ဒီးဒုတ်ဦးဘချို သည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော
ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော
ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ဒီးဒုတ်ဦးဘချို ကို ၁၈၉၃-ခုနှစ် ဧပြီလ ၂၄-ရက် တနင်္လာနေ့
တွင်မွေးဖွားခဲ့သည်။ မိဘများမှာ ရှေးသမားတော်ကြီး ဦးဘိုးစာနှင့်
အမိဒေါ်မြစ်တို့ ဖြစ်ကြပြီး မောင်ဘချို အသက် ၇-နှစ်အရွယ်တွင်
မြောင်းမြမြို့ ဆရာဦးမောင်မောင်၏ကျောင်း၌ ပညာသင်ယူခဲ့သည်။ အသက် ၁၄-
နှစ်အရွယ်တွင် ၇-တန်းကို ပညာသင်ဆု စကောလားရှစ်နှင့် အောင်မြင်ပြီး
ရန်ကုန်မြို့ စိန်ပေါလ်ကျောင်းတွင် ပညာဆက်လက်သင်ယူခဲ့သည်။ တနှစ်တည်းနှင့်
၈-တန်းအောင်ပြီးနောက် ၉-တန်း မတက်ရဘဲ ၁၀-တန်းသို့ တချီတည်းနှင့် ခုန်၍
တက်ရောက်သင်ကြားခွင့် ရခဲ့သည်။
Contents
[hide]
* 1 တဝက်တပျက်တက္ကသိုလ်ပညာရေး
* 2 ကျောင်းဆရာဘဝ
* 3 စာရေးဆရာ
* 4 ဆရာများ
* 5 တပည့်များ
* 6 စွယ်စုံရပုဂ္ဂိုလ်
* 7 နိုင်ငံရေးလှုပ်ရှားမှု
* 8 စွယ်စုံရ အနုပညာရှင် အာဇာနည် ဒီးဒုတ်ဦးဘချို
* 9 ရည်ညွှန်းကိုးကား
[ပြင်ဆင်ရန်] တဝက်တပျက်တက္ကသိုလ်ပညာရေး
၁၀-တန်း၌ ၁၀-တန်းစာမေးပွဲ၊ မက်ထရစ်စာမေးပွဲ၊ စကောလားရှစ်စာမေးပွဲ
သုံးမျိုးစလုံး ၀င်ရောက်ဖြေဆိုရာ အားလုံးအောင်မြင်ပြီး တနှစ်လျှင် ၁၀-
ဦးသာရရှိသည့် ပညာသင်ဆု စကောလားရှစ်ကိုပါ ရရှိခဲ့သည်။ အသက် ၁၆-
နှစ်အရွယ်တွင် ရန်ကုန်ကောလိပ်သို့ တက်ရောက် ပညာသင်ကြားပြီး အသက် ၂၀-အရွယ်
ဘီအေ အထက်တန်းအရောက်တွင် မျက်စိဝေဒနာကြောင့် ကျောင်းထွက် ခဲ့သည်။
[ပြင်ဆင်ရန်] ကျောင်းဆရာဘဝ
ထို့နောက် ပေါင်းတည်မြို့ အစိုးရကျောင်း၊ ဟင်္သာတမြို့
အစိုးရကျောင်းများတွင် ၈-နှစ်ကြာ ကျောင်းဆရာလုပ်ခဲ့ပြီး အမျိုးသား
ကောလိပ်ကြီး ပေါ်ပေါက်လာသောအခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်အတူ
အမျိုးသားကောလိပ်ကျောင်းဆရာ ဖြစ်လာခဲ့သည်။
[ပြင်ဆင်ရန်] စာရေးဆရာ
အသက် ၂၁-နှစ်အရွယ်၊ ဟင်္သာတမြို့အစိုးရကျောင်း၌ ပါဠိဆရာဖြစ်စဉ်ကပင်
ဒီးဒုတ်ဦးဘချိုသည် စပယ်၊ ဥက္ကလာမခင်စိန်၊ ရွှေပြည်စိုး စသော
ကလောင်အမည်အမျိုးမျိုးဖြင့် သတင်းစာများ၊ ဂျာနယ်များတွင် ၀င်ရောက်ရေးသား
ကလောင်သွေးနေခဲ့ပြီး ဖြစ်သည်။ ထို့နောက် မြန်မာ့ရီဗျူး ဂျာနယ်ကို
