန်လည်တတ်ကြလို့ပါပဲ။ အဲဒီထဲက တစ်ဝက်လောက်က ပြည်တွင်းစစ်ပြန်တိုက်ကြတာပဲ ဆိုပါတော့။ ဘာ့ကြောင့် ဒီလိုနောက်ကြောင်းပြန်လှည့်တာတွေ ဒီလောက်များရသလဲ။ လုပ်နေကျပုံစံတွေထဲမှာ သမားရိုးကျ ပဋိပက္ခပြေငြိမ်းရေးအတွက် လုပ်ပုံလုပ်နည်းတွေမှာ ဘာတွေမှားနေခဲ့လို့လဲ.. စဉ်းစားစရာပဲ။
ပဋိပက္ခပြေငြိမ်းရေးလမ်းစဉ် (၁) ကဘာလဲ။ နိုင်ငံရေးအရ ဖြေရှင်းဖို့ပဲ။ လူတွေက ပဋိပက္ခပြေငြိမ်းရေးဖို့အတွက် နိုင်ငံရေးကိုဖြေရှင်းဖို့ ပထမဆုံး စဉ်းစားရမယ်လို့ယူဆကြတယ်။ အဲဒီတော့ နိုင်ငံရေး သဘောတူညီချက်တစ်ခု ထွက်အောင်လုပ်တယ်။ ပြီးရင်တော့ ဒုတိယအဆင့်မှာတော့ ပဋိပက္ခနယ်မြေတွေမှာ ချထားတဲ့ နယ်မြေငြိမ်းချမ်းရေးကိုထိန်းပေးနေတဲ့ Peacekeeping တပ်တွေကို ပြန်ဖြုတ်ပြီး အိမ်မြန်မြန်ပြန်ပို့မယ်။ အခြေအနေတွေက အန္တရယ်သိပ်များတာကတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဒါဟာ ခဏတဖြုတ်ပါလို့ ပြောပြီး လုံခြုံအောင်လုပ်ပေးနေတဲ့တပ်တွေကို စောစောသိမ်းစေတာ။ပြီးတော့နောက်တတိယအဆင့်မှာ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးနေရတဲ့တပ်တွေ အပြီးထွက်သွားအောင်လုပ်မယ်။ အဲဒါကတော့ရွေးကောက်ပွဲကျင်းပတာပဲ။ ရွေးကောက်ပွဲဆိုတာ ပြည်သူတွေကျေနပ်တဲ့ တာဝန်ခံမှုရှိတဲ့ အစိုးရလို့ ပေါ်လွင်စေဖို့အတွက် လိုအပ်တယ်လို့ယူဆကြတယ်။
ဒီလမ်းစဉ်တွေဟာ ရိုးလို့တောင်နေပါပြီ။ ဒီလမ်းရိုးကြီးတွေကိုကြည့်ရင် လက်တွေ့ဖြစ်နေတဲ့ အခြေအနေတွေကို လက်ခံဖို့ ငြင်းဆန်နေတဲ့အနေအထားကိုတွေ့ရမယ်။ ပဋိပက္ခဖြေရှင်းဖို့ဆိုတာ ဒီလောက်မမြန်တာ သေချာပါတယ်။ ကျွန်တော် ပဋိပက္ခတွေဟာ ချုပ်ငြိမ်းသွားပြီးလို့ ထင်ပြီးကာမှ ဆိုးရွားတဲ့ အခြေအနေကိုနောက်ကြောင်းပြန်တာဘာ့ကြောင့်လဲဆိုတာာကို လေ့လာခဲ့ပါတယ်။ တကယ်တော့ ပဋိပက္ခကိုဖြေရှင်းပြီးနောက်ပိုင်း ၁၀ စုနှစ်တစ်ခုစာဟာ သိပ်ကိုအရေးကြီးပါတယ်။ နိုင်ငံရေးကစားကွက် အသစ်တွေနဲ့ အန္တရယ်လမ်းပါ။ ရွေးကောက်ပွဲကျင်းပနိုင်ရင် ပြီးပြီလို့ထင်ကြတာ ဟုတ်သလား။ ရွေးကောက်ပွဲဟာ တာဝန်ခံတဲ့ ပြည်သူတွေ ကြည်ဖြူတဲ့ အစိုးရတစ်ရပ်ကိုရွေးကောက်တင်မြှောက်နိုင်မှာပေါ့လို့ မျှော်လင့်ကြတာ မှန်သလား။ တကယ့်အဖြစ်မှာ ရွေးကောက်ပွဲက ပေးလိုက်တဲ့ အဖြေဟာ ဘာလဲ။ အောင်နိုင်သူနဲ့ ရှုံးနိမ့်သူပဲ။ ရှုံးနိမ့်သွားတဲ့သူနဲ့ ရင်ကြားပြန်စေ့ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ အခုအခြေအနေမှာ လိုအပ်နေတာက တိုက်ပွဲတွေဆီကို ပြန် ‘လည်’ ထွက်မသွားဖို့ပဲ။ နိုင်ငံရေး ကို ပထမဦးစားပေး လုပ်လို့မရသေးတဲ့အခြေအနေမျိုးပဲ။ လက်တွေ့ကျတာက နိုင်ငံရေးကို နောက်ဆုံးထားပြီး ကိုင်တွယ်ဖို့ပဲ။
