သမိုင်းထဲက သမဂ္ဂ သမဂ္ဂထဲက သမိုင်း 15 April 2015 ( ပြန်လည်ဖြန့်ဝေခြင်း)

6 views
Skip to first unread message

kyaw thu aung

unread,
Apr 17, 2016, 5:17:31 AM4/17/16
to reading club for civil society
သမိုင်းထဲက - သမဂ္ဂ သမဂ္ဂထဲက - သမိုင်း
ကျော်ဝင်း
နှစ်ပေါင်းငါးဆယ်

လွန်သောအခါ ၁၉၃၁ ခုနှစ်က ၊ တရားဝင် ပေါ်ထွက်လာခဲ့သော ၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မှာ ‘ ၁၉၆၄၊ အမျိုးသားစည်းလုံးညီညွတ်ရေး ကာကွယ်သည့်ဥပဒေ ’ အရ အခြားသော ပါတီ အဖွဲ့အစည်းများနှင့် အတူ မြန်မာ့ လူမှုနိုင်ငံရေးဘဝမှ ပျောက်ကွယ်သွားခဲ့ရပါသည်။ ထိုစဉ်မှစ၍ ၊ ‘ အမိမဲ့သား ရေနည်းငါး ’ လိုဖြစ်ခဲ့ရသော ၊ ခေတ်အဆက်ဆက် ကျောင်းသားလူငယ်များမှာ သူတို့တတွေ၏ နုနယ်သော အရွယ်နှင့် ဘဝများကို (အချို့ဆိုလျင် အသက်ကိုပင်) စတေးခံကာ ‘ ကျောင်းသားသမဂ္ဂ ပြန်လည်ဖွဲ့စည်းခွင့်ရရေး ’ အတွက် အခါအခွင့်သင့်တိုင်း တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ သည်လိုနှင့် ၊ နှစ်ပေါင်းငါဆယ်လွန်သောအခါတွင်ကား ၊ ရာစုဝက်မျှ သားသမီးများနှင့် ဝေးနေခဲ့ရသော ‘အပျိုစင်မိခင်သမဂ္ဂ’ မှာ ၊ တစ်ကျော့တစ်ဖန် ပြန်လည်ရှင်သန်ခွင့်ရလာခဲ့ပါပြီ ။

သို့သော် …..။ ဤ ‘သို့သော်’ ကား အရေးကြီးသည် ။

လူအများစုထောက်ခံမှုရထားသော နိုင်ငံရေးပါတီကြီးတစ်ခုမှ လွှတ်တော်ကိုယ်စားလှယ်မျာက မကြာမတင်ဖွဲ့စည်းရတော့မည့် ‘တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ’ တွင် သမဂ္ဂကိုယ်စားလှယ်များပါဝင်ခွင့်ကို ငြင်းပယ်ခဲ့ကြသည်။ အဆိုပြုပြဌာန်းထားသော ‘ဆရာသမဂ္ဂကိုယ်စားလှယ်၊ ကျောင်းသားသမဂ္ဂမှ အမည်စာရင်းတင်သွင်းသော ကိုယ်စားလှယ်’ ဆိုသည့်နေရာတွင် ‘သမဂ္ဂ’ ဆိုသည်ကိုဖြုတ်ပြီး ‘ဆရာများကရွေးချယ်သော ကိုယ်စားလှယ်၊ ကျောင်းသားများကရွေးချယ်သောကိုယ်စားလှယ်’ ဟူ၍အစားထိုး ပြင်ဆင်လိုက်ခြင်းဖြစ်ပါသည်။ သူတို့၏ပြင်ဆင်ချက်အဆိုမှာ အမျိုးသားလွှတ်တော်တွင် မအောင်မြင်ခဲ့သော်လည်း ပြည်သူ့လွှတ်တော်တွင်မူ အတည်ပြုနိုင်ခဲ့သည်။ သို့အတွက် လာမည့်ပြည်ထောင်စုလွှတ်တော်တွင် အဆုံးဖြတ်ခံယူရတော့မည်ဖြစ်သည်။ ပြောရလျှင် ဤကိစ္စမှ သာမန်ကွဲလွဲချက်သက်သက်မျှမဟုတ်ပါ။ သမဂ္ဂ၏အခန်းကဏ္ဍနှင့်ပတ်သတ်သော သမဂ္ဂ၏အဆင့်နေရာနှင့်ဆိုင်သော သမဂ္ဂ၏လုပ်ပိုင်ခွင့်ကိုကိုယ်စားပြသော ‘မူ’ ပိုင်းဆိုင်ရာပြဿနာဖြစ်သည်။ သမဂ္ဂမှာ ပေါ်လစီနယ်ပယ်မှ ဖယ်ထုတ်ခြင်းခံထားရသော သာမန်မိတ်ဖြစ်ဆွေဖြစ် အသင်းမျှသာလော။ သို့မဟုတ် ကျောင်းသားထု၏လိုအင်ဆန္ဒနှင့် သဘောထားအမြင်ကို တရားဝင်ဖော်ထုတ်ခွင့်ရသော အဖွဲ့အစည်းလော ..။ လွှတ်တော်က အဆုံးအဖြတ်ပေးရတော့မည်ဖြစ်ပါသည်။ ‘လူမတူမူနှင့်ညှိ၊ မူမတူသမိုင်းနှင့်ညှိ’ ဆိုသောစကားနှင့်အညီ ‘သမိုင်းထဲက သမဂ္ဂ’ ကိုပြန်ကြည့်ကြဖို့လိုပြီထင်ပါသည်။

