အတွေ့လေးရယ်မှ အို အကြုံ @ ဘေဂျင်း

1 view
Skip to first unread message

kyaw thu aung

unread,
Mar 14, 2016, 2:01:52 AM3/14/16
to reading club for civil society
အတွေ့လေးရယ်မှအိုအကြုံ @ ဘေဂျင်း

ချစ်ကြည်ချင်လှသည် P2P
 
 
တရုတ်ပညာရှင်တို့ကမြန်မာအကြောင်းကိုမီဒီယာများ ကွန်ဖရင့်များတွင် ကြိုကြားကြိုကြားဆွေးနွေးကြသည့်တိုင်အောင် ဘေဂျင်းနိုင်ငံရေးစင်မြင့်တွင် မြန်မာအရေးသည် ကြီးကျယ်လှသည့်ကိစ္စတစ်ခုမဟုတ်ပေ။ တစဉ်တစိုက် မြန်မာကိုလေ့လာ ခဲ့သည့် ပညာရှင်ဆိုသည်မှာလည်းအတော် ရှားပါးသည်။ ယူနန်တက္ကသိုလ်သည် မြန်မာအရေးကိုလေ့လာသည့်ဌာနရှိသည့် တိုင်အောင်
ဘေဂျင်းတွင် မြန်မာအရေးသည် မြစ်ဆုံ၊လက်ပတောင်းအစရှိသည့်အရေးများပေါ်လာပြီးချိန်မှ မဖြစ်မနေအာရုံစိုက်ကြရသည့် အကြောင်းအရာဖြစ်သည်။ မြန်မာသည်တရုတ်အတွက် ပထမတန်းစိတ်ဝင်စားစရာ မဟုတ်သည့်တိုင်အောင် တရုတ်သည်မြန်မာအတွက်တော့ အရေးကြီးသည်။
 
 
မိမိ၏အိမ်နီးချင်းနိုင်ငံက အစစအရာရာ အင်အားကြီးနေချိန်တွင် ဆင်ကျီစားရာ ဆိတ်မခံသာကဲ့သို့သောအဖြစ်မျိုးမှာ မြန်မာတစ်နိုင်ငံ တည်းကြုံတွေ့နေရခြင်း မဟုတ်သဖြင့် တရုတ်အကြောင်းကိုအသေအချာလေ့လာကြရန် များစွာလိုအပ်ချက်ရှိလာရသည်။  မြန်မာတို့အနေဖြင့် တရုတ်ကိုပိုမိုနားလည်ဖို့လိုအပ်လာသလို တရုတ် အသိုင်းအဝိုင်းတွင်မြန်မာနှင့်ပတ်သက်သော တွင်လွဲမှားနေသောနားလည်မှုအချို့ကိုလည်း ပြန်လည်ဖြေရှင်းရန်လိုအပ်ပေသည်။ ယခင်က ဘေဂျင်းသို့သွားရောက်ခဲ့ကြသော စာရေးဆရာ များစွာ ၏ အတွေ့အကြုံများကိုလည်း မှတ်သားခဲ့ဖူးပါသည်။
 
 
ယခုတဖန် ကျွန်မတို့ကြုံခဲ့ရသောအတွေ့အကြုံကို စာဖတ်သူအား လက်ဆင့်ကမ်းလျှက် လက်ရှိဖြစ်ပေါ်နေသောအခြေအနေတွင် တစ်ဖက်ကခံစားရသော နားလည်မှုအလွဲတစ်ချို့ကိုရှင်းပြလိုခြင်းဖြစ်ပါသည်။
နှစ်နိုင်ငံပြည်သူများကြား အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ၊ အပြန်အလှန်နားလည်မှုများပိုမိုလိုအပ်လာခြင်းကို အောက်ဖော်ပြပါ ဆွေးနွေးမှုများက တစ်စိတ်တစ်ပိုင်းအားဖြင့် ထင်ဟပ်နေမည်ဟုထင်ပါသည်။ 
 
