ဒေါသထွက်နေသော လူအုပ်ကြီး ဘယ်က ရောက်လာပါသနညိး

0 views
Skip to first unread message

kyaw thu aung

unread,
Mar 12, 2016, 5:22:29 AM3/12/16
to reading club for civil society
ဒေါသထွက်နေသောလူအုပ်ကြီး ဘယ်က ရောက်လာပါသနည်း။

မြန်မာနိုင်ငံတွင်မကြာသေးခင်က ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခပ် ဖြစ်မှုများတွင် ဒေါသထွက်နေသော လူအုပ်ကြီးအကြောင်းမကြာခဏကြားရလေ့ရှိပါသည်။ ပဋိပက္ခဖြစ်ပွားသော နေရာများတွင် ရန်မီးပွား အသေးစားကလေးမှသည် ကျယ်ပြန့်သော အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှု သို့ ဦးတည်သွားခဲ့သော အခြေအနေများကို ထို ဒေါသထွက်နေသောလူအုပ်ကြီးများက ဖန်တီးလေ့ရှိသည်။
အလားတူပင် ဗီယက်နက်နိုင်ငံတွင်ပြီးခဲ့သည့် မေလ က ထို ဒေါသထွက်နေသော လူအုပ်ကြီးဘယ်ကရောက်လာမှန်းမသိပေါ်ပေါက်လာလေသည်။ ယခုဆောင်းပါးသည် စာရေးသူ၏ အာဘော်မဟုတ်ဘဲ စင်ကာပူ အခြေစိုက် အရှေ့တောင်အာရှလေ့လာရေးဌာနမှ ဗီယက်နမ်အမျိုးသမီးပညာရှင်တစ်ဦးဖြစ်သူ Huong Le Thu၏ အာဘော်ကိုပြန်လည်ဖော်ပြခြင်းဖြစ်သည်။

အဖြစ်အပျက်များစွာတို့တွင် နိုင်ငံတကာမီဒီယာသည် အကြောင်းအရာကို စေ့စေ့ငုငု မလေ့လာဘဲ လူကြိုက်များနိုင်မည့် ရှုထောင့်ကိုကောက်ယူပြီး ကောက်ချက်ဆွဲ မြန်တတ်ကြလေရာ လတ်တလောဖြစ်ပျက်ခဲ့သည့် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုမှသည် နိုင်ငံခြားစီးပွားရေးလုပ်ငန်း များကိုဖျက်ဆီးပစ်ခဲ့သော အုံကြွမှု တွင် ဗီယက်နမ်အလုပ်သမားထု၏အခြေအနေကို မသိဘဲ အပြစ်တင်မြန်လွန်းသည်ဟု ၄င်းက ထောက်ပြခဲ့သည်။နောက်ကွယ်မှဖြစ်နိုင်ခြေများကိုရှင်းပြပြီး စဉ်းစားစရာများပေးထားသည်။

ဖျက်ဆီးခံရသော လုပ်ငန်း ၂၀၀ ကျော်တွင် တရုတ်လုပ်ငန်းသာမက ကိုးရီးယား၊ဂျပန်၊ စင်ကာပူ အစရှိသည့်နိုင်ငံများပါသည်ဖြစ်ရာ တရုတ်ကို မုန်းတီးခြင်းကြောင့် ဖြစ်ရသည်ဟု အဘယ့်ကြောင့် စွပ်စွဲရသနည်း။ အဖြစ်အပျက်ကိုမြင်အောင်ကြည့်ပါဟု သူမက ဆိုလိုသည်။

ထိုသို့ဖျက်ဆီးပစ်သောလူအုပ်ကြီးသည် ထိုဒေသများမှ အလုပ်သမားများမဟုတ်ကြ။ ကြိုတင်စီစဉ်မှုများဖြင့် ပြည့်သော လူအုပ်ကြီးဖြစ်သည်။

ဗီယက်နမ်သည် နိုင်ငံခြားသားရင်းနှီးသား လုပ်ငန်းရှင်များအတွက် မလုံခြုံဟူသော အချက်ကို နိုင်ငံခြားသားများသိလျှင် မည်သူအမြတ်ထွက်နိုင်ဖွယ်ရှိသနည်း။