သမိုင်းထဲကသမဂ္ဂ

‘ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေ အတွဲ ၄’ (The Burma Code, Volume IV) ကိုအကိုးအကားပြုပါမည်။ ဤစာအုပ်၏ စာမျက်နှာ ၁၉၀ တွင် ‘ရန်ကုန်တက္ကသိုလ်အက်ဥပဒေ’ (The University of Rangoon Act, Burma Act IX, 1920) ရှိသည်။ ဤဥပဒေ၏ ပုဒ်မ (၁၁) ပုဒ်မခွဲ (၁) မှာ ‘တက္ကသိုလ်ကောင်စီ’ ၏ ဖွဲ့စည်းပုံဖြစ်ပါသည်။ တိကျခိုင်မာစေရန် မူရင်းအတိုင်း ဖော်ပြပါမည်။ 11 – (1) The Council shall be composed of – (a) ------------ ---------------- ---------------- ---------------- (k) Two graduates, not being members of the university staff or students in the university, nominated by the Executive Council of the Rangoon University Students’ Union. Such members shall hold office for a period of one year and shall be eligible for reappointment, အဆိုပါဥပဒေ၊ ပုဒ်မ (၁၁)၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (k) သည်ပင် တရားဝင်ဖော်ပြထားသော ကျောင်းသားသမဂ္ဂ၏ ကိုယ်စားပြုခွင့်ဖြစ်ပါသည်။ “ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ အလုပ်အမှုဆောင်အဖွဲ့မှ အမည်စာရင်းတင်သွင်းသော တက္ကသိုလ်ဝန်ထမ်းမဟုတ်သူ တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သူ ဘွဲ့ရနှစ်ဦး” ဟူ၍ အတိအကျအဓိပ္ပာယ်ရပါသည်။ (“၁၉၅၇ မန္တလေးတက္ကသိုလ်အက်ဥပဒေ” ပုဒ်မ (၁၁) ပုဒ်မခွဲ (ဋ) တွင်လည်း “မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့မှ အမည်စာရင်းတင်သွင်းသော ဘွဲ့ရနှစ်ဦး” ဟူ၍ဖော်ပြထားသည်။) ဆိုခဲ့ပါ ‘ရန်ကုန်တက္ကသိုလ်အက်ဥပဒေ’ ပုဒ်မခွဲငယ် (l) တွင် ဆရာသမဂ္ဂ (ဆရာအစည်းအရုံး) ၏ ကိုယ်စားပြုခွင့်ကို ယခုလိုဆက်လက်ဖော်ပြထားပါသည်။ (l) One member, (not being a member of University staff or a student in the university) elected by the All Burma Teachers’ Association; - “ဗမာနိုင်ငံလုံးဆိုင်ရာဆရာများအစည်းအရုံးမှ ရွေးကောက်တင်မြောက်သော တက္ကသိုလ်ဝန်ထမ်းမဟုတ်သည့် တက္ကသိုလ်ကျောင်းသားလည်းမဟုတ်သည့် အဖွဲ့ဝင်တစ်ဦး” ဟုအတိအကျအဓိပ္ပာယ်ရပါသည်။ သမိုင်းပြန်လှန်ရလျှင် ဆိုခဲ့ပြီးသော ပုဒ်မခွဲငယ် (k) ပါ ကျောင်းသားသမဂ္ဂ၏ ကိုယ်စားပြုခွင့်ကို လွယ်လွယ်နှင့်ရခဲ့သည်မဟုတ်ပါ။ ၁၉၃၆ ဒုတိယကျောင်းသားသပိတ်အပြီး ကိုနု၊ ကိုအောင်ဆန်းတို့ ဦးဆောင်သော ကျောင်းသားလှုပ်ရှားမှုအဆက်ဆက်ကို ဖြတ်သန်းပြီးမှ ‘၁၉၃၉ ပြင်ဆင်ချက်’ ဖြင့် ‘တက္ကသိုလ်ကောင်စီတွင် သမဂ္ဂကိုယ်စားလှယ်စတင်ပါဝင်ခွင့်’ ရလာခဲ့ခြင်းဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သော ပုဒ်မခွဲငယ် (k) မှာ ‘၁၉၅၁ ပြင်ဆင်ချက်’ ဖြစ်ပါသည်။ တစ်ဆက်တည်းဖော်ပြရလျှင် အိမ်စောင့်အစိုးရလက်ထက်တွင် ‘၁၉၅၉ ပြင်ဆင်ချက်’ ဖြင့် ကိုအောင်ဆန်းတို့ကြိုးပမ်းမှုကြောင့် ရရှိခဲ့သော ဆိုခဲ့ပါအခွင့်အရေးမှာ ဖျက်သိမ်းခံခဲ့ရသည်။ ‘တက္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ္ဂမှကိုယ်စားလှယ် အမည်စာရင်းတင်သွင်းခွင့်မရှိတော့ဘဲ ကျောင်းသားတစ်ရပ်လုံးက ရွေးကောက်တင်မြှောက်ရမည်’ ဟုပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ဤတွင် မျက်မှောက်ခေတ်အစိုးရလွှတ်တော်နှင့် နိုင်ငံရေးပါတီတို့ ဆုံးဖြတ်ကြရမည်မှာ “ကျောင်းသားခေါင်းဆောင်ကိုအောင်ဆန်းတို့ကြိုးပမ်းမှုကြောင့် ရလာသော အကျိုးရလဒ်ကို ကိုယ်စားပြုကြမည်လော ..၊ သို့မဟုတ် အိမ်စောင့်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်း၏ ပြင်ဆင်ချက်အတိုင်းရပ်တည်မည်လော ..” ဆိုသည့် ‘မူ’ ပိုင်းဆိုင်ရာ ရွေးချယ်မှုဖြစ်ပါသည်။