 
ဤခရီးသည် တရုတ်မှ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားနေကြသောအ ဖွဲ့အစည်းများနှင့်အရှေ့ တောင်အာရှမှဖွံ့ဖြိုးရေးနယ်ပယ်တွင်လှုပ်ရှားနေကြသူများ  တွေ့ဆုံဖလှယ်ဆွေးနွေးရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတစ်ခုက ဖိတ်ကြားသောခရီးတစ်ခုဖြစ်သည်။ တရုတ်လေ့လာရေးခရီးဟုဆိုပါစို့။ လေ့လာရေးဟုဆိုသော်လည်း မီဒီယာကိုသီးသန့် ဖိတ်ကြားသောခရီးမဟုတ်ပေ။ တရုတ်၊မြန်မာ၊ ကမ္ဘော ဒီးယားနှင့်ထိုင်းတို့မှသဘာဝပတ်ဝန်းကျင်အရေး ဆွေးနွေး လှုပ်ရှားနေကြသော မိတ်ဆွေများ ဘေဂျင်းတွင်စုဆုံကြသည့်ပွဲ တစ်ခုသာဖြစ်သည်။
သို့သော်အပျော်ခရီးမဟုတ်ဘဲ လက်ရှိဒေသတွင်းနိုင်ငံများနှင့် တရုတ်တို့ကြားဆက်ဆံရေးအခြေအနေကို နိုင်ငံသားများအချင်းချင်းကြား ပြောဖြစ်ဆိုဖြစ်အောင် ဖန်တီးကြသောခရီးတစ်ခုဟုဆိုလျှင် ပိုမှန်မည်။
P2P (People to People) ခေါ်သော နိုင်ငံသားအချင်းချင်းရင်းနှီးချစ်ကြည်ရေးခရီးဟုဆိုကြ ပါစို့။
 
 
ထိုနေ့က ဝိုင်းထိုင်နေသောစားပွဲရှည်တွင် မြန်မာသုံးဦးမှာ ထိုင်းနှင့်ခမာကိုယ်စားလှယ်များနှင့်ရောထိုင်နေလျှက်ရှိပြီး အထူးဧည့်သည်များအဖြစ်ရောက်ရှိလာကြသော တရုတ်အိမ်ရှင်လေးဦးတွင် တရုတ်EXIM ဘဏ်မှပြည်ပသို့သွားရောက် ရင်းနှီးမြှုတ်နှံမည့် တရုတ်ကုမ္ပဏီများကိုငွေချေးပေးရာ တွင် ပေးသင့်မပေးသင့်ကိုဆုံးဖြတ်ခွင့်ရှိသော ခုနှစ်ဦးဖြင့်ဖွဲ့စည်းထားသည့် ဘုတ်အဖွဲ့မှအရေးပါသော ဒါရိုက်တာကြီးတစ်ဦး၊ တရုတ်ထိပ်ပိုင်းခေါင်းဆောင်များနား သို့ပေါက်အောင် မူဝါဒရေးရာကိုချပြနိုင်သည့် Think Tank ကြီးတစ်ခုမှ
အရာရှိတစ်ဦး၊မဲခေါင်နှင့် တရုတ်-ရုရှားနယ်စပ်ရှိနိုင်ငံကျော်လွှား မြစ်ကြီးများအကြောင်း ကိုသုတေသနလုပ်နေသော ပါမောက္ခတစ်ဦးတို့ပါဝင်ကြသည်။ ဒေသတွင်းနိုင်ငံများရှိပြည်သူများကြားတွင် တရုတ်အပေါ်ရှုမြင်ကြပုံများ အကြောင်းကို ဘေဂျင်းသို့လာရောက်ကြသည့် ကျွန်မတို့မြန်မာများ အပါအဝင် ဧည့်သည်များနှင့် အိမ်ရှင်တရုတ်များကြား အမြင်ခြင်းဆွေးနွေးဖလှယ်ရန်ဖြစ်သည်။
 
