လက်ကလေးတော့ပေးကိုင်ပါ.....

22 views
Skip to first unread message

zin ye

unread,
Sep 3, 2009, 10:13:10 AM9/3/09
to rangoon-burma


လက်ကလေးတော့ ပေးကိုင်ပါ ကောင်လေးက ကောင်မလေး လက်ကို မရမက လိုက်ဆွဲတယ်။
ကောင်မလေးက သူ့လက်ကလေးနှစ်ဖက်ကို နောက်မှာ ၀ှက်ထားတယ်။ ကောင်လေးမျက်နှာ
ကြည့်တော့ မချင့်မရဲ ဖြစ်နေတဲ့ပုံနဲ့ ။ ကောင်မလေးကတော့ ညစ်ကျယ်ကျယ် ပုံစံနဲ့
ရယ်နေတယ်။ …… ရည်းစားဖြစ်ကာစ ကျွန်တော့်သူငယ်ချင်း စုံတွဲလေးကိုကြည့်ပြီး
ကျွန်တော် ကြည်ကြည်နူးနူး သဘောကျမိတယ်။ ချစ်သူဖြစ်ကြပြီဆိုတာနဲ့
ယောက်ျားလေးတွေက ကိုယ့်ရည်းစားလက်ကို ကိုင်ဖို့ (တနည်းဆိုရရင်) လက်တွဲဖို့
ကြိုးစားတတ်သလို ကောင်မလေးတွေကလဲ ရုန်းလေ့ရှိပါတယ် (စုံတွဲတိုင်းတော့
မဟုတ်ဘူးပေါ့) ဘာပဲဖြစ်ဖြစ် အဲဒီအပြုအမူလေးက ချစ်သူဖြစ်ကာစ
စုံတွဲတိုင်းလိုလိုမှာ တွေ့ရတတ်တာကို သူငယ်ချင်းတို့ သတိထားမိမှာပေါ့။
ချစ်သူသက်တမ်း နည်းနည်းကြာလာတဲ့ အခါမှာတော့ ဒီပြဿနာက သူ့ဖာသာ
ပြေလည်သွားတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်သူငယ်ချင်း စုံတွဲကိုကြည့်ပြီးတော့
ကျွန်တော် ဒီPostလေးကို ရေးဖြစ်ခဲ့ပါတယ်။

(ပြောရဦးမယ် … ဒီPostလေးက ရည်းစားမရှိသေးတဲ့ လူငယ်တွေနဲ့၊ ရည်းစားရပြီးကာစ
လူငယ်တွေအတွက် အဓိက ရည်ရွယ်ပါတယ်။ ယောက်ျားလေးတွေက miss!ngS0me1ဆိုတဲ့ကောင်
ဒီလိုရေးထားတယ်ဆိုပြီး ကျွန်တော့်Postကနေ Referenceယူလို့ ရအောင်ပါ။
မိန်းကလေးတွေကတော့ ဒီကောင်က ယောက်ျားလေးတွေဘက်ကနေ ကိုယ့်ငါးချဉ်
ကိုယ်ချဉ်တဲ့ကောင်ဆိုပြီး ဆဲလို့ရအောင်ပါ။ ဘာပဲဖြစ်ဖြစ် ချစ်သက်တမ်းနည်းနည်းလေး
ကြာနေပြီဆိုတဲ့ စုံတွဲတွေကတော့ ဒီPostလေးအတွက် လက်ခုပ်တီးမယ်လို့ ထင်ပါတယ်။)

