1. ဝဲနှင်းခူ အစို သက်သာပျောက်ကင်းစေသော ဆေးနည်း 2. သွေးတိုးအတွက် ဆေးတစ်လက် 3. ဒူလာရောဂါနှင့် အဆီများ အဝလွန်ရောဂါ ကုထုံး 4. ဆေးစွမ်းထက်စေသည့် ဂါထာတော် 5. ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက် 6. မြစ်ပွားနာ နှင့် ဝမ်းတွင်း အဖုအကျိတ် ဖြစ်

232 views
Skip to first unread message

လွမ်းနေသူ®

unread,
Feb 16, 2012, 9:07:58 AM2/16/12
to Newgeneration, paowyne
  1. ဝဲနှင်းခူ အစို သက်သာပျောက်ကင်းစေသော ဆေးနည်း

  2. သွေးတိုးအတွက် ဆေးတစ်လက်

  3. ဒူလာရောဂါနှင့် အဆီများ အဝလွန်ရောဂါ ကုထုံး

  4. ဆေးစွမ်းထက်စေသည့် ဂါထာတော်

  5. ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်

  6. မြစ်ပွားနာ နှင့် ဝမ်းတွင်း အဖုအကျိတ် ဖြစ်နေသူများ သက်သာပျောက်ကင်းစေသော တောပိစပ်ရွက်

  7. အန္တရာယ်ကင်းအောင် စားသောက်နည်းများ

  8. ဆီးရောဂါအတွက် ဆေးတလက်

  9. နှလုံးသွေးကြောကျယ် ရောဂါ နှင့် စံကားစိမ်းပွင့် လက်တစ်ဆုပ်

  10. မျက်စိနာအတွက် ဆေးနည်းတလက်

  11. တီဘီရောဂါအတွက် ဆေးတလက်

  12. သွေးတိုးသွေးတက်ရောဂါ သိကောင်းစရာများနှင့် ကုထုံး


ဝဲနှင်းခူ အစို သက်သာပျောက်ကင်းစေသော ဆေးနည်း


ကျွန်တော် ပညာလှူပါမည်။ ကျွန်တော်လှူမည့် ပညာသည် ဝဲနှင်းခူအစို သက်သာပျောက်ကင်းစေသော ဆေးနည်းပင် ဖြစ်ပါသည်။ ဤဆေးသည် ဟင်းသီးဟင်းရွက် ဖြစ်ပါသည်။ လူသားများ၏ ခြေသလုံးတွင် ပေါက်တတ်သော ဝဲနှင်းခူအစိုကို ရွှေဖရုံရွက် မီးရှို့ပြာချပြီး ၄င်းပြာကို အုန်းဆီနှင့် ဖျော်စပ်၍ လူးလိမ်းပေးခြင်းပင် ဖြစ်ပါသည်။ 

ဆေးကုဆေးလိမ်းခ မယူဘဲ ကုသခဲ့ခြင်းကြောင့် ရောဂါသက်သာပျောက်ကင်းကြသူ မနည်းတော့ပါ။
ဤစာပိုဒ်ကို ဖတ်ရှုမိသူမှတဆင့် ဝဲနှင်းခူရှိသူအား နည်းစနစ်တဆင့် ပြောပြစေလိုပါသည်။ 
ဤဆေးနည်းဖြင့် ကျွန်တော်၏ ခြေထောက်မှ ဝဲနှင်းခူ အစိုအား ကုသပေးသူ အဒေါ်အား အမြဲကန်တော့ပါသည်။
သူ၏နာမည်ကို မသိလိုက်ရတော့ပါ။

အားလုံး ကျန်းမာရွှင်လန်းပါစေ
AI ဆရာရွှေ (စစ်ပြန်)

သွေးတိုးအတွက် ဆေးတစ်လက်


သင်္ဘောဖို အပင်လတ် (၃)ပင်အား ပဉ္စငါးပါး နုပ်နုပ်စဉ်း၊
နေလှန်း၊
ခြောက်သည့်အခါ မီးရှို့၊ ပြာချ၊ 
၎င်းပြာအား ရေအေးနှင့် ဖျော်၊ 
တစ်ညသိပ်ပြီး ၂၄-နာရီပြည့်ချိန်တွင် အပေါ်ရေကြည်အား ဒယ်ပိုင်းတွင် ထည့်၍ မီးဖိုပေါ်မှာကျိုပါ၊
တစ်နာရီကျော်ကျော်တွင် ရေများ ခန်းခြောက်ပြီး ဖြူဖြူအမှုန့်များ ကျန်ခဲ့ပေလိမ့်မည်။
ထိုဖြူဖြူ အမှုန့်များကို လေလုံသောဘူး (သို့) ဖန်ပုလင်းတွင် ထည့်၍ သိမ်းပါ။
နံနက် အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးချိန် ဘာအစားမှ မစားရသေးသည့်အချိန်တွင် ရေနွေးပုဂံတစ်လုံးတွင် ငရုတ်ကောင်း (၅)စေ့ခန့် ဆေးမှုန့်ကို ထည့်ပါ။ 
သံပုရာသီးတစ်ခြမ်း အရည်ညှစ်ထည့်၍ ဆေးမှုန့်အမြှုပ်များ သေစေရန် လက်ခလယ်နှင့် မွှေပါ။
အမြှုပ်သေသည့်အချိန် သောက်ပါ။


မှတ်ချက်။ ။အစာအိမ်နာ ရောဂါ ရှိသူများ အစာမရှိဘဲ ၄င်းရုက္ခမူဆားကို မသောက်သင့်ပါ။

မြင့်ဝေ(ရွှေတောင်)
(နက္ခတ္တ ၂၀၀၆-၃)

ဒူလာရောဂါနှင့် အဆီများ အဝလွန်ရောဂါ ကုထုံး


သဗ္ဗရောဂမူလံ အ,ဇိဏ္ဏံ---
အနာရောဂါအပေါင်းတို့ ဖြစ်ပေါ်စွဲကပ်ရခြင်းဟာ အစာကြေချက်မှု မမှန်ကန်ခြင်းကြောင့် အစာအိမ်ကို အခြေခံပြီး ရောဂါဖြစ်ပေါ်လာရသလို ကံ၊ စိတ်၊ ဥတု၊ အာဟာရ သမုဋ္ဌာန်လေးပါး ညီညွတ်မျှတအောင် နေထိုင်မှုမရှိရင်လည်း ရောဂါ ရတတ်ကြပါသည်။


အဲဒီအကြောင်းအချက်တွေကို အခြေခံပြီး အမျိုးသားများ ဖြစ်တတ်တဲ့ ဒူလာရောဂါအကြောင်းနဲ့ ကျား/မ မရွေး ဖြစ်တတ်တဲ့ အဆီများ အဝလွန်ရောဂါ အကြောင်းတွေကို ဆွေးနွေးဖို့ တောင်ဥက္ကလာမြို့နယ်
ရောက်တဲ့အခါ ဆရာ ဦးကျော်လှိုင်ဦး-နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဆရာ ဦးကျော်လှိုင်ဦးဟာ ဆင်ဖြူကျွန်း ကျော်လှိုင်ဦး အမည်နဲ့ စာပေရေးသားနေတဲ့ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။

ဆရာ ဦးကျော်လှိုင်ဦးဟာ ဟင်္သာတမြို့က ဆရာကြီး ဦးထွေး၊ ဆရာကြီး ဦးကျော်သန်း၊ ဦးတင်မြ တို့ရဲ့ တပည့်တစ်ဦးဖြစ်ပြီး ဇလွန်မြို့နယ် တစ်ဖက်ကမ်း အေးရွာကျောင်းကြီးကျောင်း ဆရာတော် ဦးသာဂိန္ဒ-ထံမှ တိုင်းရင်းဆေးပညာ (၃)ဘာသာကို စာတွေ့ လက်တွေ့ သင်ကြားတတ်မြောက်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

ဆရာ ဦးကျော်လှိုင်ဦးက အသက် ၆၀-နှစ်ရှိပြီး ဆေးကုသက် ၃၆-နှစ်ရှိနေပြီ ဖြစ်ပါတယ်။ ဆရာ ဦးကျော်လှိုင်ဦးနဲ့ တွေ့ဆုံဆွေးနွေး မေးမြန်းခဲ့သမျှ ပြန်လည်တင်ပြလိုက်ပါတယ်။ 

(မေး) ဒူလာ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို ပြောပြပေးပါ ဆရာ။
(ဖြေ) ဒူလာဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ စာရကသံဟိတာအဉ္စန နိဒါန်းနဲ့ မြန်မာ့လက်တွေ့ ကုထုံးကျမ်းကြီးတွေမှာ မွန်ဘာသာ တွန်လာ-ဆိုတဲ့စကားက ကာလ ရွေ့လျားလာပြီး ဒူလာလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ 
အဓိပ္ပါယ်ကတော့-ရှေးဦးပင်ကို ဓမ္မတာရောဂါ ဖြစ်ပါတယ်။ 


တိုင်းရင်းဆေးလောကမှာ အများပြောနေကြတဲ့ “ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး”ဆိုတဲ့ စကားရပ်အတိုင်း ဒူလာရောဂါ မှန်သမျှ ဆီးနဲ့ပတ်သက်နေပါတယ်။
ထုံကျဉ်၊ ကိုက်ခဲ၊ ညောင်းကိုက် ရောဂါဟာ ခြေဖဝါးက အထက်ကို တက်ပြီး ဖြစ်တာကြောင့် “ဒူလာပါဒရက် ခြေကတက်” ဆိုတဲ့ ဆိုရိုးရှိပါတယ်။ အချို့က “ဝါတ”ခေါ်တဲ့ လေနဲ့ “ရတ္တ”သွေးတို့ ဖောက်ပြန်ပြီး အညောင်းအကိုက်ရောဂါ ထုံကျဉ်ရောဂါဖြစ်လာတာကြောင့် “ဝါတရက်”ဝေါဟာရက ရွေ့လျားပြောင်းလဲပြီး ပါဒရက်လို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။
အဲဒီအကြောင်းအချက်တွေဟာ ဒူလာရောဂါ ဝေါဟာရနဲ့ နိဒါန်း အကြောင်းအချက်တွေပဲ ဖြစ်ပါတယ်။
*****
(မေး) ဆီးဒူလာ၊ သွေးဒူလာ ဆိုတဲ့ အကြောင်းအချက်တွေကို ဆက်ပြီး ပြောပြပေးပါဦး။
(ဖြေ) ဆီးဒူလာ၊ သွေးဒူလာ ဆိုတဲ့ အကြောင်းအချက်တွေကို ပြောပြရရင် လူရဲ့ခန္ဓာကိုယ်သန္တာန်မှာ တေဇောဓာတ်မီးများဖြစ်တဲ့ ဥသ္မာ မီး၊ ပါစက မီး၊ သန္တပ္ပ မီး၊ ဒါဟ မီး၊ ဇီရဏ မီး ဆိုပြီး တေဇောဓာတ်မီး (၅)မျိုးရှိတဲ့အနက် ဥသ္မာ-ခေါ် ပကတိကိုယ်ငွေ့ထက် လွန်ကဲတဲ့ အပူရောဂါအမျိုးမျိုး
ဖြစ်ပေါ်လာပါတယ်။ 


သန္တပ္ပန မီးဟာ ပူတဲ့ ဥဏှမီး ဖြစ်တဲ့အတွက် တစ်ခါတစ်ရံ ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ဒေသကို စွဲလောင်ပြီး တစ်ခါတစ်ရံ တစ်ကိုယ်လုံး စွဲလောင်တတ်ပါတယ်။
လူတို့ရဲ့ ခန္ဓာကိုယ် (၃၂)ပါးသော ကောဋ္ဌာသတို့ထဲက ပထဝီဓာတ်ခြင်းရာ (၂၀)မှာ မပါတဲ့ ကျောက်ကပ်ဟာ နံရိုးအောက်အထက် ရှည်ပေါက်တဲ့ ကျောကုန်းရိုး အဆစ်အတွင်း ကျောကုန်းရိုးကို တစ်ဖက်(၂)ချက် ညှပ်ပြီး သွေးကြောပြွန်တံနဲ့ တွဲဆက်နေပါတယ်။ 


