11th Donation of NCDG for April 2014

0 views
Skip to first unread message

NCDG

unread,
May 12, 2014, 3:05:39 AM5/12/14
to naungmoon-cbox-donation

11 MAY 2014 (တနင်္ဂနွေနေ့)

 

 

NCDG မိသားစုများ ရွှေပြည်သာမြို့နယ် ပညာရောင်ခြည် သီလရှင်ကျောင်းလေးကို ရောက်သွားတော့ ဆရာလေးများ ဆွမ်းဆန်အလှူခံပြီး ပြန်ကြွလာတာနဲ့ ဆုံပါတယ်။ ဆရာလေးငယ်များကို ဆရာလေးအကြီး ၂ပါးစီ ရှေ့နောက်ထိန်းစေပြီး စနစ်တကျ ဆွမ်းဆန်စိမ်းအလှူခံ ထွက်စေတယ်လို့ ဆရာကြီးများရှင်းပြလို့ သိရပါတယ်။ အလှူခံမှုကို အဂါရဝ မဖြစ်ရအောင် စီမံအုပ်ချုပ်ပါသော ဆရာကြီး ၂ပါးအား ပို၍လေးစားခဲ့မိပါတယ်။

 

 

ဆရာလေးများ ခေတ္တ အမောအပန်းဖြေပြီးနောက် ဆွမ်းဆက်ကပ်လှူဒါန်းကြပါတယ်။ ဆွမ်းမစားမီ မေတ္တာသုတ်ရွတ်ဖတ်ပွားများကြပါတယ်။ ၄င်းနောက် ဆွမ်းစားကြပါတယ်။ ဝက်သားဟင်း၊ ကြာဇံကြော်၊ ဟင်းရွက်ကြော်၊ ဟင်းချို၊ ငါးပိချက်၊ တို့စရာများကို ဆရာလေးများ မောမောနဲ့ မြိန်ရေရှက်ရေ သုံးဆောင်ကြပါတယ်။ ဆရာလေးငယ်များကို ဆရာလေးအကြီးများက မိဘသဖွယ် ဟင်းထည့်ပေးပြီး အုပ်ထိန်းကျွေးမွေးနေမှုဟာ အလှူရှင်များအတွက် ကြည်နူးဖို့ ကောင်းလှပါတယ်။

 

 

အောက်ထပ်မှာ ဆရာလေးငယ်များ ဆွမ်းစားနေတုန်း အပေါ်ထပ်မှာ ဆရာကြီးများကို အလှူငွေလှူဒါန်းပါတယ်။ NCDG ၏ ၂၀၁၄ခုနှစ်၊ ဧပြီလအတွက် (၁၁)ကြိမ်မြောက် အလှူအဖြစ် ၅-၅-၂၀၁၄ နေ့က KBZ ငွေစုစာအုပ်ထဲသို့ ၄ကြိမ်မြောက်ထည့်သွင်းပေးခဲ့သော ငွေသား လေးသိန်းစာရင်း၊ ယနေ့အတွက် ဆွမ်းတစ်နေ့တာ အလှူငွေ ခြောက်သောင်းကျပ်၊ ပညာရေးပဒေသာပင်အဖြစ် သုံးသောင်းကျပ်တို့ကို Captain သော်တာဆွေနှင့် ဇနီးတို့က လက်ရောက်လှူဒါန်းခဲ့ကြပါတယ်။ လှူဒါန်းမှုအစုစုတို့၏ အဖို့ဘာဂကို အလှူရှင်အပေါင်းနှင့် ဝေနေယျသတ္တဝါအပေါင်းတို့အား အမျှဝေအပ်ပါတယ်၊ ဝမ်းမြောက်နုမော်သာဓုခေါ်နိုင်ကြပါစေခင်ဗျား။

 

 

အလှူပြီးတော့ NCDG အကျိုးတော်တောင်များက ဆရာကြီး/ဆရာလေးတို့ရဲ့ မေတ္တာတုန့်ပြန်မှုကို အသိအမှတ်ပြုသောအားဖြင့် တည်ခင်းကျွေးမွေးမှုကို အားပေးခဲ့ကြပါတယ်။

(ငတ်ကြီးကျတယ် မပြောဘူးနော်)

 

 

NCDG မျိုးဆက်သစ်များရဲ့ အင်အားကိုလည်း တွေ့မြင်နိုင်ပါတယ်။

 

ဦးသန်းဝင်းနဲ့ ဦးသော်တာဆွေ မိသားစုက ပွဲတွေဆက်စရာရှိလို့ စောစောပြန်သွားပါတယ်။

 

 

