ပဒေသာစုံမှ ဆန္ဒညီညွတ်ရေး.ဗိမာန်သို့ မာရသွန် ( 27 မတ်လ 2015 အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးချက် မှတ်တမ်းဆောင်းပါး)

3 views
Skip to first unread message

kyaw thu aung

unread,
Apr 17, 2016, 5:10:03 AM4/17/16
to reading club for civil society

ပဒေသာစုံမှ ဆန္ဒညီညွတ်ရေး ဗိမာန်သို့ မာရသွန်

ရှေ့လာမည့် ဇွန်၊ ဇူလိုင်ဆိုလျှင် စာရေးသူ၏ လွှတ်တော် သက်တမ်း ၂ နှစ်တင်းတင်းပြည့် တော့မည်ဖြစ်သည်။ ဤကာလအတွင်း ပြီးခဲ့သော ရက်များမှာ စာရေးသူအတွက် အပင်ပန်းဆုံး၊ ဦးနှောက်အစားဆုံး၊စိတ်အမောရ ဆုံးအချိန်များပင်ဖြစ်သည်။ ဗြဟ္မာ ကြီးဦးခေါင်းဟုဆိုရမလိုရှိသော‘‘အမျိုးသားပညာရေး ဥပဒေပြင် ဆင်ချက်’’အမျိုးသားလွှတ်တော် သို့ရောက်လာသောကြောင့်ဖြစ် ပါသည်။ ဤအချိန်မှာ ‘လေးပွင့် ဆိုင်ဆွေးနွေးပွဲ’ပြီးခါစကျောင်း သားသပိတ် ပင်မစစ်ကြောင်းနှင့် အာဏာပိုင်များ လက်ပံတန်းတွင်ထိပ်တိုက်ဖြစ်နေချိန် တစ်ပြည် လုံးက လွှတ်တော်ဆုံးဖြတ်ချက် ကိုစောင့်ကြည့်နေကြချိန်ဖြစ်လေ ရာ အလွန်အကဲဆတ်လှသော အနေအထားဟုဆိုရပါလိမ့်မည်။
ဤတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးက မတူခြားနား သော သဘောထားမျိုးစုံကို ထည့် သွင်းစဉ်းစားနိုင်ရန်အစုအဖွဲ့ငါး ဖွဲ့နှင့် တွေ့ဆုံကြားနာဖို့ ညွှန် ကြားလာပါသည်။ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင် ကော်မတီ (ကျောင်းသားအဖွဲ့)၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊ နိုင်ငံရေးပါတီများ၊ကျောင်းသားစစ်ကြောင်းထောက် ခံအားပေးသူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ အကြံပြုစာပေးပို့လာသူများဖြစ်သည်။ သို့ဖြင့် စာရေးသူတို့ကော်မရှင်မှာ အမျိုး သားလွှတ်တော်ဥပဒေကြမ်း ကော်မတီနှင့်အတူ ‘မာရသွန် ကြားနာပွဲကြီး’ကို မတ်လ ၅ ရက်မှ ၁၇ ရက်အထိတောက်လျှောက် နီးပါး တက်ရောက်ခဲ့ရပါတော့ သည်။ တစ်နေ့မှ စောစောပြီး သည်မရှိ။ကျောင်းသားအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းသည့်နေ့ကဆု လျှင် ည ၇ နာရီခွဲအထိရောက်သွားသည်။ သို့သော် ‘တန်’ပါ သည်။ ပင်ပန်းရကျိုးနပ်သည်ဟု ယူဆသည်။
