Lord Nay Min, the Great ကြီးမြတ်ခမ်းနားလှစွာသောသခင် မဟာ နေမင်း
unread,Nov 3, 2013, 4:32:33 AM11/3/13Sign in to reply to author
Sign in to forward
You do not have permission to delete messages in this group
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to aurorageneration, Diamond Heart, Haroon, lin maung (limit), Pao Wyne, Lynn Htet Swe, Min love, Moe Sweet, naing min, moetha...@gmail.com, kkogy...@gmail.com, Dim Dim, chit phu, လွမ်းနေသူ®, demon prince13, johnhtoia...@gmail.com, mg.khin...@gmail.com, soe naing, 4mg...@gmail.com, Seng Sawm, The Knight, moehinse...@gmail.com, mmfu...@googlegroups.com, myanmargtalkers, buddhism-myanmar, rebornmyanmar, rangoon-burma, paowyne, myanmarin...@googlegroups.com, myan...@googlegroups.com, soc.cult...@googlegroup.com
အစွယ်လိုသူ ခရိုနီ၊ စေခိုင်းသူ မင်းတရားကြီး၊ မြားပစ်သူ EPC... သေပေတော့ ပြည်သူတွေ
Written by မာန်သူရှိန်
ပြည်သူတွေရဲ့ နေရေးစားရေး ပိုကျပ်၊ အသေးစား အလတ်စားလုပ်ငန်းရှင်တွေ
ပိုအခက်တွေ့စေမယ့် အသိပေးချက်တစ်ခုကို အောက်တိုဘာ ၂၉ ရက်က
ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်က ဘာလဲ။ အဲဒီရဲ့နောက်ကွယ်မှာ
ဘာတွေရှိနေသလဲ။
အကန့်အသတ်နှင့်သာ မီးရနေသော၊ လျှပ်စစ်မီး အပြည့်အ၀ မရရှိသော
စက်မှုဇုန်များက ဇာတ်လမ်းစသည်ဟု ပြောလိုက်ချင်တော့သည်။
မီးမရတစ်ချက်၊ ရတစ်ချက် စက်မှုဇုန်များကို အစိုးရအနေဖြင့် အစိုးရဈေးဖြင့်
မီးမပေးဘဲ ပုဂ္ဂလိကအနေဖြင့်သာ ပေးရန်စီစဉ်ထားကြောင်း လျှပ်စစ်ဝန်ကြီးဌာနက
ပြောကြားခဲ့သည်။
အစွယ်လိုသူ ခရိုနီတို့ ပြုံးပြီ
စက်မှုဇုန်များ မီးအပြည့်အ၀မရ၊ အစိုးရကလည်း မပေး၊ ပုဂ္ဂလိကသို့
လုပ်ခွင့်ပြုမည့် သတင်းသည် အစွယ်လိုသူ ခရိုနီတို့အတွက် ငွေတွင်းအဖြစ်
မြင်စေမည့်သတင်း ဖြစ်သွားသည်။ အကြောင်းက ရှင်းသည်။ လျှပ်စစ်မီး