အယ်ဒီတာချုပ်လုပ် ထုတ်ဝေခဲ့ပြီး၊ ၁၉၂၅-ခုနှစ် ဧပြီလတွင် ဒီးဒုတ်ဂျာနယ်ကို
ဦးစီးထုတ်ဝေခဲ့သည်။ ထိုအခါမှစ၍ ဒီးဒုတ်ဦးဘချို ဟူ၍
ပိုမိုလူသိများထင်ရှားလာခဲ့သည်။
[ပြင်ဆင်ရန်] ဆရာများ
အာဇာနည်ခေါင်းဆောင်ကြီး တဦးဖြစ်သည့် ဒီးဒုတ်ဦးဘချို ၏ `ဆရာများ´ကို လေ့လာ
ဖေါ်ထုတ်ကြည့်ခဲ့ရာတွင် မြောင်းမြမြို့မှ ဆရာဦးမောင်မောင်နှင့် ဆရာကြီး
သခင်ကိုယ်တော်မှိုင်း ၂-ဦးသာ အမည်နှင့်တကွ ဖေါ်ထုတ်နိုင်ခဲ့သည်။
ဒီးဒုတ်ဦးဘချို၏ သင်ဆရာများမှာ ဆရာဦးမောင်မောင်အပြင် မြောင်းမြမြို့
ဆရာဦးမောင်မောင်ကျောင်းမှ မူလတန်း၊ အလယ်တန်း ဆရာဆရာမများ (၁၉၀၀-၁၉၀၉)၊
ရန်ကုန်စိန်ပေါလ်ကျောင်းမှ ဆရာများ (၁၉၀၇-၁၉၀၉)၊
ရန်ကုန်ကောလိပ်မှဆရာများ(၁၉၀၉-၁၉၁၃) စသည်တို့ ဖြစ်ကြသည်။
ဒီးဒုတ်ဦးဘချို၏ သင်ဆရာ မြင်ဆရာ ကြားဆရာနှင့် ဆရာရင်းဖြစ်သူမှာမူ သူ့ထက်
အသက် ၁၇-နှစ်ကြီးသော ဆရာကြီး သခင်ကိုယ်တော်မှိုင်းပင် ဖြစ်သည်။ ဤအချက်ကို
စာရေးဆရာကြီးသင်္ခါ၏ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို စာအုပ်တွင်
`ဤတွင် အထူးခြားဆုံးအချက်မှာကား ဆရာ၏ အာစရိရင်းချာတဦးဖြစ်သော မြန်မာစာ
ပရော်ဖက်ဆာ ဆရာကြီးဦးလွန်း အမည်ခံ ယောဂီဆရာကြီး မစ္စတာမောင်မှိုင်းနှင့်
ပတ်သက်သည့် အခန်းပင်ဖြစ်သည်။ ဆရာကြီးသည် တပည့်ဦးဘချို ဦးစီးထုတ်ဝေသော
မြန်မာ့ရီဗျူး ဂျာနယ်တွင် ဘယ်အခါမှ မခွဲတန်း လက်တွဲခဲ့သော ဆရာနှင့်တပည့်
ဝတ္တရားအညီ အခဏ်းတခဏ်း ပါဝင် ရေးသားခဲ့သည်။´ ဟူ၍လည်းကောင်း၊
ဆရာကောင်းတပည့်ပီသစွာပင် ဆရာကြီး မစ္စတာမောင်မှိုင်း၏ တပည့်ရင်းဟု
ဆိုရလောက် အောင် ဆရာ(ဦးဘချို)၏ လေးကြိုးကြီးများကလည်း ဆရာကြီး၏လက်ရာနှင့်
မခြား အသားပါလှသည်။ လက်သံပြောင်လှသည်´ ဟူ၍၎င်းင်း
ရှင်းရှင်းလင်းလင်းရေးသားထားချက်များအရ သိသာနိုင်ပါသည်။
အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို ကိုယ်တိုင်ကလည်း မြန်မာ့ရီဗျူး
ဂျာနယ် (စကားတောင်စားလက်သစ်) အခန်း၌ `ဆရာချိုက ဆရာလွန်းတပည့်ဟူသော
အမည်ကိုခံရလျှင် ဂုဏ်ရှိသည်ဟုပင် ထင်သောကြောင့် သူများကဲ့ရဲ့ခြင်းကို
ဂရုမမူပါ´ဟု ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ တပည့်အဖြစ် ဂုဏ်ယူစွာ
ခံယူခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း မိမိတပည့် ဒီးဒုတ်ဦးဘချို
ကို `မောင်ဘချို၊ ဘချိုကလေး´ စသည်ဖြင့် အလွန်အားကိုး ချစ်ခင်ကြောင်း
အောက်ပါအတိုင်းရေးသားထားခဲ့သည်များအရ သိနိုင်ပါသည်။
`၎င်း မောင်ဘချိုမှာ ဆရာနှင့်မကင်း၊ တရှဉ်းသောနွာဒပမာ မြန်မာပြည် ဂျီစီဘီအေ
ခေတ်၌ အသစ်အဆန်း ဖြစ်ပေါ်လာသော နေရှင်နယ်အမျိုးသားကောလိပ်ကျောင်း၌
ကျောင်းသူကျောင်းသားဟူသမျှတို့အား သင်ကြားပို့ချ
ပြသသွန်သင်ခဲ့ကြရပေကြောင်း´ (လွတ်လပ်ရေးဆောင်းပါးတော်ကြီး)
`သခင်ဆရာနှင့် သင်္သရာ ဘ၀ထိုထိုမဝေးခဲ့တဲ့
အကြင်ဒါယကာ ဘချိုကလေး တို့မှာဖြင့်
မြန်မာ့အလို မဝေးပြီ ထင်ယောင်မြင်ယောင်နှင့်
တစင်ထောင်ကာ တရှဉ်းနှစ်ကောင်တွဲပါလို့´
(၀န်ကြီးမောင်ဘချိုဘွဲ့ တမ်းချင်းကဗျာ၊ ၀စနာလေးချိုးကြီး)
ဤမျှဆိုလျှင် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ `ဆရာများအကြောင်း
´ကို သိသာလောက်ပြီဖြစ်သဖြင့် ဒီးဒုတ်ဦးဘချို ၏ `တပည့်များအကြောင်း´ ကို
ဆက်လက်ဖေါ်ပြပါမည်။
[ပြင်ဆင်ရန်] တပည့်များ
ဒီးဒုတ်ဦးဘချို ၏ အလွန်များပြားလှသော တပည့်များစွာအနက်မှ
ဗိုလ်ချုပ်အောင်ဆန်းနှင့် ၀န်ကြီးချုပ်ဦးနုတို့၏ အကြောင်းများကို
စာရေးသူ၏ `တရားအားထုတ် တရုတ်အားထားခဲ့ကြတဲ့ ဆရာဒီးဒုတ်ဦးဘချိုနှင့်
တပည့်သခင်နု´ဆောင်းပါး၌ ပြည့်ပြည်စုံစုံ ဖေါ်ထုတ်ခဲ့ပြီးဖြစ်ပါသည်။
၎င်းဆောင်းပါးတွင်ဖေါ်ပြပါရှိခဲ့သည့် အကျဉ်းချုပ်မှာ၊
`တပည့်ဗိုလ်ချုပ်အောင်ဆန်းက ဆရာဦးဘချိုအား အလွန်အားကိုးကြောင်း၊
ဆရာဦးဘချို စိတ်ငြိုငြင်မှန်းသိပါက ဆရာ့အလိုကို
လိုက်နိုင်သရွေ့လိုက်ကြောင်း၊ ဘာသာသာသနာအရေးတွင် ဆရာဦးဘချို သဘောကျ
စီမံရန်လွှဲအပ်ထားကြောင်း၊ တရုတ်ပြည် အမွိုင်မြို့သို့ ထွက်ခွါရန်
အရေးကြီးသော တရုပ်လူကြီးအချို့၏လိပ်စာများ ဆရာဦးဘချိုထံမှ
ဗိုလ်ချုပ်အောင်ဆန်းက ရရှိခဲ့ကြောင်း၊ ဂျပန်များ မြန်မာပြည်အ၀င်တွင်
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဆရာဦးဘချိုရှိရာ ရွှေဘို ဆိပ်ခွန်ရွာသို့
သွားရောက်၍ ဂျပန်ဘေးမှ ကယ်တင်ခဲ့ကြောင်း၊ ဆရာဦးဘချိုထံမှ
ဂျပန်တော်လှန်ရေးအတွက် တရုတ်အဆက်အသွယ်များ ရခဲ့ကြောင်း´
စသည်တို့ဖြစ်ပါသည်။ ဆရာဦးဘချို၏တပည့်ရင်း နောက်တဦးဖြစ်သည့်
ဝန်ကြီးချုပ်ဦးနု နှင့် ပတ်သက်၍မူ `ကိုနု ဒီးဒုတ်ဂျာနယ်တိုက်တွင်