ကျောင်းသားလူငယ်များ၏စိတ်ရင်းအမှန်ကို တွေ့လိုက်ရ သောကြောင့်ဖြစ်သည်။ သူတို့၏ စိုးရိမ်မှု၊တက်ကြွမှုနှင့် စေတနာ ကို တစ်ပြိုင်နက်တည်းမြင်လိုက်ရ သည်။ သို့နှင့်အမျှစာရေးသူတို့ ကော်မရှင်အဖွဲ့ဝင် အဘိုးကြီးများ လည်း တစ်ရေးနိုး ငယ်မူငယ်သွေး ဖြင့်ဝင်ရောက်ဆွေးနွေးဖြစ်ခဲ့ကြ သည်။ နှစ်ဖက်လက်ခံနိုင်လောက် မည့် ကြားအဖြေကိုကူညီရှာဖွေ ပေးခဲ့ကြသည်။ အံ့ဩစရာကောင်း အောင်ပင် နားလည်မှုရခဲ့ကြ သည်ဟု ထင်ပါသည်။ထိုညက စည်ပင်ရိပ်သာ အခန်းပြန်ရောက် တော့ လွတ်လပ်ပေါ့ပါးစိတ်ဖြင့်သီချင်းတစ်ပုဒ်ပင် အော်ဆိုဖြစ် လိုက်သေးသည်။ ‘‘မောတော့ မောတာပေါ့။ ဒါပေမဲ့မမောဘူး’’

ပဒေသာစုံ(၁)
ကြားနာပွဲများပြီးသွားသော်လည်း ဥပဒေကြမ်းကော်မတီနှင့် စာရေးသူတို့ကော်မရှင်တို့၏ မာရ သွန်ပြေးပွဲကြီးမှာမပြီးတတ်သေး။ ခရီးတစ်ဝက်သာရှိသေးသည်။ နောက်တစ်ရက် ၂၀၁၅ မတ်လ ၁၈ ရက်မှာပင်အချိန်မဆိုင်းဘဲ ကော်မတီ၊ ကော်မရှင်စုံညီထိုင် ကြသည်။ လေးပွင့်ဆိုင်သဘောတူညီချက်အရ ပညာရေးဝန်ကြီး ဌာနမှ တင်သွင်းထားသော ပြင် ဆင်ချက်မူကြမ်း (ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ကိုအောင်မှိုင်းဆန်းတို့ လက်မှတ် ရေးထိုးထားသည့်ပြင်ဆင်ချက်မူ ကြမ်း)ကိုချပြီး ကြားနာပွဲမှရရှိ သည့် သဘောထားအမြင်များဖြင့်တိုက်ဆိုင်ညှိနှိုင်းကြသည်။ အထူး သဖြင့် ကျောင်းသားအဖွဲ့နှင့် ညှိနှိုင်းရရှိချက်များကို အခြေခံစဉ်း စားရသည်။ စာရေးသူတို့အားလုံး ကအဆင်းရဲအပင်ပန်းခံ၊ အရိုက် ခံ၊ အဖမ်းခံနေကြရသောကျောင်း သားများ၏ ဆန္ဒကိုတတ်နိုင်သလောက်လိုက်လျောလိုသည်။
နောက်ဆုံးပြင်ဆင်ချက်မူကြမ်းမှ ပြဋ္ဌာန်းချက် ၃၈ ချက်ကို အပြည့်အဝလက်ခံဖို့ဆုံးဖြတ် လိုက်ကြသည်။ပြဋ္ဌာန်းချက် ၂၄ ချက်တို့လည်း ညှိနှိုင်းပွဲသဘော တူညီချက်အရ မူရင်းအနှစ်သာရမပျက်စေဘဲ ဥပဒေရေးထုံးနှင့် အညီ စကားရပ်ပြင်ဆင်အစားထိုး ဖို့သဘောတူကြသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ များနှင့်မညီသော ပြဋ္ဌာန်းချက် ၁၉ ချက်ကိုမူမလွှဲမရှောင်သာ ငြင်းပယ်လိုက်ရသည်။ မည်သို့ပင်ဆိုစေ ကျောင်းသားများလိုလားချက်၏ ၇၇ရာခိုင်နှုန်းကို ဖြည့်ဆည်း ပေးနိုင်ခဲ့သည်ဟု