 
ဘေဂျင်းတွင် တွေ့ရသော အိမ်ရှင်အချို့၏မျက်နှာသည် မဖော်ရွေလှပေ။ အထူးသဖြင့် ပါမောက္ခ ထောင်ကျုံး၏ အမူအယာဖြစ်သည်။ ဧည့်သည်မြန်မာများစကားပြောသောအခါ နားစိုက်၍ထောင်သည်။ သို့သော် မိမိတို့ဘက်မှအပြောကို သဘောမတွေ့သည့်ဟန်ဖြင့် မျက်မှောင်ကိုကျုံ့ထားသည်။ သူသည် ပီကင်း
တက္ကသိုလ်မှပါမောက္ခ္ခတစ်ဦးဖြစ်သည်။ သူသည် မြန်မာနှင့် တရုတ်ကြား ဖက်စပ် စီမံကိန်းတစ်ခုဖြစ်သော မြစ်ဆုံဆည်မရပ်တန့်မီကပင် မြန်မာတရုတ် ဆက်ဆံရေးနှင့်ပတ်သက်သော ဆောင်းပါးများရေးနေခဲ့သူဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေးကိုသင်သော ပါမောက္ခ္ခဖြစ်သည့်အပြင် တရုတ်ကုမ္ပဏီကြီး များအပေါ် သြဇာရှိသောနိုင်ငံတကာရေးရာအကြံပေး တစ်ဦးလည်းဖြစ်သည်။ အထူးသဖြင့်နိုင်ငံတကာ မီဒီယာများတွင်သူသည် မြန်မာနှင့်တရုတ်ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဆွေးနွေးနေခဲ့သူတစ်ဦးလည်းဖြစ်သည်။ ၂ဝ၁၂ ခုနှစ်တွင်
 မြန်မာ၏အပြောင်းအလဲကိုလေ့လာခြင်းဟူသော Carnegie-Tsinghua Center for Global Policy တွင်ကျင်း
ပသော ဟောပြောပွဲတစ်ခုတွင် မြန်မာနှင့်ပတ်သက်၍ဤသို့ဆိုခဲ့သည်။
 
မြန်မာနိုင်ငံအုပ်ချုပ်မှုစနစ်တည်ငြိမ်မှဖြစ်မည်။
မြန်မာနှင့်တရုတ်တို့ကြားနယ်စပ်ကုန်သွယ်ရေးကိုယခုထက်ပိုပြီးစနစ်ကျအောင်ဆောင်ရွက်ရမည်။ 
လက်ရှိငွေသားဖြင့်လုပ်သောအရောင်းအဝယ်များနေရာတွင် ဘဏ်လုပ်ငန်းများဖြင့်ဆောင်ရွက်ရန် တရုတ်ဘဏ် များ၏ အကူအညီလိုအပ်လျှက်ရှိသည်။
မြန်မာနိုင်ငံမည်သည့်ကမ်းရိုးတန်းအပိုင်းတွင်မှအိန္ဒိယနှင့်အမေရိကန်တို့၏တပ်စခန်းများမရှိသင့်။
မြန်မာနိုင်ငံအရေးတွင် တရုတ်နှင့် အနောက်နိုင်ငံများ၏ ကဏ္ဍများကွဲကွဲပြားပြားဖြစ်ရမည်။
မြန်မာမြေပေါ်၌တရုတ်နှင့်အနောက်နိုင်ငံများကြားတွင် အချင်းချင်းအကျိုးကျေးဇူးပြုနိုင်သော နည်းလမ်းများဖြင့်ဆောင်ရွက်နိုင်ကြရမည်။ သို့သော်ကွဲပြားသောကဏ္ဍများတွင်ပါဝင်ဆောင်ရွက်ကြရမည်။ ဥပမာ-အမေရိကန်ပြည်ထောင်စုသည်နိုင်ငံ၏ ပြည်တွင်းရေးပြဿနာများဖြစ်ကြသည့် တရားဥပဒေစိုးမိုးရေးအစရှိသည့်ကဏ္ဍများတွင်ပါဝင်နိုင်ပြီးတရုတ်အနေဖြင့်မြန်မာနိုင်ငံကုန်သွယ်ရေး နှင့် အခြေခံအဆောက်အဦများဖွံ့ဖြိုးရေးတွင်ပါဝင်မည်။
ယခုကာလသည်မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများသို့ယိုစီးထွက်နေသောမိမိတို့၏ဦးနှောက်များနှင့် လုပ်အားများကို ရပ်တန့်ပစ်ရန်အချိန်ဖြစ်သည်။ 
 
