ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း

1 view
Skip to first unread message

kyaw thu aung

unread,
Mar 10, 2016, 1:40:28 AM3/10/16
to reading club for civil society
ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း
Published on Thu, 03/10/2016 - 05:12

“ဟန်ပြတရားစီရင်ရေးစနစ်နဲ့ ဟန်ပြတရားစီရင်မှုကို မလိုလားဘူး” ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် အရေးဆိုခဲ့သော ဒီမိုကရေစီ ပညာရေးပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမြို့၌ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရခြင်းမှာ ၂၀၁၆ ခုနှစ် မတ် ၁၀ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ အကြမ်းဖက်နှိမ်နင်း ခံခဲ့ရခြင်းနှင့်အတူ ပင်မသပိတ်စစ်ကြောင်း၌ ပါဝင်ခဲ့သော ကျောင်းသားများကို သာယာဝတီထောင်သို့ ပို့ဆောင်ထိန်းသိမ်းပြီး ထောင်ဒဏ် ကိုးနှစ်ကျော် ကျခံရနိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုခဲ့သည်မှာလည်း တစ်နှစ်ပြည့်ပြီ ဖြစ်သည်။ ထိုမျှပင်မကသေးဘဲ အရေးဆိုမှုတွင် ပါဝင်ခဲ့သော ကျောင်းသားခေါင်းဆောင်များကိုလည်း လွန်ခဲ့သည့် နှစ်နှစ်ကျော်က ကိစ္စများဖြင့် ပုဒ်မထပ်တိုး တရားစွဲဆိုမှုများကို အရှိန်မြှင့် ပြုလုပ်လျက်ရှိနေပါသည်။ ထို့ကြောင့် လက်ပံတန်း အကြမ်းဖက်ဖြိုခွင်းခံရမှု (၁၀း၁၀) တစ်နှစ်ပြည့် လက်ရှိဖြစ်ပျက်နေသော အခြေအနေများနှင့် စပ်လျဉ်းပြီး ဗကသများအဖွဲ့ချုပ်မှ ဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များအား သာယာဝတီတရားရုံး၌ ရုံးထုတ်စဉ် မတ် ၈ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ပါသည်။ မေး - ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အရေးဆိုခဲ့တဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံခဲ့ရတာ တစ်နှစ်ပြည့်ပြီ။ ဒီအပေါ်မှာ ဘယ်လို ခြုံငုံသုံးသပ်လဲ။ ကိုကျော်ကိုကို - တစ်နှစ်ပြည့်သွားတဲ့ အချိန်ထိ ကျွန်တော်တို့ ထောင်ထဲမှာ ရှိနေတုန်းပဲ။ တရားရုံးတွေမှာ ဆက်ပြီး ရင်ဆိုင်နေရတုန်းပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က အမှုအခင်းတွေကို ဆက်တိုက်ပြန်ပြီး တရားခွင်တွေကို ထွက်နေရတုန်းပဲ။ ဒီကိစ္စက မဖြစ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ တစ်နှစ် ဖမ်းဆီးခံရတဲ့ ပုံသဏ္ဌာန်ကိုက  ပုံစံမကျတာ။ ရိုက်နှက်ပြီး ဖမ်းဆီးခံရတာ ဖြစ်တယ်။ ဦးတည်နေတဲ့ သပိတ်စစ်ကြောင်းရဲ့ တောင်းဆိုချက်က ရှင်းတယ်။ ပညာရေးပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ ဖမ်းဆီးခံရတဲ့အချိန်မှာ လက်နက်မဲ့တဲ့ ကျောင်းသားတွေကို မတရားသောနည်းနဲ့ အကြမ်းဖက် ရိုက်နှက်တာဖြစ်တယ်။ ကျွန်တော်တို့ဘက်က တစ်ဖက်သတ်ခံရတာဖြစ်ပြီး ကျွန်တော်တို့ကပဲ ပြန်တရားစွဲခံရတယ်။ ကျွန်တော်တို့အပေါ်မှာ တရားစွဲခဲ့တဲ့သူတွေကို ကျွန်တော်တို့ ပြန်တရားစွဲခွင့် မရှိဘူး။ ဒါကြောင့်မို့ ဒါက မတရားမှုကျူးလွန်ခံရတာ တစ်နှစ်ပြည့်ပြီလို့ ပြောလို့ရတယ်။ မတရားမှုအတွက် ကျွန်တော်တို့ လွတ်မြောက်ဖို့ အစိုးရအနေနဲ့ လေသံတောင် မဟသေးဘူး။ နောက်တက်မယ့် အစိုးရလွှဲပြောင်းပေးဖို့ အစီအစဉ်တွေကိုပဲ သူတို့က စီစဉ်နေတယ်။ ဒါကြောင့် ဒီပြဿနာဟာ သူတို့ ရှုပ်သွားတဲ့ကိစ္စဖြစ်လို့ သူတို့ကိုယ်တိုင် ရှင်းဖို့လိုတယ်။ ကြိုးဖြည်တဲ့နေရာမှာ ကြိုးချည်တဲ့သူက အဓိကပါပဲ။ ဒီကိစ္စကို အမြန်ဆုံးဖြေရှင်းပေးသင့်တယ်လို့ ယူဆတယ်။