သဘောရပါသည်။ ထိုနေ့ညက ၉ နာရီလောက်မှအစည်းအ ဝေးပြီးသည်။ ပျော်ပျော်ပါးပါးထမင်း ထွက်စားကြသည်။ စားပြီးတော့၊စာရေးသူတို့အဆောင် ပြန်ခဲ့ကြသော်လည်း ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေး မှူးနှင့်ကော်မတီဝင်အချို့မှာ ရုံး ပြန်သွားကြရသည်။ တစ်ညလုံး မိုးအလင်း အလုပ်လုပ်ရသည်။
ဤအစည်းအဝေးအတွင်းစာရေးသူတို့အချိန် အများဆုံးယူ စဉ်းစားခဲ့ကြရသည်မှာ ပြင်ဆင် ချက်ဥပဒေကြမ်းပါအခန်း(၄)ဖြစ် ပါသည်။ တည်ဆဲဥပဒေ (၂၀၁၄ စက်တင်ဘာ ၃၀ ရက်က ပြည် ထောင်စုလွှတ်တော်မှပြဋ္ဌာန်းခဲ့ သော အမျိုးသားပညာရေးဥပဒေ) ပါ မူလအခန်း (၄)မှာ ‘အမျိုးသားပညာရေးကော်မရှင်’ဖြစ်သည်။ ဤကော်မရှင်ကို ဗဟိုချုပ်ကိုင်မှု လွန်ကဲသည်ယူဆ၍ ကျောင်းသားတွေက ဖျက်သိမ်းဖို့တောင်း ဆိုထားသည်။ လေးပွင့်ဆိုင်တွင် အစိုးရကလည်းဖျက်သိမ်းဖို့ သဘောတူပြီးဖြစ်သည်။ ကျောင်း သားအဖွဲ့နှင့် ညှိနှိုင်းရာတွင် ဤအချက်ကို စာရေးသူတို့ကလည်း လက်ခံခဲ့သည်။ သို့တစေ ဥပဒေ ကို လက်တွေ့အကောင်အထည်ဖော်ဖို့ Central body တစ်ခုလို ကြောင်း တင်ပြခဲ့ရာ ကျောင်း သားများကလည်း မူအရသဘောတူခဲ့ကြသည်။ သို့အတွက် မူလ ကော်မရှင်ကို အစားထိုးဖို့ Central body တစ်ခုလိုလာသည်။
ဤ Central body မှာမူလကော်မရှင်နှင့် ဖွဲ့စည်းပုံရော၊ အနှစ်သာရပါ မတူဖို့ အရေးကြီး သည်။ကျောင်းသားများခံတွင်း မတွေ့သော ‘ကော်မရှင်’ဆိုသည့် စကားရပ်ကိုပင် မသုံးဖို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက အကြံပြု ရာ ကော်မရှင်သုံးမည်လား၊ ‘အဖွဲ့’ သုံးမည်လားဝိုင်းစဉ်းစား ကြရသည်။ ‘အဖွဲ့’ဆိုလျှင်လည်း ‘ပေါ့’လွန်းမည်။ ‘ကော်မတီ’ဆိုလျှင်လည်း ဗဟိုတစ်ခုခုက ဖွဲ့ စည်းပေးသည့်သဘောဖြစ်ရာ မလွတ်လပ်။ နောက်ဆုံး ‘အမှီအခိုကင်းကင်းအလုပ်လုပ်နိုင်သည့်’ အဓိပ္ပာယ်သက်ရောက်ရာ ‘ကော် မရှင်’ကိုသာ အများဆုံးဖြတ်ချက် ဖြင့် ရွေးလိုက်ရသည်။ အတိကျဆိုရလျှင်‘အမျိုးသားပညာရေးမူဝါဒကော်မရှင်’။ တည်ဆဲဥပဒေပါမူလကော်မရှင်လို ဝန်ကြီး၊ဝန်ကလေးတစ်ဦးမှမပါ။ ပညာရှင်များချည်း ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။

ပဒေသာစုံ(၂)