နေ့ခင်းပိုင်းမှာ ဒေါက်တာရွှေလင်းအောင်နဲ့အဖွဲ့ ရောက်လာပါတယ်။ ပညာရောင်ခြည်ကျောင်းက ဆရာလေးများသာမက အနီးအနားက ဆရာကြီး/ဆရာလေးများကိုပါ ဆေးကုသပေးခြင်း၊ ကျန်းမာရေးဗဟုသုတ အလေ့အကျင့်များ ပြောဆိုမှာကြားခြင်းများ ပြုလုပ်ပါတယ်။ အားလုံးပြီးမှ ထမင်းစားကြပါတယ်။

 

 

NCDG ၏ အလှူငွေလျာထားမှုတွင် ဆေးပဒေသာပင်ပါဝင်သောကြောင့် ယခုကဲ့သို့ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အပါတ်စဉ် မနားမနေ ထိထိရောက်ရောက် ကျန်မာရေး စောင့်ရှောက်ပေးသူများအား ထောက်ပံ့သည့်အားဖြင့် ဒေါက်တာရွှေလင်းအောင်နဲ့အဖွဲ့အား ဆေးဝါးကုသမှုများတွင်သုံးစွဲရန် ငွေကျပ်သုံးသောင်းကို ဒေါ်မြင့်သူဇာထွန်းမှ အဖွဲ့ကိုယ်စား လှူဒါန်းပေးခဲ့ပါတယ်။ ဒီကုသိုလ်အတွက်လည်း အားလုံးကို အမျှဝေပါတယ်ခင်ဗျား။

 

 

ကြုံတုန်းလေး သတင်းပေးရင်း အလှူခံချင်တာလေးပါ။ ပညာရောင်ခြည်ကျောင်းလေးဘေးမှာ ကျောင်းသစ်ဆောက်နေတဲ့ မြင်ကွင်းလေးတွေပါ။

 

 

ဆရာလေးတွေက လမ်းတစ်ဘက်ဘေးမှာ ကျောင်းဟောင်းလေးကို ယာယီပြန်ဆောက်ပြီး သီတင်းသုံးနေကြပါတယ်။ ကျောင်းစွဲမဟုတ်ပေမယ့် သူ့ကျောင်း သူ့အလှူ့ရှင်နဲ့ ပြန်ဆောက်နေကြသလို ကျနော်တို့ ပညာရောင်ခြည်ကျောင်းလေးလည်း နောင်နှစ်မိုးမကျခင် မြန်မြန်ပြန်ဆောက်ဖြစ်အောင် ဝိုင်းဝန်းပေးကြပါလို့ ပြောပါရစေခင်ဗျား။

 

 

နေ့ခင်းမှလာမယ့် ဆေးကုအအဖွဲ့ကိုစောင့်ရင်းနဲ့ နောက်ဖေးခဏဝင်တုန်း လျပ်တစ်ပြက်ရိုက်ခဲ့မိတာပါ။ အခြားမတွေးပဲ ကလေးသဘာဝနဲ့ အလှူရှင်ပုဂ္ဂိုလ်တွေရှိလို့ သူတို့လေးတွေ ဒီလိုအေးအေးချမ်းချမ်း အိပ်နေနိုင်တယ်လို့ တွေးပေးကြပါခင်ဗျာ။

 

 

နောက်ထပ်လက်ခံထားတယ်ဆိုတဲ့ ဆရာလေးဆိုလို့ မှတ်တမ်းတင်ခဲ့တာပါ။ တကယ်လို့သာ ဒီဆရာကြီးတွေ ခေါ်ယူမစောင့်ရှောက်ပေးခဲ့ရင် ဒီကလေးငယ် ဘယ်လိုဘဝနဲ့ ဘယ်ရောက်နေမလဲ အတွေးဝင်မိပါတယ်။ ဧရာဝတီတိုင်းက ကလေးငယ်တွေ နာဂစ်ကြောင့် မိဘမဲ့ရသူတွေ အများကြီးပါ။ ဒါတွေကိုလက်ခံပေးချင်လို့လည်း ဆရာကြီးတွေ ကျောင်းပြင်ဆောက်ချင်နေကြတာပါ။

 

ဒါ့ကြောင့် ပညာရောင်ခြည်ကျောင်းလေး အမြန်ဆုံးဆောက်လုပ်နိုင်ပြီး မိဘမဲ့ အမျိုးသမီးငယ်များများကို ခေါ်ယူစောင့်ရှောက်နိုင်စေရန် NCDG အဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း...

 

NCDG Donation

Reply all
Reply to author
Forward
0 new messages