ကိုယ်စားပြုမှုပြဿနာ

“နိုင်ငံရေးဆိုတာ အသဲကွဲတတ်ပါတယ်ဗျာ” ဆိုသော မိတ်ဆွေပန်းချီဆရာဝေချစ်ကို ၏စကားမှာ မှန်များမှန်နေရော့သလားမသိပါ။ ဤရက်ပိုင်းအတွင်း စာရေးသူအနေနှင့် ‘အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး’ နှင့်ပတ်သတ်ပြီး စိတ်မကောင်းစရာတွေ အတော်ကြုံလိုက်ရသည်။ အမှန်စင်စစ် ရှေ့ပိုင်းတွင် ဖော်ပြခဲ့သောပါတီမှာ စာရေးသူလေးစားသော နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ပေါက်ဖွားလာသောပါတီဖြစ်၍ တန်ဖိုးထားလေးစားရသလို ပါတီဥက္ကဌဆိုလျှင်လည်း မြန်မာ့ဒီမိုကရေစီရေးအတွက် အထူးမျှော်လင့်အားထားနေရသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ထက် ပါတီဝင်တော်တော်များများမှာ စာရေးသူ၏ ငယ်ပေါင်းမိတ်ဆွေတွေ။ အချို့ဆိုလျှင် သာမန်မိတ်ဆွေသက်သက်မဟုတ်။ ကျောင်းသားဘ၀ကတည်းက လက်တွဲခဲ့ကြသော လုပ်ဖော်ကိုင်ဖက်၊ ငတ်ဖော်ငတ်ဖက်၊ ပြေးဖော်ပြေးဖက်။ ယခုအသက်ခြောက်ဆယ်ကျော်အထိလည်း ကိုယ့်ထမင်းကိုယ်ချက်စားရင်း စည်ပင်ရိပ်သာတွင် ဒုက္ခခံဖော်ခံဖက်တွေဖြစ်နေကြဆဲပင်။ ဖြစ်နိုင်လျှင် သူတို့နှင့် သဘောထားမကွဲချင်ပါ။ သို့တစေ .. အများကြီးငြင်းကြခုံကြရသည်။ ခွန်းကြီးခွန်းငယ် ပြောရသည်များပင်ရှိသည်။ “မင်းဆောင်းပါးက ဒို့ပါတီနဲ့ကျောင်းသားကို ရန်တိုက်ပေးတာပဲကွ။” 7 Day နှင့်The Voice ပါ ‘ပဒေသာစုံမှဆန္ဒညီညွှတ်ရေးဗိမ္မာန်သို့’ ဆောင်းပါးကိုရည်ညွှန်းပြီး သူငယ်ချင်းက စွဲချက်တင်သည်။ “ဟုတ်လား၊ မင်းတို့ပါတီနဲ့ကျောင်းသားကို ရန်တိုက်ပေးသလိုဖြစ်သွားသလား၊ ဒါဆိုရင်တော့ ငါနဲ့မဆိုင်ဘူး။ မင်းတို့ပါတီရဲ့ရပ်တည်ချက်နဲ့ပဲဆိုင်တယ် ..။” စာရေးသူကပြန်ပက်သည်။ သူငယ်ချင်းက ခွန်းတုန့်ပြန်သည်။ “နေပါဦး၊ ကျောင်းသားသမဂ္ဂက ရွေးချယ်တဲ့ကိုယ်စားလှယ်ဆိုတော့ ..၊ သမဂ္ဂ၀င်မဟုတ်တဲ့ကျောင်းသားတွေကို မင်းထည့်မစဉ်းစားတော့ဘူးလား ..။” “ဒါဆိုရင်တော့ငါပြောမယ်။ သမိုင်းကိုကြည့်၊ သမိုင်းကိုသိ .. ဒါပဲ။” စာရေးသူပြန်အော်မိသည်။ စိတ်လည်းအတော်ပျက်သွားသည်။ ထိုသူငယ်ချင်းမှာ သမိုင်းကိုမသိသူမဟုတ်။ သမိုင်းဖြစ်စဉ်ထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်သည်။ သူသိရပေလိမ့်မည်။ သိဖို့ကောင်းသည်။