နောက်တစ်ရက် ၂၀၁၅ မတ်လ ၁၉ရက်တွင် မနေ့က အစည်းအဝေးဆုံးဖြတ်ချက်များ ကို အခြေခံပြီး ဥပဒေကြမ်းကော် မတီကအစီရင်ခံစာပြုစုသည်။ အဆိုပါ အစီရင်ခံစာကို နောက် တစ်နေ့ ၂၀၁၅ မတ်လ ၂၀ ရက်မှာ ပင်အမျိုးသားလွှတ်တော်သို့ ဖတ် ကြားတင်သွင်းသည်။ ‘အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း’ (ဆိုခဲ့ပါ ကော်မတီ အစီရင်ခံစာ)ကို ဆွေးနွေးလို သည့်လွှတ်တော်ကိုယ်စားလှယ် များရှိလျှင် အမည်စာရင်းတင် သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။ ဆွေးနွေးကြမည့် ကိုယ်စားလှယ် ၁၅ ဦးရှိပါသည်။ USDP မှ နှစ်ဦး၊NLD မှ နှစ်ဦး၊ တပ်မတော်မှနှစ် ဦး၊ လူမျိုးစုပါတီများမှ ခုနစ်ဦး၊ NDF မှတစ်ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့ဖြစ်သည်။
လွှတ်တော်လုပ်ထုံးလုပ်နည်းအရ သုံးရက်ခြားပြီး ၂၀၁၅ မတ်လ ၂၄ ရက်တွင် လွှတ်တော် ကိုယ်စားလှယ်များ၏ တရားဝင်ဆွေးနွေးမှုများ စတင်ပါသည်။ ထိုနေ့က USDP မှ တစ်ဦး၊ NLD မှ နှစ်ဦးနှင့်လူမျိုးစုပါတီများမှ ငါးဦး စုစုပေါင်းရှစ်ဦးဆွေးနွေးကြ သည်။တိုင်းရင်းသားကိုယ်စား လှယ်များက လူမျိုးစုအခွင့်အရေး အထိုင်ပေါ်မှ ဆွေးနွေးကြသည်ကများသည်။ သဘာဝကျပါသည်။ USDP နှင့် NLD ကိုယ်စားလှယ် များက ပြဋ္ဌာန်းချက်အချို့ကိုတည်ဆဲဥပဒေအတိုင်း အတည် ပြုရန် အဆိုပြုကြသည်။ NLD ကိုယ်စားလှယ် (ဦးသိမ်းဆွေ)၏အဆိုပြုချက်တစ်ခုမှာ စာရေးသူ နှင့် လာငြိနေသည်။ သူက ‘ပညာ ရှင်’ဆိုသောစကားလုံး၏ရှေ့တွင် ကျောင်းသားများလိုလားသည့် ‘လွတ်လပ်သော’ဆိုသော နာမဝိ သေသနနှင့်ဥပဒေကြမ်းကော် မတီမှ အဆိုပြုသည့် ‘အမှီအခို ကင်းသော’ဆိုသော နာမဝိသေ သနတို့ကိုမထည့်စေချင်။ ပညာ ရှင်မှန်လျှင် လွတ်လပ်ပြီးဖြစ်၍ နာမဝိသေသနမလိုဟုဆိုသည်။လက်ခံပါသည်။ သို့တစေ ယုံကြည်မှု ပျောက်ဆုံးနေသော မြန်မာ့နိုင်ငံရေးတွင်ပြဿနာမှာဤမျှမလွယ်ပါ။
ကျောင်းသားများကနာမဝိသေသနမပါ ပညာရှင်သက်သက်ဆိုလျှင် အစိုးရဩဇာခံဖြစ်မှာစိုးရိမ်သည်။ သို့အတွက်‘လွတ်လပ်သော ပညာရှင်’ဟု သုံးချင်သည်။ အဆိုပါ ‘လွတ်လပ်သော’ဆိုသည်ကိုပင် အစိုးရဘက်ကသံသယဖြင့်ကြည့်မြင်နေသည်။