 
မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ယခုကဲ့သို့ထားရှိသောသူ၏သဘောကိုသူက အများရှေ့တွင်တင်ပြသောအခါ ပညာရှင်ဆန်ဆန်ထိန်းပြောရသည့်တိုင်အောင် လူနည်းစုမျက်နှာချင်းဆိုင်ဆွေးနွေးပွဲတွင်မူ  ထိုအလွှာမှာ ကွာကျသွားခဲ့သည်။ မြန်မာသုံးယောက်က လက်ရှိတရုတ်အပေါ် ပြည်တွင်းနေပြည်သူများ၏ အမြင်၊ တရုတ်ရင်းနှီးမြှုတ်နှံမှုများကြောင့် ဖြစ်ပေါ်လာရသောလူမှုဘဝအကျိုးဆက်များ၊ ပြည်သူတို့ထံမှခွင့်ပြုချက် Social License ရယူရန် ပျက်ကွက်ခြင်းများ၏ နောက်ဆက်တွဲများ အကြောင်းကိုရှင်းပြသောအခါများတွင်
ဟန်ဆောင်ပန်ဆောင်မျှပင် မျက်နှာမပျက်ဘဲနားထောင်နိုင်သူမဟုတ်ပေ။ ဒေါသကိုခေါ်မလာသော၊ နားလည်ချစ်ကြည်မှုကိုပိုမို တည်ဆောက်ရန် ရည်ရွယ်သည့် စကားဝိုင်းအဖြစ်စတင်ခဲ့သော်လည်း သူ၏တုံ့ပြန်ပုံတွင် အနိုင်ရလိုဟန်ကဲနေခဲ့သည်။သူသည်အင်္ဂလိပ်လို ဖောင်နေအောင်ပြောတတ်သော 
အမေရိကားတွင်ပညာသင်လာသူတစ်ဦးဖြစ်သည့် တိုင်အောင် မြန်မာနှင့်ပတ်သက်၍တိုတိုတုတ်တုတ်သာ တစ်လုံးချင်းပြောလေသည်။
 
"မင်းတို့မြန်မာတွေက ဘာအားကိုးစရာမှမရှိခင်တုန်းကတော့ တို့ဆီကိုလာတယ်။ အခု အနောက်နိုင်ငံတွေက ဘီစကွတ်မုန့် တစ်ကိုက်နှစ်ကိုက်ပေးပြီးမျှားလိုက်တာနဲ့ စိုက်စိုက်ပါသွားတယ်။"
 
ပညာရှင်တစ်ဦးဟုသတ်မှတ်ထားသူထံမှာထိုစကားမျိုးကိုကျွန်မတို့မမျှော်လင့်ထားကြပေ။ဘေဂျင်းနှင့်တွေ့ဆုံခွင့်ရသောမည်သည့်မြန်မာမဆို တစ်ခါတစ်ရံတွင် အထက်ပါပုဂ္ဂိုလ်ကဲ့သို့ မဖော်ရွေသူမျိုးကိုလည်းတွေ့နိုင်သည်။ ဆိုလိုရင်းမှာမူ ပုဂ္ဂိုလ်ရေးအရသူ၏ မဖော်ရွေခြင်းအကြောင်းကိုပြောပြလိုသည်ထက်
မိမိတို့မြန်မာများအပေါ် အချို့သော တရုတ်ပညာရှင်အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များအနေဖြင့် မည်သို့ယူဆနေကြသည်ကိုပြောပြလိုရင်းသာဖြစ်ပေသည်။ ကျွန်မတို့သုံးဦးသည် တစ်ယောက်မျက်နှာတစ်ယောက်"သည်လူကြီး  ဆော်သဟ" ဟူသော မျက်နှာပေးမျိုးးဖြင့်ကြည့် နေကြလေသည်။ 
 
 
အထက်ပါ ပါမောက္ခ၏အပြောမှာမယဉ်ကျေးသဖြင့် ကျွန်မတို့ကိုဖိတ်ထားသောအိမ်ရှင်အဖွဲ့အစည်းမှာ အတော်ပင်မျက်နှာပူနေဟန်ရှိသည်။ ထုံးစံအတိုင်း လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာစသည့် ဒေသတွင်း
နိုင်ငံများသို့စီးဝင်လာသော တရုတ်၏ရင်းနှီးမြှုတ်နှံမှုများသည်" ပစ်ဖို့ကလည်းအဆီနဲ့တဝင်ဝင်း စားဖို့ကလည်းသဲနှင့် တရှပ်ရှပ်" ဟူသော ဘေးထွက်ဆိုးကျိုးအလွန်ပေါလှသော ရင်းနှီးမြှုတ်နှံမှုမျိုးများသာအများစုဖြစ်ရာ ထိုသုံးနိုင်ငံမှ
တင်ပြလာသော အချက်များသည် အစည်းအဝေးသို့တက်ရောက်လာသော တရုတ်ရင်းနှီးမြှုတ်နှံသူများ၏တာဝန်ခံမှုကို ထောက်ပြသောအချက်များ ကသာများသော ကြောင့် အိမ်ရှင်များနားအဝင်ဆိုးသည့်အကြောင်းအရာ များဖြင့်ပြည့်နေတော့သည်။ အထူးသဖြင့်မြန်မာနိုင်ငံနှင့်ပတ်သက်၍ကား ဖုတ်ပူမီးတိုက် လက်ပံတောင်းအရေးမှာ မကြာသေးသည့်ကာလကပင်ဖြစ်ပွားခဲ့သောကြောင့် ပြည်တွင်းနေသူများ၏ တရုတ်အပေါ်ရှုမြင်ပုံကိုလည်းသိလိုကြသည်။
 