မြန်မာ့ဓလေ့အရ ရည်းစားဖြစ်ကြပြီဆိုရင် ယောက်ျားလေးတွေဘက်ကပဲ ရင်းနှီးမှု
ပိုရှိလာအောင် ကြိုးစားတတ်ကြပါတယ်။ (ကိုရီးယားကား ကြည့်ထားတဲ့
ကောင်မလေးတွေဆိုရင်တော့ မပြောတတ်ဘူးနော်။) အဲဒီလိုမျိုး ယောက်ျားလေးတွေဘက်က
စပြီးကြိုးစားကြတဲ့အခါ စာရင်းဇယားတွေအရ အားထုတ်မှုနှစ်ခုကို လုပ်လေ့ရှိကြောင်း
ကျွန်တော် သုတေသန ပြုမိပါတယ်။ အဲဒါတွေကတော့ ပါးကို ခိုးနမ်းခြင်းနဲ့
လက်ကိုင်ဖို့ ကြိုးစားခြင်းတွေပါပဲ (နောက်ထပ်နည်းတွေရှိရင် Shareကြပါ
အစ်ကိုတို့ရေ … ကျွန်တော်မျိုးကြီး တပည့်ခံချင်ပါတယ်) အဲဒီနှစ်ခုထဲက
ဒုတိယအချက်ကို ကျွန်တော်က နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးချင်လို့ပါ။ ကဲ …
စိတ်ပါဝင်စားစွာ ဆက်ဖတ်ကြပါဦး။ "လက်ကိုင်တာလောက်ကတော့ ရိုးနေပါပြီကွာ"
ဆိုရင်လဲ ဟောဒီက ငချွတ်ကလေး ဘာတွေလျှောက်ပြောမလဲဆိုပြီး ခန့်ခန့်ကြီး
လှောင်ကြပါခင်ဗျာ။ အဲ … မသိကြသေးဘူးဆိုရင်လဲ ကိုယ့်အလှည့်ကျ အသုံးဝင်အောင်
လေ့လာနည်းယူပါ။ အဟဲ။

ပထမဆုံး ပါးကလေး ခိုးနမ်းတာကို အကျဉ်းလောက် စပြောပါ့မယ်။ ကိုယ့်အသစ်စက်စက်
ရည်းစားကလေးကို ပါးလေးမှ မနမ်းချင်တဲ့ ပုရိသ ရှိရင် လက်ညှိုးထောင်ပါ။ သေချာတယ်။
လက်ညှိုးထောင်တဲ့ကောင် အခြောက်ပဲ (ဟီဟိ) တကယ်တော့ ပါးနမ်းခြင်း အလေ့အကျင့်ဟာ
ငယ်စဉ်တောင်ကျေး ကလေးဘ၀က စတင်ခဲ့ကြတာပါ။ ကလေးလေးတွေဆို ချစ်လို့ဆိုပြီး
လူကြီးတွေက ပါးလေးနမ်းကြတယ် မဟုတ်လား။ ဒါကြောင့် ပါးကိုနမ်းခြင်းဟာ
ချစ်ခင်မြတ်နိုးမှုကို ၀ိသေသပြုခြင်းလို့ အဓိပ္ပါယ် ဖွင့်နိုင်ပါတယ်။ ဒီတော့
ကိုယ့်ရည်းစားကို ချစ်တဲ့အကြောင်း ပါးစပ်က ပြောရုံသာမက၊ လက်တွေ့ပါ
ပြချင်တဲ့အတွက် ကောင်လေးတွေက ကောင်မလေးတွေရဲ့ ပါးလေးတွေကို
နမ်းကြခြင်းဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ နောက်ပြီးတော့ အဲဒီလို
ပါးကိုခိုးအနမ်းခံရလို့ ရှက်ကိုးရှက်ကန်း ဖြစ်သွားတတ်တဲ့ ကိုယ့်ကောင်မလေးရဲ့
မျက်နှာလေးကို မြင်ရတာ ယောက်ျားလေးတွေအတွက်တော့ အလှပဆုံး နတ်ပန်းချီရှုံးတဲ့
ရှုခင်းလေးပါပဲ (ကိုယ်တွေ့လားလို့ မမေးကြနဲ့နော်)။ ဒါကြောင့် သမီးရည်းစားဖြစ်ကာစ
ယောက်ျားလေးဘက်က ကောင်မလေးရဲ့ ပါးကိုခိုးနမ်းခြင်းဟာ "ချစ်ခင်မှု၊
မြတ်နိုးစုံမက်မှု"ကို ရည်စူးတဲ့အကြောင်း လက်ခံပေးနိုင်မယ် ထင်ပါတယ်။
မိန်းကလေးများ ငြင်းဆန်ဖို့ ကြိုးစားမယ်ဆိုရင် ကိုယ့်ချစ်သူရဲ့
ချစ်မြတ်နိုးမှုကို ကဖျက်ယဖျက် လုပ်တယ်ဆိုတဲ့ သဘောမျိုး
သက်ရောက်သွားစေနိုင်ကြောင်း သတိလေး ပေးပါရစေ။ အဟေ့။

