ဖားကန့်ကို ဘယ်သူကယ်မှာလဲ Eleven Media 27 March

7 views
Skip to first unread message

kyaw thu aung

unread,
Mar 28, 2016, 5:24:01 AM3/28/16
to reading club for civil society
ဖားကန့်ကို ဘယ်သူ ကယ်မှာလဲ
Published on Sun, 03/27/2016 - 21:42

နာမည်ခံ တရုတ် ကုမ္ပဏီတွေ အပါအ၀င် ပြည်တွင်း ခရိုနီတွေနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေ၊ တပ်မတော်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ရဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေရဲ့ ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုတွေကြောင့် ကချင်ပြည်နယ်၊ ဖားကန့်ဒေသဟာ အရေးပေါ် ကယ်ဆယ်ရမယ့် အခြေအနေ ဖြစ်နေပါပြီ။ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိရာ တစ်ခုတည်းသော နိုင်ငံလို့ ဆိုနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီ ၆၀၀ ကျော် ရှိနေပေမယ့် ဒေသခံ ကချင်လူမျိုးတွေရဲ့ ကုမ္ပဏီကတော့ ငါးခုတောင် မပြည့်တဲ့ အနေအထားပါလို့ ဖားကန့် လုံးခင်း ဒေသခံ ကိုနောင်လတ်က ဆိုပါတယ်။ တကယ်ဆို ဖားကန့်မှာ ကျောက်စိမ်း တူးဖော်ခွင့်က မြန်မာနိုင်ငံသားတွေ အတွက်သာ ဖြစ်ပေမယ့် တရုတ်နိုင်ငံသားတွေနဲ့ တရုတ် ကုမ္ပဏီတွေ ကျောက်စိမ်း တူးဖော်နေတာတွေကလည်း မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုကို အကြီးအကျယ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီအပြင် တူးဖော်နေတဲ့ တခြား ကျောက်စိမ်း ကုမ္ပဏီတွေကတော့ ခရိုနီ ကုမ္ပဏီတွေ၊ တပ်မတော်ရဲ့ အကျိုးစီးပွားနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေပါ။ လက်ရှိ အစိုးရ မဆင်းခင် အချိန်အတွင်းမှာ ကျောက်စိမ်းတူးဖော်မှု အလွန်အကျွံ လုပ်လာခဲ့တာတွေကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ၀န်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှစ်ဦး ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ခဲ့ပေမယ့် မထိရောက်ခဲ့ပါဘူးလို့ ကချင်အမျိုးသား လူမှု ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဦးလမောင်လတောင်က ဆိုပါတယ်။ ဒီလို မထိရောက်တဲ့အတွက် စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးပေးဖို့ လွတ်လပ်တဲ့ ကော်မရှင် ဖွဲ့စည်းဖို့ NLD အစိုးရသစ်ကို တောင်းဆိုပါတယ်လို့ တောင်းဆိုမှု ပြုခဲ့ပြီး တကယ်လို့သာ NLD အစိုးရက စည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်မှုတွေကို မဖော်ထုတ်ဘူး ဆိုရင်တော့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အနေနဲ့ ဒေသခံတွေ ပါဝင်တဲ့ လွတ်လပ်သော ဖားကန့် ကျောက်စိမ်းတူးဖော်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီ ကော်မရှင် အတွက်လည်း ဒေသခံတွေက စီစဉ်ဆောင်ရွက်ပြီး ဖြစ်တယ်လို့ ဆိုတဲ့အတွက် NLD အစိုးရကသာ ဖားကန့် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့မပေးလို့ ဒေသခံတွေ ကိုယ်တိုင် လုပ်လာရင် ကုမ္ပဏီတွေနဲ့ ဒေသခံတွေအကြား ဖြစ်လာမယ့် ပဋိပက္ခဟာ NLD အစိုးရ အကြီးအကျယ်ေ ခါင်းခဲစရာ ဖြစ်လာမှာ မြေကြီးလက်ခတ် မလွဲပါဘူး။   ဒါကြောင့် NLD အစိုးရ ရက် ၁၀၀ စီမံကိန်းမှာ ဖားကန့် ကျောက်စိမ်း တူးဖော်နေမှုကို လေ့လာတဲ့ စုံစမ်းတဲ့ အခြေအနေကို ဦးစားပေး လုပ်ဆောင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ “ဖားကန့်နဲ့ ပတ်သက်တဲ့ ကိစ္စမှာလည်း ဒရောသောပါးနဲ့ လောဘဇောတက်ပြီး တူးဖော်ထုတ်လုပ်နေတာက ရေမဆေးသမားတွေ မဟုတ်ကြပါဘူး။ ကျောက်စိမ်း ကုမ္ပဏီ တွေထဲက အကြီးဆုံး ကုမ္ပဏီ ၃၀ ကို စိစစ်တဲ့ အခါမှာလည်း ပြည်တွင်းလုပ်ငန်းရှင်တွေ ပါဝင်နေသလို အမည်ခံ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။ အဲဒီမှာ တပ်မတော်က ပိုင်ဆိုင်တဲ့ ကုမ္ပဏီတောင်မှ အဆင့် ၂၃ ပဲ ရှိနေတယ်။ သူ့ထက်ကြီးတဲ့ ကုမ္ပဏီတွေချည်း ဖြစ်နေပါတယ်။ အခု ပြောနေရတဲ့ ကိစ္စတွေမှာ ခေါင် (အစိုးရ) မလုံတဲ့ ကိစ္စတွေပဲ ပြောနေရပါတယ်။ အခုဆိုရင် ခေါင်မလုံတာကလည်း ပြောင်းတော့မှာဆိုတော့ ခေါင်အပြင် ကျွန်တော်တို့ အားလုံး တာဝန်ယူရမယ့် ကိစ္စတွေ ရှိနေပါတယ်” လို့ နိုင်ငံတော် သမ္မတရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဇော်ဦးက ဆိုပါတယ်။  
■ ဖားကန့်ရဲ့ ကျောက်စိမ်းတူးဖော်မှု အခြေအနေ ဖားကန့် ရတနာနယ်မြေကို အစိုးရ အဖွဲ့ရဲ့ သဘော တူညီချက်နဲ့ သတ္တုတွင်း ၀န်ကြီးဌာနက ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်စွဲပါ အမိန့် ကြော်ငြာစာ အမှတ် (၈၈/၂၀၀၀၁) နဲ့ ထုတ်ပြန် သတ်မှတ်ပေးခဲ့ပြီး ဧရိယာ အကျယ်အ၀န်း ၁၇၅၂,၀၆၄ ဧက ရှိပါတယ်။ ၁၉၉၅ ခုနှစ်မှာ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ နိုင်ငံသားပိုင် ကျောက်မျက် ကုမ္ပဏီတွေကို တူးဖော်လုပ်ကိုင် ရောင်းချခွင့် ပြုခဲ့ပြီး ၁၉၉၅ ခုနှစ်က စတင်ပြီး ပုဂ္ဂလိက လုပ်ကွက်တွေကို တူးဖော်ခွင့် ပြုခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာတော့ နိုင်ငံတော်နဲ့ အကျိုးတူ တူးဖော် ထုတ်လုပ်မယ့် ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။ လုပ်ကိုင်ခွင့် ပြုရာမှာ သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ်လုပ်ကွက်နဲ့ နိုင်ငံတော်နှင့် အကျိုးတူ လုပ်ကွက်လို့ သုံးမျိုး သတ်မှတ်ထားပြီး ဒီကျောက်စိမ်း လုပ်ကွက်တွေကို ၀န်ကြီးဌာန ပေါင်းစုံက တာဝန်ရှိသူတွေ အဖွဲ့ဝင်အဖြစ် ပါရှိတဲ့ ဦးစီး ကော်မတီက လုပ်ကိုင်ခွင့်ပြုပြီး ဈေးပြိုင် စနစ်နဲ့ အဆိုပြုလွှာတွေ တင်သွင်းစေပါတယ်။ ဈေးအများဆုံး တင်သွင်းသူကို လုပ်ကိုင်ခွင့် ပြုရာမှာလည်း မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းနဲ့ ပူးပေါင်းပြီး ဆောက်ရွက်တယ်လို့ ဆိုပါတယ်။     ကချင်ပြည်နယ်၊ ဖားကန့်မှာ ၂၀၁၂ ခုနှစ် မေ ၃၁ ရက်က စပြီး ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေကို ရပ်နားထားခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ပြန်လည် လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။ ဒါ့အပြင် ကျောက်စိမ်းတူးဖော်ရာမှာ အရင်က အနက်ပေ ၂၀၀ က ပေ ၃၀၀ ခန့်ပဲ တူးဖော်ထုတ်ခဲ့ပေမယ့် အခုဆို ကျောက်ကြော အခြေအနေအရ အနက်ပေ ၅၀၀ ခန့်က ပေ ၁၀၀၀ အထိ တူးဖော်နေရတယ်လို့ သတ္တုတွင်း ၀န်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ပြောကြားထားပါတယ်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက်အထိ စာရင်းတွေအရ လုံးခင်း၊ ဖားကန့်ရတနာမြေမှာ တူးဖော်ရေး ကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်၊ ကုမ္ပဏီ ၂၃၁ ခုကို အကျိုးတူ လုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧကကို လုပ်ကိုင်ခွင့် ပြုထားတယ်လို့ ဦးအောင်ညွန့်သိန်းက ဆိုထားပါတယ်။  