မှန်ပါသည်။ ၁၉၃၁ ခုနှစ်ကအတည်ပြုခဲ့သော ‘ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖွဲ့စည်းပုံစည်းမျဉ်း’ အရ ကျောင်းသားတိုင်းသမဂ္ဂအဖွဲ့ဝင်မဟုတ်သေးပါ။ ၀င်လိုမှဝင်နိုင်သည်။ Voluntary ဖြစ်သည်။ ကျောင်းသားသမဂ္ဂအမှုဆောင်အဖွဲ့ကိုမူ သမဂ္ဂ၀င်ကျောင်းသားများ၏မဲနှင့် ရွေးချယ်ကြရသည်။ ဤအချက်ကိုအကြောင်းခံပြီး ၁၉၅၃ ခုနှစ် တကသရွေးကောက်ပွဲတွင် ပြဿနာကြုံခဲ့ရဖူးသည်။ ထိုစဉ်ကာလ ဖဆပလအစိုးရနှင့် နီးစပ်သော DSO ကျောင်းသားအဖွဲ့က သမဂ္ဂအဖွဲ့ဝင်မဟုတ်သော ကျောင်းသားများကို ၀င်ကြေးငွေပေးသွင်းစေပြီး သူတို့အဖွဲ့အတွက် မဲလာထည့်ခိုင်းကြသည်။ ဤသည်ကို ပြိုင်ဘက်တိုးတက်ကျောင်းသားများကတွေ့၍ မဲပုံးရိုက်ခွဲရာမှ ရွေးကောက်ပွဲပျက်ရတော့သည်။ သို့အတွက် ၀န်ကြီးချုပ်ဦးနုက ဤသို့သော ပြဿနာမျိုး နောက်ထပ်မဖြစ်စေရန် ‘ကျောင်းသားတိုင်း သမဂ္ဂ၀င်ဖြစ်ရမည်။ သမဂ္ဂ၀င်ကြေးသုံးကျပ်ကို ကျောင်းလခစသည်များနှင့်အတူ တပြိုင်နက်တည်း ကောက်ခံစေရမည်” ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်မှစ၍ တကသမှာ ကျောင်းသားထုတစ်ရပ်လုံး၏ မဲဆန္ဒဖြင့် တရားဝင်ကိုယ်စားပြုမှုအာဏာ အပ်နှင်းထားသော အဖွဲ့အစည်းဖြစ်လာခဲ့သည်။ ကျောင်းသားလွှတ်တော်သဘောဟုဆိုနိုင်ပါလိမ့်မည်။ ရွေးကောက်တင်မြှောက်ခံရသော တကသအဖွဲ့တွင် မိမိလိုလားနှစ်သက်သော ကိုယ်စားလှယ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ဒီမိုကရေစီနည်းလမ်းတကျတက်လာသော အဖွဲ့အစည်းဖြစ်၍ အသိအမှတ်ပြုကြရမည်သာ ဖြစ်ပါသည်။ သို့အတွက် တက္ကသိုလ်ကောင်စီအဖွဲ့ဝင်ရွေးချယ်ရာတွင် ကျောင်းသားထုတစ်ရပ်လုံး မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ထားသော တကသမှပင် အမည်စာရင်းတင်သွင်းခွင့်ရှိရမည်မှာ သဘာဝကျသည်။ ဒီမိုကရေစီနည်းကျဖြစ်သည်ဟုဆိုရမည်သာ ဖြစ်သည်။ ‘ကျောင်းသားများက ရွေးချယ်သော ကိုယ်စားလှယ်၊ ဆရာများကရွေးချယ်သော ကိုယ်စားလှယ်’ ဟုတ်မဟုတ်ဆိုသည်ကို မည်သည့်မှတ်ကျောက်ဖြင့်ဆုံးဖြတ်ကြမည်နည်း။ ရွေးကောက်ပွဲမှလွဲ၍ အခြားမရှိဟု သဘောရပါသည်။ “ဘာကြောင့်များ နောက်ထပ်အချိန်ကုန် လူပန်းအလုပ်ပျက် စရိတ်တက်ခံ ရွေးကောက်ပွဲလုပ်ကြဦးမည်နည်း။”