အစဉ်အလာအရ ဗီယက်နမ် အလုပ်သမားဈေးကွက်ကို စိုးမိုးခဲ့သော တရုတ်လုပ်ငန်းရှင်များသည် ထို ကျားကွက်ကို ကြိမ်ဖန်များစွာ ကစားခဲ့ပြီးသားဟု ဆိုသည်။ ဒေသတွင်းအခြေအနေများကိုမျက်ခြေမပြတ်လေ့လာကြပါစို့။

ပြီးခဲ့သည့် မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် ဗီယက်နမ်တွင် နိုင်ငံခြားသားလုပ်ငန်းများကို လူစုလူဝေးများဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများပေါ်ပေါက်ခဲ့ရာ ဗီယက်နမ်တွင် အများဆုံးရင်းနှီးမြှုတ်နှံနေကြသော တရုတ်၊ ထိုင်ဝမ်၊ စင်ကာပူ၊ကိုးရီးယားနှင့် ဂျပန်လုပ်ငန်းရှင်များစွာ၏စက်ရုံအလုပ်ရုံများပျက်စီးခဲ့ကြရသည်။ ထိုအဖြစ်အပျက်တွင် ချက်ချင်းဆိုသလိုပင် မီဒီယာက ကတရုတ်မုန်းတီးမှုမှာ အဓိကရုဏ်းများ၏ လက်သည်ဖြစ်သည်ဟု ဆက်တိုက်ဆိုသလိုပင် တင်ပြကြသော်လည်း ရုတ်တရက်နားမလည်နိုင်သည်မှာ အဘယ့်ကြောင့် အခြားနိုင်ငံများမှာ လုပ်ငန်းများလည်း လူအုပ်ကြီး၏ ပစ်မှတ်များဖြစ်လာရသနည်း။
မေလ ၂ ရက်နေ့တွင် ဗီယက်နမ်နှင့် တရုတ်ကြားပိုင်နက်အငြင်းပွားနေကြသော တောင်တရုတ်ပင်လယ်အတွင်းရှိ ပရာစဲ ကျွန်းစုတောင်ပိုင်းတွင် တရုတ် အစိုးရရေနံကုမ္ပဏီ တရုတ်ကမ်းလွန်ရေနံတူးဖော်ရေးကော်ပိုရေးရှင်း -CNOOC က ရေနံတူးဖော်ရေးစင်များလာရောက်နေရာချထားခဲ့သည်။ ထိုရေနံတူးဖော်စက်များလာရောက်ချထားရာတွင် အခြားရေယာဉ် ၈၀ ခန့်လုပ်ငန်းအဖွဲ့နှင့် အတူလိုက်ပါလာကြသည်။ ဗီယက်နမ်အစိုးရကမူ ထို ရေပိုင်နက်မှာ တရုတ်နှင့် မဆိုင်၊ ဗီယက်နမ်ကသာပိုင် ဆိုင်ပြီး စက်ချထားခဲ့သည့်နေရာမှာ ဗီယက်နမ် (Exclusive Economic Zone (EEZ) အတွင်းတည်ရှိသည်ဟု ဆိုသည်။ တရုတ်သဘောင်္များပါ ထိုရေပြင်သို့ဝင်ရောက်လာ သည့်အတွက် ဗီယက်နမ်နှင့်တရုတ်ကြား သံတမန်ရေးရာ အချေအတင်များရှိခဲ့ပြီး ဗီယက်နမ်အစိုးရကရော နိုင်ငံသားများကပါ တရုတ်၏ကျူးကျော်မှုအဖြစ် ခါးခါးသီးသီး ခံစားခဲ့ကြသည်။