နောက်တစ်ချက်ကတော့ လက်ကိုင်ခြင်းပါ။ ဒီအကြောင်းအရာဟာ ဒီPostရဲ့ အဓိက
ဆိုလိုရင်းလဲ ဖြစ်ပါတယ်။ အဲဒီအကြောင်း မရေးခင် မေးခွန်းလေးတစ်ခုလောက်
ယောက်ျားလေးတွေကို ကျွန်တော်မေးပါ့မယ်။ ခင်ဗျားတို့အားလုံး ကိုယ့်ရည်းစား
လက်ကလေးကိုတွဲပြီး လမ်းလျှောက်ရတာကို ကြိုက်လား။ မကြိုက်ဘူးလား။ အားလုံးက
ကြိုက်တယ်လို့ ဖြေမယ်ထင်ပါတယ်။ မကြိုက်ဖူးလို့ ဖြေမယ့်သူရှိရင်လဲ ရပါတယ်။
သူ့ရည်းစားကို လက်တို့လိုက်ရုံပဲလေ။ ဂွင်ပိတ်ချင်ရင် မကြိုက်ဖူးလို့
ဖြေပါခင်ဗျာ (အဲလို အပိုင်လုပ်တာကွ) ဒါဆို ကျွန်တော် ထပ်မေးပါမယ်။
ဘာကြောင့်များ ကိုယ့်ရည်းစားလက်ကို ကိုယ်တွဲချင်တာလဲ။ ဘယ်လိုစိတ်မျိုးကြောင့်
ရည်းစားရဲ့လက်ကို ကိုင်ချင်(တွဲချင်)လာတာလဲ။ သေချာဖြေပါ။ …………. တိတိကျကျ
ဖြေနိုင်တဲ့လူ နည်းပါလိမ့်မယ်။ "ကိုင်ချင်လို့ ကိုင်တာကွာ"ဆိုပြီး
ဘုပြောမယ့်လူက တော်တော်များပါလိမ့်မယ်။ ကဲ … ဒီတော့ ကျွန်တော် ဥာဏ်မီသလောက်
ရှင်းပြပါ့မယ်။ (သူငယ်ချင်းတို့ကို လက်တွဲဖို့ ငြင်းနေတဲ့ ရည်းစားလေးတွေရှိရင်
အောက်ကစာကို သေချာဖတ်ခိုင်းနော်)

လက်တွဲခြင်းဆိုတာဟာလဲ ပါးနမ်းခြင်းလိုပဲ ကလေးဘ၀ထဲက ထိတွေ့လာတဲ့ အလေ့အထတစ်ခုပါ။
ဒါပေမယ့် နည်းနည်းတော့ နောက်ကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေ
လမ်းလျှောက်တတ်တဲ့ အရွယ်လောက်မှာမှ အမေ၊ အဖေလက်ကို တွဲပြီးတော့
လမ်းလျှောက်တာကိုး။ ကျွန်တော်တို့တွေ ငယ်ဘ၀မှာ အဖေ၊ အမေလက်ကိုဆွဲပြီး
လမ်းလျှောက်တဲ့ အချိန်လေးတွေကို ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်မိခင်၊ ဖခင်ကို
ချစ်တဲ့စိတ်အပြင် ကလေးငယ်တစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံမှုကိုပါ
ရခဲ့တယ်ဆိုတာ သတိပြုမိပါသလား။ ကလေးတစ်ယောက်ဟာ မိဘရဲ့လက်ကို တွဲထားရုံလေးနဲ့တင်
မိဘရဲ့အရိပ်အောက်မှာ လုံခြုံနေတယ်ဆိုတဲ့ ခံစားချက်လေး တွဲပြီး ပါနေတာကို
ပြန်တွေးကြည့်စမ်းပါ။