ဒီသွေးကြောဟာ ကျင်ငယ်အိမ်ကို စိုစွတ်စေပြီး အနည်းငယ် စိမ့်ဝင်တဲ့အတွက် ကျင်ငယ်ရည်နဲ့ ရောနှောပြီး အဲဒီကျင်ငယ်ရည်ဟာ ခပ်ဝါဝါအဆင်း ရှိတတ်ပါတယ်။ မရောရင်တော့ အဖြူရောင်အဆင်း ရှိပါတယ်။ ဖြူတဲ့အဆင်းရှိတဲ့ ဆီးဖြူရောဂါကို ရိဖြူရောဂါ (သို့) ဆီးဒူလာလို့ ခေါ်ပါတယ်။


သန္တပ္ပနတေဇော အားကြီးခြင်းကြောင့် ခါးမှာ အပူများပြီး အဲဒီအပူကြောင့် ခါးနဲ့နီးတဲ့ ကျောက်ကပ်ဟာ တဖြည်းဖြည်း ရိကြွေကာ သွေးဖြစ်ပြီး ကျင်ငယ်ရည်ထဲ စိမ့်ဝင်ပါများတဲ့အခါ ရိနီခေါ်တဲ့ သွေးဒူလာရောဂါ
ဖြစ်ပေါ်စေပါတယ်။


ရိဖြူအစ ဆီးပူက-ဆိုသလို ရိနီအစ ရိဖြူက-လို့ ခေါ်ရမှာ ဖြစ်ပါတယ်။
ရိဖြူကို ဆီးဒူလာလို့ ခေါ်ကြပြီး ရိနီကို သွေးဒူလာ-လို့ ခေါ်ကြတာဖြစ်ပါတယ်။ 
*****
(မေး) အဲဒီ ဆီးကို အခြေခံပြီး ဒူလာရောဂါ ဘယ်နှစ်မျိုး ရှိတယ်ဆိုတာ ဆက်ပြီး ပြောပြပေးပါဦး။
(ဖြေ) အဲဒီ ဆီးကို အခြေခံပြီး ဒူလာရောဂါအမျိုး(၂၀) ရှိပါတယ်။ အဲဒါတွေကတော့---
(၁) သလိပ်ကြောင့် ဖြစ်တဲ့ ဒူလာသရောနာ ပမေဟ ဆီးရောဂါ (၁၀)မျိုး။
(၂) သည်းခြေကြောင့်ဖြစ်တဲ့ ဒူလာသရောနာ ပမေဟ ဆီးရောဂါ (၆)မျိုး။
(၃) လေကြောင့်ဖြစ်တဲ့ ဒူလာသရောနာ ပမေဟ ဆီးရောဂါ (၄)မျိုး ဆိုပြီး ဒူလာသရောနာ ဆီးရောဂါ အမျိုး(၂၀) ရှိပါတယ်။
*****
(မေး) ဒူလာရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို ပြောပြပေးပါဦး။
(ဖြေ) ဒူလာရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ နေပူမိုးရွာ မရှောင် အလုပ်လုပ်ခြင်း၊ အတွင်းအပြင် ပထဝီကို တိုးပွားစေတဲ့ အဆီ၊ အဆိမ့်၊ အဖန်၊ စတဲ့ အစားအစာများကို လွန်ကဲစွာစားသောက်ခြင်း၊ အချိန်လွန်မှ အစားအစာ စားသောက်ခြင်း၊ ချိန်ခါမဟုတ် ရေချိုးခြင်း၊ ပန်ကာလေ လေအေးစက်နဲ့ နေထိုင်မှုများခြင်း၊ ဆီး, ဝမ်း, လေ တို့ အဟုန်ကို တားမြစ်ချုပ်တည်းခြင်း စတဲ့ အကြောင်းအချက်များကြောင့် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ပါစက ဝမ်းမီးဓာတ် အားနည်းပြီး သည်းခြေဓာတ်၊ သွေးဓာတ်များ ဖောက်ပြန်လာပါတယ်။ 
*****
(မေး) ဒူလာရောဂါရဲ့ ပုဗ္ဗရုပ် လက္ခဏာများကို ပြောပြပေးပါဦး။
(ဖြေ) ဒူလာရောဂါရဲ့ ပုဗ္ဗရုပ် ရှေ့ပြေးလက္ခဏာများကတော့---
(၁) ခြေဖျား လက်ဖျား အေးတတ်ခြင်း။
(၂) ဝမ်းချုပ်ခြင်း။
(၃) ခြေသလုံးသားများ တစစ်စစ် ကိုက်ခဲခြင်း။
(၄) အထိုင်အထ လေးလံနှေးကွေးခြင်း။
(၅) ခြေဖျား လက်ဖျား ထုံကျဉ်ခြင်း။
(၆) စိတ်လက် မကြည်မသာဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း။ စတဲ့ လက္ခဏာများ ဖြစ်ပေါ်လာပြီဆိုရင် ဒူလာရောဂါ စွဲကပ်တော့မယ့် ရှေ့ပြေးလက္ခဏာများကို အတပ်သိနိုင်ပါတယ်။ 
*****
(မေး) ဒူလာရောဂါရဲ့ ကုထုံးဆေးချက်များကို ပြောပြပေးပါဦး။
(ဖြေ) ရောဂါမကုမီ လူနာကို ပထမ ချဉ်းကပ်လေ့လာရပါတယ်။ ကံ-စိတ်-ဥတု-အာဟာရ၊ အပူ အအေး၊ သက်-တက်၊ ပိတ်-ဖွင့်၊ ဆိုတဲ့ ဒေသနာနည်းနဲ့ ချဉ်းကပ်ခြင်း၊ နက္ခတ္တဗေဒအရ ဥတု၊ ရတု၊ ဝီထိ၊ ဓာတ်သက်၊ ခြောက်လီတို့ကို သိရခြင်း၊ အာယုဗ္ဗေဒနည်းအရ ကာလ၊ အတ္တ၊ ကမ္မ၊ လွန်၊ ယုတ်၊ လွှဲမှားပြုချက် များကို ကြည့်ပြီး ဆေးချက်ချရပါတယ်။


ပထမ နံနက်ချိန်မှာ အဘိညာဉ် နှလုံးအားဆေး မန်ကျည်းစေ့ ၂-စေ့ခန့် (လေးပဲသား)ခန့်ကို ရေနွေးနဲ့ တိုက်ရပါတယ်။ 
နေ့လယ်ချိန်မှာ ဒူလာရောဂါ သက်သာပျောက်ကင်းစေတဲ့ ဒူလာဆေးကို တိုက်ကျွေးရပါတယ်။ 
အိပ်ရာဝင်မှာတော့ ဆီး၊ ဝမ်း၊ လေ မျှတစေတဲ့ ညဆေးကို ရေအေးနဲ့ တိုက်ကျွေးရပါတယ်။ လိုအပ်ရင် အကိုက်အခဲပျောက် လိမ်းဆေးများကို လိမ်းစေပါတယ်။ 


တိုင်းရင်းဆေး အမှတ်များနဲ့ ကုသမယ်ဆိုရင်တော့ နံနက်(၇)နာရီမှာ 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၂၄) နာဂရာ (လေးညှင်းကလပ်ဆေး)၊ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၅) သည်းခြေဆေး၊ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၇) သွေးဆေးနီကြီးတို့ကို ဆတူရောစပ်ပြီး ဆေး-လက်ဖက်စားဇွန်း (၁)ဇွန်းခန့် ရေနွေးနဲ့ တိုက်ရပါတယ်။

နေ့လည်ချိန်မှာတော့---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၅) မတဲမြင်းမိုရ် ကုန်းဆေးနဲ့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၇)ပြည်လုံးချမ်းသာ ဆေးကြီးကို ဆတူရောစပ်ပြီး
ဆေး လက်ဖက်စားဇွန်း ၁-ဇွန်းခန့် ရေနွေးနဲ့ တိုက်ရပါတယ်။


ညအိပ်ရာဝင်ချိန်မှာတော့---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၉) ဆီးဒူလာဆေး (သို့) 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၀) ဆီးရွှင် ဝမ်းနုတ်ဆေး တစ်မျိုးမျိုးကို ရေအေးနဲ့ လက်ဖက်စားဇွန်း ၁-ဇွန်းခန့် ဝမ်းအခြေအနေကို ကြည့်ပြီး တိုက်ရပါတယ်။


လိမ်းဆေး အနေနဲ့ကတော့---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၄၃) အကင်း(၁၀)ပါးဆေးနဲ့ 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၉) သဗ္ဗဇေယျ ဆေးစပ်ကြီးတို့ကို ဆတူရောစပ်ပြီး သနပ်ခါးရည်ကျဲကျဲနဲ့ တစ်နေ့(၃)ကြိမ်က (၅)ကြိမ်ထိ လိမ်းပေးနိုင်ပါတယ်။


ထုံကျဉ်ကိုက်ခဲနေရင်---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၉)နဲ့ 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၄၃)ကိုပဲ ဆတူရောစပ်ပြီး နံ့သာရည် (သို့) နှမ်းဆီ၊ မုန်ညင်းဆီ တစ်မျိုးမျိုးနဲ့ ရောစပ် လိမ်းပေးနိုင်ပါတယ်။ အစားအစာ အနေအထိုင် ဆင်ခြင်ပြီး သက်ဆိုင်ရာဆေးများနဲ့ တိုက်ကျွေးကုသသွားရင် ဒူလာရောဂါ သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
*****
(မေး) အဝလွန် အဆီတိုးခြင်းဟာ ဘာကြောင့်ဖြစ်တာပါလဲဆရာ။
(ဖြေ) အဝလွန်ပြီး အဆီများနေတာ ရောဂါလားလို့မေးရင် တိုက်ရိုက်ရောဂါတော့ မဟုတ်ပါဘူး။ ဝလွန်းခြင်းရဲ့ နောက်ကွယ်မှာ စိုးရိမ်ဖွယ်ရာ ရောဂါတွေ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပင်မခန္ဓာကိုယ်ကြီး တစ်ခု ဖြစ်ပါတယ်။ 

အဆီများ အဝလွန်ခြင်းဟာ ဘာကြောင့်ဖြစ်သလဲဆိုရင်---
(၁) ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း။
(၂) နေ့အခါ အအိပ်များခြင်း။
(၃) ကြေခဲ ကျက်ခဲသည့် အေး၊ ချို၊ ဆိမ့်၊ ဖန်၊ ချွဲသလိပ် ပွားစေတဲ့ အစာအာဟာရများ လွန်ကြူးစွာ စားသုံးခြင်း။
(၄) ကိုယ်တွင်း ဟော်မုန်းဓာတ်များ အပြောင်းအလဲ ရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။


အထက်ပါ အကြောင်းအချက်တွေကို ရှင်းလင်းပြောကြားရရင် ကိုယ်လက်လှုပ်ရှားမှု နည်းတာနဲ့အမျှ သွေးကြော လေကြောတွေ ထိုင်းမှိုင်း ပိတ်ဆို့လာပါတယ်။ 
အထူးသဖြင့် ဒုတိယအချက်ဖြစ်တဲ့ နေ့အခါ အိပ်ခြင်းကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။ ရှေးခေတ် တိုင်းရင်းသမားတော်ကြီးတွေက “နေ့အခါအိပ်မူ ရောဂါထူ” လို့ အဆိုအမိန့်ရှိခဲ့ပါတယ်။ 


ဘာကြောင့်လဲဆိုရင် နေ့အခါမှာ သြကာသလောကကြီးဟာ ပွင့်လင်းနေပါတယ်။ နေ့အခါ အိပ်ခြင်းဟာ ပွင့်လင်းမှုကို ပိတ်ဆို့ရာ ရောက်ပါတယ်။
အထူးသဖြင့် ရုပ်ဝသူတွေ နေ့အခါ အိပ်စက်ခြင်းဟာ ရောဂါမျိုးစုံ ဖိတ်ခေါ်ရာ ရောက်ပါတယ်။