ကိုကျော်ကိုကို မေး- ကိုအောင်မှိုင်းဆန်းကရော ဒီအပေါ်မှာ ဘာပြောချင်ပါလဲ။ ကိုအောင်မှိုင်းဆန်း- ကျွန်တော်တို့ တစ်နှစ်ပြည့်လာတဲ့ ကာလမှာ ဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ ပတ်သက်ပြီး နစ်နာမှုတွေ ရှိသလို နောက်တစ်ချက်က ကျွန်တော်တို့ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီပညာရေးနဲ့ ပတ်သက်တဲ့အပိုင်းတွေ ဖြည့်ပြီးပြောချင်တယ်။ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တောင်းဆိုခဲ့တဲ့ တောင်းဆိုချက် ၁၁ ချက်ကို သူတို့လက်ရှိ အစိုးရက လိုက်လျောပါ့မယ်ဆိုပြီး တစ်ဖက်က ပြောပေမယ့် တစ်ဖက်မှာကျ တကယ်တမ်း ပညာရေးဥပဒေပြင်ဆင်ဖို့ ရေးဆွဲတဲ့အခါ၊ လွှတ်တော်ကတစ်ဆင့် ဖြတ်တဲ့အခါကျမှ ကျွန်တော်တို့တောင်းဆိုတဲ့ အချက်တွေအားလုံး အပယ်ခံထားရတယ်။ တစ်ချက်မှ မရခဲ့ဘူး။ ဒါကြောင့် ဒါကို ဆက်ပြီးဖော်ဆောင်ဖို့ လိုတယ်။ လက်ရှိအစိုးရတင် မဟုတ်ဘဲနဲ့ နောက်တက်လာမယ့် အစိုးရမှာလည်း ဒီမိုကရေစီပညာရေးနဲ့ ပတ်သက်ပြီး တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်။


ကိုအောင်မှိုင်းဆန်း မေး- လက်ရှိအချိန်မှာ ကျောင်းသားတွေဘက်က စိုးရိမ်တာရှိတယ်။ စိုးရိမ်မှုအတွက် ပြင်ဆင်တာတွေလည်း ရှိနေတယ်။ မဖြိုးဖြိုးအောင်ကရော ဘာများပြောချင်ပါလဲ။ မဖြိုးဖြိုးအောင် - လက်ရှိအနေအထားပေါ် မူတည်ပြီးတော့ ခုနက ကိုအောင်မှိုင်းဆန်း ပြောသွားသလိုပါပဲ။ လေးပွင့်ဆိုင်ကတိက၀တ် ရှိပါတယ်။ ကျွန်မတို့ တောင်းဆိုတဲ့အချက် ၁၁ ချက်ပေါ်တင်မကဘူး။ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ အချက်ကိုးချက်ကို သဘောတူထားတယ်။ အဲဒီ အချက်ကိုးချက်ကလည်း မဖြစ်မနေ အစိုးရသစ်အနေနဲ့ရော လက်ရှိအစိုးရကတော့ တာဝန်ခံထားပြီး ဖြစ်တယ်ဆိုတော့ အစိုးရသစ်ကလည်း ဆက်စပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ လေးပွင့်ဆိုင် ကတိက၀တ်တွေ အားလုံးကို ပြန်လည်ပြီးတော့ ဖြည့်ဆည်းပေးဖို့ မဖြစ်မနေ လိုအပ်တယ်လို့ ပြောချင်တယ်။ လေးပွင့်ဆိုင် ကတိက၀တ်တွေ ချိုးဖောက်ခံရမှုတွေကတော့ လက်ရှိအခြေအနေမှာ တောက်လျှောက် တွေ့နေရတာပေါ့။ တရားစွဲဆို ခံထားရရုံတင်မကဘူး ကျွန်မတို့ တောင်းဆိုမှုတွေမှာ သဘောတူညီမှုရထားတဲ့ အချက် ခုနကပြောသလို ပညာရေးနဲ့ ဆက်စပ်တဲ့ ဥပဒေတွေ ရေးဆွဲတဲ့နေရာမှာ ဆရာကိုယ်စားလှယ်၊ ကျောင်းသားကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပေးဖို့ ပထမဆုံး သဘောတူညီထားတဲ့ အချက်ကိုတောင်မှ ချိုးဖောက်မှုခံနေရတာတွေ ကျောင်းအသီးသီးမှာ တွေ့နေရတယ်။ ဒီအချက်တွေက မဖြစ်မနေ လိုအပ်တယ်လို့ ကျွန်မထပ်ပြီး ပြောချင်ပါတယ်။ လေးပွင့်ဆိုင် ကတိက၀တ် ဖြည့်ဆည်းပေးရေးဆိုတာက ကျွန်မတို့အားလုံးနဲ့ ဆက်နေတယ်။ လက်ရှိ တရားရင်ဆိုင်နေရတဲ့ အမှုတွေနဲ့ ဆက်စပ်နေသလိုပဲ ဒီမိုကရေစီပညာရေးနဲ့လည်း ဆက်စပ်နေပါတယ်။