မေလ ၇ ရက်နေ့တွင် ပြည်သူ့လူ့အဖွဲ့အစည်း ၂၀ ခန့်က ဆန္ဒပြရန်စီစဉ်ပြီး မျိုးချစ်စိတ်အရင်းခံကာ ပြည်သူများက ပူးပေါင်းပါဝင်ကြရန်ဖိတ်ခေါ်ခဲ့သည်။
ထိုအဖွဲ့အစည်းများက စုပေါင်းကာ အချက်သုံးချက်ကို နှစ်ဖက်အစိုးရထံတောင်းဆိုခဲ့ကြသည်။ ထိုအချက်များမှာ ( ၁) ဗီယက်နမ်ပိုင်နက်အတွင်းသို့ တရုတ်၏ ကျူးကျော်မှုကို ကန့်ကွက်ကြောင်း ( ၂) ဗီယက်နမ်အစိုးရအနေဖြင့် ထိထိရောက်ရောက် ပွင့်ပွင့်လင်းလင်း ဖြေရှင်းရန်တောင်းဆိုကြောင်း ( ၃) တရုတ် နယ်မြေကျူးကျော်မှုနှင့် ပတ်သက်ပြီးရေးသားကြသော ဘလော့ဂါများကို ဖမ်းဆီးထားခြင်းကိုပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းတို့ ပါရှိကြသည်။

သို့သော် ထိုအဖွဲ့အစည်းများဦးဆောင်ကာ လမ်းပေါ်ထွက်လာချိန်အထိ အကြမ်းဖက်မှုများမပါခဲ့သေးပေ။ မေလ ၁၁ ရက်နေ့ အထိ ငြိမ်းချမ်းသော ဆန္ဒဖော်ဆောင်မှုများသာဖြစ်နေပြီး ကြွေးကြော်မှုများတွင် ပင် တရုတ်ကျူးကျော်မှုကိုမလိုလား၊ မျိုးချစ်စိတ်ဖြင့် အမိမြေကို ကာကွယ်စို့၊ ငါတို့သည် စစ်ပွဲကြီးများကို ကြုံတွေ့ခဲ့ဖူးပြီ ထို့ကြောင့်စစ်ကိုမလိုလား။ တရုတ်တို့အနေဖြင့် ငါတို့ကိုငြိမ်းချမ်းခွင့်ပေးသင့်သည် အစရှိသည်ဖြင့် အကြမ်းမဖက်သော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။

သို့သော် မေလ ၁၃ ရက်နေ့တွင် ဗီယက်နမ်တောင်ပိုင်းပြည်နယ် ဘင်ဒေါင်းနှင့် ဒွန်နိုင်းတို့တွင် အကြမ်းဖက်လှုပ်ရှားမှုများပါ လာကြသည်။

ထိုအကြမ်းဖက်မှုများပေါ်ပေါက်ရာပြည်နယ်များသည် တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားစက်ရုံများရှိရာ ပြည်နယ်များဖြစ်ပြီး ဗီယက်နမ်-စင်ကာပူ စက်မှုဇုန်လည်းတည်ရှိသည်။

ထို့နောက် အဓိကရုဏ်းများသည် တရုတ်ပြည်မကြီးမှာ အလုပ်သမားများစွာကိုငှားရမ်းထားသော ဟာ့တန်သ်ပြည်နယ်ကိုကူးစက်သွားခဲ့သည်။ မီဒီယာများက ထိုင်ဝမ်ပိုင်ဖော်မိုဆာ စက်ရုံများတွင် အလုပ်လုပ်ကြသော အလုပ်သမားများက လုပ်ငန်းရှင်များကို မကျေနပ်၍ ဆန္ဒပြခဲ့ကြသည်ဆိုသည်။
သို့သော် ထိုနေရာတွင် အလုပ်သမားအများစု ကိုတရုတ်ပြည်မကြီးမှတင်သွင်းလာခြင်းဖြစ်သည်။

ထိုဆန္ဒပြမှုများသည် ယခင် ရက်များတွင် ပေါ်ပေါက်ခဲ့သော ဒီမိုကရေစီကိုလိုလားသော အင်အားစုများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ကျောင်းသားများနှင့် ဘလော့ဂါများ များကဲ့သို့ ကြိုတင်ကြေညာထားသော ဆန္ဒပြပွဲများမဟုတ်ကြဘဲ ရုတ်ချည်းပေါ်ပေါက်လာကာ စက်ရုံအလုပ်ရုံများကိုဦးတည်ဖျက်ဆီးခဲ့ကြသည်။ လူအများအပြား ဒဏ်ရာရကြသည်။ နောက်ဆက်တွဲတွင် တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်မှ အလုပ်သမား များ ဗီယက်နမ်မှ ပြေးထွက်ခဲ့ရသည်။