■ အစီရင်ခံစာတွေက ပြောတဲ့ ဖားကန့်ရဲ့ ကျောက်စိမ်း တူးဖော်မှုနဲ့ အကျိုးအမြတ် ရနေသူတွေ     ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းကဏ္ဍက တရုတ်သို့ တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံ ရှိခဲ့တယ်လို့ တရုတ်နိုင်ငံရဲ့ သွင်းကုန် အချက်အလက်တွေကို ရယူပြီး Global Witness က ဖော်ပြခဲ့ပါတယ်။ “ယခု အချိန်အထိ ကျောက်စိမ်းကဏ္ဍ၏ တန်ဖိုးကို ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော် သုတေသနနှင့် သုံးသပ်ချက်သစ် တစ်ခုအရ Global Witness က ခန့်မှန်းသည်မှာ တရုတ်နိုင်ငံ၏ သွင်းကုန် အချက်အလက်များအရ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းပင်လျှင် အမေရိကန် ဒေါ်လာ ၁၂ ဘီလျံရှိကြောင်း ညွှန်ပြထားပြီး လုပ်ငန်း တစ်ခုလုံး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံခန့် ဖြစ်သည်။ ယင်းကိန်းဂဏန်းကို နှိုင်းယှဉ်ပြရလျှင် ယင်းသည် အစိုးရ၏ ကျန်းမာရေး အသုံးစရိတ်၏ ၄၆ ဆရှိပြီး တစ်နိုင်ငံလုံး၏ တရားဝင် အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး (GDP) ၏ ၄၈ ရာခိုင်နှုန်း ရှိသည်” လို့ Global Witness ရဲ့ အစီရင်ခံစာ အနှစ်ချုပ်က ဆိုပါတယ်။ အစီရင်ခံစာ အနှစ်ချုပ်မှာ “ဦးသန်းရွှေ စစ်အစိုးရ လက်ထက်တွင် ပေါ်ပေါက် ကြွယ်ဝ လာခဲ့ကြသော ကုမ္ပဏီကြီးများဖြစ်ပြီး အဓိက အခရာ ကျလှသည်။ အထင်ရှားဆုံးမှာ ကိုးကန့် မူးယစ်ရာဇာ လော်စစ်ဟန် တည်ထောင်သည့် အေးရှားဝေါလ် လုပ်ငန်းစုနှင့် နံပါတ် (၁) ခရိုနီ ဦးတေဇ၏ ထူးလုပ်ငန်းစုတို့ ဖြစ်ကြပြီး ၎င်းတို့ နှစ်ဦးစလုံးသည် အမေရိကန်နိုင်ငံ၏ အရေးယူ ပိတ်ဆို့မှု ခံထားရသူများ ဖြစ်ပါသည်” လို့ Global Witness က ဆိုပါတယ်။ ထို့နောက် “ပိုမို ထင်ရှားသော်လည်း လူသိ နည်းနေသည်ကား ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်း ၁၂ ခု ပါဝင်ပုံ ရသည့် Ever Winner လုပ်ငန်းစု ဖြစ်သည်။ Ever Winner ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်တွင် တရားဝင် ကျောက်မျက်ပြပွဲ၌ ရောင်းချရမှု ဒေါ်လာ သန်း ၁၉၀ ၀န်းကျင်နှင့် ၂၀၁၃ တွင် ဒေါ်လာသန်း ၁၂၀ ကျော် ရရှိခဲ့သည်။ ၎င်းကုမ္ပဏီများ၏ ပိုင်ရှင်များသည် မြန်မာ့အကြီးဆုံး ဘဏ်နှင့် KBZ လုပ်ငန်းစု ခေါင်းဆောင် ဦးအောင်ကိုဝင်းနှင့် Skynet ဂြိုဟ်တုစလောင်း တီဗွီလုပ်ငန်းမှ မီဒီယာ လုပ်ငန်းရှင် ဦးကျော်ဝင်းတို့ အပါအ၀င် နိုင်ငံရေးအရ သြဇာရှိသည့် လုပ်ငန်းရှင် သူဋ္ဌေးကြီးများနှင့် ပတ်သက်ဆက်နွှယ်သူများ ဖြစ်သည်လို့ Global Witness သုတေသနတွင် ဖော်ပြခဲ့သည်” လို့ အစီရင်ခံစာ အနှစ်ချုပ်မှာ ရေးသားခဲ့ပါတယ်။ ကျောက်စိမ်း ထွက်ရှိမှုမှ အမြတ်ထုတ်ခဲ့သူများ အနက် မူးယစ်ရာဇာများ ပါဝင်နေမှုကို ဖော်ပြရာ၌ အမေရိကန် အစိုးရက ဒေါ်လာ နှစ်သန်း ဆုကြေး ထုတ်ထားသော မူးရစ်ရာဇာ ဝေဆူးကျန်(ဝေရှောက်ခမ်)ကို အဓိကထား ဖော်ပြခဲ့ပါတယ်။ ဝေဆူးကျန်ကို ဖော်ပြရာမှာ ၎င်းသည် ‘၀’ သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို ဘဏ္ဍာရေးေ ထာက်ပံ့နေသူဖြစ်ပြီး မြန်မာ့ ကျောက်စိမ်းလုပ်ငန်း၌ လွှမ်းမိုးထားသည့် ကုမ္ပဏီလုပ်ငန်းစု တစ်ခုကို ထိန်းချုပ်ထားသူ ဖြစ်သည်ကို ခိုင်လုံသော အထောက်အထားများ ရှိသည်ဟု Global Witness အစီရင်ခံစာ အနှစ်ချုပ်တွင် ဖော်ပြခဲ့ပါတယ်။ ကျောက်စိမ်း ထွက်ရှိရာ ဒေသဟာ ကချင်ပြည်နယ် ဖြစ်ပေမယ့် ကချင်ပြည်သူ လူထု အနေနဲ့ ဒီအကျိုးအမြတ်တွေကို ခံစားခွင့် မရှိပါဘူး။ ကျောက်စိမ်း လုပ်ငန်းဟာ ကချင်ပြည်နယ် အတွင်းရှိ လူတစ်ဦးချင်းစီအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂၁၀၀၀ တန်ဖိုးနှင့် ညီမျှသော ၀င်ငွေ ပမာဏကို ရှာပေးနိုင်သည့် လုပ်ငန်း ဖြစ်သော်လည်း ဒေသခံများ စနစ်တကျ ဖယ်ထုတ်ထားခြင်း ခံနေရပါတယ်။ “ကျွန်တော်တို့ ကချင်ပြည်သူ လူထုက ကုမ္ပဏီတွေက လုပ်တဲ့ ဘေးဒဏ်တွေကို ခံစားနေရတယ်။ အနှစ် ၂၀ လောက် အတွင်းမှာ တောတွေ၊ တောင်တွေ ချောင်းတွေ စုစုပေါင်း အရင်းအမြစ် ၅၀ လောက် ပျောက်သွားခဲ့တယ်။ ကျွန်တော်တို့ ကချင်ပြည်သူ လူထုက ကျောက်စိမ်းကို သယ်ခွင့် မရှိဘဲ နည်းမျိုးစုံနဲ့ အဖမ်းခံနေရချိန်မှာ ကုမ္ပဏီတွေကတော့ ရန်ကုန်မှာတောင် မရှိတဲ့ ကားကြီးတွေနဲ့ သယ်ထုတ်နေတယ်” ဟု ဖားကန့်၊ လုံးခင်း ဒေသခံ ကိုနောင်လတ်က ပြောပါတယ်။ Global Witness ရဲ့ အစီရင်ခံစာ ပေါ်ထွက်လာပြီး နောက်ပိုင်းမှာတော့ ဆက်လက် ထွက်ပေါ်လာခဲ့တာက ပထမအကြိမ် EITI အစီရင်ခံစာပါ။ ပထမအကြိမ် EITI အစီရင်ခံစာမှာ ဆိုရင် ၂၀၁၃-၂၀၁၄ ခုနှစ်အတွက် ကျောက်မျက် ကုမ္ပဏီများနှင့် သတ္တုတွင်းများမှ ရရှိသည့် ငွေများကို အစီရင်ခံ တင်ပြရာတွင် ကျောက်မျက်ကဏ္ဍမှ အခွန်ငွေ ရရှိခဲ့ခြင်း မရှိပါဘူး။ အဆိုပါ ကဏ္ဍနှစ်ခုအတွက် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်မှာ ကျောက်မျက်မှ အခွန် မဟုတ်သော အခကျပ် ၃၈၀၁၉၇ သန်း ရှိခဲ့ပြီး လူမှုရေးဆိုင်ရာ အသုံးစရိတ်များအဖြစ် ကျပ်သန်းပေါင်း ၈၅၇၀ သာ ရရှိခဲ့တယ်လို့ပဲ ဆိုပါတယ်။ ကျောက်မျက် မဟုတ်သော အခြား သတ္တုကဏ္ဍမှာ အခွန်ရငွေ အဖြစ် ကျပ် ၃၃၀၃ သန်း၊ အခငွေ အဖြစ် ကျပ်သန်း ၄၈၂၀၃ ပေါင်း၊ လူမှုရေးဆိုင်ရာ အသုံးစရိတ်များ အဖြစ် ကျပ် ၂၀၁၇ သန်းနှင့် စုစုပေါင်း အခွန်ဘဏ္ဍာ ကျပ် ၅၃၅၂၃ သန်းသာ ရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ကျောက်မျက်နဲ့ ကျောက်စိမ်းကဏ္ဍက ပထမအကြိမ် EITI အစီရင်ခံစာမှာ သယံဇာတ ရငွေရဲ့ ၁၃ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုနိုင်ခဲ့ပြီး စုစုပေါင်း ကျပ် ၃၈၈,၇၆၇ သန်းသာ ပါဝင်ခဲ့တယ် ဆိုတာ တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်တွေက အမှန်တကယ် ထုတ်လုပ်မှုရဲ့ အစိတ်အပိုင်း အချို့သာ ဖြစ်နေပါတယ်။ ဥပမာ ဆိုရရင် မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ကျောက်စိမ်း အားလုံး နီးပါးဟာ တရုတ်ပြည်ကို တင်ပို့နေတဲ့ အပြင် လက်နက်ကိုင် ပဋိပက္ခတွေကို ပိုမိုအားကောင်းစေဖို့ များပြားလှတဲ့ ငွေကြေးထောက်ပံ့မှုတွေကို ဖြစ်စေတဲ့အတွက် နိုင်ငံရေးအရ အကဲဆတ်တဲ့ ကျောက်စိမ်းကို EITI အစီရင်ခံစာမှာ ပိုမိုထည့်သွင်းသင့်တယ်လို့ EITI ရဲ့ အရပ်ဘက် ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက ဆိုပါတယ်။ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေကို EITI အစီရင်ခံစာအတွက် စိစစ်ခဲ့ရာမှာ အကြီးဆုံး ကုမ္ပဏီ ၃၀ ကို စိစစ်ခဲ့ပြီး တပ်မတော်က ပိုင်ဆိုင်တဲ့ ကျောက်စိမ်း ကုမ္ပဏီဟာ အဆင့် ၂၃ မှာ ရှိနေပြီး အဆိုပါ ကုမ္ပဏီ ၃၀ မှာ ပြည်တွင်း လုပ်ငန်းရှင်တွေ ပါဝင်နေသလို အမည်ခံ ကုမ္ပဏီတွေလည်း ပါဝင်နေတဲ့အတွက် အဆိုပါ အမည်ခံ ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အစု