ပဋိပက္ခပြေငြိမ်းသွားတဲ့နောက်ပိုင်း လူတွေရဲ့ အခြေအနေပိုပြီး တိုးတက်လာခဲ့ရင်၊ လူတွေရဲ့ စီးပွားရေး၊ လုံခြုံရေးအတွက် အခြေခိုင်တဲ့အုတ်မြစ်တွေချပေးနိုင်ခဲ့ရင် ရှေ့လျှောက် တိုးတက်လာမှာပဲ။ ဒီအခါ နိုင်ငံရေးကို လုပ်ရကိုင်ရတာ ပိုလွယ်လာတယ် ။ အစပိုင်းမှာ ဘာ့ကြောင့်ခက်တာလဲလို့ ခင်ဗျားတို့မေးနိုင်တယ်။ ပဋိပက္ခဇုန်တွေမှာ တန့်နေတဲ့ ဖွံ့ဖြိးတိုးတက်မှုတွေ၊ နိမ့်ကျသွားခဲ့တဲ့ အခြေအနေတွေဟာ လူတွေရဲ့ နိုင်ငံရေးဗီဇကိုအကျိုးသက်ရောက်တယ်။ လူတွေဟာ နိုင်ငံရေးကိုကြည့်တဲ့အခါ မင်းနိုင်ရင် ငါရှုံးမယ်ဆိုတဲ့ Zero-sum game ကိုသာ မြင်နိုင်တယ်။ မပြောင်းလဲတဲ့ ရေသေလို အခြေအနေကို ပြောင်းအောင်လုပ်ဖို့ဆိုရင် နိုင်ငံရေးစင်ပေါ်က မင်းဆင်းမှ ငါတက်လို့ရမယ်ဆိုတဲ့ သဘောကိုကိုင်စွဲတယ်။ ဒီအခြေအနေဟာ ရှေ့ကို ချောချောမွေ့မွေ့ ဆက်သွားနိုင်အောင်ဖန်တီးပေးနေတာမဟုတ်ဘူး။ ဒီနိုင်ငံရေးဗီဇအရ Zero-sum Game ကနေ ကြည့်နေရာကနေ နှစ်ဖက်စလုံးမရှုံးနိုင်တဲ့ အခြေအနေ positive-sum game ကိုပြောင်းကြည့်နိုင်ဖို့ ဖန်တီးပေးရမယ်။ ဒါတောင်မှ နိုင်ငံရေးမှာ တိုးတက်လာပြီလို့ မဆိုနိုင်သေးဘူး။ ဒီအဆင့်က လိုသေးတယ်။ နှစ်ဖက် မရှုံးတဲ့ အခြေအနေကိုရောက်မှ စိတ်နေစိတ်ထားတွေက လိုက်ပြီးပြောင်းလာကြမယ်။ တပြိုင်နက်မှာ နိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်းတည်ဆောက်နေတာဖြစ်ရမယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုရင် နိုင်ငံသားတွေ အတွက်လုံခြုံဖို့လိုတယ်။ ဒီအနေအထားကို လက်တွေ့ပစ္စက္ခကိုရင်ဆိုင်တယ်လို့ခေါ်နိုင်တယ်။ ဖြစ်နေတဲ့အခြေအနေတွေကိုလက်တွေ့ကျကျလက်ခံလိုက်ရတယ်ဆိုတဲ့နေရာမှာ ရည်ရွယ်ချက်က လက်ရှိဖြစ်နေတာတွေကိုပြောင်းပစ်နိုင်အောင်လို့ပဲ။
ဒီဖြစ်နေတဲ့အခြေအနေတွေကို ပြောင်းပစ်တဲ့နေရာမှာ အထောက်အကူပြုနိုင်မယ့် လမ်းနှစ်သွယ်ကို ကျွန်တော် တင်ပြချင်ပါတယ်။ ပထမတစ်လမ်းကတော့ ပဋိပက္ခအလွန် နိုင်ငံတွေကိုပြုပြင်ရာမှာ အရေးကြီးတဲ့ ဌာနကြီးသုံးခုကြားမှာ တစ်ခုကိုတစ်ခု ဆက်စပ်နေတဲ့အနေအထားကို အသိအမှတ်ပြုဖို့ပါပဲ။ အဲဒီ ဌာနကြီးသုံးခုက ဘာတွေလဲ။ နံပါတ် (၁)ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီပါ။လုံခြုံရေးကောင်စီဟာ (အာဖရိကမှာရှိတဲ့အချို့အခြေအနေများလို) ပဋိပက္ခဖြစ်နေတဲ့နေတဲ့အခြေအနေတွေကိုထိန်းပေးဖို့ ကုလငြိမ်းချမ်းရေးတပ်တွေကို လွှတ်ပေးရတဲ့ဆုံးဖြတ်ချက်ကိုချရတဲ့ဌာနဖြစ်တယ်။ ဒီတပ်တွေ အသုံးချလို့ရတာကို အသိအမှတ်ပြုကိုပြုရမယ်။ အနည်းဆုံး တိုက်နေခိုက်နေတာတွေရပ်သွားအောင် လုပ်ပစ်နိုင်တယ်။ ငွေကြေးအကုန်အကျနဲ့ ထိရောက်မှုကိုတိုင်းတာရင် ငွေကုန်ရကျိုးနပ်တယ်လို့ဆိုနိုင်တယ်။ လုံခြုံရေးအတွက်ပိုပြီးစိတ်အေးလာရတယ်။ ဒါပေမယ့်ဒီလိုထိန်းထားနိုင်တာဟာ ခဏတဖြုတ်ဖြစ် လို့တော့မရဘူး။ ဆယ်စုနှစ်တစ်ခုချီပြီးကြာကောင်းကြာနိုင်တယ်။ တစ်နှစ် နှစ်နှစ်နဲ့မလုံလောက်တာတွေ အများကြီးပဲ။ ဒါကတော့ လုံခြုံရေးကောင်စီနဲ့ညှိရမယ့်အပိုင်းပေါ့။