မဖြိုးဖြိုးအောင် မေး- ကတိက၀တ် ချိုးဖောက်မှုခံရမှုတွေထဲမှာ အဆိုးဆုံးက မူလတရားစွဲဆိုတဲ့ အမှုတွေအပြင် အမှုတွေ ထပ်တိုးပြီး တရားစွဲတာတွေ ပါနေတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသီဟ၀င်းတင်က ဘာပြောချင်ပါလဲ။ ကိုသီဟ၀င်းတင် - ကျွန်တော်တို့  အစောကြီးကတည်းက သုံးသပ်ထားတယ်။ ဒီတရားစီရင်ရေးဟာ အစောကြီးကတည်းက ယုံကြည်မှု မရှိဘူး။ ဒီတရားစီရင်ရေးက ပျက်စီးယိုယွင်းနေတယ်ဆိုတာ အစောကြီးကတည်းက လက်ခံထားပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ ထွက်လာတဲ့ အနေအထား (သပိတ်စစ်ကြောင်းချီတက်မှု) မှာ ပထမတစ်ချက် ဒီမိုကရေစီပညာရေးဆိုတဲ့ ဥစ္စာကို ပြောပြဖို့ တစ်ချက်ရယ်၊ နောက်တစ်ချက်က  အစိုးရရဲ့ မတရားမှုတွေ အကုန်လုံးကို ပြည်သူရှေ့မှာ ဖွင့်ချဖို့ တစ်ချက်ရယ်။ ဒီရည်ရွယ်ချက်နှစ်ခုနဲ့သာ ကျွန်တော်တို့ ထွက်လာတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အကုန်ပြန်ပြီးတော့ သုံးသပ်လိုက်တဲ့အချိန်မှာ ဒီမိုကရေစီပညာရေးကို ဘာကြောင့် မရဘူးလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီမရှိဘူးဆိုတာ မြင်ရတယ်ဗျ။ ကျွန်တော်တို့ ကျောင်းသားတင်ပဲလားဆိုတော့ ကျောင်းသားတွေတင် မကဘူး။ အလုပ်သမား၊ လယ်သမား အားလုံးလည်း ဖိနှိပ်ခံနေရတယ်။ ဒါတွေအကုန်လုံးက ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်လို့ မြင်တယ်ဗျ။


ကိုသီဟဝင်းတင် မေး- လက်ရှိအခြေအနေမှာ ကျောင်းသားအရေးနဲ့ ပတ်သက်ပြီး နှစ်ချက်တွေ့ရတယ်။ ပထမတစ်ချက်က အစိုးရဘက်က ကတိက၀တ် ချိုးဖောက်မှု၊ ဒုတိယက တရားစီရင်ရေးစနစ်။  ဒီအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းက တတိယအချက်ဖြစ်လာပြီး ကျောင်းသားတွေကို ရိုက်ခတ်နေတယ်လို့ ပြောကြပါတယ်။ ကိုနန္ဒစစ်အောင် ဘယ်လိုပြောချင်ပါလဲ။ ကိုနန္ဒစစ်အောင်- ကျွန်တော်တို့ကို အကြမ်းဖက် ဖမ်းဆီးစဉ်ကတည်းက ရည်ရွယ်ချက်ရှိရှိနဲ့ လွှတ်တော်ဆွေးနွေးပွဲတွေ ဆက်ပါဝင်လို့ မရအောင်၊ လေးပွင့်ဆိုင် ဆွေးနွေးပွဲ ပျက်ပြားအောင် ဖမ်းဆီးတယ်လို့ မြင်တာကိုး။ တားဆီးမှုတွေကို တိုက်ရိုက်လုပ်နေတာက ပြည်ထဲရေးဝန်ကြီးဌာနတို့၊ နယ်လုံဝန်ကြီးတို့က တိုက်ရိုက်လုပ်တာဆိုတော့ ဒီဟာသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားတဲ့သူတွေ ဖြစ်နေတယ်။ ပထမရှုထောင့်က အစဉ်အလာအတိုင်းပဲ ကျောင်းသားသမဂ္ဂတွေ ကျယ်ပြန့် လာမှာကို စိုးရိမ်တဲ့အတွက်  လေးပွင့်ဆိုင်ဆွေးနွေးပွဲကို တမင်အကြမ်းဖက်ပြီး ဖျက်သိမ်းလိုက်တယ်လို့ မြင်တယ်။ ဒုတိယရှုထောင့်က တရားဥပဒေရေး။ တရားစွဲတဲ့အခါမှာ Failed Law ဖြစ်နေတဲ့ ဥပဒေပုဒ်မတွေပေါ့ဗျာ။ မတရားတဲ့ ဥပဒေတွေ၊ ဖိနှိပ်တဲ့ ဥပဒေတွေနဲ့ ရည်ရွယ်ချက်ရှိရှိ တရားစွဲတယ်ဗျာ။ စွဲပြီးတဲ့အခါ တရားစီရင်ရေးမဏ္ဍိုင်ကရော တကယ် အကာအကွယ်ရသလား။ မရကြဘူးဗျ။ ဘာကြောင့် မရဘူးလဲဆိုတော့ ကျွန်တော်တို့နိုင်ငံတကာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေတို့၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်တို့ သက်သေဗီဒီယို အထောက်အထားများစွာ၊ ကမ္ဘာသိဖြစ်နေတဲ့ အခြေအနေကြီးကနေပြီးတော့ အခုချိန်အထိ အကြမ်းဖက်သူတွေက တရားစွဲတဲ့အမှုတွေသာ တရားရုံးမှာ တိုးတိုးလာတယ်။ အကြမ်းဖက် ခံရသူတွေဘက်မှာ ဖိနှိပ်ခံရမှုတွေ ပိုများလာတယ်။ အကြမ်းဖက်သူတွေကို အခုချိန်ထိ တရားစွဲလို့လည်း မရသေးဘူး။ အကြမ်းဖက်သူတွေ တရားစွဲတဲ့အမှုတွေကိုသာ တရားရုံးက စစ်ဆေးပေးနေတယ်။ တရားခွင်မှာလည်း မျှော်လင့်ချက် မရှိဘူးပေါ့ဗျာ။ ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အခင်းအကျင်းတစ်ခု ထပ်ကြုံတယ်လို့ ကျွန်တော်တို့မြင်လာတယ်ဗျ။ ကျွန်တော်တို့ သမားရိုးကျစဉ်းစားရင် နောက်အစိုးရလက်ထက် ဒီအတိုင်း လွှဲပေးလိုက်လို့ရတယ်ဗျာ။ နောက်အစိုးရ ဆက်ရှင်းပေါ့ဗျာ။ ပြီးသွားလောက်တဲ့ ကိစ္စမျိုး။ ဒါပေမဲ့ တကယ့် လက်တွေ့ကျတော့ အဲဒီလိုမဟုတ်ဘူးဗျ။ ကျွန်တော်တို့ကို ပိုပြီး ပြင်းပြင်းထန်ထန် တရားစွဲဆိုမှုတွေ ပြုလုပ်လာတယ်။ နေ့တိုင်း ရုံးထုတ်တာတွေက အစ။ လူထုရှေ့မှာ ကျွန်တော်တို့ကို ပြင်းပြင်းထန်ထန် ဖိနှိပ်မှုတွေ လုပ်လာတယ်။ ဒါသည် အခင်းအကျင်းတစ်ခုကို ထပ်ပြောင်းတယ်လို့ ကျွန်တော်တို့က မြင်တယ်။ ဘာလို့လဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ မျှော်လင့်မထားပဲနဲ့ အပြတ်အသတ် အနိုင်ရရှိသွားတယ်။ အနိုင်ရရှိသွားတဲ့အခါကျ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် တခြားနိုင်ငံတွေလို မဏ္ဍိုင်သုံးခု အပြန်အလှန် ထိန်းညှိထားတဲ့ဥပဒေ မဟုတ်ဘူး။ စစ်ဘက် အရပ်ဘက် ထိန်းညှိဖို့ အာဏာရှင်ခံကတုတ်ဥပဒေ ဖြစ်နေတယ်။ ပြည်သူလူထု လိုလားတဲ့ အစိုးရတစ်ရပ် ဖြစ်လာချိန်မှာ တပ်မတော်ကလည်း ငါတို့မှာ အာဏာရှိတယ်။ ငါတို့မပါဘဲ ဘာအရာမှ ပြောင်းလို့မရဘူး။ ငါတို့ကို ညှိနှိုင်းဖို့ လိုအပ်တယ်။ ငါတို့ရဲ့ သဘောထားကို ကြည့်ဖို့လိုအပ်တယ်။ ငါတို့ရဲ့လုပ်ပိုင်ခွင့်တွေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လုပ်ပိုင်ခွင့်တွေ ဘာလဲဆိုတာ အခိုင်အမာပြဖို့ကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လုပ်ပိုင်ခွင့်မှာ ပြည်ထဲရေးဝန်ကြီးဌာနဟာ တပ်မတော်ရဲ့ အောက်မှာရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ကို လိုသလို ဖမ်းလို့ရတယ်။ ကြိုက်တဲ့သူကို အရေးယူလို့ရတယ်။ ဒါသည်ပင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်လာတယ်။ အဲဒါသည် ကျွန်တော်တို့ ကြုံနေရတဲ့ အကျပ်အတည်း နောက်တစ်ဆင့် မြင့်သွားပြီ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်း ဖြစ်သွားတယ်။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကြောင့် အခုချိန်မှာ ကျွန်တော်တို့က ပြန်ပေးဆွဲခံရတဲ့သူတွေလို ဖြစ်နေတယ်။ ကျွန်တော်တို့ကို ဖိထောင်းမယ်၊ ခြိမ်းခြောက်မယ်။ အဲဒီတော့ ငါတို့ကို ညှိ၊ မညှိရင် အဲဒီလူတွေကို အနိုင်ကျင့်လို့ရတယ်။ ကျန်တဲ့သူတွေကလည်း နောင်ကာလမှာ အာဏာရှင် အကျိုးစီးပွားနဲ့ ပတ်သက်ပြီး တစ်ချိန်မှာ အစိုးရသစ်နဲ့ အကျပ်အတည်းဖြစ်လာရင်လည်း ဒီလိုပဲ ဖမ်းချင်တဲ့သူ ဖမ်းနေဦးမှာပဲ။ အရေးယူချင်တဲ့သူ အရေးယူနေဦးမှာပဲ။ ဆက်လုပ်နေဦးမှာပဲ။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတကာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ဒီမိုကရက်တစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြောင်းလဲနိုင်ဘူးဆိုရင် အကျပ်အတည်းတွေပဲ ဖြစ်နေမယ်။ NLD က ကျွန်တော်တို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ရင်တောင် ပေးလို့မရဘူး။ လူထုကလည်းပြောမယ်။ လူထုဆန္ဒက ဒီကျောင်းသားတွေကို လွတ်စေချင်နေပြီ။ ဘာလို့ မလွှတ်တာလဲ ထင်လာမယ်။ NLD နဲ့ ကျွန်တော်တို့ အကျပ်အတည်းကြုံလာမယ်။ အဲဒီတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှသာလျှင်၊ ဒီမိုကရက်တစ် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကူးပြောင်းနိုင်မှသာလျှင် ပြေလည်မယ်လို့ မြင်ပါတယ်။


