Groups
Groups
Sign in
Groups
Groups
PL&FR
Conversations
About
Send feedback
Help
အာဖရိက,က ခရစ္စမတ်ပုံပြင်တစ်ပုဒ်
50 views
Skip to first unread message
Lin Lin
unread,
Dec 25, 2011, 2:04:33 PM
12/25/11
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to
အာဖရိက,က ခရစ္စမတ်ပုံပြင်တစ်ပုဒ်
ဒါဟာ ကြေကွဲဝမ်းနည်းစရာအကောင်းဆုံး ခရစ္စမတ်အကြိုညတစ်ညပေါ့။ ကျွန်တော်တို့ရဲ့မိသားစုဘဝ ပြိုကျပျက်စီးလုလုပါပဲ။ ကျွန်တော်တို့အတွက်
ခရစ္စမတ်ပွဲမရှိတော့ဘူးလို့ ကျွန်တော်ထင်ခဲ့တယ်။ ခရစ္စမတ်ပွဲတော်ရာသီမှာ ဘာပျော်ရွှင်တောင့်တမှုမှ အရင်ကလို ကျွန်တော်မခံစားခဲ့ရတော့ဘူး။
ကျွန်တော့်အသက်(၈)နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ လအနည်းငယ်အတွင်းမှာ ကျွန်တော် တော်တော်လေးကြီးပြင်းခဲ့ပါတယ်။
အရင်က စည်ကားခဲ့တဲ့ ရွာရဲ့ခရစ္စမတ်ပွဲကို ကျွန်တော်ပြန်ပြောင်းအောင်းမေ့မိတယ်။ ကျွန်တော့်အတွက် ခရစ္စမတ်ပွဲတော်ဆိုတာ ပျော်ရွှင်စရာ
ဘာသာရေးပွဲတော်တစ်ခုပါ။ ဒီလိုရာသီရောက်တိုင်း လမ်းမပေါ်မှာ၊ လေဒီယိုမှာ၊ တီဗီလိုင်းတွေမှာ၊ နေရာတိုင်းမှာ သာယာတဲ့ခရစ္စမတ်တေးသံကို ကြားနေရတယ်။
ခရစ္စမတ်ပွဲတော်က ဘာသာရေးအထိမ်းအမှတ်နေ့ဖြစ်တာကြောင့် ဘုရားကျောင်းတွေက နိုဝင်ဘာလကတည်းက စပြီးပြင်ဆင်နေကြပြီ။ ဒါဟာ ခရစ်တော်လေးကို ဖွားမြင်ဖို့
ပြင်ဆင်နေကြတယ်လို့ ကျွန်တော်တို့ထင်တယ်။
ခရစ္စမတ်ပွဲက ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေ အချင်းချင်းအပြန်အလှန် ဂါရဝပြုတဲ့ပွဲဖြစ်တယ်။ သူ့နေရပ်၊ ကိုယ့်လူမျိုးစုအချင်းချင်း လှည့်ပတ်ပျော်ရွှင်တဲ့ပွဲဖြစ်တယ်။
ခရစ္စမတ်ပွဲက ဒီလိုပုံစံပဲလို့ ကျွန်တော်အမြဲတွေးထင်ခဲ့တယ်။
ဟာ..! ရိုးရာခရစ္စမတ် အကြိုညလေးတစ်ညနဲ့ ခရစ္စမတ်အစားအသောက်တွေကို ကျွန်တော်တောင့်တလိုက်တာ...
ခရစ္စမတ်ညမှာ ထမင်း၊ ဆိတ်သား၊ သိုးသား နောက်ပြီး သစ်သီးမျိုးစုံကို ကျွန်တော်စားခဲ့ရတယ်။ အိမ်ခန်းကိုလည်း လှပတဲ့ရောင်စုံစက္ကူတွေနဲ့ အလှဆင်ခဲ့ကြတယ်။
ကလေးနဲ့လူငယ်တွေက ရောင်စုံစက္ကူအတွန့်တွေနဲ့ အိမ်၊ ကျောင်းတွေမှာ အလှဆင်တတ်ခဲ့ကြတယ်။
ဘုရားကျောင်းမှာ ဝတ်ပြုဆုတောင်းတဲ့ ခရစ္စမတ်အကြိုညကို ကျွန်တော်တို့မျှော်လင့်ခဲ့ကြတယ်။ ဆုတောင်းပွဲပြီးရင် လမ်းမတွေပေါ် လျှောက်သွားရတာကို ကျွန်တော်တို့အရမ်းနှစ်သက်ခဲ့တယ်။
လူတိုင်းလူတိုင်းက မြူးကြွသာယာတဲ့တေးသံတွေထဲမှာ မူးယစ်ခဲ့ကြတယ်။ နောက်တစ်နေ့မနက် ဘုရားကျောင်းတက်ချိန်မှာ ခရစ်တော်ဖွားမြင်တဲ့အဓိပ္ပာယ်ကို လူတိုင်းသတိပြုမိအောင်
ကျမ်းစာရွတ်ဖတ်၊ သီချင်းတွေသီဆိုပြီး အထိမ်းအမှတ်ပြုခဲ့ကြတယ်။
ဝတ်ပြုဆုတောင်းပွဲပြီးရင် လူငယ်တွေက ထူးခြားတဲ့ချောကလက်၊ ဘီစကစ်၊ မုန့်လေးတွေကို လက်ဆောင်ရတတ်တယ်။ ဒီလက်ဆောင်တွေကို
ခရစ္စမတ်ဘိုးဘိုးပေးတယ်လို့ လူငယ်တွေကဆိုကြတယ်။ ခရစ္စမတ်က ကျွန်တော်တို့ရဲ့နေ့ရက်လို့ ကျွန်တော်တို့ထင်ကြတယ်။
အဝတ်အစားအသစ်၊ ဖိနပ်အသစ်တွေကို လူတွေလက်ဆောင်ရတတ်ကြတယ်။ နေရာတိုင်းမှာ ကောင်းချီးပေးသံတွေ၊ လူတိုင်းက ထူးခြားတဲ့
ကောင်းချီးပေးစကား "Afishapa"နဲ့ ဆုတောင်းပေးကြတယ်။ အဓိပ္ပာယ်က ခရစ္စမတ်မှာ ပျော်ရွှင်ပါစေ၊ နှစ်သစ်မှာပျော်ရွှင်ပါစေတဲ့။
အတိတ်ကဖြစ်ရပ်တွေအားလုံး ဒီညမှာ တကယ်ပြန်ဖြစ်ပါစေလို့ ကျွန်တော်အရမ်းမျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ရဲ့ခရစ္စမတ်အကြိုညက တခြားနှစ်ကနဲ့ မတူခဲ့ဘူး။
ဒီနှစ်မှာ ခရစ္စမတ်ပွဲတော် ရှိတော့မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ လူတိုင်းလူတိုင်း ဝမ်းနည်းကြေကွဲနေကြတယ်။ ဧပြီလကတည်းက
လွတ်မြောက်ရေးတပ်မတော်ဆိုသူတွေက ကျွန်တော်တို့ရွာကို ဝင်တိုက်ခဲ့လို့ပါပဲ။ လူငယ်၊ မိန်းမပျိုတွေကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးသွားခဲ့ကြတယ်။
မိသားစုတော်တော်များများ ပြိုကွဲသွားကြတယ်။ လူတော်တော်များများ အသတ်ခံခဲ့ရတယ်။ ကျွန်တော်တို့ကိုလည်း အတင်းအဓမ္မချီတက်၊ အလုပ်စေခိုင်းခဲ့တယ်။