နံပါတ်(၃)အချက်က အေး၊ ချို၊ ဆိမ့်၊ ချွဲ၊ ကြေကျက်ခဲတဲ့ သလိပ်ပွား အစားအစာများ စားသုံးခြင်းဟာ စားသမျှအစာ မကြေဘဲ ပါစက ဝမ်းမီးညံ့ပြီး ဥသ္မာကိုယ်ငွေ့ အားနည်းခြင်းကြောင့် သွေးချို ဆီးချိုရောဂါ၊ အဆီတိုးပြီး သွေးကြောကျဉ်းရောဂါ၊ အဆစ်အမြစ် ကိုက်ခဲမှုရောဂါတွေ ဖြစ်လာရပါတယ်။ 


ပထဝီ အာပေါဓာတ်တွေ ကပ္ပဒေါသအုပ်စုတွေကို အရေထူ အရေပါးကနေ ပိတ်ဖွဲ့နေတဲ့အတွက် ခန္ဓာကိုယ်တွင်းက လေဓာတ်တွေ အပုပ်အခိုးဓာတ်တွေဟာ ထွက်ပေါက်မရှိဘဲ အကျဉ်းမိပြီး နှလုံးအိမ်ကို ရိုက်ခတ်တဲ့အတွက် နှလုံးတုန်၊ ရင်ခုန်၊ မူးမော်၊ မောပန်း၊ အသက်ရှူမဝ ဆိုတာတွေ ဖြစ်ပေါ်လာပါတယ်။
အဲဒါကို အားနည်းတယ်ထင်ပြီး အားရှိအောင် နွားနို့၊ ကြက်ဥ စတဲ့ ဆိမ့်တဲ့ အာဟာရတွေ ထပ်စားမိတဲ့အတွက် ရောဂါ ပိုပြီး တိုးလာပါတယ်။


အမှတ်(၄)အချက်ဖြစ်တဲ့ ကိုယ်တွင်းဟော်မုန်းဓာတ်များ အပြောင်းအလဲရှိခြင်းတို့ကို မသိဘဲ အထက်မှာ ပြောခဲ့တဲ့ အချက်(၃)ချက်အတိုင်း နေထိုင်စားသောက်တဲ့အတွက် အဆီတိုး အဝလွန်ရောဂါ ဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။


အေး, ချို,ဆိမ့်, ချွဲ၊ ကြေကျက်ခဲကို၊ အမြဲစားလျက်၊ နေ့အိပ်စက်၍၊ ကိုယ်လက်လှုပ်ရှား၊ လွန်နည်းပါးမူ၊ လူကား ဝ,၏၊ အားမရှိဘဲ၊ ဗျဝိထူပြော၊ ရောဂါပေါသည်၊ ဝသော သူ၏ အပြစ်တည်း။
လို့ ရှေးတိုင်းရင်း သမားတော်ကြီးများက လင်္ကာဖြင့် စပ်ဆိုမှတ်တမ်းတင်ထားခဲ့ပါတယ်။
*****
(မေး) အဆီများ အဝလွန်သူရဲ့ ဖြစ်ဆဲ လက္ခဏာများကို ဆက်ပြီး ပြောပြပေးပါဆရာ။
(ဖြေ) (၁) အာခြောက်ပြီး ရေ မကြာခဏ ငတ်ခြင်း။
(၂) ဆီး အသွားများခြင်း။
(၃) ချွေး အလွန်ထွက်တတ်ခြင်း။
(၄) ကိုယ်သားရေ အေးစက်နေခြင်း။
(၅) အသားပွခြင်း။
(၆) ကိုယ်ငွေ့မရ ဥသ္မာဓာတ် တေဇော အားနည်းခြင်း။
(၇) မောပန်းလွယ်ခြင်း။
(၈) တောင်ကုန်းအမြင့်၊ အိမ်အမြင့် မတက်နိုင်ခြင်း။
(၉) အစားအစာ မကြာခဏ စားလိုခြင်း။
(၁၀) ငိုက်မျဉ်းခြင်း။
(၁၁) တွေဝေခြင်း၊ မူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း။
(၁၂) ကိုယ်သား ကိုယ်ရေ ယားယံခြင်း။
(၁၃) အရေပြားမှာ အနာပေါက်ခြင်း။
(၁၄) အသံပြာခြင်း၊ အသံတိမ်ခြင်း။
(၁၅) ဝမ်းဗိုက်သား စူထွက်ခြင်း၊ ဗိုက်ခေါက်ထူခြင်း၊ ဗိုက်ပူခြင်း။
(၁၆) ပန်းသေ ပန်းညှိုးရောဂါ ဖြစ်တတ်ခြင်း စတဲ့ လက္ခဏာများဟာ အဆီများ အဝလွန်သူများရဲ့ ဖြစ်ဆဲလက္ခဏာများ ဖြစ်ပါတယ်။
*****
(မေး) အဝလွန် အဆီများသူများ ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲ ရောဂါများကို ဆက်ပြီး ပြောပြပေးပါဦးဆရာ။
(ဖြေ) အဝလွန် အဆီများသူများ ဖြစ်လေ့ဖြစ်ထရှိတဲ့ နောက်ဆက်တွဲ ရောဂါများကတော့---
(၁) ယားနာအမျိုးမျိုး ပေါက်ခြင်း။
(၂) အစာမကြောရောဂါနှင့် စိတ်ရောဂါ ဖြစ်ခြင်း။
(၃) နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ခြင်း။
(၄) သွေးတိုးနှင့် လေငန်းရောဂါ ဖြစ်ခြင်း။
(၅) ဆီးချိုရောဂါနှင့် ဆီးရောဂါအမျိုးမျိုး ဖြစ်ခြင်း။
(၆) လိပ်ခေါင်းရောဂါ ဖြစ်ခြင်း။
(၇) အနာနှင့်အကျိတ်အဖု ပေါက်ခြင်း။
(၈) ချောင်းဆိုး ရင်ကျပ်ရောဂါ ဖြစ်ခြင်း။
(၉) သွေးယားကွက် ထခြင်း။
(၁၀) အဆစ်ရောင် အဆစ်ကိုက်ရောဂါ ဖြစ်ခြင်း။
(၁၁) လေားဖက်နာရောဂါ ဖြစ်ခြင်း။
(၁၂) သည်းခြေအိတ်ရောင်ရောဂါ ဖြစ်ခြင်းတို့ဟာ အဝလွန် အဆီများသူများရဲ့ နောက်ဆက်တွဲရောဂါများ ဖြစ်ပါတယ်။
*****
(မေး) အဝလွန် အဆီများသူများအတွက် ကုထုံးနဲ့ ဆေးချက်များကို ပြောပြပေးပါဦး။
(ဖြေ) အဝလွန်ရောဂါ ဖြစ်သူများအတွက် သီတနာ၊ သီတလက္ခဏာလို့ တစ်ဖက်သတ် ဆုံးဖြတ်ပြီး အပူဆေးများကို မပေးသင့်ပါဘူး။ သီတဥဏှ အပူ အအေး မျှတတဲ့ဆေးများကိုသာ ပေးသင့်ပါတယ်။


တိုင်းရင်းဆေး အမှတ်များနဲ့ ကုသမယ်ဆိုရင်---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၇) သွေးဆေးနီကြီး (၁)ကျပ်၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၈)သက်ရင်းကလာပ်ဆေးကြီး (၁)ကျပ်၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၉) သဗ္ဗဇေယျ ဆေးစပ်ကြီး (၁)ကျပ်၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၂၇) ပြည်လုံးချမ်းသာဆေးကြီး (၂)ကျပ်၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၄၃) အကင်း(၁၀)ပါးဆေး (၂)ကျပ်၊
အထက်ပါ ဆေး(၅)မျိုး၊ ဆေးချိန်(၇)ကျပ်တို့ကို စုပေါင်းရောစပ်ပါ။
နံနက်နဲ့ နေ့လယ် ဆေး လက်ဖက်စားဇွန်း (၁)ဇွန်းခန့် ရေနွေးနဲ့ သောက်ပါ။

ည အိပ်ရာဝင်ချိန်မှာ---
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၉) ဆီးဒူလာဆေး၊ 
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၁၀) ဝမ်းနုတ်ဆေး၊
တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၂) စက္ခုပါလ ဝမ်းပုပ်ချဆေး၊
တစ်မျိုးမျိုးကို ဝမ်းအခြေအနေကြည့်ပြီး လက်ဖက်စားဇွန်း (၁)ဇွန်းမှ (၂)ဇွန်းထိ ရေအေးနဲ့ သောက်နိုင်ပါတယ်။


နောက်တစ်ချက်က ပျားရည်ဟောင်းနဲ့ ရေကျက်အေးကို ဆတူရောစပ်ပြီး နံနက်စောစောမှာ သောက်ရင် အဝလွန်ရောဂါဖြစ်ခြင်းကို ပယ်ဖျက်နိုင်တယ်လို့ ရှေးဆေးကျမ်းများမှာ ပြဆိုထားပါတယ်။
*****
(မေး) ဒူလာရောဂါရှင်များနဲ့ အဝလွန် အဆီများသူများအတွက် ဆေးနည်းများ ဒါနပြုပေးပါဦး။
(ဖြေ) ဒူလာ အညောင်းကိုက် ရောဂါ ပျောက်ဆေးနဲ့ အဆီကျ အသားကျစ်ဆေး၊ ဆေးနည်း (၂)ခု ဒါနပြုပေးပါမယ်။


ဒူလာ အညောင်းအကိုက်နှင့် အမျိုးသား အားနည်းရောဂါ ပျောက်ဆေး---
၁။ ကလောဆန်   ၄-ပဲသား
၂။ ချေးသီး   ၄-ပဲသား
၃။ လိပ်ကျောက်ဆူး   ၈-ပဲသား
၎။ ပင်လယ်ရေမြှုပ်   ၈-ပဲသား
၅။ ကြွေပုပ်   ၂-ကျပ်သား
၆။ နွယ်ချို   ၂-ကျပ်သား
၇။ ဇဝက်သာ   ၃-ကျပ်သား
၈။ ဆားပုပ်   ၃-ကျပ်သား
၉။ သိန္ဓော   ၃-ကျပ်သား
၁၀။ အလိုကျူ   ၅-ကျပ်သား
၁၁။ စမုန်နက်   ၅-ကျပ်သား
၁၂။ ကြစု   ၇-ကျပ်သား
၁၃။ ပွေးကိုင်း   ၁၀-ကျပ်သား
ဆေး ၁၃-မျိုး ဆေးချိန် ၄၁-ကျပ် ၈-ပဲသား
အထက်ပါဆေးများ အမှုန့်ပြုလုပ်ပြီး လေလုံပုလင်းနဲ့ ထားပါ။ ည အိပ်ရာဝင်ချိန် ဆေး လက်ဖက်စားဇွန်း (၁)ဇွန်းခန့် ရေအေးနဲ့ သောက်ပါ။ ဒူလာ အညောင်းအကိုက်ရောဂါများနဲ့ အမျိုးသား အားနည်းရောဂါများ သက်သာပျောက်ကင်းစေပါတယ်။