ထိုအဖြစ်အပျက်များအားလုံးကို နိုင်ငံတကာမီဒီယာအနေဖြင့် တရုတ် ကိုမုန်းတီးမှုနှင့် တရုတ်လုပ်ငန်းရှင်များကို မကျေနပ်မှုကြောင့် ဗီယက်နမ်လုပ်သားများက ဆန္ဒပြသည်ဟု ဆွဲယူပုံဖော်ခဲ့သော်လည်း ပြည်တွင်းမှ ဗီယက်နမ်များနှင့် ပြည်ပရောက် ဗီယက်နမ်များစွာက တရုတ်ကို ဗီယက်နမ်တို့က မနှစ်လိုခြင်း အကြောင်းရင်းတစ်ခုတည်းဖြင့် ထိုအဖြစ်အပျက်များမဖြစ်လာနိုင်ဟု ယုံကြည်ကြသည်။ အကြမ်းဖက်တိုက်ခိုက်ခံရသည့် အထဲတွင် ဂျပန်၊ စင်ကာပူ၊ကိုရီးယားလုပ်ငန်းများပါဝင်ကြရာ ထိုလုပ်ငန်းများကို ဗီယက်နမ်တို့က တရုတ်လုပ်ငန်းများဟုထင်မှတ်မှားကာ ဖျက်ဆီးခဲ့သည်ဟုမီဒီယာများကဆိုကြသည်။

စင်ကာပူ၏ The Straits Times သတင်းစာကဆိုလျှင် စင်ကာပူအလံ ကိုဆန္ဒပြသူများက မီးရှို့ခဲ့ရာတွင် တရုတ်အလံနှင့် မှားယွင်းပြီး မီးရှို့ခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။ ထိုကြေညာချက်ကို ဗီယက်နမ်ကိုလေ့လာနေသူ များအနေဖြင့် များစွာ အံ့အားသင့်ကြလေသည်။အ ဘယ့်ကြောင့်ဆိုသော် မက္ကဆီကိုနိုင်ငံသားတစ်ဦးသည် အမေရိကန်အလံကို ဘယ်တော့မှာ အခြားအလံနှင့် မှားမည်မဟုတ်သလို၊ ယူကရိန်းနိုင်ငံသားတစ်ဦးသည် ရုရှအလံကိုအမြဲ မှတ်မိနေသလို ဗီယက်နမ်တို့သည် တစ်သက်လုံး အတူနေထိုင်ခဲ့ကြရသော အိမ်နီးချင်းဖြစ်သော တရုတ်၏ အလံကို အခြားအလံနှင့် မှားယွင်းစရာအကြောင်းမရှိပေ။ ဗီယက်နမ်တစ်ဦးအနေဖြင့် စာမတတ်သည့်တိုင်အောင် တရုတ် အလံကိုကောင်းစွာ မှတ်မိနိုင်ပေသည်။ တရုတ်ကို မုန်းတီး၍နိုင်ငံခြားသားလုပ်ငန်းများကိုဖျက်ဆီးပစ်သည်ဟု ဆိုခဲ့ကြသည်။

တကယ့်အရှိတွင်မူ ဗီယက်နမ်တို့အနေဖြင့် နိုင်ငံခြားမှလာသော ရင်းနှီးမြှုတ်နှံမှုများကို များစွာမှီခိုနေရသည်ကို သဘောပေါက်ကြပါသည်။ တရုတ်လုပ်ငန်းများကို ဖျက်ဆီးခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ဂယက်များကို မတွက်ဆမိဘဲ နေမည်မဟုတ်ပေ။ နိုင်ငံတကာတွင် ဗီယက်နမ်မျက်နှာပျက်မည်ကိုလည်း သိရှိနေကြပါသည်။
ထို့ကြောင့်ပင်ဗီယက်နမ်များစွာသည် ထိုအကြမ်းဖက်မှုများကို ပြင်းထန်စွာရှုံ့ချခဲ့ကြပြီး အချို့သည် စက်ရုံများကို လူသားဒိုင်းအသွင်ကာကွယ်ပေးခဲ့ကြသည်။ ငါတို့ ထမင်းအိုးများကွဲတော့မည်ဟု ဆိုခဲ့ကြသည်။ အစိုးရသည် အဓိကရုဏ်း တွင် အကြမ်းဖက်မှုများကိုလှုံ့ဆော်အားပေးသူများကို ဖမ်းဆီးစစ်ဆေးနေသည်။