 ‘လွတ်လပ်သော’ဆိုသည့်ခေါင်းစဉ်အောက်တွင် ဥပဒေပြင်ပ အဖွဲ့အစည်း၊ ပြည်ပအဖွဲ့အစည်း များနှင့်အဆက်အစပ်ရှိမှာ စိုးရိမ် နေဟန်ရှိသည်။ သို့အတွက် နှစ် ဖက်သံသယကင်းနိုင်လောက် မည့်‘အမှီအခိုကင်းသော’ဆိုသော ကြားအဖြေကို စာရေးသူက အကြံပြုခဲ့ခြင်းဖြစ်သည်။
‘တက္ကသိုလ်ကောင်စီ’နှင့်ပတ်သက်သော အဓိပ္ပာယ်ဖွင့်ဆို ချက်တွင်လည်း အဆိုပါ NLD ကိုယ်စားလှယ်ကပင် အဆိုပြုချက်တစ်ခုတင်သည်။ ဥပဒေ ကြမ်းကော်မတီမှ အဆိုပြုထား သော ‘တက္ကသိုလ်ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသား သမဂ္ဂမှ အမည်စာရင်းတင်သွင်း သော ကိုယ်စားလှယ်’ဆိုသည်ကို‘တက္ကသိုလ်ဆရာများမှရွေးချယ် သော ဆရာကိုယ်စားလှယ်များ၊ ကျောင်းသားများမှရွေးချယ်သော ကျောင်းသားကိုယ်စားလှယ်များ’ ဟု ပြင်ဆင်ဖို့ အကြံပြုသည်။ ‘‘သူဘာကြောင့်များသမဂ္ဂကို မသုံး ချင်တာပါလိမ့်’’ စာရေးသူမှာ အံ့ ဩနေရသည်။ ဆိုခဲ့ပါကိုယ်စား လှယ်ကပင် သူ့တင်ပြချက်မှာ NLD ၏ ရပ်တည်ချက်ဟုဆိုလိုက် ရာပို၍ပင်အံ့ဩရသည်။ (ထိုနေ့ နေ့လယ် ဥပဒေကြမ်းကော်မတီ ကြားနာရာတွင်မူ NLD မှ တာဝန်ရှိသူတစ်ဦးက ‘ပါတီ၏ရပ်တည် မှု’မဟုတ်ပါကြောင်း လာရှင်း သည်ဟု သိရသည်။ (ထိုကြားနာပွဲသို့ စာရေးသူမတက်ဖြစ်ပါ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ရန်ရှိ၍မတက်ဖြစ်ခြင်းဖြစ် သည်။)

ဆန္ဒညီညွတ်ရေးဗိမာန်
နောက်တစ်ရက် ၂၀၁၅ မတ်လ ၂၅ရက်တွင် လွှတ်တော် ကိုယ်စားလှယ်ခြောက်ဦး ဆွေး နွေးကြသည်။ USDP မှတစ်ဦး၊တပ်မတော်မှနှစ်ဦး၊ ရခိုင်မှတစ် ဦး၊ NDF မှ တစ်ဦးနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ဦးဖုန်းမြင့် အောင်တို့ဖြစ်သည်။ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် NDF ပါတီမှ ဒေါ်ခင် ဝိုင်းကြည်တို့က ‘‘လွတ်လပ်စွာ တွေးခေါ်’’ဆိုသောစကားရပ်ကို ‘ဘက်စုံအတွေးအခေါ်မှန်ကန်’ဆို သော စကားရပ်နှင့် အစားထိုးဖို့အဆိုပြုသည်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ကမူ ‘‘ပညာရေးအသုံးစရိတ် ၂၀ရာခိုင်နှုန်း’’ဆိုသည်ကို ‘ကိန်း ဂဏန်းအတိအကျမဖော်ပြဘဲတိုးမြှင့်သုံးစွဲရန်’အဆိုပြုသည်။ဦးဖုန်းမြင့်အောင်ကမူ လက် တွေ့အကောင်အထည်မဖော်ရသေးသောတည်ဆဲဥပဒေကို မပြင်ဆင်သင့်ကြောင်း ယတိပြတ်ဆိုသည်။ ဥပဒေကြမ်းကော် မတီကဆွေးနွေးချက်အချို့ကို ညှိနှိုင်းပြင်ဆင်ပေးပြီး ညှိမရသည်များကို မဲခွဲဆုံးဖြတ်ဖို့အဆိုပြု လိုက်ရသည်။ သည်လိုနှင့် နောက်ဆုံးမဲခွဲအတည်ပြုရမည့်နေ့သို့ ရောက်လာသည်။၂၀၁၅ မတ်လ ၂၆ ရက်။