ဒုတိယ ဌာနကတော့ လုံခြုံရေးကောင်စီနဲ့ သဘောသဘာဝချင်းမတူတဲ့သူတွေပေါ့။ အလှုရှင်တွေ။ ပဋိပက္ခလွန် အခြေအနေတွေမှာပြန်လည်ထူထောင်ရေးအတွက် ငွေကြေးထောက်ပံ့ပေးတဲ့အလှုရှင်တွေ။ ဖြစ်လေ့ဖြစ်ထရှိခဲ့တာကတော့ အလှုရှင်တွေဟာ အကူအညီပေးဖို့ ပထမတစ်နှစ်နှစ်နှစ်လောက်မှ စိတ်ဝင်စားမယ်။ ပြီးရင်တော့ အခြေအနေကိုငြီးငွေ့လာကြမယ်။ နောက်တော့ တစ်နေရာကိုထွက်သွားတတ်ကြတယ်။ ပဋိပက္ခအလွန်မှာ စီးပွားရေးပြန်လည်ထူထောင်ဖို့ဆိုတာဟာ အင်မတန်အချိန်ယူတဲ့ဖြစ်စဉ်ပါ။ စီးပွားရေးချက်ချင်းပြန်တက်လာဖို့ကို မြန်မြန်လုပ်လို့မရသလောက် စီးပွားရေးပြန်ကျသွားဖို့ကတော့ ချက်ချင်းဖြစ်သွားနိုင်တာမျိုးပါ။ တကယ်ပါ.. အကျဘက်ကတော့ သိပ်ကိုမြန်ပါတယ်။ ဒီအခြေအနေကို အလှုရှင်တွေ စိတ်ရှည်မှဖြစ်မှာပါ။ အနည်းဆုံးသူတို့တွေ ဆယ်စုနှစ်တစ်ခုစာလောက်တော့ စိတ်ရှည်သင့်ပါတယ်။
နောက်ဆုံးတာဝန်ရှိတဲ့ဌာနကြီးကတော့ ပဋိပက္ခအလွန် နိုင်ငံကိုအုပ်ချုပ်နေတဲ့ အစိုးရပါပဲ။ အဓိကအားဖြင့် အစိုးရမှာ နှစ်ခုလုပ်ဖို့ တာဝန်ရှိတယ်။ နံပါတ် (၁) စီးပွားရေးပြုပြင်ပြောင်းလဲဖို့ပဲ။ဆိုလိုတာက နိုင်ငံရေးဖွဲ့စည်းပုံ တွေနဲ့ သိပ်ပြီးယောက်ယက်မခတ်ဖို့ပဲ။ စီးပွားရေးမူဝါဒတွေပြင်ဖို့လောက် နိုင်ငံရေးအကွက်ချတာတွေက အရေးမကြီးဘူး။ ဘာ့ကြောင့်လည်းဆိုရင် ပဋိပက္ခကာလတွေမှာ နိုင်ငံ စီးပွားရေးဟာချွတ်ခြုံကျနေခဲ့တယ်။ အစိုးရတွေဟာ စီးပွားရေးတိုးတက်ဖို့လည်းအာရုံမစိုက်ခဲ့ကြဘဲ အမြီးကျက် အမြီးစားခေါင်းကျက်ခေါင်းစားလုပ်ခဲ့ကြတယ်။ ရေတို အလွယ် ဖြေရှင်းနည်းတွေကိုသာဖမ်းဆွဲခဲ့ကြတယ်။ ပဋိပက္ခလည်းပြီးရော အရင်လုပ်ထားသမျှအရှုပ်တွေ ပြန်ရှင်းဖို့ အချိန်ရောက်လာတော့တာပဲ။
ဒါ့ကြောင့် ပဋိပက္ခအလွန်မှာ အရင်ခေတ်က ထားခဲ့တဲ့ အမွေဆိုးကတော့ စီးပွားရေး မူဝါဒ အမှားအယွင်းတပုံတပင်ပါပဲ။ ဒါကိုကုစားဖို့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ချမယ် ဆိုခဲ့ရင် ဒီအစီအစဉ်ဟာ နိုင်ငံနဲ့သက်ဆိုင်သူတွေ ပါဝင်နိုင်တဲ့၊ အစိုးရက တစ်ဖက်သတ်ရေးဆွဲထားတာမဟုတ်တဲ့ အစီအစဉ် တွေဖြစ်ရပါမယ်။ အများပါဝင်နိုင်တဲ့ အစီအစဉ်တစ်ခုကို ရွေးကောက်ပွဲနဲ့ ဖန်တီးလို့ရမယ်လို့ထင်ရင်မှားပါတယ်။ ရွေးကောက်ပွဲက ဘာကိုဖန်တီးပေးသလဲ။ ရွေးကောက်ပွဲက ရှုံးနိမ့်သူကို မွေးထုတ်ပေးပါတယ်။ နိုင်ငံရေးမှာရှုံးနိမ့်သွားရင် ပြုပြင်ပြောင်းလဲရေးစီမံကိန်းတွေမှာ အပယ်ခံပါပဲ။ ဒါ့ကြောင့် အစိုးရအနေနဲ့ တစ်ဖက်သတ်မဖြစ်ဖို့ဆိုရင် သက်ဆိုင်သူအားလုံးပါဝင်နိုင်အောင်လမ်းခင်းပေးဖို့လိုပါမယ်။ ရိုးရိုးသားသားစိတ်ထားနဲ့ အားလုံးကိုဆွဲခေါ်ရပါမယ်။
ဒီကာလမှာ ကုလလုံခြုံရေးကောင်စီက ဒီဆယ်နှစ်တာကာလလောက်မှာ လုံခြုံရေးအတွက် တာဝန်မယူပေးတော့ဘူးဆိုရင် ပုဂ္ဂလိက ရင်းနှီးမြှုတ်နှံမှုတွေ ဖြစ်ထွန်းလာဖို့ သိပ်မသေချာနိုင်တော့ပါဘူး။ အကယ်၍ မူဝါဒရေးရာပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင်၊ နိုင်ငံတကာ အကူအညီတွေလဲ မရဘူးဆိုရင်တော့ စီးပွားရေးပြန်လည်ထူထောင်ဖို့ ဘယ်လိုမှမလွယ်တဲ့ အခြေအနေဆီကို ရောက်သွားပါလိမ့်မယ်။ ဒီအခြေအနေကို ကျော်လွန်နိုင်မှသာ လုံခြုံရေးအတွက်တပ်ချထားတွေပြန်သိမ်းနိုင်တဲ့ အခြေအနေကိုရောက်မှာပါ။ ဒါ့ကြောင့် ဒီအဖွဲ့အစည်းကြီး