အဝလွန် အဆီကျ အသားကျစ်ဆေး---
၁။ အိမ်မွေ့သီး   ၂-ကျပ်သား
၂။ ချင်းခြောက်   ၂-ကျပ်သား
၃။ ယမ်းစိမ်း   ၂-ကျပ်သား
၎။ သစ်ဆိမ့်သီး   ၂-ကျပ်သား
၅။ ကြစုသီး   ၂-ကျပ်သား
၆။ ဆီးဖြူသီး   ၂-ကျပ်သား
၇။ ပိတောက်မြစ်   ၂-ကျပ်သား
၈။ ကန့်ချုပ်နီ   ၂-ကျပ်သား
၉။ နနွင်းမှုန့်   ၂-ကျပ်သား
ဆေး ၉-မျိုး ဆေးချိန် ၁၈-ကျပ်။
အထက်ပါဆေးများ အမှုန့်ပြုလုပ်ပြီး ပျားရည် သင့်ရုံထည့်ရောစပ်၍ ဆီးကင်းခန့် အလုံးလေးများ လုံးပြီး နေလှန်းပါ။ တစ်ကြိမ်သောက် ဆေး(၁)လုံး နံနက်၊ နေ့လယ်၊ ညနေ တစ်နေ့ ၃-ကြိမ် သောက်ပါ။ ဆေး တစ်လ,နှစ်လ သောက်ပါက သက်သာပျောက်ကင်းစေပါတယ်။


မြောင်းမြ-မောင်ယဉ်တင့်
(နက္ခတ္တ ၂၀၀၆-၃)


ဆေးစွမ်းထက်စေသည့် ဂါထာတော်


အဘ မနေ့က အဆင်ပြေရဲ့လား?
ပေးသာ ပေးလိုက်ရတယ်၊ ဝက်ဆီဖတ်စားပြီး သွေးတိုး၊ ခေါင်းမူးနေရင် ခက်ရချည်ရဲ့လို့ တွေးပူနေတယ်။


အဘ-သွေးတိုးရောဂါ မရှိပါဘူး၊ အခု (၇၆)နှစ်ရှိပြီ၊ သွားနိုင်လာနိုင်တုန်းပဲ၊ ဘာရောဂါမှ မရှိဘူး၊

ဆေးစွမ်းကောင်းတွေ ရှိတယ် ထင်ပါရဲ့၊ 
ဆေးက ဆေးဆိုင်မှာ သူသူငါငါ ရောင်းဝယ်နေကြတဲ့ တိုင်းရင်းဆေးတွေပါပဲ၊ စားသောက်ပြီးလို့ တခုခု ခံစားရရင် ဘာကြောင့်လဲဆိုတာ အဖြေရှာတယ်၊ ဆိုင်ရာဆေးဝါးတွေ မှီဝဲတယ်၊ နောက်တစ်ကြိမ်မှာ ဒီလိုဖြစ်တတ်တဲ့ အစားအစာကို သတိထား၊ လျှော့စားတယ်၊ ဝမ်းအချင့်ပေါ့၊ သာမန်ဆေးဝါးကို ကိုယ်တိုင် ဆေးချက်ကလေး ပေါင်းဖြည့်လိုက်တာပါပဲ။

လှူပါဦးဗျာ-အခြားသူတွေလဲ သုံးစွဲနိုင်အောင်

အနိစ္စာ ဝတ သင်္ခါရာ၊ ဥပ္ပါဒ ဝယ ဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္ဈန္တိ၊ တေသံ ဝူပသမော  သုခေါ။


အနက်---
သင်္ခါရာ-ရုပ်နာမ်ဓမ္မ သင်္ခါရတို့သည်၊ 
အနိစ္စာ ဝတ-အမြဲမရှိကုန်စွာ တကား၊
ဥပ္ပါဒ ဝယ ဓမ္မိနော-ဖြစ်ခြင်း ပျက်ခြင်း သဘောရှိကုန်၏၊
ဥပ္ပဇ္ဇိတွာ-ဖြစ်ပြီး၍၊
နိရုဇ္ဈန္တိ-ချုပ်ကြကုန်၏၊
တေသံ-ထိုသင်္ခါရတရားတို့၏၊
ဝူပသမော-ချုပ်ငြိမ်းခြင်းသည်၊ (ဝါ) ချုပ်ငြိမ်းရာမှန် ပြည်နိဗ္ဗာန်သည်၊ 
သုခေါ-ချမ်းသာလှပေ၏။


ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး သိကြားမင်း ပူဇော်တဲ့ဂါထာတဲ့၊ ဆေးဝါးသောက်သုံးရာမှာ ဒီဂါထာ (၇)အုပ်စုပ်ပြီးမှ သောက်သုံးရင် ဆေးစွမ်းပိုထက်တယ်လို့ မိခင်ကြီး ဒေါ်အေးသင် ပြောပြဖူးတယ်။ ဦးကြီးတစ်ယောက် လေဖြတ်ပြီး စိတ်ဓာတ်ကျနေချိန်မှာ ဘဘ သွားပြီး ပြုစုပေးတယ်၊ သုံးလအတွင်း ကောင်းကောင်း လှုပ်ရှားသွားလာနိုင်တာမို့ ဆေးဆရာတွေကတောင် အံ့သြကြတယ်။


ဟိုခေတ်တုန်းကတော့ ကျားဘမ်းပရုတ်ဆီပေါ့ကွာ၊ ခန္ဓာကိုယ်အနံ့ လိမ်းပေး နှိပ်နယ်ပေးတဲ့အချိန်မှာ ဒီဂါထာကို မပြတ် ရွတ်ဆိုပူဇော်တယ်။ နံနက်တစ်ခါ၊ ညတစ်ခါ ဒီအတိုင်းပဲ ပြုစုတယ်။ တခြား ဆေးဝါး မပါဘူး။
ကိုယ်တိုင် မှီဝဲရင်လဲ ဒီဂါထာကို အနည်းဆုံး (၇)ခေါက် ရွတ်ပြီးမှ မှီဝဲသလို သူတစ်ပါးကို ဆေးလိမ်း၊ ဆေးတိုက်
ပြုစုရတဲ့အခါလဲ ဒီဂါထာကို မပြတ်ရွတ်ပွားပူဇော်တယ်။ သာမန်ထက် ပိုပြီး ထိရောက်ပါတယ်။

လှိုင်မြို့နယ် မြကန်သာ အိမ်ရာရှိ သမီး-ဝါဝါခိုင်-ထံ ခေတ္တ အလည်ရောက်နေသည့် ဦးအုံးကြိုင် (ဒလမြို့)က လက်ဆင့်ကမ်း ဒါနပြုခြင်း ဖြစ်လေသည်။

ခရီးသည်တစ်ဦး
(နက္ခတ္တ ၂၀၀၆-၃)
ShareEmail


ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် ပျားမြီးရွက်


တစ်နေ့တွင် စာရေးသူနှင့်အတူ တိုင်းရင်းဆေးဆရာ ဦးအေးချိုတို့ ကျောက်မြောင်း
အောင်မင်္ဂလာ မြို့ပတ်လမ်းရှိ ဦးသိန်းလှ(ဦးအန်းတူ) အလုပ်ရုံသို့ ရောက်ရှိသွားပါသည်။ ဆီးချို သွေးချို ရောဂါရှင် ဦးသိန်းလှ(ဦးအန်းတူ)ကို ကျန်းမာဝဖြိုးစွာ တွေ့လိုက်ရ၍ ဆရာ ဦးအေးချိုက---


ဦးသိန်းလှ အသားအရေ ပြောင်းလဲပြီး ကျန်းမာဝဖြိုးနေပုံထောက်တော့ ခင်ဗျားဆီးချိုရောဂါ တော်တော် အခြေအနေ ကောင်းနေပြီနဲ့တူတယ်။ ဘယ်လိုဆေးကောင်းတွေ့ပြီး ကျန်းမာဝဖြိုးလာတာလဲဆိုတာ
ပြောပြစမ်းပါဦး---

တခြားတော့ မဟုတ်ဘူး ဆရာချို၊ ကျွန်တော်တို့မိတ်ဆွေတစ်ယောက် ညွှန်ပြလိုက်လို့ ဆီးချိုကျ ဆေးပင်တစ်မျိုးရပြီး အညွှန်းအတိုင်း စားတာနဲ့ ဆီးချိုရောဂါ သက်သာသွားတာပဲ။

ဆေးပင်နာမည်က ဘာတဲ့လဲဗျ၊ အပင်ရှိရင်လဲ မျိုးပေးပါဦး၊ ကျွန်တော်တို့ သုတေသနလုပ်ပြီး
ရောဂါဝေဒနာရှင်တွေကို ညွှန်ပြရတာပေါ့။

ဆေးပင်နာမည်က ပျးမြီးရွက် အပင်လို့ ခေါ်တယ်။ အပြည့်အစုံသိချင်ရင်တော့ ကျွန်တော့်ကို ဆေးပင်ပေးတဲ့သူရဲ့ အညွှန်းအတိုင်း ပြောပြမယ်၊-ဟုဆိုကာ ဦးသိန်းလှ-က ဆီးချိုရောဂါ သက်သာပျောက်ကင်းစေသော တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း
အောက်ပါအတိုင်း ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါသည်။

ဆေးပင်အမည်မှာ ပျးမြီးရွက်အပင် (bee's tail plant)ဟုခေါ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မူရင်းစိုက်ပျိုးကာ ယိုးဒယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံများသို့ တိုင်းရင်းဆေး ဝါသနာရှင်များက မျိုးပွားယူခဲ့ကြောင်း၊ အပင်၏ ပုံသဏ္ဍာန်မှာ ပျင်ပျော့နွယ်ပင်ဖြစ်ကာ အရွက်သည် ပျားကိုယ်နောက်ပိုင်းနှင့် တူလျက် အရွက်ဘေးတွင် အထစ်များ ပါဝင်သည်။ ပင်စည်နီညိုရောင်နှင့် အစိမ်းရောင် (၂)မျိုးရှိကြောင်း
လေ့လာတွေ့ရှိရသည်။

အရွက်သည် ပျားပြီးနှင့်တူကာ သာမန်အရွက်သည် အလျား(၄)လက်မခန့်နှင့် အနံ(၂)လက်မခန့် ရှိလျက် မြေသြဇာကောင်းလျှင် အလျား (၅)လက်မခန့်နှင့် အနံ(၂)လက်မခွဲခန့် ရှိသည်။ အခက်အလက်တို့ကို ဖြတ်၍ မြေတွင်စိုက်ရုံဖြင့် မျိုးပွားရှင်သန်လွယ်သည်။

ဆေးသုံးစွဲပုံ---
ဦးစွာ ဆီးချို သွေးချိုကို စစ်ဆေးတိုင်းတာရပါမည်။ ပုံမှန်ထက် အနည်းငယ် တက်နေပါက တစ်နေ့လျှင် ပျားမြီးရွက် (၁)ရွက်အားရေသန့်သန့်နှင့် ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။
စားပြီး နောက်တစ်နေ့တွင် ဆီးချို သွေးချို ပြန်စစ်ကြည့်ပါ။ ပုံမှန်ဖြစ်သွားပါက ဆက်စားရန် မလိုပါ။
ဆီးချို သွေးချိုသည် (၂၀၀)နှင့် (၂၆၀)ကြား ရှိပါက ပျားမြီးရွက် (၃)ရွက်အား ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။
အကယ်၍ ဆီးချို သွေးချိုသည် (၄၆၀)ကျော်ထိ ရှိပါက ပျားမြီးရွက် (၆)ရွက်မှ (၉)ရွက်အား
ရေသန့်သန့်နှင့်ဆေး၍ ဝါးစားရန် ဖြစ်ပါသည်။ နောက်တစ်နေ့တွင် ခါတိုင်းကဲ့သို့ ဆီးချို သွေးချိုကို ပြန်တိုင်းကြည့်ပါ။ ပုံမှန်ဖြစ်ပါက ဆက်မစားဘဲ နေနိုင်ပါသည်။


အကယ်၍ ဆီးချို သွေးချိုသည် ပျားမြီးရွက် အစားများ၍ တအားကျဆင်းသွားပါက လက်ဖက်ရည်အချို စသည့် စားစရာ ဖျော်ရည်တို့အား သုံးဆောင်နိုင်ပါသည်။ မူလအခြေအနေ (Normal Level) သို့ ရောက်သွားသောအခါ အချိုဖျော်ရည်၊ အစာတို့ကို ခေတ္တရပ်ထားလိုက်ပါ။ ဆီးချို သွေးချိုကြောင့် ခွဲစိတ်ရန် လိုအပ်သူများသည် အထက်ပါ ပျားမြီးရွက်စားသုံး၍ အဆင်ပြေခဲ့ကြောင်း လေ့လာသိရှိရပါသည်။


