မာရ်နတ်ဆိုတာ

34 views
Skip to first unread message

Limit

unread,
Oct 31, 2011, 5:14:48 AM10/31/11
to paowyne
မာရ်နတ်ဆိုတာ ၀သ၀တ္တီနတ်ပြည်က နတ်သူပုန်တွေက တစ်ယောက်ပါပဲ။ သူက သူ့ရဲ့နတ်ဘုံကို ကျူးကျော်လိုသူကို ကျူးကျော်နိုင်စွမ်းရှိမယ်ဆိုရင် သတ်ပစ်တယ်၊ (ကျူးကျော်လိုပေမယ့်) မစွမ်းနိုင်သူကိုလဲ သေစေချင်တယ်။ အဲဒီလို နတ်မျိုးပါ(သုတ္တနိ-ဋ္ဌ ၁၊ ၄၀)။ မာရ်နတ်ဆိုတာ ပရနိမ္မိတ၀သ၀တ္တီ နတ်ပြည်မှာနေတယ်။ ၀သ၀တ္တိ နတ်ပြည်ကိုတော့ ၀သ၀တ္တိ နတ်မင်းကြီးအုပ်ချုပ်တာပေါ့။ မာရ်နတ်ကတော့ တစ်စိတ်တစ်ဒေသကိုပဲ အုပ်ချုပ်ရတဲ့အတွက် နယ်စွန်နယ်ဖျားက ခွဲထွက်ရေးသမား သူပုန်မင်းသားနဲ့တူတယ်လို့ ဆိုကြတယ်(မ-ဋ္ဌ ၁၊ ၃၄)။ မာရ်နတ်ဆိုတာ ကာမာဝစရနတ်ပြည်ကို အစိုးရတယ်။ တစ်ခါတစ်ရံ ဗြဟ္မပါရိသဇ္ဖာ ဗြဟ္မာဘုံကိုတောင် အုပ်စိုးနိုင်စွမ်းရှိတယ်(ဇိနာလင်္ကာရဋီကာ၊ ၂၁၇)။ ဇာတကအဋ္ဌကထာ (ဇာ-ဋ္ဌ ၁၊ ၈၃) နဲ့ ဗုဒ္ဓ၀ံသအဋ္ဌကထာ (စာ၊ ၁၀) မှာတော့ မာရ်နတ်ဟာ နဂါးဂဠုန်တွေပါတဲ့ စစ်တပ်ကြီးနဲ့အတူ ကိုယ်တိုင်လည်း လက်မောင်းတစ်ထောင်ဖန်ဆင်း၊ ဂိရိမေခလာအမည်ရတဲ့ နတ်ဆင်ပြောင်ကိုစီးပြီး ဗုဒ္ဓဂယာ မဟာဗောဓိပင်အောင်မှာ ဗုဒ္ဓအဖြစ်ကို ရောက်တော့မယ့် သူတောင်စင် ဗုဒ္ဓလောင်းလျာကို လာရောက်နှောက်ယှတ် တိုက်ခိုက်ပေမယ့် မာရ်နတ် ထွက်ပြေးရပုံကို သရုပ်ဖော်ပါတယ်။ ကျမ်းဂန်တွေမှာ ကမန်းကတန်း ပြေးရတဲ့ မာရ်နတ်ကြီးရဲ့ ချိုင်းကြားက ကျကျန်ခဲ့တဲ့ ဗေလုဝစောင်းကို သကြားမင်းက ကောက်ယူပြီး ပဉ္စသီခနတ်သားကို ပေးပုံ (သုတ္တနိ-ဋ္ဌ ၂၊ ၁၂၁)ထိ အသေးစိတ် ဆိုပါတယ်။