ပါးနမ်းခြင်းဟာ မြတ်နိုးချစ်ခင်မှုကို ပြတဲ့ နိမိတ်ပုံဆိုရင် လက်တွဲခြင်းဟာ
အားကိုးခြင်း၊ တွယ်တာခြင်းရဲ့ သင်္ကေတပါပဲ။ တကယ်တမ်းတော့ ယောက်ျားလေးတွေဟာ
ဘယ်လောက်ပဲ စွမ်းအားကြီးကြီး၊ မိခင်ငွေ့ကို ခိုခဲ့ဖူးတာပဲ မဟုတ်လား။ မိခင်ကို
အားကိုးခဲ့ဖူးတာပဲ မဟုတ်လား။ အဲဒီတော့ မိခင်ဓာတ် (အမဓာတ်)ရှိတဲ့
ကိုယ့်ချစ်သူအပေါ် အားကိုးချင်စိတ် ရှိနေတယ်ဆိုတာ တွက်လို့ရပါတယ်။ ဒီစကားကို
ရုတ်တရတ်တော့ လက်ခံချင်မှာ မဟုတ်ဘူးနော်။ ယောက်ျားဆိုတာ ကျားကျားလျားလျားနဲ့
ချစ်သူရှေ့ ကာကွယ်ပေးမယ့် ပုဂ္ဂိုလ်တွေ၊ ချစ်သူရဲ့ အားကိုးမှုကို ခံယူထိုက်တဲ့
ပုဂ္ဂိုလ်တွေ … ဒါကြောင့် မိန်းကလေးကို အားကိုးတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့
ငြင်းနိုင်ပါတယ်။ ဥပမာ ရိုးရိုးလေးတစ်ခုကို ကျွန်တော်ပြောပြပါ့မယ်။
ကျွန်တော်တို့ဟာ ရေမသောက်ရင် သေရပါမယ်။ ရေဟာ ကျွန်တော်တို့အတွက်
မရှိမဖြစ်မဟုတ်လား။ ဒါဟာ ကျွန်တော်တို့ ရေကိုအားကိုး မှီခိုနေရတဲ့ သဘောပါပဲ။ ကဲ
… ကိုယ်တကယ်ချစ်တဲ့ ကိုယ့်ချစ်သူဟာ ကိုယ့်ဘ၀အတွက် မရှိမဖြစ်ပဲ မဟုတ်ဘူးလား။
မဟုတ်ဘူးဆိုရင်တော့ ကျွန်တော့်ကောက်ချက် မှားပါလိမ့်မယ်။ အဲ …
ဟုတ်တယ်ဆိုရင်တော့ ကျွန်တော်တို့ ယောက်ျားတွေဟာ ကိုယ့်ချစ်သူအပေါ်
ရုပ်ပိုင်းဆိုင်ရာ ဦးဆောင်နိုင်ရင်တောင် စိတ်ပိုင်းဆိုင်ရာမှာ
(မသိစိတ်ကဖြစ်ဖြစ်) အားကိုးရတယ်ဆိုတာ ၀န်ခံလိုက်ကြပါ။

ဒါဟာ ယောက်ျားလေးတွေ ကိုယ့်ချစ်သူအပေါ် လက်တွဲချင်တဲ့ အဓိကအချက်ဆိုတာ
မိန်းကလေးတွေတောင် သိမယ်မထင်ပါဘူး။ အများအားဖြင့် ကိုယ့်ကောင်မလေးမှန်း
လူသိအောင် ကြွားချင်လို့ဆိုတဲ့ အတွေးလောက်ပဲ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေပါ
သမန်ကာလျှံကာ တွေးတတ်ကြပါတယ်။ အဲဒီလို အတွေးဝင်မိရင်
သိပ်နှမြောဖို့ကောင်းပါတယ်။ ချစ်သူအပေါ် လေးစားခြင်း၊ တန်ဖိုးထားခြင်းကို
ဖော်ပြတဲ့ လက်တွဲမှုလေးဟာ "ကြွားဖို့"ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပျောက်သွားရင်
ဘယ်လောက်များ ရင်နာစရာ ကောင်းလိုက်မလဲနော်။ တစ်ယောက်နဲ့တစ်ယောက် တွဲလက်တွေ
ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားခြင်းဟာ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက်
မှီခိုအားကိုးတယ်ဆိုတာ ပါးစပ်က ထုတ်မပြောတဲ့ စကားလုံးတွေပဲ မဟုတ်ဘူးလား။
ကိုယ့်ချစ်သူက ကိုယ့်ကို အားကိုးသလို ကိုယ့်ချစ်သူကို ကိုယ်ကလည်း အပြည့်အဝ
အားကိုးခွင့်ရတယ်ဆိုတာ ဘယ်လောက် ကြည်နူးစရာကောင်းတဲ့ ခံစားမှုလဲဆိုတာ
စဉ်းစားကြည့်နိုင်ပါတယ်။ ဒါတောင်များ … ကောင်မလေးတို့ရယ်။ ကိုယ့်ရည်းစားက
လက်တွဲဖို့ ကြိုးစားလာရင် ဘာဖြစ်လို့ ငြင်းနေမှာလဲဟင်။ ထီးသုံးနန်းသုံး
စာသံပေသံနဲ့ ပြောလိုက်မယ်။ "အို .. အသင် လုံမငယ်။ အသင်၏ဘေးတွင် ရပ်လျက်
အသင်၏လက်အား စွဲကိုင်နိုင်ရန် ကြိုးပမ်းနေသော အနှီယောက်ျားမြတ်၊
ယောက်ျားပျိုသည် အသင်ကိုယ်တိုင် ရွေးချယ်ထားသော အသင့် ကိုးကွယ်ရာ
နှလုံးသည်းပွတ်ပင် မဟုတ်တုံ့လော"။ ဒါကြောင့် ချစ်စခင်စမှာ ကိုယ့်ရည်းစားက
လက်တွဲလျှောက်ဖို့ လက်ကိုင်တဲ့အခါ မငြင်းသင့်တဲ့အကြောင်း မမတို့၊ ညီမတို့ကို
အကြံပြုလိုက်ပါရဲ့။ ဟီဟိ။