သိလိုသည်နှင့်အတူတစ်ဖက်တွင်လည်းတက်ရောက်လာသူအိမ်ရှင်အချို့တွင်မိမိနိုင်ငံ၏ကိုယ်ကျိုးစီးပွားကို ဆတ်ဆတ်မျှမထိမခံ လိုသောသဘောကိုထင်ရှားစွာတွေ့ရသည်။ တရုတ်ကိုပဲအပြစ်ပုံမချပါနဲ့မင်းတို့ ဥပဒေက
 မင်းတို့လူမျိုးကိုမှအကာအကွယ်မပေးထားတာ။ အပြင်လူအနေနဲ့ ဘာလုပ်ပေးလို့ရမှာလဲ ငါတို့ကရှိတဲ့
ဥပဒေအတိုင်းလုပ်တာပဲ ဟူသော အပြောအဆိုမျိုးကိုနားနှင့်ဆတ်ဆတ်ကြားရသောအခါ ကျွန်မတို့မှာအတော်ပင် စိတ်မကောင်းဖြစ်ကြရသည်။
 
သို့သော် အဆိုးချည်းပဲလည်းမဟုတ်ပေ။ ဖြစ်ပြီးခဲ့သမျှအတွေ့အကြုံများထဲမှသင်ခန်းစာကိုယူကာနှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရန်အစိုးရထံအကြံပေးနေသော စီနီယာသုတေသီများကိုလည်း ယခုခရီးတွင်ကြုံခဲ့ရပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံကိုအခေါက်ခေါက်ရောက်ဖူးသူနှင့် လုံးလုံးမရောက်ဖူးသူ၏ အမြင်မှာကွာလှသည်။
တရုတ်၏  Go Global ဟုဆိုသော စီးပွာရှာဖို့ပြည်ပထွက်ကြစို့ဟူသော ပေါ်လစီမှာ ဆယ်စုနှစ်နှစ်ခု စာမျှလောက်သာသက်တမ်းရှိသေးရာ ၄င်းတို့အနေဖြင့်လည်း Corporate Social Responsibility ဟူသော ဒေသခံတို့ဘေးဥပါဒ်မရောက်စေအောင်စီးပွားရှာတတ်ရန်၊သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊လူမှုရေးထိခိုက်မှုများအတွက် တာဝန်ခံတတ်လာရန် သင်ယူကာစကာလသာရှိသေးသည်။ သို့ဖြစ်ရာ ပြည်ပသို့ထွက်ခွာပြီး ရင်းနှီးမြှုတ်နှံကြမည့်စီးပွားရေး လုပ်ငန်းကြီးများကိုအစိုးရက ပညာပေးလုပ်ငန်းများ စတင်ဆောင်ရွက်လာကြရသည်။
 
ယခင်အတွေ့အကြုံများအရ အာဖရိကနှင့်အာရှအပါအဝင်နိုင်ငံရပ်ခြား တွင်ဆောင်ရွက်ခဲ့သောရင်းနှီးမြှုတ်နှံမှုများတွင် တရုတ်လိုလားသူ အစိုးရများနှင့်သာပူးပေါင်းဆောင်ရွက်လျှက်  Social License ခေါ် ပြည်သူတို့၏
နှစ်လိုမှု (တနည်း ခွင့်ပြုမိန့်) ကိုရယူရန်ပျက်ကွက် ခဲ့သောကြောင့်ဆုံးရှုံးမှုများလည်း အမြောက်အမြားကြုံခဲ့ရပြီးဖြစ်ရာ ထိုပညာပေးမှုမျိုးကို မဖြစ်မနေဆောင်ရွက်ရန်လိုအပ်လာခဲ့သည်။ထိုသို့ဆောင်ရွက်ရာတွင် 
ကွင်းဆင်းသုတေသနများမှတွေ့ရှိသည့် အချက်အလက်များကိုလည်းအခြေခံခဲ့ရာ မြစ်ဆုံကဲ့သို့သောအရေးမျိုးတွင် ဆက်မလုပ်သင့်ကြောင်းထိပ်ပိုင်းအစိုးရမင်းများထံ အကြံပေးခဲ့ကြသော Think Tank
အဖွဲ့ဝင်များလည်းရှိခဲ့ကြပါသည်။ ထို Think Tank မှသုတေသီများသည် မြန်မာနိုင်ငံသို့လည်း အခေါက်ခေါက် လာ ရောက်ခဲ့ကြသည်။ ထူးခြားသည်မှာ မြန်မာနိုင်ငံတွင်သာမက အခြားနေရာများတွင်ပါ ဖြစ်ဖြစ်သမျှအတွက် တရုတ်ချည်းအပြစ်တင်ခံနေရခြင်းမှာမတရားဟုဆိုသည့် (ထိုအချိန်က မြန်မာနိုင်ငံသို့မရောက်ဖူးသေး သူတစ်ဦးဖြစ်သော) ဖော်ပြပါပီကင်းတက္ကသိုလ်မှပါမောက္ခကပင်မြစ်ဆုံနှင့်ပတ်သက်၍ ဆက်မလုပ်သင့်ဟု ယုံကြည်သူဖြစ်သည်။
 