အစာရေစာ မစားမသောက်ရဘဲ ခရီးဝေးတွေ ကျွန်တော်တို့သွားခဲ့ရတယ်။ ကျွန်တော်တို့အမြဲဆာလောင်ခဲ့ပြီး စားရတဲ့အစားကလည်း မလောက်မငပါပဲ။
စစ်တပ်က ကျွန်တော်တို့ရွာမှာရှိရှိသမျှကို မီးရှို့လိုက်ကြတယ်။ အဓမ္မစေခိုင်းမှုအောက်မှာ ကျွန်တော်တို့အချိန်ပျောက်၊ ဦးတည်ရာပျောက်ခဲ့ကြတယ်။
မိုးရွာတဲ့ညတစ်ညမှာ စစ်တပ်ထဲကနေ ကျွန်တော်တို့ ထူးထူးခြားခြား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အပူပိုင်းသစ်တောမှာ ကျွန်တော်တို့ ရက်သတ္တပတ်အတော်ကြာ
ပုန်းအောင်းပြီးနောက် မီးရှို့ခံခဲ့ရတဲ့ ကျွန်တော်တို့ရွာဆီ ပြန်ရောက်ခဲ့ကြတယ်။ လူတော်တော်များများက ဖျားနာနေကြပြီ၊ ပင်ပန်းနွမ်းနယ်နေကြပြီ၊
ဝမ်းနည်းကြေကွဲနေကြပြီ။ မိသားစုတွေလည်း ပျောက်ဆုံးကုန်ကြပြီ၊ ဘယ်နေ့ဘယ်အချိန်မှန်းလည်း အချိန်ကို ကျွန်တော်တို့ မသိခဲ့ကြတော့ဘူး။
ဒီအဖြစ်အပျက်ကို နေမကောင်းဖြစ်နေတဲ့ ကျွန်တော့်ဘွားဘွားက သတိထားခဲ့မိတယ်။ ဈေးလယ်မှာ "တောင်ပေါ်မီး"လို့ ကျွန်တော်တို့ခေါ်တဲ့
ပန်းနီနီ၊ ဝါဝါတွေပွင့်နေကြတယ်။ ပန်းပင်ကို အဲဒီနေရာမှာစိုက်ထားတာ အတော်ကြာပါပြီ။ နှစ်တိုင်း ခရစ္စမတ်ရောက်ရင် ပန်းတွေပွင့်ကြတယ်။
မီးလျှံတွေကြားထဲကနေ အဲဒီပန်းပင် ဘယ်လိုရှင်ခဲ့သလဲတော့ မသိဘူး။ ဒီလိုလှပတဲ့ပန်းက အရမ်းချိုမွှေးတယ်။ ပိုးကောင်တွေကို ဆွဲဆောင်တတ်ပြီး
သူ့ရနံ့နဲ့ပိုးကောင်အများကို မူးနောက်စေတယ်။ မူးနောက်သွားတဲ့ ပိုးကောင်တွေကတော့ ကျီးနဲ့ ဖွတ်ပုတက်တွေရဲ့ အစာဖြစ်ခဲ့ရတယ်။ စစ်သားတွေက ဈေးနဲ့
ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ ထူးဆန်းတာက ဒီပန်းလေးတွေ မသေကြတာကိုပဲ ကျွန်တော်အံ့သြမိတယ်။
ပန်းတွေပွင့်ကြတာကြောင့် ခရစ္စမတ်ရောက်ခါနီးပြီလို့ ဘွားဘွားကပြောတယ်။ သူမှတ်မိတာက ခရစ္စမတ်ရောက်မှ ဒီပန်းတွေ ဝေဝေဆာဆာဖူးပွင့်တယ်တဲ့။
ပန်းတွေကို ကျွန်တော်ကြည့်နေချိန်မှာ မိနစ်ပိုင်းလောက် ကျွန်တော့်ခွန်အားတွေ တိုးလာခဲ့ပေမယ့် တမုဟုတ်ချင်း နာကျင်ကြေကွဲခြင်းအဖြစ် ပြောင်းသွားခဲ့တယ်။
ခရစ္စမတ်ရောက်တော့မယ် ကျွန်တော့်ဖေဖေ၊ မေမေနဲ့ ကျွန်တော့်ရွာလေးရော?