ဒါတောင်များ ကိုယ့်ရည်းစားလေး လက်တွဲတာကို ငြင်းဦးမှာပဲလား။ ကဲ … နောက်ထပ်
ပြောပြမယ်။ သီချင်းလေးတွေ နားထောင်ကြည့်ပါ။ "မင်းလက်ကလေး ကိုင်ချင်လို့ ၊
ခဏလောက်တော့ ခွင့်ပြုပါဆိုတဲ့ အာဇာနည်သီချင်းကို နားထောင်ကြည့်"။ ကောင်လေးက
သူနဲ့ရည်းစားဖြစ်ကာစ ကောင်မလေးလက်ကို ကိုင်ဖို့ တောင်းဆိုတာ"။ ပြောရရင်တော့
ရည်းစားဖြစ်ကာစ ယောက်ျားလေးတွေဘက်က အားထုတ်မှုမျိုး။ ဟုတ်ပြီနော်။
နောက်တစ်ပုဒ်ပြောမယ်။ ဒီတစ်ခါ ရွှေထိုက်သီချင်းဗျ။ "ချစ်သူလက်ကို ဖမ်းဆုပ်လို့
အရာရာ ရင်ဆိုင် ဖြေရှင်းမယ်။" ကြားဖူးတယ် မဟုတ်လား။ ဒီသီချင်းမှာတော့
ရည်းစားသက်တမ်း ရင့်နေပြီဆိုတဲ့အချိန် မိန်းကလေးအတွက် ချစ်သူရဲ့လက်ကို
တွဲထားခွင့်ရခြင်းဟာ ဘယ်လောက်တောင် စိတ်ဓာတ်ခွန်အား ရှိစေသလဲဆိုတာကို
ပြထားတာလေ။ တကယ်လဲ ဟုတ်ပါတယ်။ ချစ်သူလက်ကို ဆုပ်ကိုင်ထားခွင့် ရခြင်းဟာ
ဘယ်အတိုင်းအတာထိ ကိုယ့်အတွက် ယုံကြည်မှုတွေ ရစေသလဲဆိုတာ တကယ်ချစ်တဲ့ စုံတွဲတွေ
ပိုသိမှာပါ။ အဲ … နောက်တစ်ပုဒ်လောက် Referလုပ်ပါရစေ။ ဒီတစ်ခါ စိုင်းစိုင်းရဲ့
Rapပါ။ ဘာတဲ။့ "ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကို တွဲကိုင်ထား …
အကျင့်ပါသွားခဲ့တာ ချစ်သူမရှိတော့ လက်မှိုင်ချ"တဲ့။ အဓိပ္ပါယ်ကိုတော့ ကျွန်တော်
ရှင်းပြစရာ မလိုတော့ပါဘူးနော်။

နောက်ပြီး လက်တွဲခြင်းဆိုတာ ပေါင်းစည်းခြင်းရဲ့ အနက်အဓိပ္ပါယ် မဟုတ်လား။
ဥပမာဗျာ။ နှစ်နိုင်ငံ မဟာမိတ်လုပ်ပြီး တူတူစစ်တိုက်ရင် လက်တွဲတိုက်ခိုက်တယ်လို့
စကားလုံး သုံးတယ်လေ။ နောက်ပြီး လက်တွဲဆောင်ရွက်တို့၊ လက်တွဲချီတက်တို့ …
အဲဒီလိုမျိုး အသုံးအနှုန်းတွေလဲ ရှိသေးတယ်။ အဲဒါတွေ အကုန်လုံးက တသွေးတည်း
တသားတည်းရှိခြင်း၊ တစိတ်တ၀မ်းထဲ ညီညွတ်ခြင်းဆိုတဲ့ ၀ိသေသတွေပဲ မဟုတ်ဘူးလား။
ဒါနဲ့များ ကိုယ့်ချစ်သူနဲ့ တစိတ်တ၀မ်းထဲ ရှိတယ်ဆိုတာကို လက်တွဲပြဖို့
ကောင်မလေးတွေ ဘာလို့ဝန်လေးနေပါလိမ့်နော်။ အံ့သြဖို့ကောင်းလိုက်တာ။ နောက်ပြီး
လက်တွဲဖြုတ် ဆိုတဲ့စကားကိုရော။ ကြားဖူးတယ် ဟုတ်။ ဘာသဘောလဲဆိုတာ မမတို့၊ ညီမတို့
သိပါတယ်လေ။ ကဲ … ချစ်တဲ့သူနဲ့ လက်တွဲချင်သလား၊ လက်တွဲဖြုတ်ချင်သလား။
စဉ်းစားနော်။