အမြောက်အမြားသုံးရပြီး မီတာခ ကျပ်ဘီလျံပေါင်းများစွာ ပေးဆောင်နေရမှုက
ခရိုနီတို့ကို သွားရည်ယိုစေသည်။
ချက်ချင်းပင် စက်မှုဇုန်များကို ပုဂ္ဂလိကအနေနဲ့ မီးပေးခွင့်ရဖို့
ခရိုနီကုမ္ပဏီများက ဇုန်တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေး
ကမ်းလှမ်းကြတော့သည်။ ကိုယ့်အတွက်လည်း အမြတ်အစွန်းကြီး၊ နိုင်ငံတကာ
စံချိန်လည်းမီသည့် (ရမည့်အတွက်ဆို နိုင်ငံတကာ ဈေးအမီ တက်တောင်းကြသည်)
တစ်ယူနစ် ကျပ် ၂၅၀ လောက်အထိဖြင့် ကမ်းလှမ်းခဲ့ကြသည်။ စက်မှုဇုန်ဆိုသည်မှာ
လျှပ်စစ်မီး ပေးခွင့်ရှိသူတို့အတွက် ငွေတွင်းကြီး ဖြစ်နေရာ တစ်ယူနစ် ကျပ်
၂၅၀သာ ရလိုက်လျင်ပြီးပြီဟု တွက်ထားပုံရသည်။
ခရိုနီတို့ ခေတ္တ အကျပ်ရိုက်ခြင်း
သို့သော် စက်မှုဇုန်များက ယနေ့အထိ လုံးဝ လက်မခံပေ။ အစိုးရဈေးဖြင့်
အစိုးရမီး ရရှိရန်အတွက် စက်မှုဇုန်များက ထရန်စဖော်မာဖိုးမှအစ
မီးကြိုးအဆုံး အစစအရာရာအတွက် ကျပ်သိန်းပေါင်းများစွာ
အကုန်အကျခံထားကြပြီးဖြစ်ရာ ခရိုနီများပေးသည့် ဈေးဖြင့်
လုပ်ကိုင်လိုခြင်းမရှိသည်က အဓိကအချက် ဖြစ်နေသည်။
ခရိုနီများတောင်းသည့် တစ်ယူနစ် ကျပ် ၂၅၀ ဆိုသည်မှာ စက်မှုဇုန်များ၏ လက်ရှိ
အနေအထားပေါ်တွက်ကာ ရနိုင်သမျှ ဆွဲတင်တောင်းထားကြခြင်းလည်း ဖြစ်သည်။
မီးအပြည့်မရသည့်အတွက် စက်မှုဇုန်များ မီးစက်ဖြင့် လည်ပတ်သည့်အခါတွင်
တစ်ယူနစ် ကျပ် ၃၀၀ မှ ကျပ် ၃၅၀ အထိ ကုန်ကျနေမှုအပေါ် ခရိုနီတို့က
အကွက်မြင်ကာ ထပ်နင်းလိုက်ခြင်းဖြစ်သည်။
စေခိုင်းသူ မင်းတရားကြီးနဲ့ မြားပစ်သူ EPC ဖြစ်နေမလား
ခရိုနီဟူသည် မင်းပေါက်စိုးပေါက် အိမ်တော်ပေါက်တွေ ဖြစ်လေတော့ ခရိုနီတို့၏
ခေတ္တအကျပ်ရိုက်နေမှုသည် မင်းတရားကြီးများ (လုပ်ပိုင်ခွင့်အာဏာ
အပ်နှင်းခြင်း ခံထားရသူများ) ရွှေနားတော်သို့ ရောက်ကာ
စေခိုင်းလိုက်လေသည်လား မသိပါ။
တည့်တည့်ဆိုရသော် မီးမှန်မှန်မရတဲ့ စက်မှုဇုန်တွေကို ခရိုနီတွေက ကျပ်
၂၅၀-ကျပ် ၃၀၀ နဲ့ ဓာတ်အားရောင်းနိုင်အောင် ကျပ် ၁၅၀ အထိ ဈေးဆွဲတင်ပြီး
ဝင်ခုပေးလိုက်သလားလို့
မေးခွန်းထုတ်ရမလိုပင် . . .