သို့သော် အစိုးရအနေဖြင့် အကြမ်းဖက်မှုများနောက်ကွယ်မှ အကြောင်းရင်းကိုမူ ထုတ်ဖော်ကြေညာခြင်းယခုတိုင်မရှိခဲ့ပေ။

ဝန်ကြီးချုပ် ငုယင် ထန်ဒေါင်က ပြည်သူများအားမိန့်ခွန်းပြောကြားခဲ့ရာတွင် မူ လူထုအနေဖြင့် မျိုးချစ်စိတ်ကို ဥပဒေဘောင်အတွင်းမှ ပြသနိုင်ကြောင်း၊ အဖျက်သမားများကို မူ သတိထားသင့်ကြောင်း၊ မိမိတို့ အနေဖြင့် အဖျက်သမားများ၏ အသုံးချခံရခြင်းရှိနိုင်သည်ကို သတိရှိသင့်ကြောင်း၊ မိမိတို့ကိုကိုယ်ကျိုးအတွက် အသုံးချပြီး ဆူပူအောင်လှုံ့ဆော်သူများအား နားမထောင်သင့်ကြောင်းေ ပြာကြားလိုက်သည်။ ထိုကဲ့သို့သော မှာကြားချက်မှာ ဗီယက်နမ်၏ အနာဂတ်စီးပွားရေး နှင့် နိုင်ငံတကာပုံရိပ်အတွက် အရေးကြီးလွန်းသောကြောင့် ဗီယက်နမ်၏ အကြီး ဆုံး တယ်လီဖုန်း ၀န်ဆောင်မှုပေးနေသော ကုမ္ပဏီ Viettel မှတဆင့် SMS စာသားများဖြင့်လူထုကို သတိထားကြရန် သတိပေးခဲ့ရာ ထိုအမှာစကားမှာ တစ်နိုင်ငံလုံးသို့ပျံ့ နှံ့သွားအောင်လုပ်ပြီး ဗီယက်နမ်အစိုးရက အခြေအနေကိုထိန်းသိမ်းခဲ့ရသည်။

အစိုးရအနေဖြင့် ထိုသို့ မိမိတို့၏နိုင်ငံတကာ ပုံရိပ်ကိုပြန်အဖတ်ဆည်နိုင်အောင်ကြိုးစားနေရချိန်တွင် တစ်ဖက်တွင်လည်း အတိုက်အခံ နိုင်ငံရေးသမားများကို တိုက်ခိုက်လိုသောကြောင့်မိမိတို့လက်သီးပုန်းကိုထုတ်သုံးသည်ဟူသော သံသယများကိုရင်ဆိုင်နေရသည်။ ဒီမိုကရေစီပီပီပြင်ပြင်မဟုတ်ဘဲ ကွန်မြူနစ်အာဏာရှင်တစ်ပိုင်းဖြစ်သောနိုင်ငံတွင် ဒီမိုကရေစီအင်အားစုများအား ချောက်တွန်းပြီး နိုင်ငံမတည်ငြိမ်မှသာ မိမိတို့အာဏာတည်မြဲနိုင်မည်ဖြစ်သောကြောင့် အစိုးရက မတည်ငြိမ်မှုကိုဖန်တီးနေသည်ဟူသော သံသယမှာလည်းတစ်ဖက်တွင်ပေါ်ပေါက်နေခဲ့သည်။ ပဋိပက္ခများကို ထိထိရောက်ရောက် ကိုင်တွယ်မှုမရှိသောကြောင့် ထိုဖြစ်ရပ်များမှာ အစိုးရ၏ နိုင်ငံရေးကစားကွက်သာဖြစ်သည်ဟု အတိုက်အခံ ပြည်သူ့ ဘလော့ဂါများကဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော်ဒီမိုကရေစီအင်အားစုများသည် အစောပိုင်း ဆန္ဒပြမှုများကိုဦးဆောင်သူများဖြစ်ကြရာ အကြမ်းဖက်မှုများပြင်းထန်လာသည်နှင့်အမျှ အစိုးရ က ၄င်းတို့ကို ဖမ်းဆီးနှိပ်ကွပ်ရန် ပိုလွယ်သွားနိုင်သည့် အကွက်မျိုးကို ကစားနေသည်ဟု အချို့က သံသယရှိသည်။