သမဂ္ဂထဲက - သမိုင်း သမိုင်းထဲကသမဂ္ဂအကြောင်းကို သိမှ ကြည့်မှ သမဂ္ဂထဲကသမိုင်းကို တန်ဖိုးထားလေးစားတတ်ပါလိမ့်မည်။

သမိုင်းသင်ခန်းစာများကိုလည်း မှန်မှန်ကန်ကန် ထုတ်ယူနိုင်လိမ့်မည်ဟု သဘောရသည်။ ပြောကြစတမ်းဆိုလျှင် ကျောင်းသားသမဂ္ဂသမိုင်းသည်ပင် အမျိုးသားလွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဟု ဆိုနိုင်လောက်ပါသည်။ လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားလူငယ်ဘ၀ဆိုလျှင် သမဂ္ဂထဲကသမိုင်းတွင် အထင်အရှားပါရှိပြီးဖြစ်သည်။ ရဲဘော်သုံးကျိပ်၏အစ ပြည်ပအကူအညီရှာဖွေရေးခရီးစဉ်ဆိုလျှင်လည်း တကသအဆောက်အအုံအပေါ်ထပ်အစည်းအဝေးတစ်ခုမှ စတင်ခဲ့သည်ဟု မှတ်သားရရာ၊ မြန်မာ့တပ်မတော်၏ သန္ဓေသားမှာ သမဂ္ဂရင်ခွင်ထဲမှ ပေါက်ဖွားလာသည်ဟူ၍ပင် ဆိုနိုင်လောက်ပါသည်။ သို့နှင့်တိုင် သမဂ္ဂထဲကသမိုင်းတွင် ဆိုခဲ့ပါ ဂုဏ်ယူဝံ့ကြွားစရာများသာမက ခါးသည်း၊ နာကျည်း၊ နောင်ကြဉ်စရာသင်ခန်းစာများလည်း မနည်းမနောရှိခဲ့သည်သာဖြစ်သည်။ အထူးသဖြင့် လွတ်လပ်ရေးခေတ်ဦး ၁၉၄၈ ခုနှစ်မှာပင် ‘ဗကသ’ အမည်ဖြင့်တောခိုသွားခဲ့သည်များ၊ တစ်ဘက်မှလည်း ‘ ကျောင်းသားရဲခေါင်တပ်ဖွဲ့များ’ ဖွဲ့ပြီး ပြည်တွင်းစစ်ထဲပါသွားခဲ့သည်များ .. ။ စစ်အေးခေတ်၏ နိုင်ငံရေးပဋိပက္ခများထဲတွင် ကျောင်းသားလူငယ်တွေ မြေစာပင်ဖြစ်ခဲ့ရသည်။ အကျိုးဆက်ကား ခေတ်အဆက်ဆက်ကျောင်းသားများနှင့် အစိုးရများကြား ယုံကြည်မှုပျောက်ဆုံးခဲ့ရခြင်းပင်ဖြစ်တော့သည်။ အစိုးရက ကျောင်းသားကိုမယုံ၊ ကျောင်းသားက