အောက်တိုဘာ ၂၉ ရက်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့်
ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ်
နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စ၍ ဓာတ်အားခနှုန်းထားများ
ပြင်ဆင်သတ်မှတ်လိုက်သည်ဆိုကာ မတိုးမီ နှစ်ရက်အလိုကပ်၍ ပြည်သူသို့
အသိပေးလိုက်သည်။
အများပြည်သူသုံးအတွက် ယခင်ကထက် ၄၂ ရာခိုင်နှုန်း၊ စီးပွားရေးသုံးအတွက်
ယခင်ကထက် နှစ်ဆ တိုးမြှင့်လိုက်သည့် သတင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။
မင်းတရားများစကား ရှေ့နောက်မညီတာလား ခရိုနီတို့ဘက် ယိမ်းတာလား
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှပ်စစ်ဝန်ကြီးဌာနမှ
တာဝန်ရှိသူများကိုယ်တိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးစရိတ်နှင့်
ပြန်ရသည့် ဓာတ်အားခ မကာမိ၍ ကိုက်ညီစေရန်အတွက်၊ အရှုံးမပေါ်စေရန်အတွက်
မီတာခများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစကာ နှစ်ဆတက်မည်ဟု
အသိပေးခဲ့သည်။
အိမ်သုံး တစ်ယူနစ် ၂၅ ကျပ်မှ ကျပ် ၅၀၊ လုပ်ငန်းသုံး တစ်ယူနစ် ကျပ် ၅၀ မှ
ကျပ် ၁၀၀ သို့ တိုးမြှင့်မည်ဖြစ်ပြီး ၀န်ကြီးဌာနကိုယ်တိုင်
တွက်ချက်ပြထားသည့် ဈေးဖြစ်သည်။
သို့သော် တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းအခြေအနေ၊ အများပြည်သူ၏
ဝင်ငွေအရပ်ရပ်တို့ကို ပြန်လည်တွက်ချက်ပြီး အိမ်သုံးအား တစ်ယူနစ် ၃၅ ကျပ်၊
စီးပွားရေးလုပ်ငန်းများအား ၇၅ ကျပ်အထိသာ တိုးမြှင့်ခဲ့သည်။
ယခု အိမ်သုံးအား ကျပ် ၅၀ ဟုဆိုသည့်အတွက် ရှေ့စကားနောက်စကား ညီသော်လည်း
အများပြည်သူကို ပြန်လည် ၀န်ပိစေမည့် စီးပွားရေးလုပ်ငန်းများအပေါ်တွင်မူ
ကျပ် ၁၅၀ အထိ ခုန်တိုးလိုက်ခြင်းမှာမူ မည်သည့်အတွက်ကြောင့်လည်း
စဉ်းစားစရာ ဖြစ်နေသည်။
မကိုက်လျင် တိုးရမည်။ သို့သော် ရှေ့စကား နောက်စကားညီစေရန် စီးပွားရေး
လုပ်ငန်းသုံးအား ကျပ် ၁၀၀ အထိ တိုးမည်ဆိုက လက်ခံစရာရှိသည်။
ယခင် မီတာခများ တိုးမြှင့်စဉ်က ပြည်သူလူထုအား အသေးစိတ် တွက်ချက်ပြခြင်း၊
တစ်လနီးပါး ကြိုတင် အသိပေးခြင်းများ ပြုလုပ်ပြီးမှ
တိုးမြှင့်ခြင်းဖြစ်သည်။
ယခုတွင်မူ ဆိုင်းမဆင့်ဗုံမဆင့် နှစ်ရက်အလိုမှ ကပ်၍အသိပေးကာ