ရှယ်ယာရှင်တွေကို ဖော်ထုတ်မည့် လုပ်ငန်းစဉ်များကိုလည်း EITI (တွင်းထွက် သယံဇာတ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး) မှာ လုပ်ဆောင်သွားမယ်လို့ ဒေါက်တာဇော်ဦးက ဆိုပါတယ်။ “ကျောက်စိမ်း ကုမ္ပဏီတွေက ကျောက်စိမ်းကရတဲ့ ငွေကနေ အစိုးရကို ဘယ်လောက်ပေးနေလဲ ဆိုတာနဲ့ အစိုးရက ဘယ်လောက် ရနေလဲ ဆိုတာ ပေးတာနဲ့ ရတာ ကြားမှာ ဘယ်လောက် ကွာဟနေလည်း ဆိုတာ စစ်နေတာ။ အကွာအဟတွေ များလေ အလေအလွင့်တွေ ဖြစ်နေတယ်။ မသမာမှုတွေ ရှိနေတယ်ပေါ့။ ဒီကြားထဲမှာ အလေအလွင့်တွေ မသမာမှုတွေ နည်းနိုင်သမျှ နည်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေတယ်။ ကုမ္ပဏီပိုင်း ဆိုင်ရာမှာလည်း ဥပဒေ အသစ် လုပ်နေပါတယ်။ ဒီ ဥပဒေသစ် ထွက်လာရင်တော့ ဒီလို အမည်ခံ ကုမ္ပဏီတွေ ရပ်တည်မှုကို ပိုပြီးတော့ စိစစ်မှုတွေ လုပ်လာနိုင်မယ်။ ပြီးတော့ EITI ရဲ့ ရေရှည်သွားမယ့် လုပ်ငန်းစဉ်မှာ Beneficial Ownership ဆိုတဲ့ လုပ်ငန်းစဉ်လည်း ပါလာတာပေါ့။ အဲဒါက ဘာကို ပြောနေတာလဲ ဆိုရင် ကုမ္ပဏီတွေကို တရားဝင် ကုမ္ပဏီ အမည်ပေါက် ပိုင်ရှင်သာ မကဘဲ နောက်ကွယ်က ရှိနေတဲ့ အစု ရှယ်ယာရှင်ကိုပါ ဖော်ထုတ်ရမယ် ဆိုတဲ့ တာဝန်ကိုပါ ကျွန်တော်တို့ ယူတော့မှာ ဖြစ်ပါတယ်” လို့ ဒေါက်တာ ဇော်ဦးက ဆက်လက်ပြောပါတယ်။  
■ ဖားကန့်ကို ဘယ်သူ ကယ်မှာလဲနှင့် NLD အစိုးရအတွက် မေးခွန်းများ ဖားကန့်ဒေသမှာဆို ကျောက်စိမ်းတူးဖော်မှုတွေကြောင့် ယာဉ် ယန္တရားတွေနဲ့ တိုက်မိပြီး သေဆုံးသူ ဦးရေဟာ လတ်တလောမှာကိုပဲ လူဦးရေ ၂၀ ကျော်ခန့် သေဆုံးခဲ့ပြီ ဆိုပါတယ်။ ဒေသခံတွေနဲ့ ရေမဆေးကျောက် ရှာဖွေသူတွေက ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာ ပြိုကျမှုတွေကြောင့် သေဆုံးခဲ့မှုမှာ လူဦးရေ ၂၀၀ ကျော်ခန့် ရှိနေပြီး အပတ်စဉ် သေဆုံးမှု သတင်းတွေကိုသာ နားစွင့်နေရတယ်လို့ လုံးခင်း ဒေသခံ ကိုနောင်လတ်က ဆိုပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေရဲ့ စည်းကမ်းမဲ့ တူးဖော်မှုတွေကြောင့် ဖားကန့်ဒေသမှာ တောင်များ၊ မြစ်များနှင့် ချောင်းပေါင်း ၅၀ ခန့် ပျောက်ကွယ်သွားပြီး ဖြစ်သည့်အပြင် ဥရုချောင်းသည်လည်း စွန့်ပစ်မြေစာများကြောင့် နှစ်စဉ် ရေကြီးနစ်မြှုပ်မှု ဖြစ်ပေါ်နေရသည်ဟု ဦးနောင်လတ်က ဆိုပါတယ်။ ဒါ့အပြင် ဖားကန့်ဒေသမှာ တရုတ် ကုမ္ပဏီတွေကပဲ ကြီးစိုးနေပြီး ရေသောက်ရန်ကိုပင် တရုတ်ကုမ္ပဏီဆီက ၀ယ်ယူသောက်ရသည့် အခြေအနေ ဖြစ်နေတယ်လို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဒေါ်ကိုင်ရာက ဆိုပါတယ်။ “EITI အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ၂၀၁၃-၂၀၁၄ အတွက် ကျောက်မျက်နဲ့ ကျောက်စိမ်း ထုတ်လုပ်မှုက ရောင်းရတဲ့ ငွေတွေက ဒေါ်လာ တစ်ဘီလျံကျော် ရှိတယ်။ အခွန် ရငွေက ဒေါ်လာနဲ့ တွက်ရင် ၃၈၈ သန်းကျော်ပဲ ရှိတယ်။ ဒီလောက် ငွေကိုပဲ ကျွန်တော်တို့ရဲ့ ကျောက်စိမ်းကျောက်မျက် ပတ္တမြားတွေ ရောင်းရငွေက နှစ်စဉ် ရနေတာလား။ ဖားကန့်ဒေသမှာ ဆိုရင် အိမ်လောက်ကြီးတဲ့ မြေသယ်ယာဉ် ဘက်ဟိုးကြီးတွေက ဒေါ်လာ တစ်သန်းလောက် ရှိတယ်။ ဒီယာဉ်အစီး ၃၀၀ ကျော် ၀ယ်နိုင်တဲ့ ပမာဏ အတွက်ပဲ ကျွန်တော်တို့ နိုင်ငံက ပတ္တမြားတွေ၊ ကျောက်စိမ်း၊ ကျောက်မျက်တွေ ရောင်းချမှုက ရနေသလား။ ဒေသခံတွေရဲ့ ပြောဆိုမှုအရ ဆိုရင် အဲဒီဒေသမှာ အိမ်လောက်ရှိတဲ့ မြေသယ်ယာဉ်တွေက အစီးရေ ထောင်နဲ့ချီပြီး အများကြီး