အချို့ ပါဠိပညာရှင်တွေက မာရ်နတ်က အဲဒီလို လာရောက်ပြီး တိုက်ခိုက်တယ်ဆိုတဲ့ အယူအဆဟာ ရှေးဦးပါဠိတော်တွေရဲ့ အာဘော်နဲ့ မကိုက်ညီဘူးဆိုပြီး အဓိပ္ပာယ်တစ်မျိုး ဖွင့်ဆိုလိုကြပါတယ်။ အင်္ဂလိပ်လူမျိုး ပါဠိပညာရှင် ရေးစ်ဒေးဗစ်က နှစ်ပေါင်းများစွာ ဒုက္ကရစရိယကို ကျင့်ပြီးနောက် ဗောဓိဉာဏ်ကို ရခါနီးမှာ တစ်ချိန်က ထီးနန်းရဲ့ သာယာပုံ၊ ကြွယ်ဝမှုနဲ့ အာဏာတို့ရဲ့ နှစ်သက်ဖွယ်ကောင်းပုံတွေ အတွေးထဲကို ၀င်လာရာကနေ မိမိရှာဖွေနေတာဟာ တကယ်ရှိရဲ့လားလို့ သံသယဖြစ်မိပေမယ့် အဲဒီညနေ၀င်ချိန်မှာတော့ အဲဒီသံသယတွေကို အကြွင်းမဲ့ အောင်နိုင်ပြီး ဗောဓိဉာဏ်ကို ရသွားတယ်(ဗြိတိသျှစွယ်စုံကျမ်း၊ ဗုဒ္ဓ ဆောင်းပါးမှ)လို့ ဆိုတယ်။ ဒီအယူအဆကိုပဲ အခြေခံဖွယ်ရှိတဲ့ အိန္ဒိယကရေးတဲ့ ဗုဒ္ဓ၀င်စာအုပ်ငယ်တစ်ခုမှာ မင်းသိဒ္ဓဟာ တစ်ခါမှာ တကယ်မရှိတာအတွက် မိသားစုနဲ့ ထီးနန်းကို စွန့်ခဲ့မိလေသလားလို့ သံသယ၀င်မိပေမယ့် မိမိပတ်ဝန်းကျင်မှာရှိတဲ့ လန်းဆန်းနေတဲ့ သစ်ပင် ပန်းမန်တွေ၊ ပျော်ရွှင်နေကြတဲ့ ကျေးငှက်သာရကာတွေဟာ သူတို့ကို အဲဒီလို ပျော်ရွှင်လန်းဆန်းစေတဲ့ ကမ္ဘာမြေရဲ့ မြင့်မြတ်တဲ့ သဘာဝလျှို့ဝှက်ချက်ကို သိနေကြတာပဲလို့ နားလည်သွားတဲ့အတွက် သံသယတွေ ပျောက်ပြီး ဒီလျှို့ဝှက်ချက်ကို တွေ့အောင်ရှာဖို့ အဓိဋ္ဌာန်ပြုဆုံးဖြတ်ခဲ့တယ် (Gautama-The Story of Lord Buddha, p. 50) လို့ ဆိုပါတယ်။

မာရ်နတ်ဆိုတဲ့ ပါဠိပုဒ်ကို ရှေးဟောင်းပါဠိတော် တော်တော်များများမှာ ခန္ဓာငါးပါး၊ ကိလေသာ၊ ကုသိုလ် အကုသိုလ်စေတနာဆိုတဲ့ အဘိသင်္ခါရ၊ သေခြင်းတရား၊ တစ်နည်း ချုပ်ပြောရင် မွေးသေစက်ဝန်းမှ မလွတ်နိုင်သေးတဲ့ လောကီခန္ဓာ သံသရာကို ရည်ညွှန်းတဲ့ ဝေါဟာရဖြစ်ပြီး မာရ်နတ်သားအနေနဲ့ ဖွင့်ဆိုတာက နောက်ကျတယ်လို့ ဆိုတယ်။ ပါဠိပညာရှင်တွေ အလိုအရ မာရ်နတ်အကြောင်းကို ဖော်ပြတဲ့ ပဓာနသုတ် (သုတ္တနိ၊ ၃၄၁)ရဲ့ ဒုတိယပိုင်းကိုတောင် နောက်မှထပ်ဖြည့်တာဖြစ်နိုင်တယ်လို့ ဆိုတယ်။ သူတို့အလိုအရဆိုရင် မာရတဇ္ဖနိယသုတ် (မ ၁၊ ၄၀၇) စတဲ့ မာရ်နတ်သားနဲ့ ပတ်သက်တဲ့ သုတ္တန်တွေကိုလည်း နောက်တိုးတွေလို့ ဆိုရမလိုပါပဲ။ ဒါကတော့ ဆွေးနွေးရဦးမယ့် အကြောင်းအရာဖြစ်လို့ မစဉ်းစားတော့ဘူး။ သို့ပေမယ့် ခရစ်ယန်တို့ရဲ့ Satan ကိုလည်း မာရ်နတ်လို့ ဘာသာပြန်လို့ အခုမာရ်နတ်ကို Satan နဲ့ တူတယ်လို့တော့ ဗုဒ္ဓဘာသာ မဟုတ်သူတွေကို အပြောမမှားမိပါစေနဲ့။ Satan က အတောင်ရှိတယ်။ ဘယ်တော့မှ မသေဘူး၊ ဘုရားသခင် ဖန်ဆင်းထားတာ။ အခုမာရ်နတ်က အတောင်မရှိဘူး၊ သေပြီးတော့ လူ၊ နတ်၊ တိရ စ္ဆာန် ဖြစ်ခွင့်ရှိသေးတယ်။

http://www.burmeseclassic.com ကူးယူဖော်ပြပါသည်။

သုတ

Sent from "LIMIT"
Reply all
Reply to author
Forward
0 new messages