မူလအပင်အား မလေးရှားနိုင်ငံမှ (၂၀၀၁-၂၀၀၂)ခုနှစ်တွင် ရရှိခဲ့ပြီး ထပ်ဆင့် မျိုးပွားခဲ့ပါသည်။ ယခုအခါ မြန်မာနိုင်ငံ ရန်ကုန်၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ပဲခူး၊ မြိတ်၊ ကောင့်သောင်း၊ ကျိုင်းတုံ၊ နမ်းခမ်း၊ တောင်ကြီး၊ ဝန်းသို၊ ဂန့်ဂေါ၊ မန္တလေး၊ ပျဉ်းမနား၊ လက်ပံတန်း၊ ဖားကန့်ဒေသများရှိ ဆီးချို သွေးချို ရောဂါဝေဒနာရှိသူများ၊ တိုင်းရင်းဆေးပင် စိတ်ပါဝင်စားသူများ လက်သို့ မျိုးပွားဖြန့်ဝေပေးပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ဆီးချို သွေးချိုရှိသူ ဝေဒနာရှင် စားသုံးသူများအတွက် အကျိုးထိရောက်မှု ရှိကြောင်း သိရှိရပါသည်။

ဆရာ ဦးအေးချို၏ မိတ်ဆွေ ဦးသိန်းလှ (ဦးအန်းတူ) က ပျားမြီးရွက်အပင်၏မူရင်း စိုက်ပျိုးသောနိုင်ငံ၊ မျိုးပွား ယူခဲ့သော နိုင်ငံနှင့် ပျံ့နှံ့နေသည့် နေရာဒေသများအကြောင်း အကျယ်တဝင့် ပြောပြခဲ့ပါသည်။ 
နက္ခတ္တရောင်ခြည် စာဖတ်ပရိသတ်များနှင့် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များ အကျိုးရှိရှိ အသုံးချနိုင်ရန် ဆီးချို သွေးချို ရောဂါဝေဒနာရှင်များအတွက် တိုင်းရင်းဆေး ပျားမြီးရွက်အပင်အကြောင်း နက္ခတ္တရောင်ခြည် မဂ္ဂဇင်းစာမျက်နှာပေါ်မှ ရေးသားတင်ပြလိုက်ရပေသည်။ 


ဇော်ရဲနိုင်
(နက္ခတ္တ ၂၀၀၆-၃)

မြစ်ပွားနာ နှင့် ဝမ်းတွင်း အဖုအကျိတ် ဖြစ်နေသူများ သက်သာပျောက်ကင်းစေသော တောပိစပ်ရွက်


မြစ်ပွားနာ ရောဂါဝေဒနာရှင်များ၊ ဝမ်းတွင်း ကလီစာတွင် အနာဖြစ်နေသူများ၊ ငွေကုန်ကြေးကျ များစွာကုန်ကျပြီး ရောဂါမှ မသက်မသာဖြင့် သေနေ့ကို ရင်တမမ ဝမ်းနဲကြေကွဲစွာ စောင့်နေရရှာသော
ဝေဒနာရှင်များ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်သော နည်းဖြင့် သုံးဆောင်ပါက ရောဂါများ သက်သာပျောက်ကင်းသွားပါမည်။  

အထက်ပါ ရောဂါဝေဒနာရှင်များအနေဖြင့် ၄င်းတောပိစပ်ရွက် လက်တွင်းတစ်ဆုပ်ကို ကျို၍ တစ်နေ့(၃)ကြိမ် သောက်ရပါမည်။ အတွင်းရောဂါများ တဖြည်းဖြည်း သက်သာပျောက်ကင်းစေပါသည်။
မြစ်ပွားနာနှင့် အမြစ်များ ခြောက်သွေ့သွားစေပါသည်။ ရောဂါရင့်နေသူများ အရွက်-အမြစ် (ပဉ္စငါးပါး)ကို ခုတ်စဉ်း၍ ကျိုသောက်ရပါမည်။


ကြိုတင် ကာကွယ်လိုသူများ အရွက်ကို သုပ်စားခြင်း၊ တို့မြှုပ်စားခြင်း၊ ကျိုသောက်ခြင်း ပြုလုပ်နိုင်ပါသည်။ 
ဤတောပိစပ်ပင်သည် နှစ်မျိုး ရှိပါသည်။ အပွင့်ဖြူနှင့် အပွင့်ဝါတို့ ဖြစ်ပါသည်။
အပွင့်ဖြူက ပိုမို အစွမ်းထက်ပါသည်။
၎င်းအရွက်ကို စားသုံးခြင်းဖြင့် မြစ်ပွားနာနှင့် အတွင်းရောဂါ အနာဆိုးများ သက်သာပျောက်ကင်းနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။


ဦးစိုးဝင်း (အုပ်စုမှူး(တ) ပင်မဓာတ်အားခွဲရုံ-သာစည်။
(နက္ခတ္တ-၂၀၀၆-၃)

အန္တရာယ်ကင်းအောင် စားသောက်နည်းများ


၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။
ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။ အဆိပ်အတော်ကများသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။ 
စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။

သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

 ၄။ ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက်ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။
ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။


၅။ အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။
မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှသ့်ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။


၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။ 
မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။
အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။


တနည်းမှာ---ဒညင်းသီးပြုတ်မှ အညှောက်ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။


အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ။
(ဥက်မယ်မယ်)
(နက္ခတ္တ-၂၀၀၆-၃)

ဆီးရောဂါအတွက် ဆေးတလက်


တစ်နေ့ အမဝမ်းကွဲ တော်စပ်သူ ဆီး-သွားစဉ် ဆီးအောင့်ပြီး ခါးဆစ်များပါ ကိုက်သဖြင့် သတင်းမေးရန် သွားကြပါသည်။
လက်လှမ်းမီရာ ဆေးမြီးတိုများဖြင့် ပြုလုပ်သော်လည်း မထူးခြားလှပါ။ တလမ်းတည်းနေ ခင်မင်ရင်းနှီးသူ ဦးလှဝင်း ရောက်လာပြီး ဒန္တသုခ-ဆေးပင်ကို နုတ်ခိုင်းပါသည်။

ဒန္တသုခ-ပင်မှာ အပင်ငယ်မျိုးဖြစ်ပြီး နေရာအနှံ့အပြား အလေ့ကျပေါက်ပါသည်။ 

ရေနှင့် ၃-ခွက် ၁-ခွက်တင် ကျိုပြီး သောက်ခိုင်းပါသည်။ ဆေးသောက်ပြီး အချိန် အနည်းငယ်အတွင်း သက်သာပျောက်ကင်းမည်ဟု ပြောသွားပါသည်။ 
ဒန္တသုခ-ဆေးပင်ကို ကျိုသောက်ရာ အချိန်အနည်းငယ်အတွင်းမှာပင် သက်သာပျောက်ကင်းသွားသဖြင့် ဆီးရောဂါ ဝေဒနာရှင်များအတွက် စေတနာကောင်းဖြင့် တင်ပြလိုက်ရပါသည်။

ဆေးနည်းလွှမ်းညွှန်ပေးသော ဦးလှဝင်း (အေးမြရွှေပြည်မြို့သစ်၊ ဇီးကုန်းမြို့) အား အထူး ကျေးဇူးတင်ရှိပါသည်။

ကောင်းမြတ် (ဥပဒေ) ဇီးကုန်း
(နက္ခတ္တ-၂၀၀၆-၃) 



နှလုံးသွေးကြောကျယ် ရောဂါ နှင့် စံကားစိမ်းပွင့် လက်တစ်ဆုပ်


ကျွန်တော့်အမျိုးသမီးတွင် နှလုံးသွေးကြောကျယ် ရောဂါကြောင့် အိပ်ရာမှ မထနိုင်တော့ပါ။
နှလုံးသွေးကြောကျယ်ခြင်းကြောင့် နှလုံးခုန်ခြင်းမှာ အလွန်ပြင်းထန်၍ ရင်ဘတ်ပေါ်သို့ လက်တင်ထားလျှင် လက်သည် သိသိသာသာ အပေါ်သို့ စည်းချက်ညီညီ ကြွတက်နေပါသည်။


ခန္ဓာကိုယ်တစ်ကိုယ်လုံး အသားအရေများ အမြဲတမ်း ပူလျက်ရှိပြီး ဆံပင်များ ကျွတ်သွားရာ ကျိုးတိုကျဲတဲသာ ရှိပါသည်။
တစ်နေ့လျှင် ရေ လေးခါလောက်ချိုးမှ နေနိုင်ပါသည်။ ထမင်းစားလျှင် အမြဲတမ်း ပြင်းထန်စွာ သီးတတ်၍ အသက်ရှူမြန်ခြင်း၊ အသက်ရှူ ပြင်းထန်ခြင်း၊ မောပန်းခြင်း ဝေဒနာကို ခံစာေးနရပါသည်။

လူနာလာမေးကြသော မိတ်ဆွေအပေါင်းအသင်းများကလည်း မရတော့ပါဘူး။ စိတ်ချမ်းသာအောင် ထားပါ-ဟူ၍သာ ပြောနိုင်ကြပါသည်။
ရန်ကုန် ဆေးရုံကြီးနှင့် နာမည်ကြီး ဆေးကုဌာနများမှာ သွားရောက်ကုသနိုင်ခြင်း မရှိသည့်အတွက် မြို့နယ် ဆရာဝန် ညွှန်ကြားသော ဆေးများ သောက်သုံး၍ အားဆေးသွင်းကာ ကုသနေသော်လည်း ရောဂါမှာ ထူးခြားသက်သာမှု မရှိပါ။


တစ်နေ့တွင် ရေကြည်ဈေးအတွင်းမှ အလှကုန်ရောင်းသူ သူငယ်ချင်း မေဒီယန် ခေါ်သော အမျိုးသမီးသည် လူနာမေးရန် အိမ်သို့ရောက်ရှိလာပါသည်။
သူက နှလုံးသွေးကြောကျယ်လျှင် စံကားစိမ်းပွင့် လက်တစ်ဆုပ်ကို (၃)ခွက် (၁)ခွက်တင် ကျိုသောက်ပါ။ သက်သာပျောက်ကင်းသည်။ သောက်သုံးကြည့်ရန် တိုက်တွန်းခဲ့ပါသည်။


စံကားဝါ၊ စံကားစိမ်း၊ စံကားဖြူ သုံးမျိုးရှိသည့်အနက် စံကားစိမ်းပင်မှာ ကျွန်တော်တို့မြို့တွင် လွန်စွာရှားပါးသဖြင့် ရှာဖွေမရဖြစ်နေ၍ မတိုက်ဖြစ်သေးပါ။ 
(၃)ရက်ခန့်ကြာသောအခါ မေဒီယန်-ခေါ် ဆေးနည်းပေးသူ အမျိုးသမီးသည် စံကားစိမ်းပွင့်များကို ကြွပ်ကြွပ်အိတ်နှင့် ထည့်၍ အိမ်တိုင်ရာရောက် လာပို့ပါသည်။ 


ငါးသိုင်းချောင်းမြို့မှာနေသော မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ စာရေးမလေးကို မှာလိုက်ရာ ရရှိ၍ လာရောက်ပေးကြောင်း ပြောဆိုပြီး ကျို၍ တိုက်ရန် အတင်းတိုက်တွန်းပါသည်။ 
ထိုစံကားစိမ်းပွင့် လက်တစ်ဆုပ်စာမျှကို (၃)ခွက် (၁)ခွက်တင် ကျိုပြီး ရေ လက်ဖက်ရည် အချိုပန်းကန် လေးလုံးစာမျှ ကျန်အောင် မှန်းထည့်၍ တစ်နေ့လျှင် နံနက်-ည၊ (၂)ကြိမ် တစ်ကြိမ်လျှင် အချိုပန်းကန် တစ်လုံးမျှ နှစ်ရက်ဆက်၍ တိုက်လိုက်ပါသည်။