ရှိတယ်။ တောင်ဖြိုတဲ့ နေရာမှာ အင်မတန် အင်အားကြီးတဲ့ မြေကော်ယာဉ်ကြီးတွေကို ဧရာဝတီမြစ်ကြောင်းကနေ အခွန်မရဘဲ တင်ပို့နေတယ်။ နယ်စပ်က ဖြတ်ကျော်လာတာ တစ်ခုတည်းတင် မဟုတ်ဘူး။ ဖားကန့်သည် နယ်စပ်မြို့ မဟုတ်ဘူး။ မြန်မာပြည်ရဲ့ နယ်စပ်နဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နေရာပါ။ တိုင်းပြည်ကို လုံခြုံအောင် လုပ်နေတဲ့ သူတွေက ဘာလို့ ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက် လုပ်နေတာလားလို့ ကျွန်တော် မေးလိုပါတယ်။ EITI အစီရင်ခံစာမှာ ဆိုရင် သယံဇာတ ရောင်းရမှုရဲ့ ၁၃ ရာနှုန်းပဲ ကျောက်မျက်က ရှိတယ်။ ဒီကျောက်မျက် ရတနာက ရငွေကို ဂျီဒီပီနဲ့ ပြန်တွက်မယ် ဆိုရင် ၁ ရာခိုင်နှုန်းတောင် မပြည့်တဲ့ ဒဿမ ၇၈ ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းပြည်မှာ ပျက်စီးမှုတွေ အများကြီးပဲ။ ဟုတ်ပြီ ၂၀၁၄ မှာ တရုတ်က ထုတ်ပြန်တော့ မြန်မာ့ကျောက်စိမ်းကို ၁၂ ဘီလျံဖိုး ၀ယ်တယ်။ ကျွန်တော်တို့ ဗဟိုစာရင်းက ထုတ်ပြန်တော့ တစ်ဘီလျံတောင် မရှိဘူး။ ရတဲ့ အခွန်ငွေက ဒေါ်လာ သန်း ၄၀၀ တောင် မပြည့်ဘူး။ အဲဒါကြောင့် ပြီးဆုံးတော့မယ့် အစိုးရက ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးစီးပွားကို မသယ်ပိုးနိုင်ခဲ့ဘဲ လက်တစ်ဆုပ်စာ လူတစ်စုရဲ့ အကျိုးစီးပွားကိုပဲ ဖော်ဆောင်ခဲ့တယ်လို့ပဲ မြင်တယ်” ဟု EITI အရပ်ဘက် ကိုယ်စားလှယ် ဦးရဲသိန်းဦးက ဆိုပါတယ်။ “ဖားကန့်လို့ ပြောရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဆင်းရဲတွင်းကြောင့် အနယ်နယ် အရပ်ရပ်က လာပြီး အမှိုက်ပုံထဲမှာ ၀မ်းစာလေး ရလို့ရငြား လာပြီး မြေစာပုံထဲမှာ ရှာနေရတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျောက်စိမ်းတွေ ဘယ်လောက် ထုတ်နေလည်း ဆိုရင် Global Witness က ထုတ်ပြန်တဲ့ အစီရင်ခံစာ ရှိတယ်။ မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်း ဥပဒေတွေ ရှိတယ်။ ဥပဒေတွေ ရှိနေပေမယ့် ဒီလုပ်ငန်းတွေကို ဘယ်သူက လိုင်စင်ရှိနေပြီး ဘယ်သူက ဘာလုပ်နေတယ် ဆိုတာကို သိတဲ့သူ မရှိဘူး။ နောက်ပြီး ဥပဒေအရ ကျောက်စိမ်းတွေမှာ တွင်းဝခွန်ဆိုတာ ရှိတယ်။ ဒါပေမဲ့ EITI အစီရင်ခံစာမှာ တွင်းဝခွန် မဖော်ပြနိုင်ခဲ့ဘူး။ ဒါက ဘာ့ကြောင့်လည်း ဆိုတော့ တွင်းဝခွန် မကောက်ဘဲ ထွက်သမျှကို အလွယ်တကူ မျက်စိမှိတ်ပြီး အလွယ်တကူ လွှတ်ပေးနေလား ဆိုတာ မေးချင်တယ်။ ကျွန်တော် ဖားကန့်ကို ရောက်လို့ တွင်းဝခွန်နဲ့ ပတ်သက်ပြီးေ မးတော့ အဲဒီလို ပေးရသလားလို့ ပြန်မေးတယ်။ တိုင်းပြည်အတွက် အခွန်ကောက်ဖို့ လုပ်နေတဲ့ အစိုးရက လက်တစ်ဆုပ်စာ လူတစ်စုအတွက် လုပ်နေတာလား။ ကျောက်မျက် ဥပဒေမှာ လိုင်စင်မဲ့ တူးဖော်ရင် ထောင် ၁၅ နှစ် အထိ ပြစ်ဒဏ်ပေးနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်ကုမ္ပဏီကိုမှ ထောင်သွင်း အကျဉ်းချတယ်လို့ မကြားဖူးခဲ့ဘူး” ဟု ဦးရဲသိန်းဦးက ဆိုသည်။ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော် ထုတ်လုပ်မှုတွေကို ပြည်သူ့အကျိုးပြု မူဝါဒများ၊ ဥပဒေများ မထွက်ပေါ်သေးသရွေ့ ရပ်ဆိုင်းထားဖို့နဲ့ ကုမ္ပဏီတွေရဲ့ စည်းကမ်းမဲ့ စွန့်ပစ်တဲ့ မြေစာပုံတွေကြောင့် ဒေသခံ ပြည်သူတွေ သေဆုံးနေရမှုတွေအတွက် တာဝန်ရှိတဲ့ ကုမ္ပဏီတွေကို ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ကချင်ပြည်နယ် အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်နယ် အသီးသီးက