ထုတ်ပြန်လိုက်ခြင်းမှာလည်း ယခင်လုပ်နည်းလုပ်ဟန်များဖြင့် ကွဲလွဲနေရာ
သတင်းထွက်လာသည့်အတိုင်း ခရိုနီများဘက် ယိမ်းသလားဟုပင် ထင်စရာဖြစ်လာသည်။
ခရိုနီတို့ ပျော်လေပြီ
တစ်ဖက်မှ စဉ်းစားလျင် ယခု EPC ၏ ထုတ်ပြန်ချက်သည် ခရိုနီတို့ ပျော်စေမည့်
ထုတ်ပြန်ချက်လိုပင် ဖြစ်နေသည်။ ရှင်းရသော် အစိုးရက တစ်ယူနစ် ၇၅ ကျပ်ဖြင့်
ဆက်ကောက်လျင် ခရိုနီတို့ စက်မှုဇုန်များဖြင့် ဆက်ညှိနှိုင်း၍ ရမည်မဟုတ်ပေ။
ယခင် တရားဝင် တိုးမြှင့်ရန် အသေးစိတ်တွက်ချက် ထုတ်ပြန်ထားသည့် ကျပ် ၁၀၀
အထိ တိုးမြှင့်သည့်တိုင် စက်မှုဇုန်များက အစိုးရ လျှပ်စစ်မီးဖြင့်သာ
ထုတ်လုပ်ကြဦးမည်ဖြစ်သည့်အတွက် ခရိုနီတို့ အနားကပ်၍ ရဦးမည် မဟုတ်သေးပေ။
တစ်ယူနစ် ကျပ် ၁၅၀ သို့ တိုးမြှင့်လိုက်သည့်အခါတွင်မူ ခရိုနီတို့ လက်ဝယ်
စက်မှုဇုန် လျှပ်စစ်မီးဖြန့်ဖြူးခွင့်ကြီး ရနိုင်စရာ လမ်းစကြီး
ပေါ်လာပြီဖြစ်သည်။
မီးစက်သုံးရသည့်အခါတွင် တစ်ယူနစ် ကျပ် ၃၀၀ မှ ကျပ် ၃၅၀ အထိ
ကုန်ကျမည်ဖြစ်ပြီး မရတစ်ချက်ရတစ်ချက် အစိုးရမီးကိုသုံးလျင် ကျပ် ၁၅၀
ပေးရမည်ဖြစ်သည်။ သို့သော် မီတာခတိုးမြှင့်ရာတွင်
သတိချပ်သင့်သည့်စကားဖြင့် ထုတ်ပြန်လာသည်ကို တွေ့ရပြီး ၎င်းမှာ
မီးအပြည့်အ၀ပေးမည်ဟု အာမမခံနိုင်ဟု ပြော၍ တိုးလိုက်ခြင်းဖြစ်သည်။
စက်မှုဇုန်များကို အစိုးရအနေဖြင့် မီးမပေးဘဲ ပုဂ္ဂလိကလွှဲရန် လေသံပစ်ထား၍
ရှေ့ဆက်မီးရရှိရန် မသေချာမှု၊ ယခုအစိုးရမှ တိုးလိုက်သည့် ဈေးမှာလည်း
ပုဂ္ဂလိကမှ လိုချင်နေသည့် ကျပ် ၂၀၀-၂၅၀
ဈေးများနှင့် မကွာမှု၊ ကိုယ်တိုင် မီးစက်မောင်းသုံးရလျင် ကျပ် ၃၀၀ မှ
ကျပ် ၃၅၀ အထိ ကုန်ကျနိုင်မှုများအရ စက်မှုလုပ်ငန်းရှင်များအားလုံး မဖြစ်မနေ
ဦးတည်ရမည်က ပုဂ္ဂလိက မီးပေးလိုသူ အစွယ်လိုသူ ခရိုနီများဖြင့်
ဈေးဆက်ညှိကာ လုပ်ကိုင်ခွင့်ပေးလိုက်ရန်သာ ရှိတော့ရာ အစွယ်လိုသူများ
ပျော်ကြလေပြီဟုပင် ပြောရတော့မည်ဖြစ်သည်။ တည့်တည့်ဆိုရသော်
မီးမှန်မှန်မရသည့် စက်မှုဇုန်တွေကို ခရိုနီတွေက ကျပ် ၂၅၀ - ကျပ် ၃၀၀ နှင့်
ဓာတ်အားရောင်းနိုင်အောင် ကျပ် ၁၅၀ အထိဈေးဆွဲတင်ပြီး
ဝင်ခုပေးလိုက်သလားလို့ မေးခွန်းထုတ်ရမလိုပင် ဖြစ်နေသည်။
သေပေတော့ ပြည်သူတွေ