တစ်ရက် နှစ်ရက်အတွင်း သက်သာလာပြီး တစ်ပတ်မျှကြာသောအခါ နှလုံးခုန်ခြင်း ပုံမှန် အနေအထားသို့ ပြန်ရောက်ပြီး နှစ်ပတ်လောက်ကြာသောအခါ ရောဂါသက်သာပျောက်ကင်းသွား သည်မှာ ယနေ့တိုင်ပင် ဖြစ်ပါသည်။
သို့သော်လည်း တစ်နေ့လျှင် ထိုရောဂါ ပြန်ဖြစ်လာ-မလားဟု သံသယရှိခဲ့ပါသည်။ ဒါပေမယ့် ယခုအချိန်ထိ ထိုရောဂါလက္ခဏာ အရိပ်အယောင်မျှ မရှိဘဲ ကျန်းမာဝဖြိုးလျက် ရှိပါသည်။


ယင်းအဖြစ်အပျက်ကလေးသည် ယခု ၂၀၀၅-ခုနှစ် ဒီဇင်္ဘာလတွင် (၁၀)နှစ်မျှ ကြာပြီဖြစ်၍ သက်သာပျောက်ကင်းသွားပြီဟု ယုံကြည်မှု ရရှိပါပြီ။
သို့အတွက် နှလုံးသွေးကြောကျယ် ရောဂါခံစားနေရသူ ဝေဒနာရှင်များအတွက် ဆေးတစ်လက်ကို နက္ခတ္တရောင်ခြည် မဂ္ဂဇင်းမှ တစ်ဆင့် စေတာနာ မေတ္တာဖြင့် တင်ပြအပ်ပါသည်။


(မြင့်ဆွေ-သိုင်း)
နက္ခတ္တ-၂၀၀၆-၃

မျက်စိနာအတွက် ဆေးနည်းတလက်


တနေ့ ညောင်လေးပင်မြို့ ရိုးမစားသောက်ဆိုင်ပိုင်ရှင် ဒေါ်အုန်းကြည်၏ မွေးနေ့ အလှူမင်္ဂလာပွဲသို့ ကျွန်တော်နှင့်အတူ ဆရာတော်ကြီး ဦးနာဂိန္ဒ အမှူးပြုသော သံဃာတော်များ ရောက်ရှိသွားကြပါသည်။ ဆရာတော်ကြီးနှင့် ပင့်သံဃာတော်များအား ဆွမ်းကပ်လှူ တရားနာအပြီး ဧည့်ပရိသတ်များနှင့် အတူ စကားလက်ဆုံ ပြောမိကြသည်။


မျက်စိ ခွဲစိတ်ကုသကြသူများနှင့် မျက်စိရောဂါအကြောင်း အမျိုးမျိုး ပြောနေကြသည်။ ဒီစကားဝိုင်းသို့ ညောင်လေးပင်မြို့ ဈေးကြီးအတွင်း တိုင်းရင်းဆေးဆိုင် ဖွင့်ထားသူ ဒေါ်ခင်လေးသိန်း (၅၈)နှစ်မှ မျက်စိအတွက် မျက်လုံးရောဂါရှင်များအတွက် ဆေးနည်းတလက်ကို စေတနာဖြင့် ပေးလာခဲ့ပါသည်။ ဤဆေးနည်းကို သူတို့မိသားစု အမြဲအသုံးပြုကြောင်း ယနေ့ထိလည်း အနီးအဝေး မျက်မှန်မတပ်ရကြောင်း
ပြောပြပါသည်။


ဆေးနည်းနှင့် လိုက်နာ လုပ်ဆောင်ရမည့် အချက်များကလည်း မခက်လှသည့်အတွက် (၇)ရက်သားသမီးများ အကျိုးရှိစေခြင်းငှါ နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ တင်ပြအပ်ပါသည်။
ဆေးနည်းနဲ့ လိုက်နာ လုပ်ဆောင်ရမည့် အချက်များမှာ---
ဆန်ဆေးရည်ဖြင့် ဒူး၏ အောက်ပိုင်းကို နေ့စဉ် နံနက်တကြိမ်၊ ညတကြိမ် ဆေးပေးရပါမည်။
ညဘက်တွင် မန်ကျည်းသီးနှင့် ဆားအနည်းငယ်ရောပြီး ဖြေဖဝါးအား ပွတ်ပေးပါ။
နံနက် မျက်နှာမသစ်မီ ပြုလုပ်ရမှာက သက်ရင်းမြစ်နှင့် တမာမြစ် နှစ်မျိုးတို့အား ဆတူသွေးပြီး ခြေထောက်၏ ဒူးဆစ်အောက်ကို လိမ်းပေးရမည်။


တခုသတိပြုရမှာက သွေးလိမ်းမည့် သက်ရင်းမြစ်နှင့် တမာမြစ်တို့မှာ အပင်၏အရှေ့ဘက် (သို့) နေထွက်ရာဘက်သို့ သွားသော အမြစ်များ ဖြစ်ရပါမည်။ 
ဤဆေးနည်းကို စေတနာထား ပေးလာခဲ့သော ဦးချမ်းအေး+ဒေါ်ခင်လေးသိန်း ရွှေကျင်ပရဆေးဆိုင်
-ညောင်လေးပင်အား ကျေးဇူးတင်စွာဖြင့် လူသားတိုင်း မျက်စိဝေဒနာ ကင်းဝေးကြပါစေကြောင်း
ရေးသားလိုက်ရပါသည်။


ကိုမြသွေး (ပေါင်းလောင်းမြေ)
(နက္ခတ္တ ၂၀၀၇-၄)

တီဘီရောဂါအတွက် ဆေးတလက်


ကသစ်ပင်ရဲ့ အခေါက်ကို ခွါယူပြီး 
ဆန်ဆေးရည် ဒုတိယရည်နဲ့
ရေနွေးကြမ်း ပန်ကန်လုံး တလုံး ပျစ်ပျစ်ရအောင် သွေး၊ 
တနေ့ ၃-ကြိမ်လောက် သောက်ပေတော့။-


ဟု ရန်ကုန် ဗဟန်း ဓာတ်ပေါင်းစုကျောင်း ဆရာတော် အမိန့်ရှိတော်မူလိုက်ရာ 
ကျွန်တော်လည်း အိမ်ရောက်လျှင်ရောက်ချင်း ကသစ်ခေါက် အရှာခိုင်း၍ မှန်မှန်သောက်ကြည့်ပြီး တလခန့်အကြာတွင် ဓာတ်မှန်သွားရိုက်ကြည့်ရာ သက်သာပျောက်ကင်းသွားကြောင်း ဆရာဝန်က ပြောပါသည်။  

ထိုအချိန်တွင် အနောက်တိုင်း ဆေးများမှာ သောက်ရတာလဲ မနည်းပါ၊ ၄င်းဆေးများ သောက်နေစဉ်
မြန်မာဆေးဝါးဖြစ်သည့်  ကသစ်ခေါက်ဆေးကိုလည်း သောက်၍ရပါသည်။
ကျွန်တော်ကိုယ်တိုင် သက်သာပျောက်ကင်းသွားပြီးနောက် ကျွန်တော်ဇနီး၏ ဦးလေးတော်စပ်သူ အကျဉ်းဦးစီး ဌာန ကျောက်များ ခွဲရသော အကျဉ်းထောင်ဌာနတွင် တာဝန်ရှိသူ ထောင်မှူး တဦးလည်း
နေအိမ်သို့ရောက်လာပြန်ရာ ယင်းပုဂ္ဂိုလ်လည်း ကျောက်မှုန် နေ့စဉ် ရှူရသောကြောင့် တီဘီဖြစ်နေကြောင်း သိရပါသည်။ 


ကျွန်တော်ကိုယ်တိုင် တီဘီရောဂါကု ပါရဂူတဦးထံ ပို့ပေးပါသည်။ ပထမ လာစဉ်က ကျွန်တော်၏အိမ် ၅-လွှာကို တက်လာစဉ် အတော်မောပန်းနေပါသည်။ ထို့နောက် ကျွန်တော်က ဆေးနည်းပေးပါသည်။ ထိုပုဂ္ဂိုလ်ကလည်း ဆေးလည်းစား၊ ကသစ်ခေါက်လည်း သွေးသောက် လောက်သေရွက်ဆေးကိုလည်း တဖက်တလမ်းမှ လက်ဖက်ရည်ကြမ်းနှင့် သောက်ရာ ၂-လအကြာမှာ သက်သာလာသဖြင့် ကျွန်တော့် ဆေးနည်းနှင့် ဆက်သောက်သုံးနေရာမှ ၃-လအကြာမှာ ရောဂါ သက်သာပျောက်ကင်းလာပြီး ကျွန်တော့်အိမ် ၅-လွှာသို့ မမောမပန်းဘဲ တက်ရောက်နိုင်ပါသည်။ 


၎င်းအပြင် တူမလေးတဦးမှာလည်း ယင်းရောဂါစွဲကပ်နေရာမှ အဲဒီဆေးနည်းနဲ့ပဲ သက်သာပျောက်ကင်း သွားပါသည်။ ကျွန်တော်သည် အနောက်တိုင်းဆေးများကို ပစ်ပယ်ရန် ရေးသားခြင်း မဟုတ်ပါ။ အထောက်အကူပြုသည့် မြန်မာ့ဆေးနည်းများကိုလည်း အထင်မသေးသင့်ကြောင့်
ရေးသားခြင်းသာ ဖြစ်ပါသည်။


မြန်မာ့ဆေးဝါးများလည်း အထောက်အကူပြုကြောင်း သက်သေထူလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ညီနှစ်ဦးမှာ တဦးက ဆရာဝန်၊ တဦးက အငြိမ်းစား တရားသူကြီးဖြစ်၍ တိုင်းပြည်၏ သားကောင်းများ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရသည့်အတွက် ဝမ်းနည်းကြေကွဲရခြင်း ဖြစ်ရပါသည်။


ကျွန်တော့်ညီများမှာ ကျွန်တော် လောက်သေရွက်နှင့် ကသစ်ခေါက်ဆေးနည်း သွားပေးသည်ကိုပင် “ကျွန်တော်တို့ ပါရဂူနှင့် ပြနေပါတယ်၊ အကို မစိုးရိမ်ပါနဲ့”ဟု ပြောဆိုပြီး လက်မခံကြပါ။ ဘာဘဲဖြစ်ဖြစ် ရောဂါသက်သာပျောက်ကင်းဖို့သာ အဓိက ကျပါသည်။
ယခုဆေးနည်းက ငွေကုန်ကြေးကျလည်း မရှိ၊ သက်သာပျောက်ကင်းသည့် သာဓကလည်း ရှိနေပြီဖြစ်၍ ဝေဒနာရှင်များ လိုအပ်ပါက ဘာအန္တရာယ်မှ မရှိသည့် ကသစ်ခေါက်နှင့် လောက်သေရွက်ကို
သောက်သုံးကြပါရန် တိုက်တွန်းရေးသားလိုက်ရခြင်း ဖြစ်ပါသည်။


ဝေနေယျသတ္တဝါအပေါင်း ချမ်းသာကြပါစေ
ဗိုလ်မှူး တင်လ (ရေ/ငြိမ်း)
(နက္ခတ္တ ၂၀၇-၄)


သွေးတိုးသွေးတက်ရောဂါ သိကောင်းစရာများနှင့် ကုထုံး


ဒဂုံမြို့သစ် (တောင်ပိုင်း) သဘာဝဓမ္မ ဆေးကုခန်း ဆရာ ဦးသန်းဆွေထွန်း (တဆ-၀၂၀၆၂) နှင့် တွေ့ဆုံဆွေးနွေးခဲ့သော
သွေးတိုးသွေးတက်ရောဂါ သိကောင်းစရာများနှင့် ကုထုံး