ဒီထက် ခိုင်လုံတဲ့ အကြောင်းတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်
ဆက်မရေးတော့ပါဘူး။ မိန်းကလေးတွေကို တိုက်တွန်းချင်ပါတယ်။ လက်တွဲပါ။
ကိုယ်ချစ်တဲ့သူရဲ့ လက်ကို ရဲရဲကြီး တွဲလိုက်စမ်းပါ။ ကိုယ့်ရည်းစား လက်တွဲဖို့
ကြိုးစားရင် ရုန်းတတ်တာ၊ ကာတတ်တာတွေဟာ မိန်းကလေးမို့ မူတာပါဆိုရင်တောင်
ကိုယ့်ချစ်သူအပေါ် လေးစားချစ်ခင်မှု၊ မြတ်နိုးတွယ်တာမှုတွေကို ထုတ်ပြဖို့အတွက်
အဲဒီအစဉ်အလာအရ မူတတ်တဲ့ မိန်းကလေး သဘာဝကြီးကို မစွန့်လွှတ်ရဲဘူးလား။
စိတ်ချစမ်းပါ။ ကိုယ့်ချစ်သူအပေါ် ဘယ်ယောက်ျားကမှ "လွယ်လှချည်လား"လို့
မတွေးပါဘူးဗျာ (မယုံရင် ကြိုက်တဲ့ယောက်ျားလေး မေးကြည့် … ဟီဟိ) အဲဒီတော့
ဘာဖြစ်လို့များ ကိုယ့်ချစ်သူက လက်တွဲဖို့ ပထမဆုံးအကြိမ် တောင်းဆိုလာတာနဲ့
ငြင်းမှာလဲဗျာ။ နောက်ဆို မငြင်းနဲ့တော့နော်။

စာရှည်လွန်းအား ကြီးသွားမှာစိုးလို့ ကျွန်တော် အများကြီး မရေးတော့ပါဘူး။ အဓိက
ပြောချင်တာတော့ လက်တွဲခြင်းဆိုတာ ပြင်ပခန္ဓာကိုယ် အစိတ်အပိုင်းနှစ်ခု
ထိကပ်ခြင်းဆိုတာထက်၊ နှလုံးသားဝိဥာဉ်နှစ်ခု ပူးကပ်သွားခြင်းဆိုတာ
ယောက်ျားလေးရော၊ မိန်းကလေးပါ သတိထားမိဖို့ပါပဲ။ ကိုယ့်ချစ်သူရဲ့ လက်ဖ၀ါးတွေဟာ
ကိုယ့်ရဲ့ မိုးကောင်းကင်ဖြစ်တယ်ဆိုတာ နားလည်ကြပါ။ အားကိုးခြင်း၊
မြတ်နိုးခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ ချစ်သူ့လက်ကို တွဲကိုင်ခြင်းဟာ ဘယ်တော့မှ
မရိုးသလို၊ ဘယ်တော့မှ မပျောက်ပျက်တော့မယ့် ချစ်ခြင်းရဲ့ သင်္ကေတလေးပါပဲ။ ကဲ….
ဒီတော့လဲ ကြော်ငြာထဲက ကျော်ဟိန်းကြီးလေသံနဲ့ ကျွန်တော်ပြောလိုက်ပါ့မယ်။ ကဲ ..
ဦးကြီး (အဲလေ) ညီမလေးတို့၊ မကြီးတို့။ ဘာလိုသေးလဲဗျာ။ (ချစ်သူလက်ကို ထာဝရ
တွဲထားခွင့် ရကြပါစေဗျာ)

best wishes,
zin ye'

Reply all
Reply to author
Forward
0 new messages