သို့သော် ကျွန်မတို့နှင့်တွေ့ဆုံပွဲတွင်သူ၏ထိုယုံကြည်ချက်ကို ဖော်ပြခဲ့စဉ်ကလည်းဒေါသသံမကင်းခဲ့ပေ။
မှတ်စုတွင်မှတ်ထားခဲ့သော သူ့စကားများကိုတိုက်ရိုက်သာပြန်ရေးပြပါမည်။သူက မြစ်ဆုံဆည်အရပ်ရပ်အား
ရည်ညွှန်းလျှက် “ It can be stopped. It should be stopped. But we do not like the way you(Myanmar) stopped.”
ဒီဆည်တွေကိုမင်းတို့ရပ်ပစ်နိုင်တယ်။ ရပ်လည်းရပ်ပစ်ရမှာပဲ။ ဒါပေမယ့်မင်းတို့ရပ်ပစ်တဲ့ပုံစံ ကိုဘယ်လိုမှ မကြိုက်ဘူး ဟူဘာသာပြန်ရမည်ဖြစ်သည်။
 
 
ဘာ့ကြောင့်ရပ်သင့်သည်ဟူသောအချက်ကိုသူကဆက်ပြောရာ မြစ်ဆုံဆည်ရပ်ပြီး နောက်သူ၏သုတေသနဌာနသည် ဆောက်သင့်မဆောက်သင့်နှင့်ပတ်သက်သော ပထဝီအချက်အလက်များ ကိုဆက်လက်လေ့လာခဲ့ရာ
တရုတ်မှတ်တမ်းများအရ ငလျင်ကြောဖြစ်သည့် စစ်ကိုင်းပြတ်ရွေ့နှင့်နီးသော ထိုဆည်စုများနေရာ၌ ရာစုတစ်ခုကျော်တွင် ငလျင်ရှိခဲ့ဖူးသည်ကိုတွေ့ ရှိရသည်ဟုဆိုသည်။ သူ၏တွေ့ရှိချက်ကိုမြန်မာနိုင်ငံမှ ပညာရှင်များ
ကလည်း ဆက်လက်စုံစမ်းရန်လိုမည် ထင်ပါသည်။ သို့သော် သူ၏မကျေနပ်ခြင်းမှာ မြန်မာများအနေဖြင့် တရုတ်လိုနိုင်ငံကိုသည်လိုလုပ်ဝံ့သလားဟူသော မကျေမချမ်းနိုင် ပုံဖြစ်လေသည်။
“မြစ်ဆုံကိုရပ်ပစ်တာမင်းတို့ သမ္မတကပြောတယ် ပြည်သူတွေရဲ့ ဆန္ဒအရပါလို့ပြောတယ်။ ပြည်သူတွေဆိုတာ ငါ့ကိုပြစမ်းပါ။ ဘယ်သူလဲ
အဲဒီပြည်သူတွေဆိုတာ။ “ထိုစကားသည် ပြည်သူထဲကပြည်သူဖြစ်သော ကျွန်မကို အတော်စိတ်ဆိုးစေသောစကားဖြစ်သည်။ အမှန်ကတော့ ကျွန်မတတ်နိုင်သလောက် စိတ်ကိုထိန်းကာမရိုင်းဘဲ ပြောခဲ့ပါသည်။ ကျွန်မသည်
ဧရာဝတီကို မှီခိုရသော ပြည်သူထဲကပြည်သူတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
ဘယ်နေရာမှာလဲ ဒီပြည်သူတွေဆိုတာ ဟူသော စကားသည် အရှိတရားကိုငြင်းဆန်ခြင်းသာဖြစ်လေသည်။ မြစ်ဆုံဆည်အရေးတွင်တရားမျှတမှုအတွက် 
လူထုတစ်ရပ်လုံးတညီတညာပါဝင်ခဲ့ခြင်းကိုယုံကြည်ဖို့ရာ သူ့အတွက်သိပ်ခက်ခဲနေခဲ့သည်လား။
 