သို့သော် ထိုအယူအဆကို Huong Le Thuအနေဖြင့် မထောက်ခံခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် အစိုးရအနေဖြင့် ထိုသို့နိုင်ငံရေးကစားကွက်ကို ဖန်တီးခြင်းဖြင့် အကျိုးရှိခြင်းထက်စာလျှင် အကျိုးယုတ်ခြင်းက ပိုများနိုင်သောကြောင့်ဖြစ်သည်။
တရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုသည် ပြည်တွင်းမှာပင်ဖြစ်ပွားနိုင်သောအရာမဟုတ်ပေ။ ဗီယက်နမ်တို့သည် ယခုအခါ ကမ္ဘာအနှံ့အပြားတွင်နေထိုင်လျှက်ရှိကြရာ ထို ပြင်ပအင်အားစုများကို အစိုးရအနေဖြင့် ထိန်းနိုင်လိမ့်မည်မဟုတ်ပေ။ နောက်တစ်ကြောင်းမှာ ဗီယက်နမ်အစိုးရသည် တရုတ်ဖဲချပ်ကို မိမိပြည်တွင်းအတိုက်အခံများကို နှိမ်နင်းရာတွင် အသုံးချဖို့အကြံတွင် ကိုယ့်ရှုးကိုယ်ပတ်ဖြစ်စရာအကြောင်းများစွာရှိသည်။
ထို့ပြင် ဗီယက်နမ်၏ လက်ရှိ စီးပွားရေးမူဝါဒ မှာ မိတ်ဆွေများလေ ကောင်းလေဟု သဘောထားသော မူဝါဒမျိုးဖြစ်သည်။ဗီယက်နမ်သည် အာရှ-ပစိဖတ်ဒေသတွင်းမိတ်ဖက် စာချုပ် ၁၃အနက် ၆ ခုကိုလက်မှတ်ထိုးထားခဲ့သည်။ ယခုကဲ့သို့ တရုတ်က နယ်မြေကျူးကျော်နေသည်ဟု စွပ်စွဲကာ နိုင်ငံတကာတွင် တရုတ်ကို ရင်ဆိုင်နေရချိန်တွင် အခြားနိုင်ငံများနှင့် မိတ်ဆွေဖြစ်နေရန် ပို၍ပင်လိုအပ်ပါဦးမည်။ သို့သော် ဖြစ်ပေါ်ခဲ့သော

အကြမ်းဖက်မှုများတွင် တရုတ်လုပ်ငန်းများ အပြင် အာရှစီးပွားရေးအင်အားကြီး အခြားနိုင်ငံများ၏ စက်ရုံများပါ ဖျက်ဆီးခံရခြင်းဖြစ်ရာ ထိုနိုင်ငံများနှင့် မိတ်ပျက်ရန် အကြောင်းပေါ်လာပေပြီ။


အစောပိုင်းရက်များတွင် ဆင်နွှဲခဲ့သော အကြမ်းမဖက် တရုတ်ဆန့်ကျင်ရေးလမ်းလျှောက်ပွဲများတွင် ပါဝင်ခဲ့ကြသူများသည် အကြမ်းဖက်သော ဒေါသထွက်နေသည့် လူစု၏ ခြေလှမ်းကိုမြင်လာသောအခါတွင် ဆူပူနေသောပြည်နယ်များ၏ လမ်းများပေါ်တွင် အကြမ်းဖက်မှုရှောင်ရှားရေးလက်ကမ်းစာစောင်များကို ကမန်းကတမ်းဝေခဲ့ရသည်။ ထို့နောက်စက်ရုံအလုပ်ရုံများသို့ အခြေအနေကိုလိုက်လံရှင်းပြကာ ဒရ၀မ်များနှင့် အလုပ်သမားများပါမကျန်မပြတ်သတိရှိရန် လှုံ့ဆော်ခဲ့ရသည်။