သွေးတိုးရောဂါဟာ ဝဖြိုးသူများ ဖြစ်ပွားနိုင်သလို ပိန်သူတွေလဲ ဖြစ်နိုင်ပြီး ကျား-မ မရွေး ဖြစ်ပွားနိုင်တဲ့ ရောဂါ
ဖြစ်ပါတယ်။ သိပ္ပံဆေးပညာရှင်များက တိတ်တဆိတ် လူသတ်သမား (Silent Killer) လို့ တင်စားပြောဆိုကြပါတယ်။

မြန်မာတိုင်းရင်းဆေး ပညာအရ ရောဂါသိလျှင် ဆေးရှိတာမို့ သွေးတိုး သွေးတက်ရောဂါ သိကောင်းစရာများနဲ့ ကုထုံးကို သိရှိမှတ်သားနိုင်ဖို့အတွက် ဒဂုံမြို့သစ် (တောင်ပိုင်း) ရောက်တဲ့အခါ ဆရာ ဦးသန်းဆွေထွန်းကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ဆရာ ဦးသန်းဆွေထွန်းက ဆရာကြီး ဦးရွှေသော့ရဲ့ မြေးဖြစ်ပြီး သဘာဝဓမ္မဆရာကြီး ဦးထွန်းရည်နဲ့ ဆရာကြီး ဦးငြိမ်းမောင်တို့ရဲ့ တပည့် ဖြစ်ပါတယ်။ ဆရာသမားများရဲ့ နည်းနိဿယခံယူပြီး ဆေးကုသခဲ့တာ ဆေးကုသက် (၁၂)နှစ်ခန့် ရှိနေပြီ ဖြစ်ပါတယ်။ သွေးတိုးသွေးတက်ရောဂါနဲ့ ပတ်သက်ပြီး နက္ခတ္တရောင်ခြည် စာဖတ်ပရိသတ်များ အသိတရား တိုးပွားစေရေးအတွက် ဆရာဦးသန်းဆွေထွန်းနဲ့ တွေ့ဆုံဆွေးနွေး
မေးမြန်းသမျှ ပြန်လည်တင်ပြလိုက်ပါသည်။

* ဆရာခင်များ သွေးတိုးသွေးတက်ရော၈ါအကြောင်းကို တိုင်းရင်းဆေးပညာအမြင်အရ ပထမဦးဆုံး ပြောပြပေးစေချင်ပါတယ်။
* အများခေါ်ပြော လက်ခံနေတဲ့ သွေးတိုးရောဂါဆိုတာ တိုင်းရင်းဆေးပညာ ဒေသနာနယအလိုအရ ပြောရရင် သွေးတက်၊ လေတက်၊ အခိုးတက်၊ တင်း၊ တောင့်၊ တက်၊ ခေါင်းမူးအုံတက်၊ ခေါင်းကိုက်တတ်၊ အခိုးအာကာသပိတ်ဖွဲ့၊ ချုပ်၊ တက်ဖြစ်တဲ့ ရောဂါ ဖြစ်ပြီး ရှေးတောင်သာအခေါ် ကက္ခဠ၊ သင်္ဂဟိတ အနာရောဂါများ ဖြစ်ပါတယ်။ 

* ဆရာခင်ဗျား၊ သွေးတိုးရောဂါ ဖြစ်ရတဲ့  အကြောင်းရင်းများကို ဆက်ပြီး ပြောပြပေးပါဦး။
* သွေးတိုးရောဂါဖြစ်ရတဲ့ အကြောင်းရင်းများကတော့ ကိုယ်လက်လှုပ်ရှားမှု နည်းသူများ၊ အညောင်းထိုင်၊ အအိပ်အနေများသူများ၊ ဆီး၊ ဝမ်း၊ သွေးလေ ချုပ်နေ-ကျန်နေ-အောင့်နေ-စုဝေးနေခိုက်၊ ပိတ်စာ၊ ချုပ်စာများ။
ဥပမာ-ဂေါ်ဖီထုပ်၊ နို့မျိုးစုံ၊ အုန်းနို့၊ အုန်းသီး စတဲ့ ချို-ဖန်-ဆိန့် ဓာတ်စာ အစာများနဲ့ ဝက်သား၊ ဘဲသား၊ ငါးသလောက်၊ ပုစွန်ထုပ်၊ ငါးပိ၊ ပုစွန်ဆီ၊ အမဲသား၊ ကြက်သား၊ ဆိတ်သား၊ ငါးကြီးသားများ စတဲ့ ချွဲ၊ စေး၊ ဆိမ့်၊ ဖန်၊ အစားအစာများကို ရင်ပြည့်အောင် စားမိခြင်း။

ပန်ကာလေအပါအဝင် လေတိုက်ခံခြင်း၊ အအေးခံခြင်း စတဲ့ အတက်(၃)ချက် ဆုံမိသော် သွေးတက်၊ လေတက်၊ အခိုးတက်စေတဲ့ သွေးတိုးရောဂါ ဖြစ်တတ်ပါတယ်။
အထက်မှာပြောခဲ့တဲ့ အပိတ်(၃)မျိုး မကြာခဏ ဆုံမိခြင်း၊ ဝဖြိုးခြင်း အဆီအသားများ ပိတ်ကျင်တုတ်ခိုင်နေသူများ၊ အပိတ်(၄)ချက် ဆုံမိရင် ရုတ်တရက် သွေးတိုးကာ လေဖြတ်ပြီး အသက်ဆုံးရှုံးခြင်းများ ဖြစ်တတ်ပါတယ်။


မိဘမျိုးရိုး နှစ်ဖက်စလုံး နှလုံး၊ သွေးတိုး၊ လေငန်းရှိခဲ့ရင် အဲဒီလူမှာ အပိတ်(၃)မျိုး ဆုံခဲံသော် နာတာရှည် သွေးတိုးရောဂါ၊ လေငန်းရော၈ါ ဖြစ်တတ်ပါတယ်။ အပိတ်(၄)မျိုး ဆုံခဲ့ရင်တော့ ရုတ်တရက သေဆုံးတတ်ပါတယ်။ 
စိတ်ဒေါသ ပြင်းထန်သူများ၊ စိတ်ချုပ်တည်းထားရခြင်းကြောင့် နှလုံးထိခိုက်မှုများပြီး အဲဒီစိတ်ကြောင့်လည်း သွေးတိုး၊ သွေးတက်ရောဂါ ဖြစ်တတ်ပါတယ်။


ကံ-စိတ်-ဥတု-အာဟာရ ဆိုတဲ့ သမဋ္ဌာန်(၄)ပါးထဲက 
ကံကြောင့် မိဘမျိုးရိုးမှာ သွေးတိုးရောဂါ၊
နှလုံးရောဂါ၊ လေငန်းရောဂါရှိခဲ့ရင် မွေးဖွားလာတဲ့ သားသမီးများမှာ သွေးတိုး၊ နှလုံး၊ လေငန်းရောဂါများ ဖြစ်တတ်ပါတယ်။
စိတ်ကြောင့် ပြောရရင် မာန်မာနဒေါသပြင်းထန်သူများ၊ စိတ်နှလုံး မသာမယာ ရှိသူများဟာ သွေးတိုးရောဂါ ဖြစ်တတ်ပါတယ်။ 
ဥတုကြောင့် ပြောရရင် ဆီး၊ ဝမ်း၊ သွေး၊ လေ ချုပ်နေခိုကမှာ ရေအေးချိုးခြင်း၊ အအေးခံခြင်းများစွာ ပြုလုပ်နေခြင်းကြောင့်လည်း သွေးတိုးရောဂါ ဖြစ်တတ်ပါတယ်။
အာဟာရကြောင့် ပြောရရင် ဆီး၊ ဝမ်း၊ သွေး၊ လေ-ချုပ်ငုပ်နေခိုက် အဆီ၊ အဆိမ်ံ၊ အဖန်၊ အငန်၊ ချွဲစေးစာ၊ ပိတ်ဖွဲ့စာများ၊ ဓာတ်ချုပ်စာများ စားရင် သွေးတိုး၊ သွေးတက်ရောဂါ ဖြစ်တတ်ပါတယ်။


* ဆရာခင်ဗျား သွေးတိုးရောဂါ လက္ခဏာများကိုလဲ ဆက်ပြီး ပြောပြပေးပါဦး။
* သွေးတိုး၊ သွေးတက်ရောဂါ (၃)မျိုးရှိပါတယ်။ အဲဒါတွေကတော့ အပူအကြောင်းခံ သွေးတိုးခြင်း၊ အအေးအကြောင်းခံ သွေးတိုးခြင်းနဲ့ အပူ အအေး(၂ဒ)ပါးပြိုင် သွေးတိုးခြင်းတို့ ဖြစ်ပါတယ်။


အအေးအကြောင်းခံဖြစ်တဲ့ သွေးတိုးလက္ခဏာများကတော့---
၁။ ရုပ်ဝစိုခြင်း
၂။ ရုပ်လေးလံထိုင်းမှိုင်းခြင်း
၃။ ဆီးဖြူခြင်း
၎။ ရင်ပူခြင်း ရင်လေးခြင်း
၅။ ရေမငတ်ခြင်း
၆။ ခြေဖျားနွေးခြင်း
၇။ ချွေးမထွက်ခြင်း၊ ချွေးနည်းခြင်း
၈။ အစားနည်းသော်လည်း စားကောင်းခြင်း
၉။ အိပ်ပျော်ခြင်း
၁၀။ ဝမ်းချုပ်ခြင်း
၁၁။ ခံတွင်းနံ့နံခြင်း
၁၂။ သကျည်းခုန်နှေးပြီး ငုတ်တတ်ဝပ်တတ်ခြင်း
၁၃။ လက်ကောက်ဝတ် သွေးစမ်းကြည့်ရင် သွေးလုံးကျယ်တတ်၊ မာတတ်၊ ကောက်တတ်ခြင်းများဟာ အအေးအကြောင်းခံ သွေးတိုးရောဂါ လက္ခဏာများ ဖြစ်ပါတယ်။
အဲဒီရောဂါရှင်များကို သွေးပေါင်ချိန် တိုင်းကြည့်ရင် အောက်သွေး(၉၀) မီလီမီတာ အထက်နှင့် အပေါ်သွေး (၁၄၀)မီလီမီတာအထက် ရှိတတ်ပါတယ်။


အပူအကြောင်းခံ သွေးတိုးရောဂါ လက္ခဏာများကတော့---
၁။ ရုပ် အလွန်မဝခြင်း
၂။ ရုပ်ပေါ့ပြီး မတည်ငြိမ် လှုပ်ရှားမှုရှိခြင်း
၃။ ဆီးနီ၊ ဆီးဝါပြီး ဆီးမကြာခဏ သွားတတ်ခြင်း
၎။ ခြေဖျားအေးခြင်း
၅။ ရင်ပူခြင်း၊ မောတတ်ခြင်း
၆။ ရေငတ်ခြင်း
၇။ ကိုယ်ခန္ဓာအထက်ပိုင်း ချွေးထွက်များခြင်း
၈။ စားကောင်းခြင်း
၉။ အိပ်ပျော်ခြင်း
၁၀။ ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်း၊ ဝမ်းခြောက်ခြင်း
၁၁။ ခံတွင်းနံ့ နံခြင်း
၁၂။ သကျည်းအခုန်မြန်ခြင်း
၁၃။ လက်ကောက်ဝတ် သွေးလုံးမာပြီး ထန်မြန်တတ်ခြင်း
အဲဒီရောဂါရှင်များကို သွေးပေါင်ချိန်ကြည့်လျှင် အောက်သွေး(၉၀) မီလီမီတာအထက်နှင့် အပေါ်သွေး(၁၄၀) မီလီမီတာအထက် ရှိတတ်ပါတယ်။