ထိုနေ့မှာ စာရေးသူကြုံဖူးသမျှ လွှတ်တော်အစည်းအဝေး များတွင် စက်ခလုတ်သုံးမဲခွဲရ သည့်အကြိမ်အရေအတွက်အများဆုံးပင်ဖြစ်တော့သည်။ စုစု ပေါင်း (၅၅)ကြိမ်မဲခွဲဆုံးဖြတ် ရသည်။ဥပဒေကြမ်းကော်မတီ၏ အဆိုပြုချက်အများစုအတည်ပြု နိုင်ခဲ့ပါသည်။ တည်ဆဲဥပဒေအတိုင်းအတည်ပြုလိုသည့်အဆို ပြုချက်အားလုံးပျက်ပြယ်သွား သည်။ ပညာရှင်ရှေ့မှ ‘အမှီအခိုကင်းသည့်’ဆိုသော စကားရပ်ကို ဖြုတ်လိုသည့်အဆိုမှာလည်း ပျက်ပြယ်ခဲ့သည်။ (ဥပဒေကြမ်းကော်မတီအဆိုပြုချက်ကို ထောက် ခံ ၁၄၃၊ ကန့်ကွက် ခြောက်နှင့် ကြားနေသုံးမဲ)အလား တူ‘သမဂ္ဂ’မထည့်လိုသည့်အဆို မှာလည်းရှုံးသည်။ (ကော်မတီ အဆိုပြုချက်ကို ထောက်ခံ ၁၄၂၊ကန့်ကွက်ရှစ်နှင့် ကြားနေနှစ်မဲ)၊ လွှတ်တော်ကိုယ်စားလှယ်များတင်သွင်းသည့်အဆိုများထဲမှ အောင်မြင်သွားသည်များလည်းရှိ သလောက်ရှိပါသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးအောင်ကျော်ဇော  တင်သွင်းသည့်‘နိုင်ငံ၏ ပညာ ရေးအသုံးစရိတ်ကို ငါးနှစ်အတွင်း သင့်လျော်သည့်ရာခိုင်နှုန်းအထိနှစ်စဉ်တိုးမြှင့်သုံးစွဲနိုင်ရန် ရည် မှန်းဆောင်ရွက်ရမည်’ဆိုသော အဆိုမှာထောက်ခံမဲ ၉၈၊ ကန့် ကွက်မဲ ၅၄ မဲ၊ ကြားနေမရှိသဖြင့် အတည်ဖြစ်သွားသည်။ အလား တူတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညား အောင်မိုး (မွန်)၏ ‘‘တက္ကသိုလ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ အမည်စာရင်း တင်သွင်းသောပညာရှင်နှစ်ဦး’’ ဆိုသော ဖြည့်စွက်ချက်အဆိုမှာ လည်း အောင်သွားသည်။ (ထောက်ခံ ၁၁၃၊ကန့်ကွက် ၃၆၊ ကြားနေသုံးမဲ)၊ ဒေါက်တာ ဗညားပင် တင်သွင်းသော ‘‘ပြည်နယ်လွှတ်တော်နှင့် အစိုးရများမှ ညှိနှိုင်းရွေးချယ်ပေးသော တိုင်း ရင်းသားပညာရှင်တစ်ဦးစီစုစု ပေါင်း ခုနစ်ဦး’’ဆိုသော ဖြည့်စွက် ချက်မှာလည်း အတည်ဖြစ်သွား သည်။ (ထောက်ခံ၁၀၉၊ ကန့် ကွက် ၃၈၊ ကြားနေရှစ်မဲ)၊ တပ် မတော်သားလွှတ်တော်ကိုယ်စား လှယ်များ၏မဲဖြင့်အနိုင်ရသွား သည့် သဘောရှိပါသည်။