ကိုနန္ဒစစ်အောင် မေး- မတ်လကုန်ရင် NLD ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် ပေါ်လာပြီ။ အစိုးရသစ် ပေါ်လာရင် အခုအခြေအနေက အပြောင်းလဲဖြစ်လာနိုင်မလား။ ကိုမိုးထက်နေ ဘယ်လိုမြင်ပါသလဲ။ ကိုမိုးထက်နေ- ခုနတုန်းက ပြောကြသလိုပါပဲ။ အဓိက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာရှိနေသလဲဆိုတော့ ပြည်ထဲရေးဝန်ကြီးဌာနရယ်၊ ကာကွယ်ရေးဝန်ကြီးဌာနရယ်၊ နယ်စပ်ဝန်ကြီးဌာနရယ်ကို တပ်မတော်က တိုက်ရိုက် ကိုင်တွယ်နိုင်တဲ့ အနေအထားမှာရှိတဲ့ ၀န်ကြီးဌာနတွေဖြစ်တယ်လို့ ကျွန်တော်နားလည်တယ်။ အစိုးရပြောင်းလဲသွားတာ ကျန်တဲ့ ၀န်ကြီးဌာနတွေပဲ ပြောင်းလဲပြီးတော့ အဲဒီဝန်ကြီးဌာန သုံးခုကို မပြောင်းလဲနိုင်ဘူးပေါ့နော်။ ကျွန်တော်တို့ အခြေခံဥပဒေမှာပါတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ကလည်း တရားစီရင်ရေးမဏ္ဍိုင်ဆိုတာ ပိုပြီး ခိုင်ခိုင်မာမာရှိဖို့ လိုတယ်။ ဒါမှသာ ဖွဲ့စည်းပုံရဲ့ အလွဲအမှားတွေ၊ Civil Case တွေမှာ သူတို့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မယ်။ လက်ရှိအနေအထားက တရားရုံးကိုယ်၌က ကျွန်တော်တို့အတွက် အင်မတန် စိတ်ပျက်စရာကောင်းတယ်။ NLD အတွက်လည်း အရမ်းကို စိန်ခေါ်မှုကြီးတယ်လို့ မြင်ပါတယ်။ သိပ်လည်း အများကြီးတော့ မျှော်လင့်မထားဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရသာ ပြောင်းသွားတာဖြစ်တယ်။ ခုနပြောတဲ့ ၀န်ကြီးဌာနတွေက တပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဆက်ရှိနေဦးမှာလို့ ကျွန်တော်တို့ နားလည်တယ်။


ကိုမိုးထက်နေ မေး- အစိုးရသစ် အပြောင်းအလဲနဲ့ ပတ်သက်ပြီး မဟန်နီဦးက ဘာများမျှော်လင့်ထားသလဲ။ မဟန်နီဦး - ကျွန်မမြင်တာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်ပြင်ဆင်နိုင်ဖို့ လိုတယ်။ နောက်တစ်ခုက လေးပွင့်ဆိုင် ကတိက၀တ်တွေကို လိုက်နာပေးဖို့ အစိုးရသစ်မှာလည်း တာဝန်ရှိတယ်လို့ မြင်တယ်။ အခု ကျွန်မတို့က တရားစီရင်ရေးစနစ်ကို သပိတ်မှောက်တာပေါ့နော်။ တရားစီရင်ရေးစနစ်က ဟန်ဆောင်ပြီးတော့သာ ပြုလုပ်နေရတဲ့ဟာတွေလည်း ရှိတယ်။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်တွေ အပြည့်အ၀မရှိတဲ့အတွက်ကြောင့် ဒီတရားစီရင်ရေးစနစ်ကို ကျွန်မတို့က ရှုတ်ချတယ်။ ကန့်ကွက်တယ်။


မဟန်နီဦး မေး- မဖြိုးဖြိုးအောင်က မတ် ၇ ရက်မှာ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး သပိတ်မှောက်တဲ့ လှုပ်ရှားမှုကို စလုပ်ခဲ့တယ်။ ဘာကြောင့် ဒါကို လုပ်ခဲ့သလဲ။ မဖြိုးဖြိုးအောင် - ကျွန်မတို့ အခုလောလောဆယ် လုပ်တဲ့ကိစ္စကတော့ ကျွန်မတို့ကို တရားစွဲဆိုထားတဲ့ ပုဒ်မတွေက မတရားတဲ့ ပုဒ်မတွေ၊ ပုဒ်မ ၁၈ ဆိုတာက ဘယ်လိုမှ လက်မခံနိုင်တဲ့ ပုဒ်မ၊ အဲဒီလို ဘယ်လိုမှ လက်မခံနိုင်တဲ့ ပုဒ်မအပေါ်မှာမှ တစ်ခါထပ်ပြီးတော့ ကျွန်မတို့ကို ပုဒ်မ ၁၈ မမြောက်ဘဲနဲ့  စွဲထားတဲ့ ပုဒ်မတွေ ရှိပါတယ်။ တချို့ဖြစ်စဉ်တွေမှာ ကျွန်မတို့အနေနဲ့ တာဝန်ခံပြီး လုပ်တာမဟုတ်ဘူး။ ကျွန်မတို့ ဦးဆောင်တာ မဟုတ်ပေမယ့် ကျွန်မတို့ကို ဦးဆောင်သူအဖြစ် တရားစွဲဆိုထားတဲ့ အနေအထားတွေကို လက်မခံနိုင်ဘူး။ လက်ရှိ တရားစွဲဆိုခံထားရတဲ့အထဲမှာမှ ကျွန်မတို့ ဦးမဆောင်၊ ကျွန်မတို့ တာဝန်မခံဘဲ ကျွန်မတို့ကို စွဲဆိုထားတဲ့ အမှုတွေကို လက်ခံထားတဲ့ တရားရုံးပေါ့နော်။ ဟိုနေ့က ကျွန်မပြောပါတယ်။ ရှစ်ရုံး ရှိပါတယ်။ အဲဒီရှစ်ရုံးကို ကျွန်မတို့ တရားရုံး လျစ်လျူရှုတာပါ။ တကယ်တမ်းပြောရရင်တော့ တရားရုံးထဲမှာ ကျွန်မတို့ ၀င်ရောက်စွက်ဖက်ခြင်း မရှိပါဘူး။ တရားရုံးထဲမှာ တစ်စုံတစ်ရာပြောဆိုမှာ မဟုတ်ပါဘူး။ ပြန်လည်ချေပမှာ မဟုတ်ပါဘူး။ လျှောက်လဲချက် ပေးနေမှာ မဟုတ်ပါဘူး။ အရင်တုန်းကဆိုလို့ရှိရင် စစ်ခုံရုံးမှာ ကျွန်မတို့ကို ချေပခွင့်မရှိဘဲနဲ့ ပြစ်ဒဏ်တွေ ပေးလိုက်ကြတာပါ။ အခုမှသာ ကျွန်မတို့ကို ဟန်ပြတရားစီရင်ရေးစနစ်ကို အပြပေးထားတာ။ အဲဒီ ဟန်ပြ တရားစီရင်ရေးစနစ်နဲ့ ဟန်ပြတရားစီရင်မှုကို မလိုလားဘူး။ ကျွန်မတို့က ၀င်ရောက်ပူးပေါင်း ပါဝင်ပတ်သက်မှာ မဟုတ်ပါဘူး။ တရားခွင်မှာ တရားသူကြီးတွေအနေနဲ့ ကြိုက်ရာစစ်လို့ရတယ်။ ကြိုက်ရာပုဒ်မနဲ့ ပြစ်ဒဏ်ချလို့ရတယ်ဆိုတဲ့ အနေအထားတစ်ရပ်ကို ပြလိုက်တာပါ။ မေး- လက်ရှိအနေအထားမှာ လေးပွင့်ဆိုင် ကတိက၀တ်လည်း ချိုးဖောက်ခံရတယ်။  ကျောင်းသားတွေရဲ့ တောင်းဆိုချက်လည်း မရသေးဘူး။ ဒီအချိန်မှာ ဘယ်လိုဆက်သွားမလဲ။ ပြောင်းလဲမှုတွေ လုပ်မလား။  ဥပမာ ကိုကျော်ကိုကို မရှိချိန်မှာ ကိုမင်းသွေးသစ်က ဗကသအလံကို ဆက်ကိုင်ခဲ့တဲ့ အစဉ်အလာရှိဖူးတယ်။ အဲဒီအတိုင်း အခု တစ်နှစ်ပြည့်ပြီးချိန်မှာ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်လို့ ပြောထားတယ်။ ဘာရည်ရွယ်ချက်နဲ့ ဒါကိုလုပ်ပါသလဲ။ ကိုမင်းသွေးသစ် - တစ်နှစ်ပြည့်မှာ လှုပ်ရှားမှုဆက်လုပ်မယ်ဆိုတာ နှစ်ချက်အပေါ်မှာ မူတည်တယ်။ ပထမတစ်ချက်က ကျွန်တော်တို့ မူလတောင်းဆိုထားတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုအလံကို ကျွန်တော်တို့ ဆက်ပြီး ကိုင်ထားတယ်ဆိုတာ အာဏာပိုင်တွေ သိစေချင်တယ်။ ဒုတိယတစ်ချက်က ကျွန်တော်တို့ ဒီတစ်နှစ်တာ ကာလအတွင်းမှာ ဖိနှိပ်ထားတဲ့ တရားရုံးလုပ်ငန်းစဉ်တွေပေါ့။ ဒီဖိနှိပ်မှုတွေကိုလည်း ကျွန်တော်တို့က ဆက်ပြီး တုံ့ပြန်သွားမယ်။ ကျွန်တော်တို့ စိတ်ဓာတ်တွေက ပညာရေးပြု ပြင်ပြောင်းလဲမှု တိုက်ပွဲစကတည်းက အခုအချိန်ထိကို တစ်သမတ်တည်းသော စိတ်ဓာတ်နဲ့ လုပ်နေတယ်၊ ဆက်ပြီးလည်း ရှိနေမယ်။ ဦးကျိုးသွားတာ မဟုတ်ဘူးလို့ သိစေချင်တဲ့အတွက် ဒီလှုပ်ရှားမှုလုပ်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီကိစ္စနှစ်ချက်လုံးကို လက်ရှိအာဏာပိုင်တွေ သိစေချင်တယ်။ သိစေချင်တဲ့အတွက် ဒီကာလတစ်လျှောက်လုံးမှာလည်း တရားရုံး လုပ်ငန်းစဉ်တွေမှာလည်း ကျွန်တော်တို့ ခေါင်းငုံ့ခံတာ မရှိဘူး။ အဲဒီဟာကိုလည်း ပြည်သူတွေ သိစေချင်တယ်။ ကျောင်းသားတွေ သိစေချင်တယ်။ နောက်အစိုးရလည်း သိစေချင်တယ်။