အလုပ်သင်လုပ်ခဲ့ပြီး နဂါးနီစာအုပ်တိုက်တည်ထောင်နိုင်ခဲ့ပုံ၊
တရုပ်ပြည်မိတ်ဆက်အဖွဲ့နှင့်အတူ တရုတ်ပြည်သို့ ၁၉၃၉-ခုနှစ် ဒီဇင်ဘာလ ၁၂-
ရက်၊ ဒုတိယကမ္ဘာစစ် မဖြစ်မှီကလေးတွင် အတူတကွသွားရောက်ခဲ့ကြပုံ၊
ထို့ကြောင့် သခင်နုက ဂန္ဓာလရာဇ်အမည်ဖြင့် စာအုပ်တအုပ်ရေးဖြစ်ခဲ့ပုံ၊
သခင်နုနှင့် သခင်သန်းထွန်းစသော တပည့်များအား ဗြိတိသျှ ထောင်များ မှ
ဆရာဦးဘချိုက ကယ်တင်ခဲ့ပုံ၊ တက်ဘုန်းကြီးသိန်းဖေ၊ သခင်ကျော်စိန်၊
သခင်မြသွင်တို့ကို တရုတ် မြန်မာ လမ်းမကြီးမှတဆင့် တရုပ်ပြည်သို့
ဆရာဦးဘချိုမှ ပို့ပေးခဲ့ပုံ´ စသည်များပါရှိခဲ့ပါသည်။
ထို့ကြောင့် ဘက်စုံတော် စွယ်စုံရ ဆရာကြီးဒီးဒုတ်ဦးဘချို ၏
တခြားထင်ရှားသောတပည့်များအကြောင်းကို ဆက်လက်ဖေါ်ပြပါမည်။
ကမ္ဘာသိမြန်မာခေါင်းဆောင်ကြီးများတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
ဦးသန့်သည်လည်း တယောက်အပါအ၀င် ဖြစ်ကြောင်း အများလက်ခံကြပြီးဖြစ်ပါသည်။
ဦးသန့်သည် ဒုတိယကမ္ဘာစစ်မဖြစ်မှီ စစ်ကြိုခေတ်ကပင် စာအုပ်တိုင်း မလွတ်အောင်
ဖတ်သည့် စာဖတ်အလွန်များခဲ့သူ ဟု ကျော်ကြားခဲ့သူဖြစ်ပါသည်။ ဦးသန့်က
ဒီးဒုတ်ဦးဘချိုအား မိမိ၏မြင်ဆရာအဖြစ် လက်ခံခဲ့ပုံကို လူထုဦးလှ
ပြန်လည်ဖေါ်ထုတ်သည့် ကြီးပွားရေးမဂ္ဂဇင်းပါ အောက်ပါစာသားများအားဖြင့်
သိသာနိုင်ပါသည်။ `နိုင်ငံရေး၊ ကဗျာ၊ အင်းအိုင်စမ၊ ဗေဒင်၊ နက္ခတ်၊
ဂီတနှင့်လောကုတ္တရာဘက်က ဒီးဒုတ်ဦးဘချို လို နှံ့စပ်တဲ့သူ ရှိမည် မထင်ပါ၊
အင်္ဂလိပ်လူမျိုးများထဲမှာတော့ အလ်ဒစ်ဟပ်စ်စလေ
ဆိုတဲ့ပုဂ္ဂိုလ်တယောက်ရှိပါတယ်။ ဘယ်ဘက်က စမ်းစမ်းရတဲ့ ပုဂ္ဂိုလ်ပါပဲ၊
သို့ရာတွင် ဒီးဒုတ်ဦးဘချိုလောက်တော့ စုံမယ်မထင်ပါ။ ဦးဘချိုက အဆိုလည်း
အင်မတန်ကောင်းတယ်လို့ ပြောသံကြားဘူးပါတယ်၊ အားကစားလည်း တော်တယ်ဆိုပဲ..´
ဆရာကြီးဒီးဒုတ်ဦးဘချိုအား ဦးသန့်ကဲ့သို့ပင် စာရေးဆရာမဟာဆွေကလည်း
`လောကတွင်(ဂျီနီးယပ်စ်) ခေါ် ပါရမီရှင် ပုဂ္ဂိုလ်ထူးမျိုးကား ရှာမှရှားသည်။
ကျွန်ုပ်အမြင်အားဖြင့် ဦးဘချိုကို ထိုပုဂ္ဂိုလ်ထူး စာရင်းတွင် သွင်းခဲ့၏။
ဆရာချိုကား သဘာဝလယ် သည်။ မာနပယ်သည်။ ဟာသကြွယ်သည်။
ဤအရည်အချင်းသုံးမျိုးနှင့် ပြည့်စုံသူကား ရှားလှဘိတောင်း´