အများပြည်သူသုံးအတွက် ကျပ် ၅၀ သို့ ဓာတ်အားခတိုးမြှင့်လိုက်ခြင်းသည် ယေ
ဘုယျအားဖြင့် လက်ခံနိုင်စရာဖြစ်သည်။(လက်ရှိ ပြည်သူ့မျက်နှာကြည့်လျင်မူ
အချိန်မတန်သေး)။
စီးပွားရေးလုပ်ငန်းသုံးများကို တိုးမြှင့်ရမည့် ကျပ် ၁၀၀ အစား ကျပ် ၁၅၀
အထိ တိုးလိုက်ခြင်းက စီးပွားရေးလုပ်ငန်းရှင်အပေါ်သာ ကျမည်ဟု စဉ်းစား၍
တိုးလိုက်ခြင်းဆိုလျင် လွန်စွာ လွဲမှားသည်ဟု ပြောရမည်။
စီးပွားရေးလုပ်ငန်းရှင်က အဆိုပါ မီတာခကို ၀င်ထမ်းမည်မဟုတ်ပေ။
ထုတ်ကုန်နှင့် လုပ်အားခ အပါအ၀င် ကုန်ထုတ်လုပ်စရိတ် ကာမိမည့်
နည်းလမ်းကိုသာ ရွေးချယ်မည်ဖြစ်ရာ အခြေခံလုပ်သားများကို
ပုံမှန်တိုးပေးနေသည့် လုပ်အားခများ ရပ်သွားနိုင်ပြီး စိုက်ပျိုးမွေးမြူ
တောင်သူများထံမှ ကုန်ကြမ်းဝယ်ယူရာတွင်လည်း ဈေးလျော့ဝယ်မည်သာဖြစ်ရာ
စီးပွားရေးလုပ်ငန်းများသို့ တိုးလိုက်သည့် မီတာခကို အများပြည်သူကသာ
ဝင်ထမ်းပေးရမည်ဖြစ်သည်။
အများပြည်သူသုံးအတွက် တိုးလိုက်သည့် တစ်ယူနစ် ကျပ် ၅၀ ကိုလည်း
ပြည်သူသာခံ၊ စီးပွားရေးလုပ်ငန်းများသို့ တိုး လိုက်သည့် ကျပ် ၁၅၀ ကိုလည်း
ပြည်သူသာခံခြင်းဖြင့် အစွယ်လိုသူ၊ စေခိုင်းသူ၊ မြားပစ်သူ
ဇာတ်ပေါင်းထုပ်လျှင် သေရမည်မှာ ပြည်သူသာဖြစ်တော့မည်။
ပြည်သူတွေရဲ့ ပစ္စက္ခ
အောက်တိုဘာ ၂၉ ရက်။ လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ
တိုင်ကွန်အထည်ချုပ်စက်ရုံ အလုပ်သမားများ လစာကျပ် တစ်သောင်းခွဲတိုးရဖို့
(တစ်ရက် ကျပ် ၅၀၀ လုပ် အားခ တိုးရဖို့)၊ တစ်ရက် အလုပ်ပျက် ကျပ် ၅၀၀၀
ဖြတ်နေတာကို ကျပ် ၃၀၀၀ ပဲ ဖြတ်ဖို့၊ နေမကောင်းလို့ ခွင့်ယူရင် ဆုကြေးလေး
မဖြတ်ဖို့အတွက် အလုပ်သမား ၈၀၀ မှ ဆန္ဒပြ တောင်းဆိုနေရသည်။ တစ်လ
ကျပ်တစ်သောင်းခွဲ ပိုရဖို့ရန် နိုဝင်ဘာ ၂၆ ရက်မှစကာ လေးရက်ကြာသည်အထိ
ဆန္ဒပြနေကြခြင်းဖြစ်သည်။ဆန္ဒပြနေသည်ဟု ဆိုသော်လည်း ၎င်းတို့
ဒုက္ခခံတောင်းဆိုနေသည့် ကျပ်တစ်သောင်းခွဲ ရမည် မရမည်က မရေရာ မသေချာသေး။
ဆိုလိုချင်သည်က ယခုအချိန်အထိ အများပြည်သူမှာ နေမှုစားမှုစရိတ်ဖြင့်
ကိုက်ညီသည့် ၀င်ငွေ မရရှိသေးခြင်းကို ပြဆိုလိုခြင်း ဖြစ်သည်။စီးပွားရေး
လုပ်ငန်းများတွင်လည်း အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ယခု အချိန်အထိ