ကိုမင်းသွေးသစ် မေး- ကျောင်းသားအရေးနဲ့ ပတ်သက်ပြီး အများဆုံးဝေဖန်ခံရတာက ကိုအောင်မှိုင်းဆန်းတို့၊ ကိုကျော်ကိုကို တို့ဖြစ်နေတယ်။ ကျောင်းသား မဟုတ်ဘူးဆိုပြီး။ နောက်တစ်ခု ဘာဆက်ရှိလဲဆိုတော့ ကျောင်းသားတွေကို ကွန်မြူနစ်နဲ့နှိုင်းပြီးတော့ ပုံဖျက်ပြောဆိုကြတာရှိတယ်။ ဒီလို ဝေဖန်တာတွေကို ကိုအောင်မှိုင်းဆန်း ဘာပြောချင်ပါလဲ။ ကိုအောင်မှိုင်းဆန်း - ပထမတစ်ချက်က  ကွန်မြူနစ်တို့ ဘာတို့နဲ့ ပုံဖျက်တဲ့ ကိစ္စတွေအပေါ်မှာကတော့ ရှင်းရှင်းလင်းလင်း နားလည်စေချင်တာက ကျွန်တော်တို့ ဗကသ လုပ်လာတဲ့ တစ်လျှောက်လုံးမှာ ဘယ်သူရဲ့ဆွဲဆောင်မှု၊ ဘယ်ပါတီရဲ့ လက်အောက်ခံမှလည်း မဟုတ်ဘူး။ ကျွန်တော်တို့ ဆုံးဖြတ်တဲ့အတိုင်း လုပ်ခဲ့ကြတာလည်း မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ လက်တွဲလုပ်တဲ့ အောက်ခြေကျောင်းသားတွေရဲ့ ဆုံးဖြတ်ချက်နဲ့ သူတို့ကိုယ်စား ကျွန်တော်တို့က အကောင်အထည်ဖော်ပေးရတဲ့အဆင့်ပဲ ရှိတယ်။ ကျွန်တော်တို့ လုပ်ချင်တိုင်းတောင် လုပ်လို့မရခဲ့ပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဗကသမှာ ယုံကြည်ချက်မျိုးစုံ ရှိတယ်။ သူတို့ကြိုက်တဲ့ပါတီ ယုံကြည်ခွင့်ရှိတယ်။ သူတို့ ကြိုက်တဲ့ဝါဒ ကိုင်စွဲခွင့်ရှိတယ်။ အဲဒါက ခေတ်အဆက်ဆက် သမိုင်းမှာလည်း အဲဒီအတိုင်းရှိခဲ့တယ်။ ရှေ့ဆက်လည်း အဲဒါရှိနေဦးမယ်။ ဒါက ကျွန်တော်တို့ ငြင်းပယ်လို့မရဘူး။ အဲဒီထဲမှာ ကွန်မြူနစ်ဝါဒကို ယုံကြည်တဲ့ တစ်ယောက်ယောက်ပါခဲ့တာနဲ့ ဒီဟာကြီးတစ်ခုလုံးကို ကွန်မြူနစ်လို့ စွပ်စွဲတာလည်း သဘာဝမကျသလို ကြံ့ခိုင်ရေးကို အားကျတဲ့ ကျောင်းသားတွေလည်း ပါနိုင်တယ်။ သူတို့တွေကို အကြောင်းပြု ပြီး ဒါက ကြံ့ခိုင်ရေးလို့ စွပ်စွဲတာလည်း မသင့်လျော်ဘူး။ အရောင်အသွေးမျိုးစုံရှိတဲ့ ကျောင်းသားသမဂ္ဂဆိုတာကို အသိအမှတ်ပြုစေချင်တယ်။ နောက်ပြီး ဒုတိယအချက်က ကျောင်းသားကြီးတွေ ပါရတဲ့ကိစ္စက ခေတ်ရဲ့လိုအပ်ချက်အရ ပါနေကြရတာ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကျောင်းသားအရွယ် မဟုတ်တော့ဘူး။ ကျောင်းသားနေရာမှာ ဆက်နေဖို့ မသင့်ဘူးဆိုတဲ့အမြင်လည်း ကျွန်တော်တို့မှာ ရှိတယ်။ ဒါပေမဲ့ အဲဒါကြီးကို ဇွတ်စွဲကိုင်ကြတာ မဟုတ်ဘူး။ ကျွန်တော်တို့ ရှေ့မျိုးဆက်တွေနဲ့ နောက်မျိုးဆက်တွေ အချိတ်အဆက်မိမိ ချိတ်နိုင်အောင် ကျွန်တော်တို့ သူတို့လိုအပ်တာတွေ ပံ့ပိုးဖို့၊ သူတို့ အမှားအယွင်းတွေ တတ်နိုင်သလောက် နည်းအောင် ကူညီပေးဖို့သာ ကျွန်တော်တို့ ပါနေကြတာဖြစ်တယ်။ နောက် အဲဒီကျောင်းသားတွေ ကိုယ်၌ကလည်း တောင်းဆိုချက်ကြောင့် ကျွန်တော်တို့ ပါနေခဲ့ရတာ။ နောက်တစ်ခုက အဲဒီလိုအခြေအနေမျိုးက သမိုင်းမှာလည်း တကယ်ရှိခဲ့တယ်။ ကျွန်တော်တို့ ၁၉၃၆ သပိတ်ဖြစ်တဲ့အခါမှာ ၀န်ကြီးချုပ် ဦးနုတို့ ဘာတို့ဆိုရင် အဲဒီအချိန်မှာ ကျောင်းသားလည်း မဟုတ်တော့ဘူး။ ပြီးတော့ အိမ်ထောင်လည်း ကျနေပြီ။ ကျောင်းနဲ့လည်း ကင်းကွာနေတဲ့သူတွေပဲ။ ဒါပေမဲ့ လိုအပ်ချက်အရ အဲဒီအချိန်မှာ သူတို့ပါဖို့ လိုအပ်တဲ့အတွက် သူတို့ပါခဲ့ပြီးတော့ တကသဥက္ကဋ္ဌ လုပ်တဲ့အထိ ပါခဲ့တယ်။ ဒါက ဘာပဲပြောပြော သမိုင်းမှာ လိုအပ်လာတယ်ဆိုရင် ကျောင်းသားကြီးတွေဟာလည်း အငယ်တွေ အဆင်သင့်မဖြစ်သေးရင် ၀င်ကူထမ်းပေးတဲ့ တာဝန်လို့ပဲ ကျွန်တော်တို့ ခံယူတယ်။ မေး- နောက်ဆုံးမေးခွန်းအနေနဲ့ ဗကသများအဖွဲ့ချုပ် ရဲ့ ရပ်တည်မှုနဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေ၊ ဝေဖန်မှုတွေအပေါ် ဘာပြောချင်ပါသလဲ။ ကိုကျော်ကိုကို - ကျွန်တော့်အမြင်အရ ပြောမယ်ဆိုရင် နိုင်ငံရေးအခင်းအကျင်းအရ  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အတည်ပြုပြဋ္ဌာန်းစဉ်ကနေ ဒီနေ့ ဒီအချိန်ထိ ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ အဖွဲ့အစည်းထဲမှာ ဗကသများအဖွဲ့ချုပ်က ပါတယ်ဗျ။ အဲဒီတော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြားနိုင်ငံရေး အင်အားစုတွေတောင်မှ  လိုက်လျောညီထွေ ဆက်ဆံနေတဲ့အချိန်မှာ ဗကသက ပြတ်ပြတ်သားသား ငြင်းဆန်ကန့်ကွက် ဆန္ဒတွေထုတ်ဖော်တဲ့ အခါကျတော့ ကျွန်တော်တို့ရဲ့အယူအဆကို ရယ်ဒီကယ် အယူအဆလို့ သတ်မှတ်လာတာမျိုး ရှိလာတယ်။ ရယ်ဒီကယ်လို့ ဆိုရင် ဒီနိုင်ငံမှာက  အစွန်းရောက်တယ်လို့ သတ်မှတ်ပြီးတော့ ကွန်မြူနစ်ပါတီနဲ့ပဲ ထပ်တူပြုလေ့ရှိကြတယ်။ ပြီးတော့ ဒီနိုင်ငံမှာက တစ်လျှောက်လုံးကို အထက်စီးကနေပြီးတော့ ချုပ်ကိုင်ထားသူတွေက ၀ါဒဖြန့်တယ်။ ပုံပျက်အောင်လို့ အမျိုးမျိုး ပုံဖော်ခဲ့ကြတယ်။ ဘုရားမရှိ၊ တရားမရှိ၊ မိဘလူကြီးတွေကိုလည်း စော်ကားမော်ကား ပုံစံမျိုးတွေ ပေါ်လာအောင်လို့ တမင်တကာ ဖန်တီးခဲ့ တာ။ ဖဆပလခေတ်ကနေ ဒီနေ့ ဒီအချိန်အထိ။ အဲဒီပုံရိပ်နဲ့ ဗကသရဲ့ ပုံရိပ်ကိုရောပြီးတော့ ဗကသအလံနဲ့ ကွန်မြူနစ်အလံကို တစ်ထပ်တည်း တွဲပြီးတော့ Facebook မှာ တင်နေတဲ့သူတွေတောင် ရှိတယ်။ အဲဒီလူမျိုးတွေက ရှင်းရှင်းပြောရရင် အာဏာရှင်တွေ အလိုကျ ကိုယ့်တပ်ကိုယ်ပြန်နင်းနေတယ်လို့ ကျွန်တော်တို့က မြင်တယ်။ တကယ်တော့ ကျွန်တော်တို့ ပြတ်ပြတ်သားသား  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို တိုက်မယ်။ ကျွန်တော်တို့က ဒီမိုကရက်တစ် အင်အားစုတွေဘက်က ထောက်ခံတယ်။ ပြီးတော့ ကျောင်းသားဟာ ပြည်သူလူထုရဲ့ရှေ့ကနေ တပ်ဦးအဖြစ် မတရားမှုတွေကို ဆန့်ကျင်နေတယ်ဆိုတာ အမြင်ရှင်းမှ အတွေးရှင်းမယ်၊  အလုပ်ရှင်းမယ်လို့မြင်တယ်။ အခု အတွေးမရှင်း၊ အမြင်မရှင်း၊ အလုပ်လည်း မရှင်းတော့ ဒါဟာ အာဏာရှင်တွေ အလိုကျလာပြီး တိုက်ခိုက်တာမျိုးတွေ ရှိနေတယ်လို့ ကျွန်တော်က သုံးသပ်ပါတယ်။ လက်ရှိအခြေအနေနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ ၂၀၁၄ ခုနှစ်က စတင်ပြီး ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်တယ်။ ၂၀၁၅ ခုနှစ်မှာ အပြင်းထန်ဆုံး အခြေအနေထိ ရောက်လာတယ်။ ၂၀၁၅ မတ် ၁၀ ရက်ကနေပြီးတော့  ဒီနေ့  မတ် ၈ ရက်အထိ ၂၀၁၆ ရောက်လာပြီ။ တစ်နှစ်ပြည့်တော့မယ့် အချိန်ကာလအတွင်းမှာ ကျွန်တော်တို့က ဘာနဲ့တူလဲဆိုတော့ မရပ်မနားဘဲနဲ့ ဟဲဗီးဝိတ် ကြိုးဝိုင်းပေါ်မှာ ကျွန်တော်တို့ တောက်လျှောက် တစ်ဖက်ကပြိုင်ဘက်နဲ့ ရင်ဆိုင်နေရတဲ့သူတွေနဲ့ သွားတူတယ်။ ကျွန်တော်တို့ ရပ်နားခွင့်လည်း မရှိဘူး။ အနားတောင်းလို့လည်း မရဘူး။ ကြားနားချိန်လည်း မပေးဘူး။ ကျွန်တော်တို့ကို တရစပ် ဖိထိုးနေတာနဲ့ တူတယ်။ ဆိုလိုတာက အဲဒီလို ဖိထိုးနေတဲ့အချိန်မှာ ပြင်ပနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ ကျွန်တော်တို့အပေါ်မှာ သူတို့ အသာတကြည် ဆော့ကစားနေတာပါလို့ ထင်ရအောင် ကတ္တီပါလက်အိတ် စွပ်ပြီးတော့ အထဲထဲက သံလက်သီးနဲ့ ထိုးနေတယ်လို့ပဲ ကျွန်တော်တို့က မြင်ပါတယ်။
Writer: 
နေထွန်းနိုင်

Reply all
Reply to author
Forward
0 new messages