အပူအအေးပြိုင် သွေးတိုးရောဂါ လက္ခဏာများကတော့---
၁။ ရုပ်ဝတတ်ခြင်း
၂။ ကိုယ်ခန္ဓာအောက်ပိုင်း လေးပြီး ထုံကျဉ်တတ်ခြင်း
၃။ ဆီး ဖြူလိုက်-ဝါလိုက်၊ နည်းများ ပြောင်းလဲတတ်ခြင်း
၎။ ကိုယ်ခန္ဓာအောက်ပိုင်း ချွေးမထွက်ခြင်း
၅။ ကိုယ်ခန္ဓာအောက်ပိုင်း ချွေးထွက်လိုက်၊ ကိုယ်ခန္ဓာအထက်ပိုင်း ချွေးထွက်လိုက်နှင့် ချွေးထွက် မညီခြင်း
၆။ ခြေဖျား တခါတရံ အေးပြီး တခါတရံ နွေးခြင်း
၇။ ရင်တုန်တတ်ခြင်း
၈။ ခေါင်းမူးတတ်ခြင်း
၉။ ဇက်ကြော် နောက်ကြောတက်ခြင်း
၁၀။ နေ့ညမရွေး ရောဂါတိုးခြင်း
၁၁။ စိတ်တိုခြင်း၊ မောခြင်း
၁၂။ လက်ကောက်ဝတ်သွေးကြော မာထန်ကောက်ပြီး မညီမမျှ တိုးခြင်း
၁၃။ သွေးတိုးအတက်အကျ မြန်ခြင်း 
စတဲ့ လက္ခဏာများဟာ အပူအအေးပြိုင် သွေးတိုးရောဂါလက္ခဏာများ ဖြစ်ပါတယ်။ 
*****
* ဆရာခင်ဗျား သွေးတိုးရောဂါရဲ့ ကုထုံးများကို ပြောပြပေးပါဦး။
* ကုထုံးပြောရရင် သွေးတိုးရောဂါဖြစ်ကြောင်းများကို သေသေချာချာ လေ့လာပြီး အကြောင်းအကျိုး ၂-စွယ်လုံး ငြိမ်းအောင် ကုသဖို့လိုပါတယ်။ အကြောင်းအကျိုးကို မသိဘဲ ဆေးကိုဆရာတင်ပြီး ကုရင်တော့ သက်သာလိုက် ပြန်ဖြစ်လိုက်နဲ့ နာတာရှည်ပြီး အခြားဥပဒ္ဒဝေါရောဂါများ ဝင်လာတတ်ပါတယ်။

ကုထုံးကို ဆက်ပြီးပြောရရင်---ရောဂါရှုဟာ သွေးတိုးသွေးတက်နာရောဂါ ဖြစ်ကြောင်းများကို ထပ်မလုပ်မိဖို့ အရေးကြီးပါတယ်။ အထက်မှာ ပြောခြ့တဲ့ အပိတ်(၄)ချက်မှာ (၂)ချက် (၃)ချက် မဆုံအောင် ရှောင်ကြဉ်ဖို့ လိုပါတယ်။ 
အဲဒီနောက် ကံ-စိတ်xဥတု-အာဟာရ အကြောင်းတရား(၄)ပါးအရ ကံဆိုတဲ့အကြောင်းတရားအရ မိဘနှစ်ပါးမှာ သွေးတိုးရောဂါရှိရင် မိမိကိုယ်တိုင် ဘုရား၊ ကျောင်း၊ ကန်၊ လမ်းများ ပြုပြင်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဇီဝိတဒါန မကြာခဏ ပြုလုပ်ပေးခြင်း၊ ရဟန်းသံဃာနဲ့ သက်ကြီးရွယ်အိုများအား ကျွေးမွေးလှူဒါန်းခြင်း စတဲ့ ကုသိုလ်ဒါနများ ပြုလုပ်ပေးရပါတယ်။


စိတ်ဆိုတဲ့ အကြောင်းတရားအရ----စိတ်အလိုမကျမှု၊ ဒေါသပြင်းထန်မှုများ ပြေပျောက်အောင် စိတ်ကို ငြိမ်သက်စွာထားပြီး အသက်ရှူလေ့ကျင့်ခန်းများ လုပ်ခြင်း၊ အာနာပါန တရားအားထုတ်ခြင်း၊ အရာရာမှာ ယောနိသော မနသိကာရ အသင့်အတင့် နှလုံးသွင်းပြီး အနတ္တဘာဝနာ ပွားခြင်း၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဘာဝနာ ပွားခြင်း၊ ဗုဒ္ဓအဆုံးအမတရားများ နာကြားခြင်း ပြုလုပ်ရပါတယ်။


ဥတုဆိုတဲ့ အကြောင်းတရားအရ---
မိမိမှာ အပိတ်၊ အချုပ် ဓာတ်ခ့ရှိထားခဲ့ရင် နောက်ထပ် လေတိုက်၊ အအေးပတ်မခံမိအောင် ဂရုဏိုက်ရပါမယ်။ အခိုးပွင့်ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားခြင်း၊ လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်းများ လုပ်ဆောင် ပေးရပါတယ်။


အာဟာရဆိုတဲ့ အကြောင်းတရားအရ---
အထက်မှာပြောခဲ့တဲ့ သွေးတိုး သွေးတက် လေတက် ဆီး၊ ဝမ်း၊ လေ၊ ချုပ်တတ်တဲ့ အစားအစာများကို ရှောင်ကြဉ်ပြီး အအေးအကြောင်းခံ သွေးတိုးရောဂါဖြစ်ခဲ့ရင် သက်ရင်းကြီးရွက်၊ ကြာဟင်းရွက်၊ မြင်းခွါရွက်၊ ဒန့်သလွန်ရွက်၊ မဲဇလီရွက်၊ ဧကရာဇ်ရွက်၊ ရှောက်ရွက်များကို များများစားသုံးစေပြီး အထူးသဖြင့် သြဇာရွက်လက်တဆုပ်ကို ငါးခူ(၁၀)သားနဲ့ ချက်စားရင် ပိုကောင်းပါတယ်။


အပူအကြောင်းခံဖြစ်တဲ့ သွေးတိုးရောဂါရှင်ကို မန်ကျည်းသီးမှည့်၊ မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်၊ ခံတက်ချဉ်၊ မဲဇလီရွက်၊ ဧ၈ရာဇ်တို့ကို စားသောက်စေပြီး သံပရာရည်၊ ရှောက်ရည်၊ နာနတ်ရည်၊ ဆီးဖျော်ရဘ်၊ ချိုချဉ်ငန်အေး အရသာဖြစ်အောင် ဖျော်ရည်တိုက်ရပါတယ်။


အအေးအကြောင်းခံ သွေးတိုးသွေးတက်ရောဂါရှင်များကို တိုင်းရင်းဆေးများနဲ့ ကုသမယ်ဆိုရင် နံနက်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၁) မုတ်ကဲဆေး၊ လက်ဖက်စားဇွန်း တဇွန်းခန့် ရေအေးနဲ့ တိုက်ရပါမယ်။ 
နေ့လယ်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး အမှတ်(၂၈)သက်ရင်းကလာပ်ဆေးကြီး လက်ဖက်စားဇွန်း တဇွန်းခန့် ရေနွေးနဲ့ တိုက်ရပါမယ်။
ညအချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၇) သွေးဆေးနီကြီး လက်ဖက်စားဇွန်း တဇွန်းခန့် ရေနွေးနဲ့တိုက်ရပါမယ်။ 
ရုပ်ပိန်အားနည်းပြီး သွေးတိုးတဲ့သူကို နံနက်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၇)သွေးဆေးနီကြီးကို လက်ဖက်စားဇွန်း တဇွန်းခန့် ပျားရည်နဲ့တိုက်ပြီး ညအချိန်မှာ တိုင်းရင်းဆေးခန်းသုံး အမှတ်(၁၅)သည်းခြေဆေး လက်ဖက်စားဇွန်း တဇွန်းခန့် ကင်ပွန်းချဉ်ရွက်ရည်ကို ကျိုပြီး တိုက်ရပါတယ်။ အထူးသဖြင့် သြဇာရွက် လက်တဆုပ်ကို ငါးရံ့နဲ့ ချက်ကျွေးရင် ပိုကောင်းပါတယ်။


အပူအကြောင်းခံ သွေးတိုးရောဂါရှင်များကို နံနက်အိပ်ရာထမှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၅) လေမျိုး(၈၀) ဝမ်းနုတ်ဆေး ဟင်းခတ်ဇွန်း တဇွန်းခန့်ကို ရေနွေးနဲ့ တိုက်ရပါမယ်။
နေ့လယ်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁) မက်လင်ချဉ် လျက်ဆား လက်ဖက်စားဇွန်း တဇွန်းခန့် ရှောက်ရည်၊ သံပရာရည် (သို့) ရေနွေးနဲ့ တိုက်ရပါမယ်။
ညနေချိန်မှာ တိုင်းရင်းဆေးခန်းသုံး အမှတ်(၁၅)သည်းခြေဆေး လက်ဖက်စားဇွန်း တဇွန်းခန့်ကို သံပရာရည် (သို့) ရေအေးနဲ့ တိုက်ပြီး ညအိပ်ရာဝင်ချိန်မှာ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၆) အပူသတ်ဆေး လက်ဖက်စားဇွန်း တဇွန်းခန့် သံပရာရည်(သို့) ရေနွေးနဲ့ တိုက်နိုင်ပါတယ်။


သွေးတိုးသွေးတက်၊ လေတက်၊ အခိုးတက် ရောဂါရှင်များကို ဆီး၊ ဝမ်း၊ သွေး၊ လေ၊ မှန်အောင် ပြုလုပ်ပေးပြီး ချွေးအောင်း၊ ချွေးထုတ်ခြင်းများ ပြုလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားမှုများ ပြုလုပ်စေခြင်း၊ အထက်မှာပြောခဲ့တဲ့ ရောဂါအလိုက် ဆေးများတိုက်ကျွေးခြင်းဖြင့် သွေးတိုး၊ သွေးတက်၊ လေတက်၊ အခိုးတက်ရောဂါများဟာ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။
*****
* ဆရာခင်ဗျား သွေးတိုးသွေးတက်ရောဂါရှင်များအတွက် ဆေးနည်းတခု ဒါနပြုပေးပါဦး။
* သွေးတိုး။ သွေးတက်၊ ရောဂါရှင်များ သက်သာပျောက်ကင်းစေတဲ့ ဆေးနည်းတခု ပြောပြပေးပါမယ်။
သွေးတိုးးသွေးတက်ရောဂါ သက်သာပျောက်ကင်းဆေး---
၁။ ကျောက်ဆေးဒန်း   ၅-ကျပ်သား
၂။ ဥနှဲခေါက်မှုန့်   ၅-ကျပ်သား
၃။ ငုခေါင်မှုန့်   ၅-ကျပ်သား
၎။ ဥသျှစ်ရွက်ခြောက်မှုန့်   ၁၀-ကျပ်သား
၅။ နနွင်းခါးမှုန့်   ၂၀-ကျပ်သား
၆။ ပျားရည်   ၁၀-ကျပ်သား
ဆေး ၆-မျိုး ဆေးအချိန် ၅၅-ကျပ်။ 


အထက်ပါဆေးမှုန့်များကို ပျားရည်နှင့် သမအောင်ရောစပ်ပြီး လေလုံပုလင်းနဲပထားပါ။ တကြိမ်သောက် လက်ဖက်စားဇွန်း တဇွန်းခန့် ရောဂါရင့်လျှင် နံနက်, ည တနေ့ ၂-ကြိမ်၊ ရောဂါနုလျှင် တနေ့ ၁-ကြိမ် သောက်ပါ။ သွေးတိုး၊ သွေးတက်၊ ရောဂါများ သက်သာပျောက်ကင်းစေပါတယ်။


မြောင်းမြ မောင်ယဉ်တင့်
(နက္ခတ္တ ၂၀၀၇-၄)





---
--
သက်ရှိတွေအတွက် အကြီးကျယ်ဆုံး အရာကတော့ သေခြင်းတရား ပါဘဲ။
လွမ်းနေသူ®ူ



Reply all
Reply to author
Forward
0 new messages