 
အဆိုးရွားဆုံးသောစွပ်စွဲချက်မှာဧရာဝတီမြစ်ဆုံ ဆည်ကိုဆန့်ကျင်သူတွေမှာ အမေရိကန်၏အထောက်အပံ့ကိုရ သဖြင့်ဆန့်ကျင်ခဲ့ကြသည်ဟုဆိုခြင်းပင်။ ထိုအချက်သည်အလွဲဆုံးပင်ဖြစ်သည်။ တရုတ်၏အကျိုးစီးပွားကိုအမေရိကန်က နှောက်ယှက်လိုသဖြင့် မြန်မာကို ပထဝီနိုင်ငံရေးကစားကွက် အတွင်းထည့်သွင်း
လိုက်သည်ဟူသောသီအိုရီဖြင့် အရာအားလုံးကိုစဉ်းစားလျှင် ဆက်တိုက်လွဲချော်ပေတော့မည်။ 
ထိုအလွဲသည် သြဇာရှိသူတို့၏အလွဲဖြစ်သော်ပို၍ ပင်တာသွားနိုင်သေးသည်။ 
တရုတ်ပြည်သူတွေ၏အသံကိုမေ့ထားလို့မရသလို မြန်မာပြည်သူ
တို့၏အသံကိုလည်းမေ့ထားလို့မရပါလေ။ 

လက်ရှိတွင်းထွက်များတူးဖော်သည့်ကဏ္ဍတွင်တရုတ်ရင်းနှီးမြှုတ်နှံမှု၏ နောက်ဆက်တွဲအကျိုးဆက်များ ကိုအကြောင်းပြု၍ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဆန့်ကျင်မှုများကိုလည်း သူက မကျေနပ်ပေ။ ထိုစကားကိုမူ ကျွန်မတို့ ဘယ်တော့မှမေ့နိုင်မည်မထင်ပေ။
 
 “မင်းတို့ကသယံဇာတကိုရောင်းမစားဖို့စိတ်ကူးရအောင်မင်းတို့ဆီမှာ ငွေအရင်းအနှီးရှိသလား။နည်းပညာရှိသလား။  တတ်ကျွမ်းတဲ့လူသားအရင်းအမြစ်ရှိသလား။ အဲဒါတွေမရှိဘဲနဲ့ ရင်းနှီးမြှုတ်နှံဖို့ဘယ်သူကလာပြီးရင်းနှီးမြှုတ်နှံမလဲ။ ငါတို့ တိုင်းပြည်တိုးတက်လာခဲ့တဲ့အချိန်က ရင်းနှီးမြှုတ်နှံမှုတွေ အပြင်ကဝင်လာတယ် ဆိုတာ နိုင်ငံခြားသားတွေဆီက ချည်းပဲမဟုတ်ဘူးကွ။အများစုက အပြင်မှာနေကြတဲ့ငါတို့တရုတ်တွေဆီကပြန်ဝင်လာတာ။ မင်းတို့ မှာအဲလိုပြန်စီးဝင်လာမယ့်အလားအလာမျိုးရှိသလား”
 