ဒီနှစ်ခရစ္စမတ်မှာ ငြိမ်းချမ်းရေးသားတော် ဖွားမြင်ကြောင်းကို ဘယ်လိုကျင်းပနိုင်မလဲ? ဧပြီလကစ ကျွန်တော်တို့မှာ ငြိမ်းချမ်းရေးမရှိခဲ့ဘူး။ စစ်ပွဲနဲ့ နာကျင်ခြင်းတွေပဲရှိခဲ့တယ်။
ဘွားဘွားမသေဆုံးခင် မှာခဲ့တဲ့အတိုင်း ကျွန်တော်တို့ ဘယ်လိုကျင်းပနိုင်ကြမလဲ? အဲဒီစကားတွေဟာ မနေ့ညကသေဆုံးသွားတဲ့ ဘွားဘွားရဲ့ နောက်ဆုံးအမှာစကား
တွေပါ။
အရင်က ပျော်ရွှင်ခဲ့တဲ့ခရစ္စမတ်နဲ့ အခုလက်ရှိရဲ့နာကျင်ခြင်းတွေကို ကျွန်တော်တွေးတောနေချိန် ကားဟွန်းသံကို ကျွန်တော်ကြားလိုက်မိတယ်။
ကျွန်တော်တို့ရွာနား ချည်းကပ်လာတာ ကားတစ်စီးထဲ မဟုတ်ခဲ့ဘူး။ ကားပေါ်မှာ သေနတ်ကိုင်ထားတဲ့လူတွေ အပြည့်တင်ဆောင်ထားမယ်လို့
ကျွန်တော်တို့ထင်ခဲ့ကြလို့ တောထဲပြေးဝင်ပုန်းခဲ့တယ်။ ကျွန်တော်တို့ကို ထူးဆန်းအံ့သြစေတာက သူတို့က စစ်သားတွေမဟုတ်ဘူး။ သူတို့မှာ သေနတ်တွေမပါဘူး။
သူတို့က သာမန်ခရီးသွားတွေဖြစ်တယ်။ ကြည့်ရတာ ဧပြီလက စစ်သားတွေထွက်ခွာချိန် ရွာနဲ့ဆက်သွယ်ထားတဲ့ တံတားကိုဖျက်ဆီးခဲ့ပုံရတယ်။
မိုးချုပ်တော့မယ်။ လမ်းပေါ်မှာ မိုင်းတွေထောင်ထားတယ်ဆိုတဲ့ ကောလဟာလသာမရှိခဲ့ သူတို့ဒီလိုစွန့်စားကြလိမ့်မှာ မဟုတ်ဘူး။ ရွာဖက်ဆီကို
သူတို့ဦးတည်ပြီး တည့်တည့်မောင်းလာခဲ့ပြီ။
ကျွန်တော်တို့ကိုတွေ့တော့ သူတို့အရမ်းအံ့သြနေကြတယ်။ ကျွန်တော်တို့ခံရတဲ့ ဆင်းရဲဒုက္ခနဲ့ ဘေးအန္တရာယ်ကြောင့် သူတို့ထိတ်လန့်ခဲ့ကြတယ်။
တချို့ခရီးသွားတွေစပြီး ငိုကြွေးကြတယ်။ ဒီညဟာ ခရစ္စမတ်အကြိုညပါလို့ သူတို့အတည်ပြုကြတယ်။ တခြားရွာကိုသွားပြီး မိသားစုသူငယ်ချင်းတွေနဲ့
ခရစ္စမတ်ပွဲတော်ကိုကျင်းပဖို့ သူတို့သွားတဲ့လမ်းခရီးမှာ ကျွန်တော်တို့ဆီ သူတို့ရောက်လာခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ကို အစာတချို့ သူတို့မျှဝေပေးတယ်။
သူတို့နွေးထွေးဖို့ ဈေးလယ်မှာ ကျွန်တော်တို့ မီးဖို,ဖိုပေးကြတယ်။
ဒီလိုအချိန်မှာ ကျွန်တော်ရဲ့နေမကောင်းတဲ့အစ်မက ထတောင်မထနိုင်ခဲ့ပါဘူး။ ရွာကို ကျွန်တော်တို့ပြန်ရောက်ပြီး သိပ်မကြာခင်မှာ အစ်မကလေးမွေးခါနီးနေပြီးလို့
အဘွားပြောခဲ့ဖူးတယ်။ စစ်တပ်ကနေ ထွက်ပြေးလာခဲ့တဲ့ ထိတ်လန့်ကြောက်ရွံ့မှုဒဏ်ကြောင့် အစ်မ စကားမပြောနိုင်ခဲ့တော့ပါဘူး။
အစ်မကို ကျွန်တော်အရမ်းစိတ်ပူမိတယ်။ ကျွန်တော်တို့မှာ ဆေးဝါးမရှိသလို ဆေးရုံနဲ့လည်း အဝေးကြီး။ ခရီးသွားတချို့က သူတို့ရဲ့ စကပ်နဲ့အဝတ်တွေကို