သုံးခုကြားမှာ အပြန်အလှန်တာဝန်ယူမှုတွေနဲ့ မှီခိုပြီးလှုပ်ရှားနေကြတယ်ဆိုတာကို ခေါင်းထဲထည့်ထားရမှာပါ။ ကုလသမဂ္ဂဟာ ဒီလိုအပြန်အလှန် အသိအမှတ်ပြုနိုင်ဖို့အတွက်ရည်ရွယ်ဖွဲ့စည်းထားတဲ့ဌာနတွေလည်းရှိပါတယ်။ Compact တွေဟာဒီသဘောပါပဲ။ အခုကျွန်တော်တို့အတွက်လိုတာကတော့ ပဋိပက္ခလွန် အခြေအနေများကုစားဖို့ Compact ပါပဲ။ ဒီလို Compact တွေ ပေါ်လာအောင် ကုလလက်အောက်မှာ အဖွဲ့အစည်းတစ်ခုရှိပါတယ်။ အဲဒါကတော့ The Peace Building Commission ငြိမ်းချမ်းမှုတည်ဆောက်ရေးကော်မရှင်ပါပဲ။
ဒီလို ပဋိပက္ခအလွန် အခြေအနေတွေကိုကိုင်တွယ်တဲ့နေရာမှာ ဘယ်သူက ဘယ်လောက်အင်အား စိုက်ထုတ်ရမယ်လို့ ပုံသေ သတ်မှတ်ထားထာဟာ စိတ်ကူးယဉ်လွန်းရာကျမယ်။ ဒီ သက်ဆိုင်ရာဌာနကြီး သုံးခုစလုံးဟာ အချင်းချင်းညှိနှိုင်းဆောင်ရွက်ကြဖို့ တော်သလိုဆောင်ရွက်ကြဖို့ပါ။ ဒါကတော့ ကျွန်တော့်ရဲ့ ပဋိပက္ခအလွန် ပြန်လည်ထူထောင်ရေးအတွက် အကြံပြုချက်နံပါတ် (၁) ပါ။ အတိုချုပ်ရရင်တော့ လုံခြုံရေးကိုပေးနိုင်တဲ့ကုလလုံခြုံရေးကောင်စီ၊ ငွေကြေးအထောက်အပံ့ပေးနိုင်တဲ့အလှုရှင်နဲ့ သက်ဆိုင်ရာအစိုးရတို့ကြားမှာ ဟန်ချက်ညီဖို့ပါ။
(ပထမပိုင်းပြီး၏)
ဒုတိယပိုင်း
ပေါ်ကော်လီယာမှ အဆက်
ဒုတိယလမ်းတစ်သွယ်ကတော့ ပထမလမ်းကို အထောက်အကူဖြစ်စေမယ့်နည်းမျိုးပါပဲ။ အဲဒါကတော့ ပဋိပက္ခအလွန်ပြုပြင်ပြောင်းလဲရေးတွေမှာ အဓိက ခြေနိုင်လက်နိုင်လုပ်နိုင်မယ့် အရာတွေကိုပဲ ဦးစားပေးပြီး စတင်ဖို့ပါ။ ပဋိပက္ခအလွန်အခြေအနေတစ်ခုဟာ လူတွေအားလုံးက ကိုယ်လုပ်ချင်တာတွေ ကိုယ်ပြောနေကြတဲ့ အခြေအနေမျိုးချည်းပါပဲ။ နေရာဌာနအားလုံးဟာ ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတာချည်းပဲ။ ခက်တာက အားလုံးကိုတပြိုင်တည်းပြုပြင်ပြောင်းလဲဖို့ မတတ်နိုင်တာပဲ။ လိုအပ်ချက်တွေက နေရာတိုင်းရှိနေတာကြောင့် လိုအပ်မှုတိုင်းကိုချက်ချင်းလိုက်ပြင်ဖို့မဖြစ်နိုင်သေးတဲ့အခြေအနေပဲ။ ဒီအခြေအနေမှာ စည်းတစ်ခု ဘောင်တစ်ခုလိုမယ်။ လုပ်နေရတာတွေ ပြန့်ကျဲနေတာမျိုးမဖြစ်အောင်၊ အရေးကြီးတာကိုပဲ အစီအစဉ်တကျဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။
ပဋိပက္ခအလွန်အခြေအနေတွေအတွက် အရမ်းကိုလိုအပ်နေတဲ့ အချက်ကြီးသုံးခုရှိပါတယ်။ ဒါတွေကိုဦးစားပေးပြုပြင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ ပထမဆုံး တစ်ခုကတော့ အလုပ်အကိုင်ဖန်တီးပေးဖို့ပါပဲ။ နောက်တစ်ခုကတော့ ပြည်သူတွေအတွက် အခြေခံ လိုအပ်ချက်တွေပိုမိုဖြည့်စွမ်းနိုင်အောင်ဆောင်ရွက်ဖို့ပါ။ အထူးသဖြင့် ကျွန်တော်ပြောချင်တဲ့အခြေခံလိုအပ်ချက်ဆိုတာ ကျန်းမာရေးစောင့်ရှောက်မှုပါ။ ပဋိပက္ခကာလတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေဟာ သိပ်ကိုဆိုးရွားပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ သန့်ရှင်းတဲ့အစိုးရဖြစ်အောင် လုပ်ဖို့ပါ။တစ်ချက်စီကိုနည်းနည်းလောက် အကျယ်ချဲ့ပြီးပြောချင်ပါတယ်။