ဟုရေးသားခဲ့သည်။ ထို့အပြင် ငယ်စဉ်ကျောင်းသားဘ၀က ဂျွန်းဘား ဒိုင်ဗင် စကိတ်
စသော အားကစားပညာဘက်တွင်လဲ ထူးချွန်ခဲ့သူ ဟု ဖေါ်ပြ ထားခဲ့သည်။
[ပြင်ဆင်ရန်] စွယ်စုံရပုဂ္ဂိုလ်
မိမိကိုယ်တိုင် ဘက်စုံထူးချွန်သော ပုဂ္ဂိုလ်ကြီးဖြစ်သည့်
ဒီးဒုတ်ဦးဘချိုကို... `ဆရာသည် ပညာသည်များကို ဖော်ထုတ်သည်။ မြှင့်တင်သည်။
ပူဇော်သည်။ ဆရာပီမိုးနင်းသည် စာရေးဆရာအဖြစ် အထွတ်အထိပ်ရောက်ခြင်းမှာ
`သဲမြညှာ´ ၀တ္ထုကိုရေးသဖြင့်ဖြစ်သည်။ `သဲမြညှာ´ရေးရန် ဆရာဦးဘချိုက
စေ့ဆော်ခဲ့သည်။ သဲမြညှာကို ဆရာဦးဘချို ပထမဦးဆုံး ပုံနှိပ်ထုတ်ဝေသည်´ဟု
တပည့်များကိုလည်းထင်ရှားထူးချွန်စေခဲ့ကြောင်း ဆရာ၏တပည့်ရင်း
ဦးသိန်းဖေမြင့်က ရေးသားခဲ့သည်။
ဆရာဦးသိန်းဖေမြင့်ကပင် `ပန်းချီဆရာဦးဘဥာဏ် ဘိလပ်က ပြန်ရောက်ခါစက
ပေါ်လွင်ထင်ရှားခြင်းမရှိ၊ ဆရာချိုသည် ပန်းချီအသင်းတည်ထောင်ပြီး
သူကိုယ်တိုင်ဥက္ကဌ လုပ်ကာ ဦးဘဥာဏ်ကို ပွဲထုတ်ခဲ့ရသည်။
ဦးဘဥာဏ်၏ပန်းချီကားများကို ပြပွဲလုပ်ပေးခဲ့သည်။´ ဟူ၍ရေးသားခဲ့သည်။
ထို့ကြောင့် ဦးဘဥာဏ်ခေါင်းဆောင်သည့် ခေတ်သစ်မြန်မာ့ပန်းချီလောကကို
အစပျိုး ပေးခဲ့သူမှာ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို ဟု ယူဆ၍
ရကောင်းသည်။ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို သည် ဒီးဒုတ်ဂျာနယ်
(၁၃-၅-၁၉၄၆)၌ `ပန်းချီပန်းပု သီချင်းဂီတ တူရိယာ စာပေ စသည်တို့တွင်
ရုပ်တရားများသာ မဟုတ် နာမ်တရားကိုပါ တွေ့အောင်ရှာတတ်ကြရန် လေ့လာကြပါဟု
တိုက်တွန်းလို၏´ ဟူ၍ ရေးသားခဲ့သဖြင့် ခေတ်သစ် မြန်မာ့ စာပေ ဂီတ ပန်းချီ
ပန်းပု သဘင် အနုပညာ ယဉ်ကျေးမှုလောကကြီးတခုလုံး ကမ္ဘာနှင့် မည်သို့
ရင်ဘောင်တန်းသင့်ကြောင်း ဆရာကြီး ဒီးဒုတ်ဦးဘချိုက ကြိုတင်ညွှန်ပြခဲ့ပြီး
ဖြစ်သည်။
ထို့အပြင် ဆရာ ဦးသိန်းဖေမြင့်က ဆရာဦးဘချိုသည် ဆေးကျမ်း၊ အဂ္ဂိရတ်၊
ဗေဒင်နက္ခတ်၊ ရာဇ၀င်သမိုင်း၊ စာပေ၊ အဘိဓမ္မာတို့အပြင်
ခေတ်ပေါ်ပညာအမျိုးမျိုးကိုလည်း ကျေကျေနိုင်နိုင်ကြီး တတ်ပေသည်
ဟူ၍ရေးသားခဲ့သည်။ လောကဓာတ် ပညာ၌ ပထမဦးဆုံး မြန်မာဖြစ် ကော့စ်မတစ် ရေမွှေး
ဆပ်ပြာ စသည်များ ကိုယ်တိုင်လက်တွေ့ ထုတ်လုပ်ရောင်းချခဲ့ဘူးသည်
ဟုလည်းသိရသည်။
စစ်ကြိုခေတ် စာရေးဆရာအသင်း၏ ဥက္ကဌ၊ ဂျပန်ခေတ် စာရေးဆရာအသင်း၏ ဥက္ကဌ၊