ချွတ်ပြီး မီးဖိုဘေးနားမှာ အစ်မအတွက် ကုတင်တစ်ခုခင်းပေးကြတယ်။ ကံကောင်းတဲ့အဲဒီညမှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို အစ်မမွေးဖွားခဲ့တယ်။
ဒီအဖြစ်က အထိမ်းအမှတ်ပွဲတစ်ခု ဖြစ်စေခဲ့တယ်။ စစ်ပွဲရှိရှိ မရှိရှိ အာဖရိက,ကလူတွေ ကခုန်တတ်ကြတယ်။ မနက်၆နာရီ ကြက်တွန်တဲ့အထိ
ကျွန်တော်တို့ ကျင်းပခဲ့ကြတယ်။ လူတိုင်း ကိုယ့်ဘာသာစကားနဲ့ သီဆိုခဲ့ကြတယ်။ ပြီးခဲ့တဲ့လတွေက ရခဲ့တဲ့နာကျင်ကြေကွဲခြင်းတွေ ပထမဆုံးအကြိမ်
ပပျောက်ခဲ့တယ်။
မိုးလင်းတော့ "ကလေးကို ဘာနာမည်ပေးမလဲ?" လို့ အစ်မကို သူတို့မေးတယ်။ ခင်ဗျားယုံမလား မသိဘူး! ရွာမီးရှို့ခံရ၊ လူငယ်၊ မိန်းမပျိုတွေ ဖမ်းဆီးခေါ်ဆောင်
သွားခံရပြီးနောက်ပိုင်း ဒါဟာ ပထမဆုံးအကြိမ် အစ်မ စကားစပြောတာပါပဲ။
"သူ့နာမည်က Gye Nyame ပါ။ အဓိပ္ပာယ်က ဘုရားသခင်ကလွဲလို့ ဘယ်သူ့ကိုမှ မကြောက်ဘူး"
အဲဒီညက ခရစ္စမတ်ကို ကျွန်တော်တို့ ဒီလိုပဲကျင်းပခဲ့ကြတယ်။ အဲဒီညက ကျွန်တော်တို့ရွာထဲ ခရစ္စမတ်ပွဲတော် တကယ်ရောက်လာခဲ့ပါတယ်။
ကားနဲ့ ခရီးသွားတွေ ရောက်လာခဲ့လို့ မဟုတ်ပါဘူး။ ဆင်းရဲဒုက္ခတွေကြားမှာ ကျွန်တော့်တူလေးကို မွေးဖွားခဲ့လို့ပါပဲ။ ဒီကလေးရဲ့ကိုယ်ပေါ်မှာ
မျှော်လင့်ချက်တွေကို ကျွန်တော်တို့တွေ့ခဲ့ရတယ်။ ကလေးရဲ့မွေးဖွားလာခြင်းက မကောင်းတဲ့အရာတွေကို
အကြွင်းမဲ့မျှော်လင့်ခြင်းအဖြစ် ဘယ်လိုပြောင်းလဲရမယ်ဆိုတဲ့ အကြွင်းမဲ့ပုံပြင်ကို အတည်ပြုခဲ့တယ်။ ရင်သွေးခရစ်တော်ရဲ့ကိုယ်ပေါ်မှာ
မျှော်လင့်ချက်တွေကို ကျွန်တော်တို့တွေ့ခဲ့တယ်။ ထူးခြားဆန်းကြယ်မှုတစ်ခု အဲဒီခရစ္စမတ်အကြိုညမှာ ဖြစ်ပွားခဲ့ပြီးနောက်
ကျွန်တော်တို့ အထီးကျန်မနေခဲ့တော့ဘူးဆိုတာကို ကျွန်တော်ရုတ်တရက် နားလည်ခဲ့ပါတယ်။ ဒီကနေ့မှာ မျှော်လင့်ချက်ဆိုတာကို ကျွန်တော်နားလည်ခဲ့တယ်။
ဘယ်လိုပတ်ဝန်းကျင်ပဲဖြစ်ဖြစ် ခရစ္စမတ်က အရောက်လာခဲ့နိုင်တယ်ဆိုတာကို ကျွန်တော်သင်ယူခဲ့ပါတယ်။ ခရစ္စမတ်က ကျွန်တော်တို့ရင်မှာ
အမြဲကိန်းအောင်းနေပါတယ်။ အဲဒီညမှာ ခရစ္စမတ်တကယ်ပဲ ကျွန်တော်တို့ရွာကို ရောက်လာခဲ့ပါတယ်။
မူရင်းရေးသားသူ --
P.E.Adotey Addo
(
http://www.purrmag.com/Purr21/night.htm
)
http://newhamg.myweb.hinet.net/13/page13-54.htm
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Lin Lin
unread,
Dec 3, 2012, 9:40:29 PM
12/3/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to pl...@googlegroups.com
Reply all
Reply to author
Forward
0 new messages