ရပ်တည်နိုင်ရန် အနိုင်နိုင် ကြိုးပမ်းနေရဆဲဖြစ်ပြီး အစိုးရအနေဖြင့်
အချိန်ပေး ထောက်ပံ့ရမည့် အနေအထားအဖြစ် ရှိနေဆဲဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် မီတာခ တက်လိုက်ခြင်းမှာ လှိုင်သာယာတွင်
လစာကျပ်တစ်သောင်းခွဲတိုးရရေး ဆန္ဒပြနေရသော လုပ်သားများကဲ့သို့ ၀င်ငွေနည်း
ပြည်သူများ၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်သည်ဟုပင် ပြောရမလို ဖြစ်နေသည်။
လွှတ်တော်ကို မေးလိုက်ချင်ပါသည်
အများပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ယခု မီတာခ
တိုးမြှင့်ခြင်းမျိုးသည် လွှတ်တော်သို့တင်ကာ အဆုံးအဖြတ်ရယူ
အချေအတင်ဆွေးနွေးပြီး ပြည်သူကိုချပြပြီးမှ ဆုံးဖြတ်ကာ ထုတ်ပြန်သင့်သည်။
ပုဂ္ဂလိကသို့ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့် ပေးမည်ဆိုပါကလည်း
စံသတ်မှတ်ထားသည့်ဈေးနှုန်း၊ အချက်အလက်များပါသည့် ဥပဒေတစ်ရပ်ကို
အတည်ပြုပြီးမှ ချထားပေးရမည်ဖြစ်သည်။
ယခု လွှတ်တော်မှပင် မသိလိုက်ဘဲ အများပြည်သူသို့ ပြင်ဆင်ချိန်ရရှိစေရန်
အချိန်လုံလောက်စွာ ကြိုတင်အသိပေးမှုမရှိဘဲ ထုတ်ပြန်ခြင်း၊ သီးသန့်
ဥပဒေတစ်ရပ် မရှိသေးဘဲ ပုဂ္ဂလိကသို့ ဈေးအမျိုးမျိုးဖြင့်
လုပ်ကိုင်ခွင့်ပြုနေခြင်း၊ အများပြည်သူအနေဖြင့် နေမှုစားမှု စရိတ်များ
ထပ်မံမြင့်တက်မည့် အခြေအနေ ဆိုက်ရောက်နေခြင်းမျိုးကို မည်သို့များ
ဖြေရှင်းကြမလဲ။ ဖြေရှင်းရန်မရှိဘဲ ယခုအတိုင်း ပြီးသွားမလား။
လွှတ်တော်နှင့် မဆိုင်တော့ဘူးလား ဆိုသည်ကို လွှတ်တော်အမတ်များ အားလုံးထံ
မေးခွန်းထုတ်လိုက်ချင်ပါသည်။
ပြည်သူ့အတွက် တပ်မတော်ဟုဆိုသော တပ်မတော်မှ ၂၅ ရာခိုင်နှုန်းသော
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရော အများပြည်သူအတွက် မေးမြန်းပေးရန်
ရှိမရှိ ပြည်သူတို့ကိုယ်စား ထပ်၍ မေးခွန်းထုတ်လိုက်ချင်ပါသည်။
အရေးကြီး အဆိုအဖြစ် ခဏခဏတင်ခဲ့ကြဖူးရာ ယခု လျှပ်စစ်မီတာခတိုးမြှင့်ခြင်း၊
ပုဂ္ဂလိကလက်ဝယ်သို့ ပွင့်လင်းမြင်သာမှု မရှိသည့်ဈေးများဖြင့်
လုပ်ခွင့်ပေးနေခြင်းများသည် အရေးကြီးအဆိုအဖြစ် တင်၍ ရ-မရကိုလည်း
နောက်ဆုံး မေးလိုက်ချင်ပါသေးသည်။
နိုင်ငံတော်သမ္မတကြီးကိုလည်း မေးချင်ပါသည်။ သမ္မတကြီးရဲ့လက်ထက်အတွင်း
မြန်မာနိုင်ငံတွင် မည်သူတွေ ပိုမိုချမ်းသာသွားပြီး မည်သူတွေ
ပိုမိုဆင်းရဲသွားပါသလဲ . . . ။
အစိုးရကိုလည်း မေးလိုက်ချင်တယ်
၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင်ကတည်းက
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများသို့
လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို စာချုပ်ချုပ်ဆို
လုပ်ကိုင်ခွင့်ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အထိ ပေးရန်
စီစဉ်ခဲ့သည်။
ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးရာတွင်လည်း မြန်မာနိုင်ငံတွင်
လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏
အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊
ဆန်စပါးလုပ်ငန်းဖြင့် အကျိုးအမြတ်ရရှိနေသည့် ဦးချစ်ခိုင်၏
ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၊
လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါက်တာ ကိုကိုကြီး၏
Capital Development Ltd၊ ကျောက်မျက်တွင်းထွက်လုပ်ငန်းဖြင့် ကြွယ်ဝလာသည့်
Ruby Dragon ကုမ္ပဏီ အပါအ၀င် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀
ကျော်ထဲမှ ရယူထားခဲ့ကြသည်။
အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) ဆိုပါက
ကုမ္ပဏီတစ်ခုတည်းဖြင့် ပဲခူးတိုင်းဒေသကြီးအရှေ့ရှိ မြို့ နယ်ပေါင်း ၂၇
မြို့နယ်ကို တစ်ဦးတည်း ဖြန့်ဖြူးခွင့် ရရှိသွားခဲ့သည်။
အေးရှားဝေါလ်ကုမ္ပဏီ (ရွှေစွမ်းအင် ကုမ္ပဏီ) က BOT စနစ်ဖြင့် တည်ဆောက်
လုပ်ကိုင်ခွင့်ရရှိသွားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းမှ
ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ
ပြန်လည်ဝယ်ယူရာတွင် တစ်ယူနစ်လျင် ကျပ် ၇၀ အထိ ပေးရမည်ဖြစ်ပြီး
ထိုသို့ပေးရန်အတွက်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ
သဘောတူစာချုပ်ခဲ့သည့်အတွက် တစ်နှစ်လျင် ကျပ်ဘီလျံ ၃၀ ကျော်အထိ
အများပြည်သူဘဏ္ဍာထဲမှ အေးရှားဝေါလ်ကုမ္ပဏီသို့ ပေးချေရတော့မည်ဖြစ်သည်။
သောက်ရေခပ် (၂) အား BOT စနစ်ဖြင့် ပုဂ္ဂလိကသို့
စိုက်ထုတ်လုပ်ကိုင်ခွင့်ပြုသည် ဆိုသော်လည်း မြန်မာနိုင်ငံအပေါ် တရုတ်မှ