ပန်းချီအသင်း တည်ထောင်သူနှင့် ဥက္ကဌ ဖြစ်ခဲ့သူဆရာကြီးဒီးဒုတ်ဦးဘချို သည်
မြန်မာပြည်သုတေသနအသင်းမှ သီချင်းကြီးဟောင်းများ ဓါတ်ပြားသွင်းရာတွင်
ကြီးကြပ်ပေးခဲ့သည်။ ဂီတ၀ိသောဓနိကျမ်းကို တည်းဖြတ်ပေးခဲ့ပြီး
ဝါဂီနစ်သဘင်ပညာအဖွဲ့ကြီး ဖြစ်မြောက်ရေးကိုလည်း ဆောင်ရွက်ခဲ့သည်။
ကိုယ်တိုင် စောင်းကောက်ကို ပိုင်နိုင်စွာတီးနိုင်သူဖြစ်ပြီး ဂီတဖခင်ကြီး
ဟုလည်း ခေါ်ဆိုကြသည်ဟု မြန်မာ့စွယ်စုံကျမ်း၌တွေ့ရသည်။
ဆရာကြီးဒီးဒုတ်ဦးဘချို၏ ကျေးဇူးကြောင့်သာ ဣန္ဒာဒေ၀ဆရာဦးမောင်ကြီး၊
ဒေါ်စောမြအေးကြည်၊ ဇာတ်မင်းသားကြီး ဦးစိန်ကတုံး ၏ တပည့် ဒေါ်ဒေလီညွန့်
စသည်တို့ တိုင်းသိပြည်သိ ဆရာတဆူဖြစ်လာကြကာ ဘိလပ်ပြန်စောင်းဆရာ ဆရာငြိမ်း၊
တယောဆရာကိုဘသန်း၊ အဆိုတော်မတင်လှ တို့ ထင်ပေါ်ခဲ့ရကြောင်း
ဆရာဦးသိန်းဖေမြင့်က ဖေါ်ထုတ်ရေးသားခဲ့သည်။
[ပြင်ဆင်ရန်] နိုင်ငံရေးလှုပ်ရှားမှု
ဤကဲ့သို့ ဆရာကြီးဒီးဒုတ်ဦးဘချို သည် စာပေ ဂီတ အနုပညာယဉ်ကျေးမှုဘက်၌
ပိုမိုအားသန်ခဲ့သော်လည်း ဂျီစီဘီအေခေတ်၊ ၁၉၂၀-အမျိုးသားကျောင်းခေတ် မှသည်
အာဇာနည်အဖြစ် ကျဆုံးခဲ့ရသည့် လွတ်လပ်ရေးလှုပ်ရှားမှုခေတ်အထိ တိုင်းပြည်
အခြေအနေအရ မလွှဲသာမရှောင်သာ နိုင်ငံရေးဖက်တွင်ပါဝင်နေခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဦးဘဖေ၊ ဒေါက်တာ ဘမော်ကဲ့သို့ မိတ်ဆွေရင်းများမှစ၍
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ သခင်နု၊ ဦးသိန်းဖေမြင့်၊ သခင်သန်းထွန်း၊
ဦးကျော်ငြိမ်း စသည်တို့အလယ်၊ စာပေဂီတပန်းချီပန်းပု
သဘင်အနုပညာသည်များနှင့်အတူ နိုင်ငံရေးနှင့်မကင်းသူမှန်သမျှအဆုံး သတင်းစာ
ဂျာနယ်များပါ ဆရာကြီး ဒီးဒုတ်ဦးဘချို၏ စာများအရလည်းကောင်း၊
လူကိုယ်တိုင်တွေ့ကြုံဆုံဆည်းရ၍လည်းကောင်း တနည်းမဟုတ် တနည်း ဆရာကြီး၏
အကူအညီခံ၊ အဝေဖန်ခံ၊ သြ၀ါဒခံ တပည့်တပန်းများဖြစ်လာခဲ့ကြရသည်။
ဗိုလ်ချုပ်အောင်ဆန်းမှာ ဘီလပ်ကိုယ်စလှယ် ရီးဝီလျံနှင့် အရေးတကြီး
ဆွေးနွေးနေရသဖြင့် မကွယ်လွန်မီ ၄-လ အလိုတွင် ဒီးဒုတ်ဦးဘချို ချင်းတောင်
ထီးလင်းမြို့သို့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား သွားရောက်ကာ
ချင်းခေါင်းဆောင် ဦးဝမ်းသူမောင်တို့နှင့် အတူ ချင်းမြန်မာချစ်ကြည်ရေး၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးများအတွက် ပါဝင်ဆောင်ရွက်