အကြမ်းဖက်မှုများတွင်ပါဝင်ခဲ့သူများမှာ နယ်ခံ အလုပ်သမားများမဟုတ်ကြဟု နာမည်ကြီး အနုပညာရှင်လည်းဖြစ် ၊ဘလော့ဂါလည်းဖြစ်သော ဒီမိုကရေစီအရေးလှုပ်ရှားသူ Tuan Khanh တွေ့ရှိရသည်ဟု ဆိုသည်။

ထိုသူတို့သည် ပရော်ဖက်ရှင်နယ်အဖျက်အဆီးကျွမ်းကျင်သော ဒေါသထွက်နေသည့်လူအုပ်ကြီးဖြစ်ကြကြောင်း စက်ရုံလုံခြုံရေးအချို့က ဆိုသည်။ တစ်နေ့တည်းတွင် စက်ရုံ ၂၀၀ ဖျက်ဆီးနိုင်လောက်အောင် ကျွမ်းကျင်ခဲ့ကြပြီး သံတုတ်များ၊ ဓါးများ၊ အခြားဖျက်ဆီးရေးကိရိယာများ အသင့်ဆောင်လာခဲ့ကြသည်။ ဖမ်းဆီးရမိသူများကို နောင်တွင် စစ်ဆေးသောအခါ ထိုဖျက်ဆီးမှုများတွင်ဦးဆောင်ပါဝင်ခဲ့သူများသည် ငွေဖြင့်ငှားရမ်းထားသူများဖြစ်ကြောင်း ၀န်ခံခဲ့ကြသည်။

အကွက်ကျကျ ကြိုတင်စီစဉ်ခြင်းဖြစ်ကြောင်း သိသာစေသည်မှာ အခင်းဖြစ်ပွားခဲ့သော ပြည်နယ်များတွင် ဗီယက်နမ်အလံနှင့် တီရှပ်များကြိုတင်ဝယ်ယူစုဆောင်းမှု အုံနှင့် ကျင်းနှင့် ဖြစ်ပွားခဲ့သည်ဟု ဖော်ထုတ်သိရှိရသည်။

ထို့ပြင် အဖျက်အဆီးခံရမည့် တရုတ်ပြည်မနှင့် ထိုင်ဝမ်မှ လုပ်ငန်းရှင်များပိုင်သော စက်ရုံများ၏ တည်နေရာကို မြေပုံဖြင့် မိတ္တူအမြောက်အမြားဆွဲကာ အကြီးအကျယ်ဖြန့်ချိခဲ့ကြသည်။ ထိုဆူပူမှုများကို ဦးဆောင်သူများနောက်သို့ လိုက်ပါ ကာ ဆန္ဒပြရန်အတွက် တစ်ဦးလျှင် ဗီယက်နမ်ငွေငါးထောင်မှ သုံးသောင်းကြား ( ၂ ဒသမ၅ အမေရိကန်ဒေါ်လာ မှ ၁၄ ဒေါ်လာအထိ) ပေးကာငှားရမ်းခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။

ယခင့်ယခင်ကပင် အချို့ဖြစ်ရပ်များတွင် တရုတ်က ဗီယက်နမ်အပေါ် မတည်ငြိမ်စေလိုသော နေရာအဖြစ်နိုင်ငံတကာက မြင်အောင်ကြံစည်မှုများရှိခဲ့သည်ဟု မူရင်းစာရေးသူ ကယခင် မီဒီယာအရေးအသား အထောက်အထားဖြင့်စွပ်စွဲသည်။

ယခုတစ်ကြိမ်တွင် နောက်ကွယ်မှ လက်မည်းကြီးရှိနေသည်ဟု ပြောလိုပုံရသော်လည်း ထိုလက်မည်းကြီးမှာ တရုတ်ဟု ပေါ်ပေါ်ထင်ထင်စွပ်စွဲလိုပုံလည်းမရပေ။

သို့သော် မြန်မာနိုင်ငံသားတို့အနေဖြင့် ဗီယက်နမ်တို့ခံစားချက်ကို နားလည်နိုင်မည်ဟု ထင်ပါသည်။