အရပ်ဘက် အဖွဲ့အစည်းတွေက ထုတ်ပြန် တောင်းဆိုပါတယ်။ တောင်းဆိုချက်မှာဆို အချက် ခြောက်ချက်နဲ့ တောင်းဆိုခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲမှာ သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အများပြည်သူ အကျိုးအတွက် အလေးပေး ထည့်သွင်း ဆွေးနွေးသွားကြဖို့၊ ကောင်းမွန်သော (သို့မဟုတ်) ပြည်သူ့အကျိုးပြု သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒများ၊ ဥပဒေများ၊ ယန္တရားများ၊ လုပ်ထုံးလုပ်နည်းများ အမြန်ဆုံး ထွက်ပေါ်လာအောင် ဆောင်ရွက်ပေးဖို့နဲ့ အဆိုပါ မူဝါဒများ၊ ဥပဒေများ၊ ယန္တရားများ၊ လုပ်ထုံးလုပ်နည်းများ မထွက်သေးသရွေ့ ကျောက်စိမ်းတူးဖော်မှု စီမံကိန်းများအား ရပ်ဆိုင်းထားရန်နှင့် ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများမှ ဥပဒေမဲ့စွာ စည်းမဲ့ကမ်းမဲ့ မြေစာများ စွန့်ပစ်၍ မြေစာပုံ ပြိုကျပြီး ဖြစ်ပေါ်လာသော လူပေါင်းများစွာ အကြိမ်ကြိမ် သေဆုံးမှုများအတွက် ကျူးလွန်သည့် ကုမ္ပဏီများအား ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူပေးသွားဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြေစာသယ်တဲ့ စက်ယန္တရားကားကြီးများ၊ လုပ်ငန်းသုံး မော်တော်ယာဉ်များက အများပြည်သူပိုင် လမ်းမများတွင် စည်းကမ်းမဲ့စွာ မောင်းနှင်မှုများကြောင့် ဒေသနေ ပြည်သူများအား မကြာခဏ တိုက်မိပြီး လူသေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိမှုများအပေါ် သက်ဆိုင်သည့် ကုမ္ပဏီများမှ တာဝန်ခံယူမှု ရှိစေရန်နှင့် သက်ဆိုင်ရာ အစိုးရ ဌာနများမှ တာဝန်ရှိသည့် ကုမ္ပဏီများကို ထိထိရောက်ရောက် အရေးယူကိုင်တွယ် ဖြေရှင်းရန်၊ ကုမ္ပဏီများမှ ဥပဒေချိုးဖောက် စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ တူးဖော် ထုတ်နေမှုများကြောင့် ဒေသရှိ မြစ်ချောင်းများ၊ သဘာဝ အရင်းအမြစ်များ၊ မြေသယံဇာတ ရေသယံဇာတ ပျက်စီးဆုံးရှုံးခံနေရပြီး နှစ်စဉ် ဆိုးရွားစွာ ရေလွှမ်းမိုးမှုများကြောင့် ဒေသနေ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးပျက်စီးခြင်း အပါအ၀င် အခြားသော ရေခမ်းခြောက်မှု၊ သစ်တောပြုန်းတီးမှုများ စသည့် သဘာဝ ဘေးအန္တရာယ်များလည်း ကြုံတွေ့ ခံစားနေရသည့် အတွက်ကြောင့် အစိုးရ အနေဖြင့် သက်ဆိုင်သည့် ကုမ္ပဏီ အားလုံးအား တာဝန်ခံယူမှု ရှိစေလျက် သဘာဝပတ်ဝန်းကျင်အား နဂိုမူလ အနေအထား ပြန်လည် ရရှိအောင် စီမံ ဆောင်ရွက်ပေးရန်နှင့် ထိုကဲ့သို့ ချိုးဖောက်နေမှုများ အပေါ်တွင်လည်း ထိထိရောက်ရောက် အရေးယူ ကိုင်တွယ် ဖြေရှင်းပေးရန် တောင်းဆိုပါတယ်။ ဒါ့အပြင် ဘက်ပေါင်းစုံက လွတ်လပ်သော၊ ပညာရှင်များနှင့် ဒေသခံပြည်သူများ ပါဝင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းပြီး ဒေသခံ ပြည်သူများ၊ နိုင်ငံတော် ဆုံးရှုံးနစ်နာမှုများကို စုံစမ်းစစ်ဆေး၍ တရားမျှတမှုကို ဆောင်ကြဉ်းပေးရန်နှင့် အထက်ပါ တောင်းဆိုချက်များကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လေးလေးနက်နက် တိုက်တွန်းကြောင်း တောင်းဆိုခဲ့ပါတယ်။ “NLD အစိုးရသစ်ကို ပြောချင်တာက ဖားကန့်ဒေသမှာ ရှိတဲ့ ကုမ္ပဏီတွေ အားလုံးကို ရပ်ဆိုင်းတဲ့ အထိ ပိတ်ပင်ပေးပါလို့ ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်တို့ ဖားကန့်ဒေသဟာ အင်မတန်မှ ထိလွယ် ရှလွယ်လို့ပါ။ ကျောက်မျက်ဥပဒေ ရှိပေမယ့် ဘယ်သူမှ မလိုက်နာပါဘူး။ တစ်လကို ထုတ်နေတဲ့ ကျောက်စိမ်းဟာလည်း တစ်လကို တန်ချိန် ၂၀၀၀ ကျော်လောက် ရှိနေပြီး လမ်းခင်းကျောက် ထုတ်သလိုကို ထုတ်နေတယ်။ ဒီလို တူးဖော် ထုတ်လုပ်နေပေမယ့် ဖားကန့် ဒေသခံတွေက ကျောက်စိမ်းသယ်ခွင့် မရှိဘူး။ ကျွန်တော်တို့ ဒေသခံတွေက ကျောက်စိမ်းသယ်ခွင့်တောင် မရှိပေမယ့် ကုမ္ပဏီတွေကျတော့ ကားနဲ့တောင် ကျောက်စိမ်း သယ်နေကြတယ်။ ဒီလို သယ်နေပေမယ့် အစိုးရဆီမှာ ကျောက်စိမ်းဘယ်လောက် ထုတ်နေတယ်ဆိုတာ အစိုးရက အတိအကျ စာရင်း မထုတ်ပြန်နိုင်ဘူး။ ဒါပေမဲ့ Global Witness အစီရင်ခံစာမှာ ဆိုရင် ကျောက်စိမ်း ခိုးထုတ်နေမှုတွေ ဖော်ပြထားတယ်။ ကျွန်တော့် အနေနဲ့ အစိုးရသစ်ကို တောင်းဆိုချင်ပါတယ်။ ကျောက်စိမ်း တူးဖော်မှုနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးပါ။ ကုမ္ပဏီတွေကို စစ်ဆေးပေးဖို့ပါ။ အခု ကျွန်တော်တို့မှာ လွန်ခဲ့တဲ့ လတုန်းက ကားတွေ လာစစ်ဆေးပါတယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ဒါ့ကြာင့်မို့ NLD အစိုးရသစ် အနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းပေးဖို့ လိုပါတယ်။ အဲဒီမှာ ဒေသခံတွေလည်း ပါရပါမယ်။ တကယ်လို့သာ ဥပဒေအတိုင်း မလိုက်နာတဲ့ ကုမ္ပဏီတွေကို အစိုးရသစ် အနေနဲ့ စုံစမ်းစစ်ဆေးဖို့ မလုပ်ဘူး ဆိုရင် ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးသွားမှာ ဖြစ်ပါတယ်” လို့ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ဦးလမောင်လတောင်က ဆိုပါတယ်။ ဖားကန့် ပြည်သူတွေရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အစိုးရသစ် အနေနဲ့ လိုက်လျောပေးဖို့ အမြန်ဆုံး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလွန်အကျွံ ထုတ်နေတဲ့ ကျောက်စိမ်း ထုတ်လုပ်မှုကို ထိန်းချုပ်လိုက်ခြင်းအားဖြင့် မြန်မာ့ကျောက်စိမ်းဟာ ဈေးကောင်းရလာနိုင်တဲ့ အခြေအနေ ဖြစ်လာ မယ့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို တားဆီးနိုင်မယ်လို့ ဒေါက်တာဇော်ဦးက ဆိုပါတယ်။ ဒီလို မြန်မာပြည်သူတွေအ တွက် အကျိုးလုံးဝမရှိတဲ့အပြင် တိုင်းပြည်ရဲ့ ဂျီဒီပီမှာလည်း  ကျောက်စိမ်း၊ ပတ္တမြား အပါအ၀င် ကျောက်မျက်အားလုံးရဲ့ ရောင်းချမှုက တစ်ရာခိုင်နှုန်းတောင် မပြည့်ပေမယ့် တိုင်းပြည်ရဲ့ ထိခိုက်နစ်နာမှုက ဆိုးရွားလွန်းနေတာကြောင့် ကျောက်စိမ်း၊ ပတ္တမြား စတဲ့ ကျောက်မျက်တူးဖော်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းသင့်တယ်လို့ ဦးရဲသိန်းဦးက အကြံပြုပါတယ်။     “၂၀၁၄ တစ်နှစ်တည်း ထုတ်ခဲ့တဲ့ ကျောက်စိမ်းက ဒေါ်လာ ၃၁ ဘီလျံဆိုတဲ့ ပမာဏကို ပြန်တွက်ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံသား အားလုံး အလုပ်မလုပ်ဘဲ ရှစ်နှစ်လုံးလုံး ထိုင်စားလို့ ရတယ်။ သယံဇာတ ၀င်ငွေ အကုန်လုံးကို အကျင့်ပျက် ခြစားမှုနဲ့ သုံးစွဲသွားတယ်။ မြန်မာနိုင်ငံသားတွေက ဘာမှ အကျိုးခံစားခွင့် မရှိဘူး။ ဒါပေမဲ့ တချို့သော  ကုမ္ပဏီတွေနဲ့ တချို့သော အစိုးရ အဖွဲ့ဝင်တွေက အကျိုးခံစားခွင့် ရှိသွားတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက အကျိုးခံစားခွင့် ရှိနေတယ်” လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောပါတယ်။
Writer: 
ဖြိုးဝေ

Reply all
Reply to author
Forward
0 new messages