အလုပ်တွေလိုတယ်။ ဘာ့ကြောင့် ပဋိပက္ခအလွန်အခြေအနေမှာ အလုပ်က ဘာ့ကြောင့်ပိုအရေးကြီးတာလဲ။ ဘယ်လို ဖန်တီးပေးရင်ကောင်းမလဲ။ ဘယ်သူ့အတွက်အလုပ်တွေ ဖန်တီးပေးရမှာလဲ။အထူးသဖြင့် ငယ်ရွယ်တဲ့ အမျိုးသားတွေအတွက်ပေါ့။ ငြိမ်းချမ်းလာစပြုတဲ့ နေရာတွေမှာ ပဋိပက္ခတွေဆီကို နောက်ကြောင်းပြန်လှည့်တတ်တဲ့အခြေအနေတွေကိုကြည့်ရင် အဖွားအိုတွေက စိတ်ပျက်လို့ မကျေနပ်လို့ ပြန်ဖြစ်တာမဟုတ်ဘူးဆိုတာတွေ့ရမယ်။ လူငယ်အမျိုးသားတွေ စိတ်ဆိုးလာရင်တော့ နောက်ကြောင်းပြန်ဖို့ အင်မတန်နီးစပ်တယ်။ယောက်ျားတွေ ဘာ့ကြောင့်မကျေမနပ်ဖြစ်ကြသလဲ။ လုပ်စရာအလုပ်မရှိရင် စိတ်ဆိုးစရာချည်းပဲ။ သူတို့အတွက်အလုပ်ကိုဖန်တီးပေးတဲ့ မူဝါဒလိုတယ်။ အရပ်သားတွေအတွက် အလုပ်မြန်မြန် ရဖို့ လိုတယ်။ ဒါပေမယ့်အလုပ်တွေမြန်မြန်ပေါ်လာဖို့မလွယ်ပါဘူး။ ပဋိပက္ခအလွန် အခြေအနေမှာအစိုးရတွေအများဆုံးလုပ်တတ်တာက အစိုးရ၀န်ထမ်းအင်အားကိုတိုးချဲ့တာပါ။ ဒီလိုချဲ့ထွင်ခဲ့တဲ့ နိုင်ငံတွေဟာ အမှားတွေနဲ့ကြုံရပါတယ်။ဝန်ထမ်းတွေဖောင်းပွလာတာဟာ တာရှည်တိုးတက်ဖို့ အတွက်မဟုတ်တဲ့အပြင် နောင်မှာ အစိုးရမအောင်မြင်တဲ့အတွက် လက်ညှိုးထိုးစရာ ကောင်းကောင်းရမယ့် အချက်တစ်ခုဖြစ်လာပါတယ်။ ဒါဆိုရင် ပုဂ္ဂလိကပိုင်းကို ချဲ့ထွင်မလား။ ဒါကပိုတောင်ခက်သေးတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ပဋိပက္ခကာလအတွင်းမှာ ပုဂ္ဂလိကကဏ္ဍဟာ ချိနဲ့ခဲ့တာမို့ ခုချိန်မှာ ချက်ချင်း နိုင်ငံတကာဈေးကွက်မှာ ပြန်ပြီးယှဉ်ပြိုင်နိုင်ဖို့ဆိုတာဟာ မလွယ်တတ်ပါဘူး။ ဒီအခြေအနေဟာ တိုင်းပြည်မှာ ကုန်ထုတ်လုပ်မှုတိုးချဲ့ပြီး ပြည်ပကိုတင်ပို့ရောင်းချတဲ့အလုပ်မျိုး အောင်မြင်နိုင်တဲ့ပတ်ဝန်းကျင်မျိုးကိုမရသေးတဲ့ ကာလမျိုးပဲ။
ဒါဆိုရင် အလုပ်များများဖန်တီးပေးနိုင်မယ့်ကဏ္ဍဟာဘာဖြစ်နိုင်မလဲ။ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့လည်း များများ ထိစပ်စရာမလိုတဲ့ ကဏ္ဍပေါ့။ အလုပ်လည်းအများကြီးဖန်တီးပေးနိုင်မယ်။ ဒီလုပ်ငန်းကို ချဲ့ထွင်ဖို့လည်းလုပ်သင့်လုပ်ထိုက်တဲ့အခြေအနေဖြစ်တယ်။ အဲဒါကတော့ ဆောက်လုပ်ရေးကဏ္ဍပါပဲ။ ပဋိပက္ခအလွန် တိုင်းပြည်ပြန်လည်ဖွံ့ဖြိုးအောင်လုပ်နေတဲ့အချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ အလွန်အရေးပါ ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍဟာ ပဋိပက္ခကာလမှာကြုံလှီပါတယ်။ ပဋိပက္ခကာလဟာ ဆောက်ပြီးသားကိုတောင် ပြန်ဖျက်ဆီးကြတဲ့ကာလမျိုးပါ။ စစ်ဖြစ်တဲ့နယ်မြေတွေမှာဆိုရင် ဆောက်လုပ်ရေး လုပ်ငန်းဆိုတာ လုံးလုံးမရှိနိုင်ပါဘူး။ဒီကဏ္ဍတစ်ခုလုံးဟာ ယေဘုယျအားဖြင့် ပဋိပက္ခကာလမှာ ကျုံလှီသွားပါတယ်။ ဒီကဏ္ဍကိုပြန်ပြီးဖွံ့ဖြိုးအောင်လုပ်တဲ့နေရာမှာလည်း အခက်အခဲတွေကြုံနိုင်သေးတာပဲ။ လုပ်သလောက်အရာမထင်တာလည်းဖြစ်နိုင်တယ်။ ဒီလိုဆုံးရှုံးမှုကိုဘယ်လိုအခြေအနေမှာတွေ့နိုင်သလဲ။ အလုပ်ကောင်းကောင်းလုပ်လို့မရအောင် ပိတ်ဆို့ထားတဲ့စည်းမျဉ်းစည်းကမ်းတွေ ၊ မလိုအပ်ဘဲ ချုပ်ခြယ်မှု Bottlenecks တွေရှိနေတဲ့အခါမှာပေါ့။