 
ကျွန်မတို့အနာဂတ်ကို ကျွန်မတို့ကြိုက်သလိုဆုံးဖြတ်ကြဖို့ အခွင့်အရေးရှိသင့်ပါသည်။ မည်သည့်ဖွံ့ဖြိုးရေးလမ်းကြောင်းဖြင့် နိုင်ငံကိုရှေ့ဆက်ကြမည်ဆိုသည်ကိုပြည်သူများ ကိုယ်တိုင်ဆုံးဖြတ်ကြပါမည်။ သယံဇာတအချို့ကိုမဖြစ်မနေ ထုတ်ရောင်းကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသားတိုင်းသဘောပေါက်ကြပါသည်။ သို့သော် ထိုသို့ ရောင်းချကြရသည့်သဘောသည် ပါမောက္ခစတစ်ဂလစ်ပြောသကဲ့သို့ပင် အမွေရထားသော အိမ်ကိုတစ်စစီပိုင်းပြီး ရောင်းချရသလိုရောင်းရခြင်းဖြစ်ပြီး တစ်ကြိမ်တည်းသာဆုံးဖြတ်ခွင့်ရှိသော အဆုံးအဖြတ်များ
ဲဖြစ်သောကြောင့် ထိုအမွေနှင့် သက်ဆိုင်ကြသူမြန်မာနိုင်ငံသားများ၏ အကျိုးကို အမြင့်ဆုံးဖြစ်အောင်စီမံနိုင်မှသာ ဝိုင်းဝန်းသဘောတူနိုင်ကြမည်ဖြစ်သည်။ ထိုသို့ပြည်သူများပါဝင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အနေနှင့်လည်း
ဟန်ပြမဟုတ်သော တိုင်ပင် ဆွေးနွေးမူ လမ်းကြောင်းများလည်းဖော်ထုတ်လာကြမည်ဟုမျှော်လင့်ပါသည်။
 မြန်မာနိုင်ငံသားမဟုတ်သူတို့အဖို့မူ ထိုအဆုံးအဖြတ်သည် သူတို့နှင့်လားလားမျှမဆိုင်ပေ။ ရင်းနှီးနိုင်သောပညာမရှိလို့  ဒါလေးတွေအောက်ဈေးနဲ့ ထုတ်ရောင်းလိုက်ပါလားဟူသော အယူအဆမှာမူ တဖက်စောင်းနင်းနိုင်အားကြီးသည်။ 
 
 
သို့သော် အိမ်ရှင် တစ်ဦးကရှင်းပြသည်မှာ ယခုနှစ်ပိုင်းများတွင်တရုတ်အသိုင်းအဝိုင်းတွင်လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရပ်ခြားရှိတရုတ်ရင်းနှီးမြှုတ်နှံမှုများရင်ဆိုင်နေရသောအခက်အခဲများ၊ ရင်းနှီးမြှုတ်နှံမှုများ၏ လက်လွတ်စပယ်နိုင်မှု၊တာဝန်မခံမှုကို ၄င်းတို့အချင်းချင်းကြားတွင် ဝေဖန်မှုများ ရံဖန်ရံခါ ပြင်းထန်စွာဖြစ်ပေါ်နေခဲ့ပြီး လက်ရှိ ကိုင်တွယ်ပုံကိုမဖြစ်မနေပြောင်းလဲရတော့မည်ဟုလည်း သဘောပေါက် နေကြပြီးဖြစ်သည်ဟုဆိုသည်။ သို့သော် အမြတ်အစွန်းပဓာနဖြစ်သောလုပ်ငန်းများ၏သဘောအရ ကျင့်ဝတ် (Moral)
သည်ဘေးသို့ရောက်သွားခြင်းက ထုံးစံလိုပင်ဖြစ်နေတော့သည်။ ထိုစကားဝိုင်းတွင်ကျွန်မတို့ကြိုးစားခဲ့ကြပါသည်။ အတတ်နိုင်ဆုံးနိုင်ငံအတွက်၊ အမှန်တရားအတွက် ကာကွယ်ပြောဆိုခဲ့ကြသည်။
တစ်လုံးစီစဉ်းစားပြီးမမှားအောင်ပြောရသောထိုစကားဝိုင်းတို့ သည် ပင်ပန်းလှသည်။
ထိုစကားဝိုင်းကနောင်အနာဂတ်နိုင်ငံ့အရေးတွင် ကျွန်မတို့ထံ ဥာဏ်ပညာနှင့် အမြော်အမြင်များစွာရှိရန် လိုအပ်သော စိန်ခေါ်မှုများရှိနေကြောင်းသတိပေးလိုက်ပါသည်။

စာရှုသူများအနေဖြင့် အောက်ပါအရေးအသားများကို ဆက်လက် လေ့လာနိုင်ပါသည်။

http://www.lowyinstitute.org/people/dr-zha-daojiong
https://www.rsis.edu.sg/rsis-publication/nts/1232-oil-pipeline-from-myanmar-to-c/#.VuOhZpx96Uk
http://www.globaltimes.cn/content/678500.shtml

China Studies Group

Reply all
Reply to author
Forward
0 new messages