တာဝန်ကျေပွန်ခဲ့သည်။
လုပ်ကြံမခံရမှီ ၅-ရက်အလို ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၄-ရက်၊ တနင်္လာနေ့တွင်
တပည့်များဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိတ်ဆွေရင်းများဖြစ်ကြသည့်
ဦးခင်ဇော်၊ ဦးသိန်းဟန်(ဆရာဇော်ဂျီ)၊ ဦးထင်ဖတ်(ဆရာမောင်ထင်) နှင့် ဦးဝန်
(ဆရာမင်းသုဝဏ်) တို့အား `လွတ်လပ်ရေးရပြီးပါက နိုင်ငံရေးမှ ထွက်ပြီး
တိုင်းပြည်အတွက် စာပေနှင့် အနုပညာ ယဉ်ကျေးမှုရေးရာများတွင်သာ
ပါဝင်ဆောင်ရွက်ကြမည်´ ဟု ဆရာကြီးဒီးဒုတ်ဦးဘချို နှင့်
ဗိုလ်ချုပ်အောင်ဆန်း ၂-ဦးစလုံးတို့၏ ပြောကြားချက်များကား အာဇာနည်
ပုဂ္ဂိုလ်ကြီး ၂-ဦးတို့၏ မပြည့်ဝခဲ့ရသော နောက်ဆုံးဆန္ဒများဖြစ်မည်ထင်ပါသည်။
ထို့ကြောင့်အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချိုကို
ဆုံးရှုံးရခြင်းသည်လည်း မြန်မာနိုင်ငံအတွက် ယနေ့ထက်တိုင် အစားထိုး၍
မရနိုင်သေးသော စွယ်စုံ ပါရမီရှင် တယောက်ကို ဆုံးရှုံးခဲ့ရခြင်း၊
တပည့်များစွာကို မွေးထုတ် ထောက်ပင့်ပေးနိုင်ခဲ့သော ဆရာကောင်း တစ်ယောက်ကို
ဆုံးရှုံးခဲ့ရခြင်းပင်ဖြစ်ပါတော့သတည်း။ ။ [1][2][3][4]
လန်ထောင်စပ်စုလေး
[ပြင်ဆင်ရန် ] စွယ်စုံရ အနုပညာရှင် အာဇာနည် ဒီးဒုတ်ဦးဘချို
ဒီးဒုတ်ဦးဘချို
မြန်မာ့နိုင်ငံရေးမှာ အနုပညာ နယ်ပယ်ကနေ တိုင်းပြည် လွတ်လပ်ရေး အတွက်
နိုင်ငံရေး နယ်ပယ်ထဲ ရောက်ရှိ တာဝန်ယူခဲ့သူတွေ အများအပြား ပါဝင်ပါတယ်။
အဲဒီလို အနုပညာရှင်တွေ အကြောင်း ပြောမယ်ဆိုရင် အာဇာနည် တဦးဖြစ်တဲ့
ဒီးဒုတ် ဦးဘချိုကို ချန်လှပ်ထားလို့ မဖြစ်ပါဘူး။ ဒီးဒုတ် ဂျာနယ်ကို ဦးစီး
ထုတ်ဝေခဲ့တဲ့ အတွက် ဒီးဒုတ် ဦးဘချိုလို့ အမည်တွင်ခဲ့တဲ့ ဆရာ ဦးဘချိုဟာ
စာရေးဆရာ အဖြစ်သာ မဟုတ်ဘဲ အနုပညာမျိုးစုံ ဖန်တီးနိုင်သူ ဖြစ်ပါတယ်။
ဒါကြောင့် စာရေးဆရာ သိန်းဖေမြင့်က "ဆရာ့အတွက် စွယ်စုံဆိုတဲ့ စကားနဲ့တောင်
မလုံလောက်ဘူး" လို့ ရေးသားခဲ့ပါတယ်။ စာရေးဆရာ သင်္ခါကလည်း "အာဇာနည်
ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချို" ဆိုတဲ့ အတ္ထုပ္ပတ္တိ စာအုပ်မှာ ဦးသန့်ရဲ့
ဆရာ့အပေါ် အမြင်ကို အခုလို ရေးသားခဲ့ပါတယ်။
"စစ်ကြိုခေတ်က ကြီးပွားရေး မဂ္ဂဇင်းတွင် ဆရာ့ အကြောင်းနှင့် ပတ်သက်၍