ဈေးကွက်က ပုံပျက်နေတဲ့အခါ။အဂတိလိုက်စားတဲ့နိုင်ငံရေးသမားတွေက ဒီကဏ္ဍကနေ သူတို့ရဖို့ အငှားခတွေဘဲ နို့ညှစ်သလို ညှစ်ထုတ်တဲ့အခါ လူတွေအတွက်အလုပ်ကိုဖန်တီးပေးနိုင်မှာမဟုတ်ဘူး။ အစိုးရဟာဒီအခြေအနေမှာ Bottlenecks မလိုအပ်တဲ့ အချုပ်အခြယ်တွေကို ပယ်ဖျက်ပေးဖို့ တစိုက်မတ်မတ်ဆောင်ရွက်ရမယ်။ ဘာတွေက ဒီလို Bottlenecks တွေဖြစ်စေသလဲ။ လူများများကို အလုပ်ပေးနိုင်ဖို့ ဒီလုပ်ငန်းကဏ္ဍကြီးရဲ့ ဖွဲ့စည်းပုံကို အောင်အောင်မြင်မြင်ဖြစ်အောင် ဘယ်လိုတည်ဆောက်မလဲ။ နံပါတ် (၁) မြေမရှိဘဲနဲ့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်လို့မရဘူး။ အချို့နေရာတွေမှာ မြေယာဥပဒေက အတားအဆီးတွေဖြစ်စေတယ်။ နံပါတ် (၂) ဆောက်လုပ်ရေးလုပ်သားတွေမှာ ရှိသင့်ရှိထိုက်တဲ့ ပန်းရံ၊လက်သမားပညာနဲ့ ဆိုင်ရာဆိုင်ရာကျွမ်းကျင်မှု တွေ၊ ပဋိပက္ခအလွန် အခြေအနေတွေကိုကုစားဖို့ နယ်စီးမခြားဆရာဝန်အဖွဲ့ကိုပဲ အားကိုးရတာမဟုတ်ပါဘူး။ နယ်စည်းမခြားလက်သမားအဖွဲ့တွေလည်းလိုပါတယ်။ တိုင်းပြည်ထဲမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်သားတွေရဲ့ စွမ်းရည်ကိုမြှင့်တင်ဖို့အတွက် ပြင်ပက သင်ပေးကြားပေးနိုင်သူတွေလည်းလိုမှာပါ။ ဆောက်လုပ်ရေးကုမ္ပဏီတွေ အလုပ်ဖြစ်ဖို့လိုပါတယ်။ ပဋိပက္ခကာလမှာ ပြည်ပကုမ္ပဏီတွေက နိုင်ငံကိုထွက်ခွာသွားလေ့ရှိပါတယ်။ ဒီတော့ မိမိတို့ နိုင်ငံသားကုမ္ပဏီ တွေရှင်သန်အောင်လုပ်ပေးဖို့လိုပါတယ်။ ဒါကိုဖြစ်အောင်လုပ်နိုင်ရင် အလုပ်အကိုင်တွေရှိလာမယ်။ ပြည်သူလူထုအတွက်အခြေခံအဆောက်အဦတွေလည်း တိုးတက်လာမယ်။ ယခင်ကပျက်စီးနေတာတွေလည်း ပြန်ပြင်နိုင်မယ်။
ဆောက်လုပ်ရေးကဏ္ဍကိုဆွေးနွေးပြီးသွားတော့ ပြည်သူလူထုအတွက် အခြေခံဝန်ဆောင်မှုတွေပေးတဲ့နေရာမှာ တိုးတက်လာဖို့ ဘာတွေဆောင်ရွက်သင့်တယ်ဆိုတာကိုပြောချင်ပါတယ်။ ယခင်က အတွေ့အကြုံတွေ ကိုကြည့်ရင် အလှုရှင်တွေဟာ စိတ်ကစဥ့်ကရဲဖြစ်တဲ့ရောဂါသည်တွေလို ဂဏာမငြိမ်ပြုမူနေခဲ့ကြတာကို တွေ့နိုင်တယ်။ ပဋိပက္ခအလွန် အခြေအနေတွေကိုဘယ်လိုကိုင်တွယ်မလဲလို့ တွေးတဲ့အခါမှာ သူတို့အယူအဆနဲ့အပြုအမူတွေဟာ မှန်ကန်တဲ့ဆီကိုမရောက်သေးဘူး။ သူတို့လုပ်တတ်တာကတော့ ၁၉၅၀လောက်က စကင်ဒီနေးဗီယားနိုင်ငံတွေမှာလုပ်ခဲ့တဲ့မော်ဒယ်အတိုင်း ပြည်သူလူထုလိုအပ်တဲ့ ၀န်ဆောင်မှုတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေအသီးသီးကို လုပ်ပိုင်ခွင်အပ်နှင်းပြီး ကိုင်တွယ်စေခြင်းက ထိရောက်လိမ့်မယ်လို့ တရားဟောကြတာပဲဖြစ်တယ်။ ဒီလိုနဲ့ပဲ ၀န်ကြီးဌာနတွေ က ကြီးထွားလာကြတယ်။ ဘာဝန်ကြီးဌာန ညာဝန်ကြီးဌာနဆိုပြီး အများကြီးဖြစ်လာတယ်။ ဒီလိုလုပ်ခဲ့တာတွေ ရေရှည်မအောင်မြင်တော့ ဘာလုပ်သလဲ။ ဒီဝန်ကြီးဌာနတွေအားလုံးနဲ့ဆက်ဆံဖို့လက်ရှောင်တယ်။ ၀န်ကြီးဌာနတွေလုပ်ခဲ့တဲ့အလုပ်ကိုလုပ်ဖို့ NGO တွေကိုပဲ ပိုက်ဆံချပေးတော့တယ်။