အစိုးရကိုမယုံနှင့် သံသယအစိုင်အခဲတွေသက်ဆိုးရှည်ခဲ့ရသည်။ စစ်အေးတိုက်ပွဲအကျိုးဆက် ပြည်တွင်းစစ်ချသမိုင်းကြီး၏ အရိပ်အမည်းများ တက္ကသိုလ်စာသင်ခန်းများအထိ ရောင်ပြန်ဟပ်ခဲ့ရသည်။ ကမ္ဘာတွင် စစ်အေးတိုက်ပွဲဆုံးခန်းတိုင်ခဲ့သည်မှာ ရာစုတစ်စိတ်ကျော်ခဲ့ပါပြီ။ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းစစ် ‘ချသမိုင်းကြီး’ ကို အဆုံးသတ်ကြဖို့ အချိန်တန်ပါပြီ။ စစ်အေးခေတ်သံသယများကို ဖယ်ရှားပြီး ကျောင်းသားနှင့်အစိုးရကြား ပြန်လည်ရင်ကြားစေ့ကြရပါတော့မည်။ ဤအတွက် နှစ်ဘက်လုံးက ကြိုးစားကြရပါလိမ့်မည်။ အထူးသဖြင့် လူကြီးများဖြစ်သော အစိုးရဘက်တွင် ပိုတာဝန်ရှိသည်။ (ဤနေရာတွင် အစိုးရဆိုသည်မှာ တည်ဆဲအစိုးရကိုသာမက နောင်အစိုးရဖြစ်နိုင်ခြေရှိသည့် နိုင်ငံရေးပါတီများကိုပါ ဆိုလိုသည်။) စစ်အေးခေတ်သံသယများဖြင့် ကျောင်းသားသမဂ္ဂများကို ပိတ်ပင်တားဆီးကန့်သတ်သည်မျိုး မလုပ်သင့်မလုပ်အပ်တော့ပါ။ ကျောင်းသားများဘက်မှလည်း ပညာတတ်လူငယ်များပီပီ ခေတ်ရေစီးကို သဘောပေါက်နားလည်ကြရမည်ဖြစ်ပါသည်။

မျက်မှောက်ခေတ်၏ တူရူချက်မှာ ‘စစ်နှင့်တော်လှန်ရေး’ မဟုတ်။
‘ပညာနှင့်တည်ဆောက်ရေး’ ဆိုသည်ကို နှလုံးသွင်းနိုင်ရပါလိမ့်မည်။ စာရေးသူအနေနှင့် လက်ရှိ “အမျိုးသားပညာရေးဥပဒေ” မှာပင် ခေတ်အဆက်ဆက်ပျောက်ဆုံးနေသော ကျောင်းသားနှင့်အစိုးရကြား ယုံကြည်မှုကို ပြန်လည်ရရှိစေချင်သည်။ ကြိုးစားပေးကြပါဟုလည်း မေတ္တာရပ်ခံအပ်ပါသည်။

ကျော်ဝင်း ၁၅၊ ဧပြီ၊ ၂၀၁၅ သင်္ကြန်အကြတ်နေ့

Reply all
Reply to author
Forward
0 new messages