စာအုပ်တိုင်း မလွတ်အောင် စာဖတ် အလွန်များခဲ့သူဟု ကျော်ကြားခဲ့သော ဦးသန့်
(ယခု ကွယ်လွန်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း) က 'အင်္ဂလိပ်
လူမျိုးများထဲတွင် အဲ့လ်ဒစ်ဟတ်စလေ ဆိုသူ ပုဂ္ဂိုလ် တယောက် ရှိသည်။
ထိုပုဂ္ဂိုလ်မှာ ဘယ်ဘက်က စမ်းစမ်း ရသူဖြစ်သည်ဟု ဆိုသည်။ သို့သော် ဒီးဒုတ်
ဦးဘချိုလောက် ထိုပုဂ္ဂိုလ်မှာ စုံမည် မထင်ကြောင်း' ဟူ၍ပင် ဝေဖန်
ရေးသားထားခဲ့သည်။ မှန်ပေလိမ့်မည်"
ဆရာ ဦးဘချိုဟာ စာပေဘက်မှာ ဆိုရင် ဆောင်းပါး ဝတ္ထု စတဲ့ စကားပြေမျိုးစုံကို
ရေးသားနိုင်သလို ကဗျာ မျိုးစုံကိုလည်း ရေးဖွဲ့နိုင်သူ ဖြစ်ပါတယ်။ ဆရာကြီး
သခင်ကိုယ်တော်မှိုင်း ပမာဒ လေခ ဖြစ်ပြီး အရေးအသား ခ္ဆွတ်ယွင်း
သွားတာကိုတောင် ထောက်ပြပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ သူ ဦးစီး ထုတ်ဝေတဲ့
ဒီးဒုတ် ဂျာနယ်မှာ ကလောင်မျိုးစုံ စာမျိုးစုံ ရေးခဲ့ပြီး
ပြည်တွင်းရေးခန်း တခုမှာ လုပ်ကြံမှု အကြောင်းကို ကြိုတင် နိမိတ်ဖတ်
ရေးသားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဂျပန်တွေ မြန်မာပြည်ထဲကို မဝင်ရောက်ခင်
ကတည်းက ဂျပန်တွေရဲ့ ဖက်ဆစ် ဝါဒကို ဖော်ထုတ်ခဲ့တဲ့ အတွက် ဂျပန်တွေ
ဝင်လာတဲ့ အခါ သူ့ကို သတ်ဖြတ်ဖို့ ကြိုးစားတာ ခံခဲ့ရပြီး တပည့်တွေက
အကာအကွယ် ပေးခဲ့လို့ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ရွှေဘိုမြို့
အနီးမှာရှိတဲ့ ဆိပ်ခွန်ရွာမှာ ဆရာ့ကို သွားတွေ့ရပြီး ဂျပန်တွေရဲ့ဘေးက
ကယ်တင်ခဲ့ရတဲ့ အကြောင်း ဗိုလ်ချုပ် အောင်ဆန်းက ရေးသားဖူးပါတယ်။ ဒါက
ဆရာ့ရဲ့ ကလောင်လက်နက် ဘယ်လောက် ထက်ခဲ့တယ် ဆိုတာကို မှန်းဆနိုင်တဲ့
အချက်ပါ။
ရန်ကုန်မြို့နဲ့ ဝေးလံတဲ့ တောရွာတွေကနေ "ဒီးဒုတ် ရန်ကုန်" ဆိုပြီး
ဘာလိပ်စာမှ အတိအကျ မရေးဘဲ ထည့်လိုက်တဲ့ စာတွေကိုတောင် စာပို့သမားတွေက
ဆရာ့ဆီ ရောက်အောင် ပို့ပေးနိုင်ခဲ့တယ် ဆိုတဲ့ အချက်ကလည်း ဆရာ့ရဲ့
ဒီးဒုတ်ဂျာနယ် ဘယ်လောက်ထိ သြဇာသက်ရောက်မှု ကြီးခဲ့တယ်ဆိုတာ
မှန်းဆနိုင်ပါတယ်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ခါနီးမှာ မြန်မာနိုင်ငံတော် စာရေး
ဆရာများ အသင်းကြီးရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်တာ ခံခဲ့ရပါတယ်။