အဲဒီနည်းနှစ်ခုစလုံးဟာ တစ်ခုမှ မထိရောက်နိုင်ဘူး။ ထိထိရောက်ရောက်လုပ်ချင်ရင် ကျွန်တော်အကြံပြုချင်တာတစ်ခုရှိတယ်။ လွတ်လပ်တဲ့ ၀န်ဆောင်မှုကြီးကြပ်ကွပ်ကဲရေးအဖွဲ့အစည်းတစ်ခု ထူထောင်ဖို့ပဲ။ အရင်က ၀န်ကြီးဌာနအောက်မှာလက်ဝါးကြီးအုပ်ထားတဲ့ လုပ်ငန်းတွေကို သုံးခု ပြန်ခွဲထုတ်နိုင်တယ်။(၁) စီမံကိန်းရေးဆွဲတဲ့အလုပ်၊ မူဝါဒချမှတ်တဲ့အလုပ်ကို အစိုးရကပဲလုပ်ပါစေ။ (၂) အကောင်အထည်ဖော်တဲ့အလုပ်ကို တော့ ၀န်ကြီးဌာနက ဆက်မကိုင်ထားစေလိုပါ။ အလုပ်ဖြစ်တဲ့သူ ဘယ်သူနဲ့မဆိုရဲ့လက်ထဲကိုအပ်လိုက်ဖို့ပါ။ ပြည်သူတွေကိုပညာရေး၊ကျန်းမာရေး စောင့်ရှောက်နိုင်မည့်သူတွေဟာ ဘုန်းကြီးကျောင်းနဲ့ဘာသာရေးအဖွဲ့အစည်းတွေလည်းဖြစ်နိုင်တယ်၊ ရပ်ထဲရွာထဲက လူတွေလည်းဖြစ်နိုင်တယ်။ ဘယ်သူမဆိုအလုပ်ဖြစ်တဲ့သူဖြစ်ရင်ပြီးတာပဲ။ ဒါပေမယ့်ဝန်ကြီးဌာနနဲ့ ၀န်ဆောင်မှုကို ရပ်ထဲရွာထဲကပြည်သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ အေဂျင်စီတွေရဲ့ ကြားထဲမှာ လွတ်လပ်ပြီး ဘယ်သူ့သြဇာခံမှမဟုတ်တဲ့ ၀န်ဆောင်မှုကြီးကြပ်ရေး ဘုတ်အဖွဲ့ကိုထားရှိရမယ်။ ဒီအဖွဲ့ကြီးက အများပြည်သူနဲ့ဆိုင်တဲ့ငွေကိုစီမံခန့်ခွဲရမယ်။ အထူးသဖြင့် အလှုရှင်တွေက ပေးတဲ့ငွေ ကို အသေးစားလုပ်ငန်းအကောင်အထည်ဖော်နေကြသူတွေထံ ခွဲဝေပေးရမယ့်တာဝန်ရှိတယ်။ တနည်းအားဖြင့် NGO တွေဟာ အစိုးရယန္တယားကြီးထဲမှာ ပါဝင်လာကြတယ်လို့ဆိုနိုင်တယ်။ သူတို့ဘာသာ သူတို့ အစိုးရနဲ့ ဆက်ဆံစရာမလိုပဲ လုပ်နေကိုင်နေတဲ့အခြေအနေမဟုတ်တော့ဘူး။
ဒီနည်းလမ်းဟာ သင့်တော်တဲ့ ငွေကြေးစီမံခန့်ခွဲပုံရှိတာနဲ့အမျှ ကောင်းကျိုးတွေရှိလာတာပဲ။ တစ်ဖက်မှာ NGO ကိုတာဝန်ခံကြသူတွေဖြစ်အောင်လုပ်နိုင်တယ်။ NGO တွေကြားမှာ ဘယ်သူက ၀န်ဆောင်မှုအကောင်းဆုံး ပေးနိုင်တာဆိုတာ ယှဉ်ပြိုင်စေတာမျိုးလုပ်ပေးရမယ်။ ၀န်ဆောင်မှုကောင်းကောင်းမပေးနိုင်တဲ့သူအဖို့ လုပ်ငန်းလည်ပတ်ဖို့ အရင်းအမြစ်တွေ မရနိုင်ဘူးဆိုတာမျိုးဖြစ်လာရင် သူ့ထက်ငါ ကောင်းအောင် လုပ်ကြရတော့မယ်။ Oxfam လို NGO တွေဟာ ဒီလို အပြိုင်အဆိုင်ဝန်ဆောင်မှုတွေပေါ်လာဖို့ အားပေးတယ်။ NGO တွေမှာ စည်းကမ်းတွေ တာဝန်ခံမှုတွေ ရှိစေချင်တယ်။ ဒါမှလည်း ပြည်သူ့အတွက် အခြေခံဝန်ဆောင်မှုလုပ်ငန်းတွေကို ပိုပြီးအဆင့်မြှင့်လာနိုင်မယ်။ အစိုးရရဲ့ ငွေစိုက်ထုတ်မှုကလည်း ပါနေတာမို့လို့ သူတို့လည်းနာမည်ကောင်းရနိုင်တယ်။ NGO တွေဟာ အစိုးရကပေးတဲ့ ငွေကိုရနိုင်မယ်ဆိုရင် အခြား NGO အကြီးစားတွေနဲ့ အလှုရှင်အစိုးရတွေကိုချည်းကျေးဇူးတင်နေရတာမျိုးမလုပ်ရတော့ဘူး။ NGO တွေရဲ့လုပ်ရပ်ကောင်းရင်ကောင်းသလို အစိုးရလည်းနာမည်တက်လာမှာပဲ။ ဒါဟာ အစိုးရရဲ့ ပေါ်လစီဆိုတာမျိုး လူတွေက အသိအမှတ်ပြု ကြမှာပဲ။