နောက်ဆုံး ဦးဖုန်းမြင့်အောင်၏အဆိုကို မဲခွဲဆုံးဖြတ်ရာ ဥပဒေကြမ်းကော်မတီဘက်မှ ထောက်ခံ ၁၄၂၊ ကန့်ကွက်ကိုး၊ကြားနေတစ်မဲဖြင့် အနိုင်ရလိုက် သည်။ သူ့အဆိုကို ထောက်ခံသူ ကိုးယောက်တော့ရှိသည်။သည် လိုနှင့် ညနေ ၅ နာရီကျော် ၆ နာရီ နီးပါးရောက်တော့မှ ‘အမျိုးသားပညာရေးဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း’ကို အမျိုးသားလွှတ် တော်မှ အတည်ပြုနိုင်တော့ သည်။စာရေးသူတို့အတွက် မာရ သွန်ခရီးရှည်ကြီးကား ပြီးဆုံး ခဲ့ပါပြီ။ သို့နှင့်တိုင်အမျိုးသား ပညာရေးအရေးတော် မာရသွန် ခရီးရှည်ကြီးကား မပြီးသေး။ ပြည်သူ့လွှတ်တော်၊နောက် ပြည် ထောင်စုလွှတ်တော် ဖြတ်ကျော် စရာစခန်းဆင့်တွေရှိသေးသည်။နိုင်ငံရေးအင်အားစုများ အထူး သဖြင့် ကျောင်းသားထုက ဘယ် လိုတုံ့ပြန်ကြမည်နည်း။‘‘ရှဥ့် လည်းလျှောက်သာ ပျားလည်းစွဲ သာ’’လမ်းကြောင်းကို ရွေးချယ်လက်ခံနိုင်ကြပါစေဟု ဆုတောင်း ရုံသာရှိတော့သည်။ ထိုညက စာရေးသူ အိပ်မပျော်.. ။

လွှတ်တော်နိုင်ငံရေးသည်သာအဘယ့်ကြောင့်
အမှန်စင်စစ် ‘ပဒေသာစုံမှု’(diversity)မှာ ဒီမိုကရေစီ၏ အလှတစ်ပါးပင်ဖြစ်သည်။ ဒီမို ကရေစီနိုင်ငံရေးစနစ်တွင်ပဒေ သာစုံမှုကို တန်ဖိုးထားလေးစားရ ပါလိမ့်မည်။ ဆန္ဒဖော်ထုတ်ခွင့်ကိုကြည်ကြည်ဖြူဖြူခွင့်ပြုနိုင်ဖို့လိုပါ သည်။ တစ်ပြိုင်နက်တည်းမှာပင် အဆိုပါပဒေသာစုံအမြင်များကို အများညီအမြင်ဖြစ်လာစေရန်၊ စေ့စပ်ညှိနှိုင်းအဖြေရှာကြရပါလိမ့်မည်။ နောက်ဆုံး အများညီ အမြင်ဘယ်လိုမှမရနိုင်လျှင် ဒီမို ကရက်တစ်နည်းကျမဲခွဲဆုံးဖြတ် ကြရမည်သာဖြစ်သည်။ ဤသို့ ဆွေးနွေးညှိနှိုင်း မဲခွဲဆုံးဖြတ်ရာ၊ဆန္ဒညီညွတ်ရေးဗိမာန်တော်မှာ ဒီမိုကရက်တစ်လွှတ်တော်သာ ဖြစ်ပါသည်။ သို့အတွက် လွှတ်တော်မှာ ဒီမိုကရေစီစနစ်၏ ပင်မ ရေစီးဟုဆိုချင်သည်။ လွှတ်တော်နိုင်ငံရေးအားကောင်းနေသရွေ့ ဒီမိုကရေစီအပြောင်းအလဲညင် သာမည်။ ဒီမိုကရေစီခရီးတည်တည်ငြိမ်ငြိမ်ရှေ့ဆက်နိုင်မည်။ နောက်ဆုံး ဒီမိုကရေစီဓလေ့ နုနယ်အားပျော့ရာမှရင့်ကျက် အားကောင်းလာမည်ဖြစ်ပါသည်။ သတိပြုဆင်ခြင်ကြပါကုန်။   ။

ကျော်ဝင်း

၂၇ မတ် ၂၀၁၅

Reply all
Reply to author
Forward
0 new messages