ထုတ်ချေးသည့် ချေးငွေထဲမှ အမေရိကန်ဒေါ်လာ ၇၂ သန်းကျော်ကိုပင် ထည့်သွင်း
အသုံးပြုခဲ့သေးသည်။
သမ္မတကြီးလက်ထက် အစွမ်းအရှိဆုံး၊ ပါလေရာ အခွင့်အရေးရသူ ပြည်ထောင်စုဝန်ကြီး
ဦးစိုးသိန်းနှင့် ရင်းနှီးသူ ရွှေတောင်ကုမ္ပဏီသည်လည်း ဘီလူးချောင်း (၃)
စီမံကိန်းကို လုပ်ဆောင်ခွင့်ရထားပြီး အောက်တိုဘာလကုန်တွင်
ပြီးစီးတော့မည်ဖြစ်သည်။
ဘီလူးချောင်း (၃) စီမံကိန်းအား တည်ဆောက်ရာတွင် မြန်မာနိုင်ငံအပေါ် တရုတ်က
ထုတ်ချေးသော ချေးငွေထဲမှ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော်ကို ထည့်သွင်း
အသုံးပြုခွင့်ကိုပါ ပေးလိုက်သေးသည်။
လုပ်ကိုင်ခွင့်ရရှိပါက အကျိုးအမြတ်များစွာ ရနိုင်သည့်
လှိုင်သာယာစက်မှုဇုန်အား မီးပေးခွင့်ကိုလည်း ရွှေတောင်ကုမ္ပဏီလား ဘာလားဟု
အသံထွက်နေသေးသည်။
မြို့နယ်ပေါင်း ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်အား
လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်ပေးခဲ့ခြင်း၊ ချပေးရာတွင်
ဈေးနှုန်းအမျိုးမျိုးဖြင့် စာချုပ်ချုပ်ဆို ချထားပေးခြင်း၊ ရရှိသွားသည့်
ကုမ္ပဏီများထဲတွင်လည်း အစိုးရတာဝန်ရှိသူများနှင့် နီးစပ်သည့် လုပ်
ငန်းရှင်များသာ အများဆုံးရရှိသွားခြင်း၊ ထိုသို့ ပုဂ္ဂလိက
လွှဲပြောင်းပြီးမှ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်လိုက်ခြင်း၊
တိုးမြှင့်မှုအပေါ် အများပြည်သူ ပြင်ဆင်ခွင့်ရစေရန် အချိန်လုံလောက်စွာ
မပေးဘဲ နှစ်ရက်အလို၌ ထုတ်ပြန်ခြင်း၊ ကျပ် ၁၀၀ အထိသာ တိုးရမည့်
စီးပွားရေးလုပ်ငန်းသုံး မီတာခကို ကျပ် ၁၅၀ အထိ တိုးလိုက်ခြင်းများသည်
မည်သည့်အတွက်ကြောင့်ပါလဲဟု တာဝန်ရှိသူများကို မေးခွန်းထုတ်ချင်မိပါသည်။
နိုင်ငံတော်သမ္မတကြီးကိုလည်း မေးချင်ပါသည်။ သမ္မတကြီးရဲ့လက်ထက်အတွင်း
မြန်မာနိုင်ငံတွင် မည်သူတွေ ပိုမိုချမ်းသာသွားပြီး မည်သူတွေ
ပိုမိုဆင်းရဲသွားပါသလဲ . . .။
မတတ်နိုင်ပါ...ပြည်သူသန်းပေါင်းများစွာကိုယ်စား ကြားသိရသမျှ မေးသင့်၍
မေးမြန်းလိုက်ပါပြီ။ တရားစွဲဆိုမည်ဆိုလျင်လည်း သမ္မတကြီးနှင့် ငပုတော
တစ်နယ်တည်းသား ကျွန်တော် မာန်သူရှိန် အနေဖြင့် ရင်ဆိုင်ရမည်သာဖြစ်သည်။
သမ္မတကြီး ... အမှန်တွေ မြင်နိုင်ကြားနိုင် ပြင်နိုင်ပါစေ ။ ။