နောက်တစ်ခုကတော့ သန့်ရှင်းတဲ့အစိုးရရှိဖို့ပါ။ သန့်ရှင်းတဲ့အစိုးရရှိဖို့ဘာလုပ်ရမလဲ။ သူတို့ငွေတွေ ဘယ်လိုသုံးသလဲဆိုတာကို လိုက်ကြည့်ရမယ်။ ပဋိပက္ခအလွန် မှာအုပ်ချုပ်ရတဲ့အစိုးရတွေဟာ ငွေလိုနေကြတာချည်းပဲ။ ငွေမရှိရင် အစိုးရဟာ ဘာမှလုပ်လို့မရဘူး။ အလှုရှင်တွေက ငွေကို မရနိုင်ရင် အစိုးရတွေမှာ အခြေခံကျတဲ့ ၀န်ဆောင်မှုကိုပေးဖို့ အင်မတန်ခက်ခဲတယ်။ အဲဒီအစိုးရတွေလိုနေတဲ့ငွေကို ကျွန်တော်တို့က သူတို့ဗဟိုဘတ်ဂျက်ထဲလုံးပြီး ထည့်ပေးလိုက်ပြီဆိုပါတော့။ ဒီငွေကို သူတို့ ဘယ်နေရာမှာ ဘယ်လိုသုံးမယ်ဆိုတဲ့ စနစ်ကောင်းကောင်းမရှိရင် ထည့်ပေးလိုက်တဲ့ငွေဟာ အလဟဿ အများကြီးဖြစ်နိုင်တယ်။ ဒါကိုမျက်စိမှတ်ထားပေးလိုက်ရင် အဲဒီငွေဟာ ဖြုန်းတီးတဲ့ဆီရောက်သွားမှာပဲ။ ဒီငွေက သူတို့လက်ထဲပိုက်မိသွားတဲ့ငွေ။ ဒီငွေကိုပိုက်မိသွားတဲ့သူတွေက လူယုတ်မာတွေဖြစ်နေခဲ့ရင်၊ နိုင်ငံကို ပိုပိုပြီးနစ်တဲ့ ဒုက္ခတောထဲဆွဲချနေတဲ့သူတွေဖြစ်ရင် သွားပြီ။ လူတွေအပေါ်ယုတ်မာနေတဲ့သူတွေကို ကျွန်တော်တို့က အားပေးအားမြှောက်လုပ်ပေးလိုက်သလိုပါပဲ။
ဒါ့ကြောင့် အစိုးရဟာ သန့်ရှင်းဖို့လိုပါတယ်။ ဘတ်ဂျက်ထဲငွေဖြည့်ပေးလိုက်ပြီးရင် သုံးစွဲပုံကိုစောင့်ကြည့်နိုင်တဲ့ စနစ်တွေအားကောင်းကောင်းနဲ့ ရှိဖို့လိုပါတယ်။ ဒီငွေတွေကိုသုံးမယ့်နေရာတွေမှာ တွဲပြီးပေးနိုင်တဲ့ နည်းပညာအကူအညီတွေပေးပြီး အခြေအနေကိုစောင့်ကြည့်နိုင်ပါတယ်။ Paddy Ashdown ဆိုတဲ့ပုဂ္ဂိုလ်ကပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဘော့စနီးယားကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး မွတ်ဆလင်အကြီးအကဲတစ်ဦးလည်းဖြစ်ပါတယ်။ သူရေးထားတဲ့စာအုပ်မှာဆိုရင် သူက “ တကယ်တော့ပဋိပက္ခအလွန် အခြေအနေတွေမှာလိုတာ နယ်စည်းမခြားစာရင်းကိုင်များအဖွဲ့ဗျ” လို့ပြောသွားခဲ့တယ်။ အစိုးရဘတ်ဂျက်ထဲက ငွေကိုဘယ်ကိုရောက်သွားတယ်ဆိုတာကို လိုက်ကြည့်ဖို့ စာရင်းစစ်တွေ လိုပါတယ်။
ဒီတော့ ရည်ရွယ်ချက်က ဘာလဲ။ အကျဉ်းချုပ်လိုက်ရင် ကျွန်တော်တို့ဘာကိုမျှော်လင့်နိုင်မလဲ။ နောင်လာမယ့် ၁၀နှစ်တာမှာ ဆောက်လုပ်ရေးကဏ္ဍမှာအလုပ်တွေပေါ်လာတာက လူငယ်တွေ အကြမ်းဖက်မှုထဲပြန် ရောက်သွားနိုင်တဲ့ အခြေအနေကို ထိန်းပေးမယ်။ဝင်ငွေရစေမယ်။ တစ်ချိန်တည်းမှာပဲ လိုအပ်တဲ့ အခြေခံအဆောက်အဦကို ပြည့်စုံလာအောင်ဆောင်ရွက်နိုင်မယ်။ အခြေခံကျတဲ့ဝန်ဆောင်မှုတွေကို ပေးတဲ့နေရာမှာ လွတ်လပ်တဲ့ ကွပ်ကဲရေးဘုတ်အဖွဲ့က ကြီးကြပ်ပေးနိုင်မယ်ဆိုရင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဆိုးဆိုးရွားရွားဖြစ်နေတဲ့အခြေအနေကို သက်သာလာစေမယ်။လူတွေကလည်း အစိုးရဟာ သူတို့အတွက် အလုပ်လုပ်ပေးနေတယ်လို့ ယုံကြည်လာမယ်။ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ကတော့ အစိုးရထဲက ကောက်ကျစ်တဲ့သူတွေကို သက်ညှာလို့မရဘူး။ နိုင်ငံရေးလုပ်တာဟာချမ်းသာဖို့မဟုတ်ဘူးဆိုတာ ကိုလက်ခံမှဖြစ်မယ်။ ဒီလို နိုင်ငံရေးထဲကနေ ကိုယ့်အိတ်ထဲရောက်လာမည့် ငွေကိုထည့်မစဉ်းစားတော့ တဲ့အတွေးအခေါ်မျိုးရှိမှ အစိုးရထဲမှာ လူဆိုးတွေ တဖြည်းဖြည်းပါးလျားလာပြီး လူကောင်းတွေများလာမယ်။ နောက်ဆုံးတစ်နေ့မှာတော့ ဆိုးယုတ်တဲ့နိုင်ငံရေးကနေ မျှော်လင့်ချက်ရှိတဲ့ နိုင်ငံရေးဖြစ်နိုင်မယ်။ ဒီမှာပဲနိဂုံးချုပ်ပါတယ်။