တရုတ်ကို မသင်္ကာမှုများကို တပ်အပ် မပြောနိုင်သော်လည်းစက်ရုံ ပျက်စီးမှုများကိုနောက်ဆုံး စာရင်းချုပ်သောအခါစက်ရုံပေါင်း ၃၅၁ လုံးတိုက်ခိုက်ခံခဲ့ရသည့်အနက် ၁၄ လုံးသာ တရုတ်ပြည်မကြီး၏ ရင်းနှီးမြှုတ်နှံမှုဖြစ်ပြီး တရုတ်နှင့် နိုင်ငံတော်အချုပ်အခြာအာဏာဆိုင်ရာ အငြင်းပွားနေသော ထိုင်ဝမ်မှ စက်ရုံများမှာ အထိအနာဆုံးဖြစ်ပြီး စက်ရုံ အလုပ်ရုံပေါင်း ၁၉၀ ခန့်ထိခိုက်ခဲ့သည်။ကျန်စက်ရုံများတွင် ကိုရီးယား ၁၉ လုံးနှင့် အတူ ဗီယက်နမ်ပိုင် ၂၇ လုံးဖျက်ဆီးခံခဲ့ရသည်။

စိတ်ဝင်စားစရာကောင်းသောအချက်မှာ တရုတ်က ၄င်း၏ နိုင်ငံသားများကို ဗီယက်နမ်မှာကယ်တင်နေရကြောင်းမီဒီယာများတွင် အစဉ်တစိုက်ဖော်ပြကာ တရုတ် မီဒီယာများက ဒေါသဖြင့် တုံ့ပြန်မှုများပြုလုပ်နေချိန်တွင် အခြားထိခိုက်မှုရှိသော မည်သည့် နိုင်ငံကမျှ ၄င်းတို့၏ နိုင်ငံသားများကို လာရောက် ကယ်ဆယ်ခြင်းမရှိခဲ့ကြပေ။ တရုတ်တို့ကမူ စက်ရုံအလုပ်ရုံများပုံမှန်ပြန်ဖြစ်ပြီးချိန် တစ်ပတ်လုံးလုံး ၄င်း၏ အလုပ်သမားများကို လာရောက် ကယ်ဆယ်သည့် သဘောင်္ကြီးများစေလွှတ်ဆဲဖြစ်သည်။

တရုတ်ပြည်မကြီးတွင် တစ်နှစ်တစ်နှစ်ဖြစ်ပွားနေသော စက်ရုံဆူပူမှုများနှင့် နှိုင်းစာလျှင် ဗီယက်နမ်တွင် ဖြစ်ပွားခဲ့သော ဆူပူမှုကို တရုတ် အစိုးရက အလေးထားပါပေသည်ဟု မူရင်းဆောင်းပါးရှင်က ခပ်ရွဲ့ရွဲ့ကလေးဆိုသည်။

မူရင်းစာရေးသူ Huong Le Thu သည် အထောက်အထားများစွာစုဆောင်းကာ နိုင်ငံတကာတွင် ဗီယက်နမ်အပေါ်အမြင်စောင်းနိုင်ခြင်းကို ချက်ချင်းပြန်ဖြေရှင်းရန် ကြိုးစားသူဖြစ်ရာ ပုဂ္ဂလခံစားချက်ပါသော လေသံကို ဤဆောင်းပါးတွင်သိသိသာသာပင်ဖတ်ရှုနိုင်သည်။ နိုင်ငံတကာမီဒီယာများသည် တစ်လေသံတည်း တစ်ဦးနောက် တစ်ဦးလိုက်ကာ ရှုထောင့်တစ်ခုကို အသေမှတ်စွဲတင်ပြတတ်ရာ ရံဖန်ရံခါဆိုသလို ပင် တကယ့်နက်နဲ သော နောက်ခံအဖြစ်အပျက်များကို စာဖတ်သူများမသိနိုင်ဘဲ အမေ့လျော့ခံများဖြစ်နေကြရာ ထိထိရောက်ရောက် လေ့လာထားသော စာတမ်းများကို အားကိုးခြင်းကလည်း လိုအပ်လျှက်ရှိပေသည်။

ဘက်စုံသော အသံကိုနားထောင်နိုင်မှသာအဖြစ်အပျက်တို့ကို အရင်းခံအတိုင်းခြုံငုံသုံးသပ်နိုင်မည်ဖြစ်ပြီး မိမိနိုင်ငံအရေးအတွက် လည်း နှိုင်းယှဉ်ဆင်ခြင်တွေးဆနိုင်ပေမည်။

Reply all
Reply to author
Forward
0 new messages